အမှန်ကို ချစ်ပါ (၁)

Source: အမှန်ကို ချစ်ပါ (၁) By ဌေးလွင်ဦး

နိုင်ငံတစ်ခုကို စည်းလုံးညီညွတ်မှုများနဲ့ အခြေခံပြီး စနစ်တကျ ခိုင်ခိုင်မာမာ တည်ဆောက်လိုတဲ့ နိုင်ငံချစ်သူ တိုင်းဟာ- မိမိနိုင်ငံရဲ့ ဖြစ်တည်လာတဲ့ သမိုင်းကို အတတ်နိုင်ဆုံး အမှန်အတိုင်း သိဘို့၊ လက်ခံဘို့ လိုအပ်ပါ တယ်။ သမိုင်းမှန်ကို သိမှ- ဘယ်ခေတ် ဘယ်ဘုရင်လက်ထက်က ကောင်းတာလုပ်ခဲ့လို့ ငါတို့ တိုင်းပြည်ကြီး တိုးတက်ခဲ့တယ်လို့ အတုယူနိုင်သလို-၊ ဘယ်ခေတ် ဘယ်ဘုရင်လက်ထက်က မကောင်းမှုများနဲ့ အာဏာပြခဲ့လို့ ငါတို့တစ်တွေ ဒုက္ခရောက်ခဲ့ရတယ်- လို့ သင်ခန်းစာယူနိုင်ပြီး- ကောင်းတဲ့ဘက်ကို အတုယူပြီး နိုင်ငံကို တည် ဆောက်လို့ ရနိုင်ပါတယ်။ကမ္ဘာ့နိုင်ငံတိုင်းမှာ ပြသနာဆိုတာ ရှိနေမြဲ ဖြစ်ပါတယ်။ တစ်ချို့နိုင်ငံတွေမှာ လူမျိုးရေး ပြသနာ၊ တစ်ချို့နိုင်ငံတွေ မှာ ဘာသာရေးပြသနာ၊ တစ်ချို့နိုင်ငံတွေမှာ ဘာသာတူ ဂိုဏ်းကွဲ ပြသနာ၊ တစ်ချို့နိုင်ငံတွေမှာ နိုင်ငံရေး သီအိုရီ ပြသနာနဲ့ တစ်ချို့နိုင်ငံတွေမှာ စီးပွားရေးပြသနာ ဆိုပြီး တည်ရှိနေဆဲပါ။

ဒီအထဲမှာ တိုးတက်တဲ့ပွင့်လင်းတဲ့နိုင်ငံများက စီးပွားရေးပြသနာများသာ ရှိနေပြီး- ကျန် လူမျိုးရေး၊ ဘာသာရေး၊ အယူဝါဒရေးတွေ လွင့်ပျယ်ပပျောက်နေပါပြီ။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံ ဆိုပါတော့- သူတို့မှာ စီးပွားရေး ပြသနာပဲ ရှိနေပါတယ်။ စီးပွား ဘယ်လောက်ကျသွားတယ်- အလုပ်လက်မဲ့ ဘယ်လောက်များလာတယ်- ဆို တာမျိုးပါ။ ဒါတွေကို အစိုးရတစ်ရပ်က ဖြေရှင်းတဲ့အခါမှာ အဲ့ဒီ အစိုးရကို ထောက်ခံအားပေးရတဲ့ ပြည်သူတွေက လည်း အားရကျေနပ်ကြပါတယ်။ လူတစ်ဦးချင်းရဲ့ စားဝတ်နေရေးနဲ့ သက်ဆိုင်နေတော့ လူတစ်ဦးချင်းစီက စိတ် ဓါတ်ခိုင်မာစွာနဲ့ ကြိုးစားယူတဲ့ သဘောမျှသာ ဖြစ်နေတယ်။

နိုင်ငံရေးပြသနာကြောင့်- အာဏာရှင်စနစ် ဆိုတာ ပေါ်ပေါက်လာနိုင်သလို၊ လူမျိုးရေး ပြသနာကြောင့် အမျိုးသားရေး ၀ါဒီများ ပေါ်ပေါက်လာလေ့ ရှိပါတယ်။ အဲ့ဒီ ပြသနာကို ရင်ဆိုင်ရတဲ့ နိုင်ငံတိုင်းက အဆိုးဝါးဆုံး သော ပြသနာများကို ကြုံရခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် ပေါက်ကွဲလုဆဲဆဲ ဗုံးကြီးကို ရင်ခွင်ထဲမှာ ထည့်ထားရသလိုပါပဲ။ ဘယ်သူတစ်ဦးတစ်ယောက်မှ စိတ်ချမ်းသာမှု မရရှိနိုင်ပါ။

လက်ရှိမြန်မာနိုင်ငံက နိုင်ငံရေးပြသနာ၊ အမျိုးသားရေး ပြသနာ၊ ဘာသာရေးပြသနာ၊ စီးပွားရေးပြသနာ အားလုံး ပေါင်းပြီး ကြုံကြိုက်နေရတဲ့ အခြေအနေဖြစ်နေတယ်။ ဒီပြသနာတွေကြောင့် နိုင်ငံရေး အယူသည်းတဲ့ အာဏာရှင်များနဲ့ အာဏာရှင်စိတ်ရှိသူများ၊ အမျိုးသားရေး အယူသည်းတဲ့ လူမျိုးရေးဗိုလ်ကျ အမျိုးသားရေးဝါဒီ များ၊ ဘာသာရေးခွဲခြားတဲ့ ဘာသာရေးမောင်ပိုင်စီး အာဏာရှင်များ၊ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ မသမာ စီးပွားရေးသမားများ ကြီးစိုးရာ အရပ်ကြီး ဖြစ်နေတယ်။

ဒီအခြေအနေမှာ နိုင်ငံရေး ခေါင်းဆောင်များက သူ့အာဏာအတွက် လူထုကြီးကို နည်းမျိုးစုံနဲ့ လိမ်လည်တယ်။ ဘာသာရေးသမားတွေက အာဏာတည်နေတဲ့ ဘာသာတစ်ခု အတွက် နောက်လိုက်ဒကာများကို ဘာသာခွဲခြား အမုန်းဓါတ်တွေ သွင်းပေးတယ်၊ အမျိုးသားရေးဝါဒီတွေက လူမျိုးရေး သမိုင်းတွေကို လိမ်လည်ပြီး သမိုင်းမှန်ကို ဖုံးဖိဖျောက်ဖျက် လာတယ်၊ စီးပွားရေးသမားတွေက နီးစပ်ရာ အာဏာပိုင်များကို ပေါင်းပြီး တရားသည် မတရာ သည် မရှိ လူထုကို လှည့်စား ပါးပါးလှီးလာတယ်။ ဒါတွေ အားလုံးကို တစ်ကယ် ခံရတာက ပြည်သူများသာ ဖြစ် ပါတယ်။

ပြည်သူများမှာလည်း အာဏာရှင်နဲ့ အမျိုးသားရေးဝါဒီများရဲ့ စနစ်တကျရေးဆွဲ ပြဌာန်းတဲ့ ပညာရေးစနစ် အောက်က ကြီးပြင်းလာရတော့- အဖြူထည် သတ္တတစ်ခုကို ရွှေရည်ငွေရည် စိမ်ထားသလို အရောင်စွဲနေတော့ တယ်။ စာသင်ကျောင်းများ နေရာတိုင်းမှာ တိုးပွားလာလေ- အရောငက်ဆိုးခံရလေ ဖြစ်လာပြီး ဘွဲ့ရ ပညာတတ် လို့ နာမည်ခံလေ- သမိုင်းလိမ်အောက်မှာ ကျင့်သားရ ဒဏ်သေပြီး ခေါက်ရိုးကျိုးလေ ဖြစ်လာပါတယ်။ ဒီလို ဦးနှောက်ဓါတ်စာနဲ့ ကြီးပြင်းလာရသူ များလာတော့- လူများစုကြီးက မှန်မှားမသိ အမျိုးသားရေးဝါဒီတွေ ဖြစ်လာ ပြန်တယ်။-

အာဏာရှင် စနစ်ဆိုးအောက်မှာ ဒဏ်ခံရတာ များလွန်းလို့ အာဏာရှင်ကို မုန်းစိတ်တွေ ဖြစ်လာပေမယ့်- သူတို့ရင်ထဲက အမျိုးသားရေးဝါဒီကြီးက သူတို့ဘ၀ စိုးမိုးပြီး ဖြစ်နေတာကို သူတို့ မသိနိုင်တော့ပါ။ သာမန် လူထုကို မဆိုထားနဲ့ ဆယ်တန်း အောင်ဘွဲ့ရ ဆိုသူတွေတောင်- ရှင်ဂေါတမ ဗုဒ္ဓသည်ပင် မြန်မာနိုင်ငံထဲက မိတ္ထိ လာမြို့နားမှာ မွေးဘွား ပွင့်ပေါ်ခဲ့တယ်လို့ စွဲမှတ်နေသူတွေက ရာနှုန်းများနေပါသေးတယ်။- ကမ္ဘာ့အလယ်မှာ အတော့ကို မျက်နှာပူစရာ ကိစ္စပါ။

ခေတ်စနစ်ပြောင်းလာပြီး ကမ္ဘာ့ဗဟုသတ အတော်အတန် ရှိလာတဲ့ လူတစ်ချို့ကလည်း လူများစုကြီးရဲ့ အကြည်ညိုပျက်မှာ စိုးလို့- မှန်တာမှားတာ ခဏထား ကုလားကိစ္စ လက်ဝင်မနှိုက်နဲ့ ဆိုတဲ့ အများကြိုက် လိုက် လျှော ဆင်ခြင်မှားကို လက်ကိုင်ပြု ၀ါဒီတွေ အဖြစ် အသွင်ပြောင်းလာတာကို တွေ့ရပြန်ပါတယ်။ ပကတိ အမှောင်ကျနေတဲ့ လူထုကြီးကို အမုန်းခံပြီး မီးရှုးတစ်ဆောင် အဖြစ် ပေါ်လာတဲ့ လူသား ဆိုတာ ရှာမတွေ့နိုင် လောက်အောင်ကို ဖြစ်ရတော့တယ်။

တစ်ကယ့် အမှောင်ကျနေတဲ့ လူထုကို မှန်မှန်မှားမှား အလိုလိုက်နေခြင်းဟာလည်း လူထုကို နှက်သတ်တာနဲ့ တူနေပြီလို့ တွေးမိဘို့တော့ လိုပါမယ်။ တိုင်းပြည်နဲ့ လူထုကို တစ်ကယ်စေတနာနဲ့ ချစ်ရိုးမှန်ရင် ငါနေရာ ရဘို့ ဆိုတဲ့ အတ္တကို ပါယ်သတ်ပြီး ဗဟုသုတ ရှိသူတိုင်းက လူထုအတွက် မီးရှုးတန်ဆောင် ဖြစ်သင့်တယ်။

တစ်ဦးနဲ့တစ်ဦး တစ်ဘက်နဲ့တစ်ဘက် အငြိုးအာဃာတများကို ဖယ်ရှားပြီး တိုင်းပြည်ရဲ့ သမိုင်း၊ တိုင်းပြည်ရှိ လူမျိုးအားလုံးရဲ့ သမိုင်းများကို စနစ်တကျ ဖေါ်ထုတ်သင့်တယ်။ ပူးပေါင်းလေ့လာသင့်တယ်။ အနာဂါတ် အတွက် ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။

ဥပမာ- မြန်မာလူမျိုးအများစုကြီးက မိမိတို့ရဲ့ ကိုးကွယ်ပူဇော်ရာ ဘုရားရှင်ဟာ အန္ဒိယ လူမျိုးဖြစ်တယ် ဆိုတာ မေ့လျှော့နေသလို- မိမိတို့ဆီကို ဗုဒ္ဓသာသနာ ရောက်လာရတဲ့ မွန်လူမျိုးတွေရဲ့ ကျေးဇူးကြောင့် ဆိုတာကိုလည်း မေ့ပျောက်နေပါတယ်။ ဒီထက်ပိုဆိုးတာက ပုသိမ်၊ ပဲခူး၊ သံလျှင်၊ ရန်ကုန်က အစ မြန်မာပြည်အောက်ပိုင်း တစ် ခုလုံးက- လက်ရှိ ဗမာ ဆိုသူများဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ က ပကတိ မွန်အစစ်များ ဖြစ်ခဲ့တယ်- ဗမာများက မွန်ဘုရင်များကို စစ်နိုင်ပြီး ဗမာစကား မပြောမနေရ ပြဌာန်းမှုမျိုး (တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိက်၍ ဖြစ်စေ ကျင့် သုံးခဲ့ခြင်း) ကြောင့် သူတို့တွေဟာ မွန်စကားပြော ပျောက်ဆုံးသွားပြီး ဗမာစကားပြောတဲ့ လူသားတွေ ဖြစ်လာခဲ့ ရတယ် ဆိုတာများကိုတောင် မသိတော့တဲ့ လူက ၉၀ ရာနှုန်းကျော် ရှိနေပါတယ်။ တစ်ကယ်တော့ ဒီအဖြစ်က မိမိတို့ရဲ့ မိဘဘိုးဘွား မျိုးစဉ်မျိုးဆက် သမိုင်းကို ကျေးဇူးကန်းသလို ဖြစ်နေပါတယ်။ သမိုင်းကို သမိုင်း အဖြစ် သာ တင်ပြခြင်း ဖြစ်ပါတယ်။ မွန်ပြည်ခွဲထွက်ရေးကို အားပေးခြင်း မဟုတ်ပါ။  မွန်စင်စစ် ဗမာအရေခွံဝတ် ထားပြီး ဖြစ်တဲ့ မြန်မာပြည်အောက်ပိုင်း လူထုကလည်း မွန်ခွဲထွက်ရေးကို စိတ်မ၀င်စားတော့ပါ။ (မွန်များ ဗမာ ဖြစ်သွားရခြင်း အကြောင်းကို Mon People လို့ ရိုက်ပြီး Wiki မှာ ဖတ်ကြည့်ပါ။)

သူ့လူမျိုးကို သူချစ်ပြီး ရပ်တည်နေတဲ့ မွန်တွေကိုတော့ ဗမာအစိုးရလက်ထက် အဆက်ဆက်မှာ နားလည်မှု တည်ဆောက်ရေး၊ ဖြူစင်ရိုးသားတဲ့ ပူးပေါင်းနေထိုင်ရေး၊ ပြည်ထောင်စုစိတ် ဖြစ်တည်ရေးကို မဆောင်ရွက်ဘဲ မွန်သောင်းကျန်းသူများလို့ သခိုး ဂျပိုး စာရင်းသွင်းက ၀ါဒဖြန့်မှိုင်းတိုက်ထားပါတယ်။ လူထုကလည်း အဲ့ဒီ အရောင်တင်မှုအောက်မှာ ယုံကြည်မှု ခိုင်မာလာပြီး-၊ တစ်ကယ်လို့ မွန်တွေဟာ သောင်းကျန်းသူတွေ သူခိုး ဂျပိုးတွေ အဖျက်ကောင်တွေ ဖြစ်ခဲ့ရင် ငါတို့ကို အမွေပေးလိုက်တဲ့ ဗုဒ္ဓဘာသာဟာလည်း သူခိုးဂျပိုးတို့ဆီက တစ်ဆင့် ကူးစက်လာတာ- လို့ ဖြစ်နေမယ်။ ဒီတော့ အာဏာရှင်တွေ မှိုင်းတိုက်သလို မွန် လူမျိုးတွေဟာ သူခိုး ဂျပိုး လူမျိုးတွေ မဖြစ်နိုင်ဘူး- ရယ်လို့ ဆင်ခြင်သုံးသပ်နိုင်စွမ်းတောင် မရှိတော့ပါ။

ပကတိ သဘောမှာ လူသားတွေဟာ ရိုးသားမှုကို ကြိုက်ပါတယ်။ အေးချမ်းမှုကို မြတ်နိုးပါတယ်။ စည်းလုံး ညီညွတ်ပြီး တိုးတက်ကောင်းစားရေးကို ခုံမင်ပါတယ်။- အလားတူပဲ ခွဲခြားဆက်ဆံမှုကို မုန်းတီးပါတယ်။ နှိပ် ကွပ်မှုကို နားကျည်းပါတယ်။ သမိုင်းဖျောက်မှုကို ရွံရာစက်ဆုတ်ပါတယ်။

နားကျည်းမှုများမှသည် လက်စားချေမှု- လက်တုံ့ပြန်မှုဘက်ဆီသို့ ဦးတည်သွားနိုင်ပါတယ်။

ဆက်လက် ဖေါ်ပြပါမည်။

ဌေးလွင်ဦး

About these ads

6 Responses to “အမှန်ကို ချစ်ပါ (၁)”

  1. drkokogyi Says:

    အမှန်ကို ချစ်ပါ (၂)

    ဌေးလွင်ဦး

    အခုခေတ် မြန်မာနိုင်ငံလို့ သတ်မှတ်ထားတဲ့ ဧရိယာ နယ်နိမိတ်ဟာ- ကုန်းမြေဆက်စပ်မှု မရှိတဲ့ သီးခြား ကျွန်းမဟုတ်သလို အလွတ်တစ်နေရာမှာ မြေသားထု မြေပုံဆွဲ ယူလာပြီး အိန္ဒိယနဲ့ တရုတ်ကြားမှာ လာကပ်ထားတဲ့ မြေနေရာလည်။ မဟုတ်ပါ။ ကမ္ဘာတည်ကတည်းက ရှိနေတဲ့ အာရှတိုက်ရဲ့ ကုန်းမြေ ဆက်စပ် နေတဲ့ အပိုင်းထဲက မြေနေရာတကွက်မျှသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရယ်လို့ သတ်သတ်မှတ်မှတ် ဖြစ်လာခဲ့တာ အေဒီ ၁၁ ရာစု (၁၀၄၄ ခုနှစ်)ကမှ ဖြစ်လာခဲ့ပြီး- အိမ်ဘေးက တရုတ် အိန္ဒိယတို့နဲ့ နှိုင်းယှဉ်လိုက်ရင် ကလေး အဆင့်မျှသာ ရှိပါသေးတယ်။

    မြန်မာရယ်လို့ ဖြစ်လာတဲ့ လူတွေ ဘယ်က ၀င်ခဲ့သလဲ၊

    လက်ရှိ တရုတ်ပြည်လို့ သတ်မှတ်ထားတဲ့ ဧရိယာထဲက သို့မဟုတ် တိဘက်ကုန်းမြင့်ဒေသက တရုတ်ပြည်ကို ဖြတ်ပြီး မြန်မာနိုင်ငံရယ်လို့ ဖြစ်တယ်လာမယ့် ဧရိယာထဲကို ပင်မလူမျိုးနွယ် သုံးစု ၀င်လာခဲ့တာကိုတော့ အထူး ပြောနေစရာ မလိုပါ။

    ဒီနေရာမှာ – ဒီလူမျိုးစု သုံးစု မတိုင်မှီက မြန်မာနိုင်ငံမှာ လူတွေ မရှိဘူးလား- ဆိုတဲ့ အချက်ကို ဆင်ခြင်ဘို့ လိုပါတယ်။ – သမိုင်းပညာရှင်တွေက ပျူတွေ နေထိုင်ခဲ့တယ်၊ ဟံလင်းကြီး ပိဿနိုး စသည်ဖြင့် ပျူမြို့ပြနိုင်ငံ ငယ်တွေ တည်ဆောက်ခဲ့တယ်- လို့ အခိုင်အမာပြောဆိုတာကိုလည်း မူလတန်းအောင်ပြီးသား ကလေးတိုင်း အနည်းဆုံးတော့ ကြားဘူးနားဝ ရှိပြန်ပါတယ်။- ဒီလိုတွက်ရင် လက်ရှိ လူမျိုးများထက် ပျူလူမျိုးများက ပိုမိုရှေ့ကျတဲ့ Native တွေ ဖြစ်တယ်လို့ ဆိုရမှာပါ။

    မြန်မာပြည်လို့ ဖြစ်တည်လာမယ့် ဧရိယာရဲ့ နံဘေးမှာ မြန်မာမတိုင်မှီ ၅၀၀၀ ကျော်ကတည်းက နိုင်ငံအဖြစ် အင်ပါယာ အဖြစ် တည်ရှိနေတဲ့ အိန္ဒိယနဲ့ နှစ်ပေါင်း ၄၀၀၀ ကျော်ကတည်းက တည်ရှိနေတဲ့ တရုတ်နိုင်ငံတို့ ရှိ နေတယ် ဆိုတာကို မေ့ထားလို့ မရပါ

    မြန်မာမတိုင်မှီ ၀င်လာတဲ့ လူမျိုးတွေက သက်ဆိုင်ရာ ဒေသနိုင်ငံများ ထူထောင်ခဲ့ပေမယ့်- သူတို့ကို နိုင်ငံအဖြစ် အိန္ဒိယနဲ့ တရုတ်တို့က အသိအမှတ်မပြုပေးခဲ့ဘူး- ဆိုလိုတာက အဲ့ဒီဒေသတွေဟာ သူတို့ဆီက ပဲ့လွင့်သွားတဲ့ လူတွေက ရပ်ရွာထူထောင်ထားသလိုလို၊ သို့မဟုတ် သူတို့လူမျိုးတွေက မြို့တွေထူထောင်ထားလို့ သူတို့ကပဲ ပိုင်ဆိုင်သလိုလို၊ သို့မဟုတ် မြေလွတ်မြေရိုင်းတစ်ခုမှာ ဘယ်သူမဆို ၀င်ရောက်ရွာတည်ပြီး နေထိုင်နိုင်တယ်- ငါတို့ရဲ့ အင်ပါယာကို လိုအပ်ရင် အဲ့ဒီ ဒေသများထိ လွှမ်းမိုးထားလို့ ရတယ်လို့ ခံယူထားသလိုလိုမျိုးတွေနဲ့ ရှိနေ ခဲ့တယ်။

    ၁၁ ရာစုမှာ နန်ဇို ဘုရင့်နိုင်ငံရဲ့ လက်အောက်က ရုန်းထွက်ပြီး ဗမာများ ၀င်ရောက်လာခဲ့တယ်။ ဗမာတို့က ပျူ များကို သိမ်းပိုက်နိုင်ငံထူထောင်လိုက်တယ်၊ အခုမြန်မာပြည်အောက်ပိုင်း ကမ်းရိုးတန်းဒေသမှာ သူ့အရင်က ထူ ထောင်ပြီး ရှိနေတဲ့ မွန်တွေကိုပါ သိမ်းပိုက်လိုက်တယ်။ အနောက်ဘက်တောင်တန်းကြီးရဲ့ အနိမ့်ပိုင်းများကို ဖြတ်ကျော်ပြီး လက်ရှိ ရခိုင်ပြည်နယ်ရဲ့ တောင်ကုတ်လောက်ကစ ဗမာထူထောင်ထားတဲ့ ပုဂံအင်ပါယာထဲကို သိမ်းသွင်းနိုင်ခဲ့တယ်၊– အဲ့ဒီ အချိန်ကစ အိန္ဒိယကို စိုးမိုးထားတဲ့ ချိုလာအင်ပါယာကနဲ့ တရုတ်ပြည်မှာ စိုးမိုးထား တဲ့ ဆွန်မင်းဆက်တို့က ပုဂံကို အင်ပါယာ တစ်ခုအဖြစ် အသိအမှတ်ပြုပေးလိုက်တယ်။ ဒါကြောင့် မြန်မာနိုင်ငံ ဟာ အချုပ်အခြာပိုင်တဲ့ ကိုယ်ပိုင်ဧရိယာနဲ့ အင်ပါယာနိုင်ငံတစ်ခု ဖြစ်လာခဲ့တယ်။

    ဒါပေမယ့် မြန်မာ့သမိုင်းမှာ မပေါ်လွင် တိမ်ငုတ်နေတဲ့ အရာတစ်ခုက ဧရာဝတီမြစ်ဖျားက ဆင်းလာတဲ့ ဗမာ များက မြန်မာနိုင်ငံရယ်လို့ မထူထောင်မှီကတည်းက မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ရှိတဲ့ ကုလားတန် မြစ်ဖျား ဘက်က ဆင်းလာတဲ့ လူမျိုးက သီးခြားနိုင်ငံငယ်လေး ရှိပြီးသား ဖြစ်နေပါတယ်။ အဲဒီမှာ နိုင်ငံရှိပြီးသား ဖြစ်တယ်၊ ပုဂံအင်ပါယာက မသိမ်းသွင်းမှီကတည်းက လူတွေရှိပြီးသား ဖြစ်တယ်၊ အဲ့ဒီ လူတွေက ဘယ်က လာခဲ့ပါသလဲ။- အောက်မှာ ပုဂံခေတ်က မြန်မာနိုင်ငံရဲ့ မြေပုံကို ကြည့်ပါ။-

    http://en.wikipedia.org/wiki/Pagan_Kingdom

    ပုဂံခေတ် ဆိုတာ အထက်မှာ ပြောပြီးတဲ့အတိုင်း ၁၁ ရာစုမှာမှ ပေါ်လာတဲ့ အင်ပါယာ ဖြစ်ပါတယ်။ ၁၁ ရာစု မတိုင်မှီ နှစ်ပေါင်းထောင်နဲ့ချီပြီး အနောက်ဘက်ဒေသမှာ တိုင်းနိုင်ငံက တည်ရှိပြီး ဖြစ်နေပါပြီ။- ရခိုင်သမိုင်းအရ ဘီစီ ၃၃၂၅ ခုကတည်းက မာရယူမင်းက နိုင်ငံကို တည်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ပုဂံအင်ပါယာ မထွန်း ကား မဖြစ်ပေါ်မှီ နှစ်ပေါင်း ၄၀၀၀ ကျော် ရှေ့ကျနေပါတယ်။

    ဗမာမ၀င်မှီ နှစ်ပေါင်း ၄၀၀၀ ကျော်တည်ရှိတဲ့ နိုင်ငံက လူသားတွေဟာ ဘယ်က လာခဲ့ပါသလဲ။ သမိုင်းကို ပြန် လိုက်ရင် သူတို့တွေဟာ အိန္ဒိယ အင်ပါယာဘက်က ဖြတ်ပြီး လာခဲ့တဲ့သူများသာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၄၀၀၀ ကျော်က အိန္ဒိယအင်ပါယာရဲ့ မြေပုံဟာ မသေချာသေးပေမယ့်- မြန်မာအင်ပါယာ မပေါ်မှီ နှစ်ပေါင်း ၁၅၀၀ စော ပြီး တည်ရှိတဲ့ အိန္ဒိယ မာဂဓ အင်ပါယာရဲ့ စတည်မှုနဲ့ ကျယ်ပြန့်လာတဲ့မြေပုံကို ကြည့်ပါ။

    http://en.wikipedia.org/wiki/Magadha

    http://en.wikipedia.org/wiki/Mauryan_Empire

    ဒီမြေပုံအရ မြန်မာနိုင်ငံ အနောက်ပိုင်း အခု ရခိုင်ဒေသ မြောက်ပိုင်းက လူသားတွေဟာ မာဂဓ အင်ပါယာ ထဲက ၀င်ရောက်လာတဲ့ မာဂဓ မျိုးနွယ်များသာ ဖြစ်နိုင်ခြေ ရှိနေပါတယ်။ ရခိုင်သမိုင်းဆရာ တစ်ချို့ရဲ့ အဆိုအရလည်း ရခိုင်ဆိုတာ- လက်ဦးအစက မာဂဓ လူမျိုးတွေ ဖြစ်တယ်၊ ဗုဒ္ဓဘာသာ အဓိက လွှမ်းမိုးရာ ဖြစ်ပြီး ဗမာများထက် အလွန်တရာ ရှေးကျစွာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ခဲ့သူများ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိခေတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ မဏိပူရမှာ ရှိနေတဲ့ ရခိုင်များကို မော့ဂ်ဒ် (မဂဓ ဒေသမှ လူမျိုး)လို့ ခေါ်နေဆဲ သတ်မှတ်နေဆဲ ဖြစ်ပါတယ်။

    ဒီနောက်မှာ အိန္ဒိယရဲ့ ကမ္ဘာကျော် အင်ပါယာ ပြည့်ရှင် အာသောကရဲ့ မောရိယ အင်ပါယာကြီး တစ်ဆက်တည်း ပေါ်ထွန်းလာခဲ့ပါတယ်။ အဲ့ဒီ အင်ပါယာထဲမှာ ရခိုင်ဒေသနဲ့ ချင်းတောင်အောက်ပိုင်းဒေသများဟာ မင်းဘဏ္ဍာ ဆက်သ လက်အောက်ခံ တိုင်းနိုင်ငံငယ်များ ဖြစ်ခဲ့ပါတယ်။ မြေပုံမှာ ကြည့်ပါ။

    http://en.wikipedia.org/wiki/Maurya_Dynasty

    ဒီကာလဟာ ပုဂံအင်ပါယာ မပေါ်ထွန်းမှီ နှစ်ပေါင်း ၁၂၀၀၊ ၁၃၀၀ ကတည်းက တည်ရှိနေတဲ့ လူတွေ ဖြစ် ပါတယ်။

    မာဂဒတွေရဲ့ စကားက မာဂဓ တွေရဲ့ စကားက မာဂဓီ စကားဖြစ်တယ်။ အဲ့ဒီ ဘာသာစကားကို ရှင်ဂေါတမ ဘုရား ရှင်လက်ထက်က ရှင်ဂေါတမပွင့်ပေါ်ရာ အရပ်မှာ အများသုံး ဘာသာစကား အဖြစ် လူသိများပါတယ်။ ရှင်ဂေါတမ ကိုယ်တိုင်ကတော့ အို့ဓ် ဘာသာစကားကို ပြောတယ်လို့ ဂျာမန်သမိုင်းပညာရှင် မောရစ်ဝင်တာနစ် က သူ့ရဲ့ History of Indian culture –Buddhism ဆိုတဲ့ စာအုပ်မှာ ဖေါ်ပြထားပါတယ်။

    ဒီနေ့ ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာလို့ ခံယူသူများ ပြောတဲ့ စကားဟာ မြန်မာများက ပါဠိဘာသာစကားလို့ သတ်မှတ်ထားတဲ့ မာဂဓ ဘာသာစကားနဲ့ အလွန်တရာ နီးစပ်နေတာကို တွေ့ရပါတယ်။ ရိုဟင်ဂျာတို့ရဲ့ ဘာသာ စကားဟာ မိုင်ပေါင်းထောင်ချီကွာဝေးနေတဲ့ နီပေါလ်ဘာသာစကား၊ မဏိပူရ် ဘာသာစကားများနဲ့လည်း အတော့ကို နီးစပ်နေပါတယ်။

    ဒီလို ပြောလို့ မြန်မာအမျိုးသားရေးဝါဒီများ အနေနဲ့ စိတ်မဆိုးအပ်ပါ။ ကျွန်တော်က ရိုဟင်ဂျာ တစ်ဦး မဟုတ်ပါ။ ဒါပေမယ့် ရခိုင်ပြည်မှာ အတူနေတဲ့ ရိုဟင်ဂျာ လူမျိုးများရဲ့ ဘာသာစကားများကို နီးစပ်ရာ သူငယ်ချင်းများက တစ်ဆင့် ထမင်းစားရေသောက်လောက် တတ်မြောက်ပါတယ်။

    ဆယ်တန်းအောင်ပြီး မြန်မာစာ မေဂျာကို ယူတော့ ပါဠိစာပေကို စတင်သင်ယူရပါတယ်။ ဒီအခါမှာ ပါဠိစာပေကို သင်ယူရတာ အလွန်လွယ်ကူနေတာကို တွေ့ရပါတယ်။ ဥပမာ ပါဠိစာမှာ အဟံ ဘတ္တံ ခါဒန္တိ- ကျွန်ုပ်သည် ထမင်းကို စားသည်။ ဆိုတဲ့ ၀ါကျဟာ ရိုဟင်ဂျာ ဘာသာစကားက ဟမ်း ဘတ် ခိုက်တဲ ဆိုတဲ့ စကား ဖြစ်နေပါ တယ်။ ဒီလို အသံကွဲရတာက- မြန်မာပါဠိက မြန်မာသံလုပ်ပြီး မြန်မာစာနဲ့ ရေးထားတဲ့ စာဖြစ်နေလို့ပါ- ဥပမာ What is this? ဆိုတာကို မြန်မာလို ၀ှတ် (တ) အက် (စ်) ဿဲ့စ် (စ်) ဆိုသလိုပါ။ ဒါကို အင်္ဂလိပ်စကားပြော တက်ကယ်မတတ်သူက အသံထွက်အတိုင်းကျက်ထားပြီး ၀ှတ်တ အက်စ ဿဲ့စ လို့ ဖတ်ပြီး ပြောနေသလိုပါ။
    အချို့နေရာများမှာတော့ မူရင်းအသံ စ သို့မဟုတ် ဆ ကို မြန်မာက သ အဖြစ် ပြောင်းထားတာမျိုး ရှိပါတယ်။ ဥပမာ ၀က်သားကို ပါဠိမှာ သူရက (သူရ်က)လို့ ခေါ်ပါတယ်။ ဒါကို ရိုဟင်ဂျာစကားမှာ ဆူဝဲလ် လို့ခေါ်ပါတယ်။ မနုဿ လူသားကို မနုဆ် လို့ခေါ်ပါတယ်။ အရပ်သုံး စကားလုံးထဲမှာပဲ မြောက်များစွာသော ရာနှုန်းများက တူညီနေတာကို အလွယ်တစ်ကူတွေ့နိုင်ပါတယ်။

    စကားကိုမတတ်တဲ့ စာသံနဲ့ မူလဇစ်မြစ် စကားသံ မတူညီဘူး ဆိုတာတေ့ စာတတ်သူတိုင်း ဆင်ခြင်မိမယ် ထင်ပါတယ်။

    ဒီလို ဆိုရင် ရခိုင်မြောက်ပိုင်းနေ လူသားတွေဟာ ဗမာများရောက်ပြီးမှ အဲ့ဒီ ဒေသကို ရောက်လာတာလား၊ သို့မဟုတ် သူတို့တွေက Native တွေလား ဆိုတာတော့ ရိုးသားသူတိုင်း မြင်နိုင်လောက်မယ် ထင်ပါတယ်။
    အမှား ထောက်ပြမယ် လို့ ရည်သန်သူများ အနေနဲ့ ပညာတတ်ဆန်ဆန် ယဉ်ကျေးစွာ ဆွေးနွေးလိုသူတိုင်းကို အချိန်မရွေး ဖိတ်ခေါ်ပါတယ်။

    Wiki မှ History of Burma, History of Rakhine နှင့် History of India များကို ကိုးကားတင်ပြသည်။
    ဆက်လက်ဖေါ်ပြပါမည်။

    ဌေးလွင်ဦး @ http://www.myanmarmuslim.net/news.php?extend.763

  2. drkokogyi Says:

    အမှန်ကို ချစ်ပါ-(၃

    ဌေးလွင်ဦး
    လက်ရှိ မြန်မာနိုင်ငံရယ်လို့ ဖြစ်တည်လာမယ့် နိုင်ငံဧရိယာထဲကို ၀င်လာတဲ့ လူသားတွေဟာ အဓိက အားဖြင့် အာရှအလယ်ပိုင်း တိဘက်ကုန်းမြင့်ဘက်က ဖြစ်ပြီး- တိဘက်ကုန်းမြင့်ရဲ့ အရှေ့ဘက် မွန်ဂိုနိုက်အနွယ်တွေ ပါဝင်သလို၊ တိဘက်ကုန်းမြင့်ရဲ့ အနောက်ပိုင်း အာရိယာန်အနွယ်တွေလည်း ပါဝင်ခဲ့တယ်။ (တိဘက်ကုန်းမြင့် ဒေသကိုယ်က အာရိယာန်နဲ့ မွန်ဂိုအနွယ်တို့ ပေါင်းစပ်ရာ မြစ်ဆုံဒေသလို့ ဖြစ်နေတယ်၊ ဒါကြောင့် အာရိယာန် နဲ့ မွန်ဂို ကပြားတွေလည်း ပါဝင်ခဲ့တယ်။ ဒါကြောင့် မြန်မာပြည် အရှေ့ပိုင်းရှိ လူမျိုးနွယ်တွေက မွန်ဂိုလီးယား အနွယ်ရုပ်မျိုးကို ဆင်ပြီး မြန်မာပြည် နောက်ပိုင်းအခြမ်း လူမျိုးတွေက အာရိယာန် မွန်ဂိုကပြား ရုပ်ရည်မျိုးကို ဆင်နေတာ တွေ့ရပါမယ်။ (ဥပမာ ပခုက္ကူဒေသ သားများနဲ့ ရှမ်းကုန်းမြင့်ဒေသ သားများ ရုပ်ရည်များကို နှိုင်း ယှဉ်ကြည့်ပါ။ ရာသီဥတုကြောင့် အသားရောင် ကွာခြားလာတာလို့ ပြောနိုင်ပေမယ့်- နှာတံသွယ်ပုံချင်း ကွာ ခြားမှုဟာ ရာသီဥတု အပူအအေးနှင့် မဆိုင်ပါ။)ပြီးတော့ မြန်မာပြည်ထဲကို ၀င်လာခဲ့တဲ့ လူတွေဟာ အဓိကအားဖြင့် မြစ်ရိုးတစ်လျှောက် စုန်ဆင်းလာခဲ့တာ များပါတယ်။ သံလွှင်မြစ်ရိုးတစ်လျှောက် အခြေခံပြီး စုန်ဆင်းလာတယ်၊ ဧရာဝတီ မြစ်ရိုးတစ်လျှောက် အခြေခံပြီး စုန်ဆင်းလာတယ်၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက် အခြေခံပြီး စုန်ဆင်းလာခဲ့တာများ ဖြစ်ပါတယ်။အလားတူပဲ ရခိုင်ဒေသလို့ ခေါ်နေတဲ့ မြန်မာပြည် အနောက်ပိုင်း အခြမ်းမှာလည်း လူသားတွေဟာ လေးမူး မြစ်ရိုး၊ ကုလားတန် မြစ်ရိုးနဲ့ မေယုမြစ်ရိုး များတစ်လျှောက် စုန်ဆင်းလာခဲ့တာ ဖြစ်ပါတယ်။ လေးမူးမြစ်ရိုးဟာ တိုပြီး ရခိုင်ရိုးမကြီးမှာ ဆုံးသွားတယ်၊ ချောင်းသွယ်မြောင်းသွယ် အဖြစ် ဆက်စပ်ခဲ့ရင်တောင့် ကျောက်ပန်း တောင်းကို ဆက်စပ်နိုင်တယ်- ဒါကြောင့် အဲ့ဒီ မြစ်ရိုးတစ်လျှောက် စုန်ဆင်းလာခဲ့ရင် သူတို့ဟာ ပျူလူမျိုးနွယ် များ ဖြစ်နိုင်တယ်။ ကုလားတန်မြစ်ရိုးကတော့ အာသံ- မဏိပူရကိုကျော်ပြီး အခုခေတ်နီပေါလ်နားအထိ ဆိုက် တယ်- ဒါကြောင့် ကုလားတန်မြစ်ရိုးတစ်လျှောက် ဆင်းလာသူများက အာရိယာန်အနွယ်များ ဖြစ်ပါတယ်။ အလားတူ- မေယုမြစ်ရိုးဟာ မဏိပူရနယ်အထိ ဆိုက်တယ်- အဲ့ဒီက ဆင်းလာသူများဟာလည်း အာရိယာန် အနွယ်ဝင်များ ဖြစ်ပါတယ်။ (ကုလားတန်မြစ်၊ လေးမူးမြစ်၊ မေယုမြစ် များ စီးဆင်းပုံကို မြန်မာနိုင်ငံမြေပုံ၌ သေချာစွာကြည့်ပါ။)

    သံလွှင်မြစ်ရိုးတစ်လျှောက် စုန်ဆင်းခဲ့သူ(ကရင်၊ ပအို့ဝ်၊ ကရင်နီ၊ ရှမ်း)များနဲ့ ဧရာဝတီမြစ်ရိုးတစ်လျှော် စုန်ဆင်းခဲ့သူ (ဗမာ)များ ရုပ်ရည် ကွဲပြားသလို၊ ရခိုင်မှာလည်း မေယု၊ ကုလားတန် မြစ်ရိုးတစ်လျှောက်စုန်ဆင်းခဲ့ သူများနဲ့ လေးမူးမြစ်ရိုးမှသည် ရခိုင်တောင်ပိုင်းနယ်သား အားလုံးရဲ့ ရုပ်ရည်ဟာ သီးသန့်ဖြစ်နေပါတယ်။ကုလားတန်၊ လေးမူးလူမျိုးနွယ်များ ပေါင်းစပ်လာပြီး ရပ်ရွာတည်တံ့လာတဲ့ အချိန်ကစ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ နိုင်ငံငယ်လေး ဖြစ်လာခဲ့ပါတယ်။ ဒဏ္ဍာရီလိုလို၊ သဘောင်လိုလို ပြောစမှတ်အရ ဘီစီ ၃၀၀၀ ကျော်ကတည်းက မာရယူမင်းက နိုင်ငံထူထောင်ခဲ့တယ် ဆိုပေမယ့်- သေချာတဲ့ သမိုင်းများ မတွေ့ရသေးပါ။ အေဒီ ၄ ရာစု (မြန်မာ နိုင်ငံ ပုဂံအင်ပါယာထက် နှစ်ပေါင်း ၇၀၀ ကျော်စောပြီး) လောက်မှာ မဟာစန္ဒြမင်းက ဓည၀တီ နေပြည်တော်ကို စတင်ထူထောင်ခဲ့ကြောင်း ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ခဲ့ကြောင်း သမိုင်းများ ရှိနေပါတယ်။ အဲ့ဒီ ဗုဒ္ဓသာသ နာဟာ ဗမာများဆီက ကူးစက်ခဲ့ခြင်း မဟုတ်ပါ။ ဒီအချိန်မှာ ဗမာများကိုယ်တိုင်က ထေရ၀ါဒ ဗုဒ္ဓဘာသာကို လက်မခံသေးပါ။ ဓည၀တီနေပြည်တော်ဟာ နိုင်ငံရေးအရ အနောက်ဘက် အိန္ဒိယအင်ပါယာ (ထိုစဉ်က မာဂဓ အင်ပါယာ)ကို တည်မှီအားကိုးနေရတဲ့ သဘောမှာ ရှိနေတော့ မာဂဓ အင်ပါယာတွင်းမှ ကူးစက်ပြန့်နှံ့လာခဲ့ခြင်း သာ ဖြစ်ပါတယ်။ဓည၀တီနေပြည်တော်ဟာ လေးမူးနဲ့ ကုလားတန် မြစ်ရိုးကြားဒေသမှာ စတည်ခဲ့ပေမယ့်- နိုင်ငံကျယ်ပြန့်လာ တာနဲ့ အမျှ အနောက်ဘက် အရှေ့ဘက်ကို နယ်နိမိတ်တိုးချဲ့လာခဲ့ပါတယ်။ တောင်ဘက်မှာ ပင်လယ်ပြင် မြောက်ဘက်မှာ ရခိုင် ရိုးမကြီးကာဆီးထားတဲ့ အတွက် နယ်နမိတ်က တိုးချဲ့လို့ မရနိုင်ပါ။ မြေပုံကို ကြည့်ပါ။
    အေဒီ ၄ ရာစုက စတည်ခဲ့တဲ့ ဓည၀တီ၊ ဝေလာလီ၊ လေးမူး၊ မြောင်းဟောင်း နယ်ပြည်တော်များမှာ အနောက်ဘက် မေယုမြစ်၊ နာ့ဖ်မြစ်ရိုးများကို ကျော်လွန်ပြီး ပိုင်ဆိုင်ခဲ့သလို၊ တောင်ဘက် ဒွာယာဝတီ (သံတွဲ) အထိ နယ်နမိတ်ကျယ်ဝန်းလာခဲ့ပါတယ်။ လေးမူး ခေတ်နှောင်းပိုင်းမှာ ဗမာအင်ပါယာ (မြန်မာနိုင်ငံ)က အင် အား ထွားလာပြီး လေးမူးနေပြည်တော်နိုင်ငံကို မြန်မာအင်ပါယာအတွင်း သိမ်းသွင်းနိုင်ခဲ့ပါတယ်။
    အရေးနိမ့်သွားတဲ့ ရခိုင်နယ်သားများက အနောက်ဘက် ဘင်္ဂေါနယ်မှာ ခိုလှုံခဲ့ပါတယ်။ (ထိုစဉ်က ဘင်္ဂေါနယ်- ဆိုတာ နာ့ဖ် မြစ်ရဲ့ အနောက်ပိုင်းဒေသ များဖြစ်ပြီး နာ့ဖ်မြစ်ရဲ့ အရှေ့ပိုင်းဒေသ စစ်တကောင်းနယ်က ဓည၀တီ အုပ်ချုပ်လိုက်၊ ဝေသာလီ အုပ်ချုပ်လိုက်၊ ဘင်္ဂေါက အုပ်ချုပ်လိုက်နဲ့ သူသိမ်း၊ ကိုယ်သိမ်း ကြားခံ ဒေသ ဖြစ်နေခဲ့ပါတယ်။ ဘင်္ဂေါပြည်ကို အုပ်ချုပ်ထားတဲ့ မွတ်စလင်မွန်ဂိုမင်းရဲ့ စစ်သားအကူအညီ၊ စစ်ရေးအထောက်အပံ့အကူအညီများ နဲ့ မင်းစောမွန်ဟာ ဗမာများ သိမ်းပိုက်ထားတဲ့ လေးမူးနေပြည်တော်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး မြောက်ဦး အင်ပါယာကို ထူထောင်နိုင်ခဲ့ပါတယ်။ မြောက်ဦးအင်ပါယာရဲ့ အင်အားကို ဗမာဘက်က သြဇာတန်ခိုးကြီးထွား တဲ့ ဘုရင့်နောင် (တောင်ငူမင်းဆက်)တောင် မဖြိုခွင်းနိုင်ခဲ့ပါ။ မြေပုံကို ကြည့်ပါ။
    မြောက်ဦး အင်ပါယာဟာ စစ်တကောင်းနယ် တစ်ခုလုံးကို နှစ်ပေါင်း ၃၈၀ ကျော် အုပ်ချုပ်စိုးမိုးခဲ့ပါတယ်။ ဒါကြောင့် စစ်တကောင်းနယ်က လူမျိုးအားလုံးဟာ မြောက်ဦးနိုင်ငံတော်အတွင်းက တရားဝင် လူမျိုးများ ဖြစ်ပြီး မူလဇာတိ လူမျိုးများလည်း ဖြစ်ပါတယ်။ မြောက်ဦးမင်းဆက် အားလုံးက မွတ်စလင်ဘွဲ့အမည်များ ခံယူပြီး ဘာသာရေး လွတ်လပ်ခွင့်ပေးခဲ့တဲ့ အတွက် စစ်တကောင်းနယ်က မွတ်စလင်များကလည်း အုပ်ချုပ်ခံရမှုကို ကျေနပ်ခဲ့ပါတယ်။

    မြန်မာအင်ပါယာဟာ ကုန်းဘောင်ခေတ်မှာ ပြန်လည် ကြီးထွားလာပြီး- ၁၇၈၄ ခုနှစ်မှာ မြောက်ဦး အင်ပါယာကို ပြန်လည်ဝင် ရောက် သိမ်းပိုက်ခဲ့ပါတယ်။ ပြင်းထန်တဲ့ စစ်ပွဲပြီး နှစ်ပေါင်း လေးဆယ် ဖြစ်ခဲ့ကာ ရခိုင်လူမျိုးပေါင်း များစွာ မျိုးပြုတ်လုနီး သတ်ဖြတ်ခံခဲ့ရပါတယ်။ နောက်ဆုံးမှာ မြောက်ဦး အင်ပါယာဟာ ဘင်္ဂေါကို အုပ်ချုပ်ပြီး ဖြစ်တဲ့ ဗြိတိသျှကို စစ်ကူတောင်းလိုက်ရပါတော့တယ်။

    ဆက်လက်တင်ပြပါမည်။- ဌေးလွင်ဦး

  3. drkokogyi Says:

    အမှန်ကို ချစ်ပါ (၄)

    ဌေးလွင်ဦး

    မြန်မာပြည်ရဲ့ အနောက်ဖက်ပိုင်း ဒေသရှိ လူမျိုးများနဲ့ ပတ်သက်ပြီး နည်းနည်း ပြောလိုတယ်။ ယခုအခါ ကမ္ဘာသိ အငြင်းပွားနေတဲ့ လူမျိုးရဲ့ အမည်က “ရိုဟင်ဂျာ” ဖြစ်တယ်။ ဒီ အမည်နာမနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ ရယ်လို့ ခံယူသူများဘက်က သမိုင်းကြောင်းများ တင်ပြသလို၊ ရိုဟင်ဂျာဟူသည် မရှိဘူးလို့ ပြောဆိုသူများ ဘက်မှ လည်း သမိုင်းကြောင်းများ တင်ပြနေတာကို တွေ့ရပါတယ်။

    ကျွန်တော့ အနေနဲ့ အမည်နာမ ကိစ္စမှာ ၀င်ရောက် မဆွေးနွေးလိုပါ။ ဗမာတွေက မိမတို့သည် ဗမာ ဖြစ်တယ်လို့ လွတ်လပ်စွာ ပြောခွင့်ရှိသလို၊ မိမိရဲ့ အမည်နာမကိုလည်း မိမိကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ကင်ပွန်း တပ်ခွင့် ရှိပါတယ်။ အလားတူ မွန်တွေ အတွက်လည်း ဒီအတိုင်းပဲ၊ ရခိုင်တွေ အတွက်လည်း ဒီအတိုင်းပဲ ခံယူပါတယ်။ အမည်နာမ ဆိုတာက လူသားတစ်ဦး၊ လူမျိုးတစ်ဦး၊ လူမျိုးနွယ်တစ်ခု ရှိပြီးမှ ဖြစ်တည်လာတဲ့ ကိစ္စရပ်သာ ဖြစ်ပါတယ်။

    အမှန်တကယ် လက်တွေ့မှာ ဒီလူမျိုးဆိုတာ သမိုင်းချီပြီး ရှိခဲ့၊ မရှိခဲ့ ဆိုတဲ့ အရာသာ ပင်မအဓိက ဖြစ်ပါတယ်။ ပုဂံခေတ်မှာ နှစ်ပေါင်း ၃၀၀ ကျော် သြဇာမိခဲ့လို့ ရခိုင်ဒေသ လူဦးရေ ထက်ဝက်လောက်က မြန်မာစကား လွှမ်းမိုးသွားခဲ့ပေမယ့်- ရခိုင်တွေရဲ့ ဓလေ့ စရိုက်များဟာ အိန္ဒိယပြည် အလယ်ပိုင်းနဲ့ တူညီနေပါတယ်ဆိုတာ ရခိုင် သမိုင်းဆရာများကိုယ်တိုင် ရေးသားနေပြီး ဖြစ်ပါတယ်။ တစ်ချို့ကလည်း မြန်မာစကား ဆိုတာ ရခိုင်က ခိုးယူသွားတာ၊ မြန်မာစာ ဆိုတာလည်း ရခိုင်ဘက်က ခိုးယူသွားတာလို့ ပြောဆိုမှုများလည်း ရှိပါတယ်။

    ရခိုင် ဆိုတာ ယက္ခ (ကြမ်းတမ်းတဲ့ လူမျိုးနွယ်၊ သို့မဟုတ် မဖွံ့ဖြိုးသေးတဲ့ တောတောင်နေ လူမျိုးနွယ်) ဆို တာက ဆင့်ပွား ဆင်းသက်လာတာလို့ ပြောဆိုကြပေမယ့်-၊ ဘယ်လိုပြောပြော ရှေးမင်းများ အဆက်ဆက်မှာ ရခိုင် ဆိုတဲ့ အမည်ဟာ လူမျိုးတစ်မျိုးထဲကို ကိုယ်စားမပြုခဲ့ပါ။ တိုင်းနိုင်ငံဒေသ တစ်ခုကို ကိုယ်စားပြုပြီး အဲ့ဒီ ဒေသမှာ ရှိနေတဲ့ လူမျိုးအားလုံးကို ကိုယ်စားပြုခဲ့ခြင်းသာ ဖြစ်ပါတယ်။

    ရခိုင်ဒေသ တစ်ခုလုံးဟာ အစဉ်အလာ နှစ်ထောင်ပေါင်းများစွာ အိန္ဒိယရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ရှိခဲ့ပါ တယ်။ ဘင်္ဂေါဒေက လူသားများ ဟိန္ဒူဘာသာကို ကိုးကွယ်စဉ် ရခိုင်ဒေသက လူသားများက ဟိန္ဒူဘာသာကို ကိုးကွယ်ခဲ့တယ်၊ ဘင်္ဂေါဒေသ လူသားများ ဗုဒ္ဓဘာသာကို ကိုးကွယ်တော့ ရခိုင်ဒေသက လူသားများ ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့တယ်။ ဘင်္ဂေါဒေက လူသားများ အစ္စလာမ်ကို ကူးပြောင်းကိုးကွယ်တော့ ရခိုင်ကို လည်း အစ္စလာမ်ဘာသာ သြဇာလွှမ်းမိုးလာခဲ့ပါတယ်။ (ဒီနေရာမှာ ပြောဆိုတဲ့ ဘင်္ဂေါဒေသ ဆိုတာ ဘင်္ဂလား ဒေ့ရှ်ကို မဆိုလိုပါ။ အိန္ဒိယ မဂဓ အင်ပါယာကြီးကို ဆိုလိုပါတယ်။) ဘင်္ဂေါဒေသကို အစ္စလာမ်သာ သာသာနာ ရောက်ရှိလာတဲ့ ခုနှစ်က ၁၂၀၃ ခုနှစ်ဝန်းကျင် ဖြစ်တယ်။ ဒီအချိန်ကာလက ရခိုင်ဒေသဟာ ပုဂံအင်ပါယာရဲ့ လွှမ်းမိုးမှုကို ခံနေရပြီး ရခိုင်မှာ ရှိတဲ့ နဂိုမူလ ဗုဒ္ဓဘာသာနဲ့ ပုဂံပြည်က ဗုဒ္ဓဘာသာတို့ရဲ့ ပူးပေါင်းကာ ဗုဒ္ဓဘာသာ အင်အား ထွားနေတဲ့ ကာလလည်း ဖြစ်ပါတယ်။

    သမိုင်းဝင် ဓည၀တီ မတိုင်မှီ မာရယူ မင်းဆက်ရဲ့ အနွယ်တွေ ထူထောင်တဲ့ ပထမ ဓည၀တီ မင်းဆက်ရဲ့ အမည် များကို လိုက်ကြည့်ရင်- ဘာဟူ ဘိုလီ (ဘီစီ ၁၅၈- ၃၈)၊ ရာယာ ဖာဟီ (ဘီစီ ၃၈၀ အေဒီ ၈၂)။ အေဒီ ၈၂ မှ အေဒီ ၂၀၂ မင်း အမည်ကို ကျောက်စာ ဖတ်၍ မရပါ။ ဆန္ဒြာ ဒေယျာ (အေဒီ ၂၀၂- ၂၂၉)။ အန္နာ ၀ါကာ (အေဒီ ၂၂၉- ၂၃၄)။ အေဒီ ၂၃၄ မှ အေဒီ ၃၃၁ ၏ မင်းအမည်ကို ကျောက်စာ ဖတ်မရပါ။ ရာဘီယာ ပွား (အေဒီ ၃၃၁- ၃၃၄)။ ခွာရမ်ဒေ၀ီ (၃၃၄- ၃၄၁)။ အာဖါဝီရာ (၃၄၁-၃၆၁)။ ဇာဂူနာ (၃၆၁- ၃၆၈)။ လန်ဂီ (၃၆၈-၃၇၀) – ဆိုတဲ့ အမည်များကို တွေ့ရပါတယ်။

    ဒီနေ့ ဒီနာမည်မျိုးကို ရခိုင်လူမျိုးမှာ လုံးဝ မတွေ့ရပါ။ ရိုဟင်ဂျာလို့ ခံယူထားတဲ့ လူမျိုးများထဲမှာသာ- ဘိုလီ၊ ဖာဟီ၊ ဆန္ဒြာ၊ ၀ါကာ၊ အာဖာဝီရာ၊ ဇာဂူနာ၊ လန်ဂီး ဆိုတဲ့ အမည်များကို ရွာတစ်ရွာမှာ အနည်းဆုံး ဆယ်ဦး လောက် တွေ့နိုင်ပါတယ်။ အထူးသဖြင့် ဘိုလီ၊ ၀ါကာ၊ ဖာဟီ၊ ဇာဂူနာ ဆိုတဲ့ နာမည်တွေ ပိုမို များပါတယ်။ ဒီနာ မည်တွေက မွတ်စလင် ဖြစ်လာလို့ မွတ်စလင် အာရဗ်နာမည်တွေ မဟုတ်ပါ။ အာရ်ဗီစာပေ စကားမှာ ဒီနာမည် မျိုးကို မတွေ့ရပါ။

    ရိုဟင်ဂျာ ဆိုသူများ ပြောဆိုနေတဲ့ စကား၊ အမည်နာမ၊ ဓလေ့စရိုက်များက ရခိုင်သမိုင်းဆရာများ ကျောက်စာ ပညာရှင်များ ကိုယ်တိုင်ရေးမှတ် ဖေါ်ထုတ်ထားတဲ့ ရှေးဦးမူလနေ လူမျိုးများနဲ့ ရာနှုန်းများစွာ တူညီနေပြီး- လက်ရှိ ရခိုင်ရယ်လို့ ခံယူထားသူများနဲ့ ရခိုင်သမိုင်းဖေါ်ပြပါ လူမျိုးဓလေ့တို့ ကွာခြားနေတာကို တွေ့နေရပါ တယ်။

    ရိုဟင်ဂျာ ဟု မိမိကိုယ်မိမိ ခေါ်တွင်သော လူမျိုးစုဟာ မေယုမြစ်ရိုး စစ်တကောင်းတောင်တန်း တစ်လျှောက် စုန်ဆင်းကျက်စားလာတဲ့ လူမျိုးစု ဖြစ်တယ်။ ကုလားတန်မြစ်ရိုးကြောင်းက စတင်တဲ့ ဓည၀တီ နိုင်ငံတော်ဟာ မေယုဒေသကို သမိုင်းနှစ်ထောင်ချီပြီး ရခိုင်နိုင်ငံတော်ထဲမှာ ထည့်သွင်း အုပ်ချုပ်ခဲ့တယ်။ ရခိုင်နိုင်ငံတော်ဟာ အုပ်ချုပ်မှုအာဏာအရ စစ်တကောင်းနယ် တစ်ခုလုံးကို ကျော်ပြီး ဘင်္ဂေါဒေသထိ အုပ်ချုပ်မှု တိုးချဲ့ခဲ့ ပေမယ့် ယဉ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး သဘောအရ ဘင်္ဂေါနယ်ဘက်က သြဇာကို ပြန်လည် သက် ရောက် ခံခဲ့ရတယ်။

    ဗမာအင်ပါယာ ပုဂံမင်းတို့မှာ ရခိုင်အား သိမ်းပိုက်ခဲ့ပေမယ့် ဗမာ့ယဉ်ကျေးမှုနဲ့ သြဇာဟာ မေယုနယ်ဘက်ထိ မတိုးပေါက်နိုင်ခဲ့ဘူး။ တနည်းအားဖြင့် ရခိုင်မြောက်ဘက်စွန်း ဒေသတွေဟာ ဗမာအင်ပါယာထဲကို အရိပ်အ ရောင်မျှသာ အမည်ခံ ကျရောက်ခဲ့တဲ့ သဘောမျှ ဖြစ်တယ်။ သို့မဟုတ် ရခိုင်ဒေသ တစ်ခုလုံး လုံးလုံးလျှားလျှား ပုဂံ အင်ပါယာထဲကို ပါမသွားခဲ့ဘူး။

    ဒါကြောင့် ပုဂံအင်ပါယာက နှစ်ပေါင်း ၃၀၀ စိုးမိုးထားခဲ့ပေမယ့်- ပုဂံအင်ပါယာကို ပြန်လည်တော်လှန်ပြီး မြောက် ဦး အင်ပါယာကို ထူထောင်မယ့် ရခိုင် ကောလိယ မင်းဆက် ဆိုတာ ကျန်ရှိနေခဲ့တာက သက်သေဖြစ်နေတယ်။ ကေလိယ မင်းဆက်ရဲ့ ၂၂ ဆက်မြောက် သားတော် ငနှလုံးမင်းက မြောက်ဦး အင်ပါယာကို စတင်ခဲ့ပြီး မင်းစော မွန်လက်ထက်မှာ မြောက်ဦး အင်ပါယာဟာ အကြီးအကျယ် ထွန်းတောက်ခဲ့ပြန်တယ်။

    ဗမာများ အောက်မှာ သြဇာမခံလိုတဲ့ ကောလိယ မင်းဆက်ဟာ ရိုဟင်ဂျာ လို့ ခေါ်တွင်တဲ့ လူမျိုးနွယ်စု ထဲမှာ သာ အခြေချနေခဲ့ရတယ်- ဆိုတာ သမိုင်းမှာ ငြင်းလို့ မရပါ။

    အစ္စလာမ် သာသနာ ပေါ်လာလို့ ရိုဟင်ဂျာ ပေါ်လာခြင်း မဟုတ်

    ရခိုင်သမိုင်းမှာ ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုတွေက များနေပြီး အာရဗ်သင်္ဘောပျက်ရာက ကမ်းတင်နေတဲ့ လူစုဆီမှ ရိုဟင်ဂျာများ ပေါ်လာသလိုလိုတွေ လျှောက်ပြောတာလည်း ရှိနေတယ်။ သင်္ဘောပျက်လို့ လူမျိုး ဖြစ်လာမယ် ဆိုရင် အများဆုံး ရွာလေးတစ်ရွာလောက်သာ ဖြစ်နိုင်မှာပါ။ ကြီးမားတဲ့ လူမျိုးစုကြီး ဖြစ်လာဘို့ အကြောင်း မရှိ ပါ။- ဘင်္ဂေါပြည်ကို အစ္စလာမ် သာသနာ လွှမ်းမိုးလာတော့- ဘင်္ဂေါနဲ့ နီးစပ်တဲ့ စစ်တကောင်းနယ်ကလည်း အစ္စလာမ် သာသနာပြုတို့ရဲ့ သာသနာပြုမှုကို ခံရပါတယ်။ ဒီမတိုင်မှီက စစ်တကောင်းမျိုးနွယ်စု၊ ဘင်္ဂလီမျိုးနွယ် စု အပါအ၀င် မာဂဓ အင်ပါယာထဲက လူမျိုးစုတွေဟာ ဗုဒ္ဓဘာသာဝင်များ အများစု ဖြစ်ခဲ့ပါတယ်။ ရိုဟင်ဂျာတို့ ရဲ့ ဘဘိုးမျိုးဆက်ဟာလည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့ပါတယ်။ သူတို့ဆီကို အစ္စလာမ် သာသနာပြုတွေ ရောက်လာ တော့ အစ္စလာမ် သာသနာကိုလက်ခံလိုက်ကြပါတယ်။ ရိုးရာ နတ်မှ ဟိန္ဒူ၊ ဟိန္ဒူမှ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓ ဘာသာမှ အစ္စလာမ် ကို ကူးပြောင်းခဲ့ကြတာ အယူဝါဒပါ။ လူသားကတော့ ဒီလူသားမျိုးနွယ်သာ ဖြစ်ပါတယ်။

    ရခိုင်ပြည်ကိုလည်း အစ္စလာမ် သာသနာပြုများ ရောက်ခဲ့ပါတယ်- ရိုဟင်ဂျာ မဟုတ်တဲ့ အခြား လူမျိုးစုများ အစ္စလာမ် သာသနာထဲကို အစုလိုက်အပြုံလိုက် ၀င်လာလို့ ရခိုင်ဘုရင် မင်းဘာကြီး ကိုယ်တိုင် ကိုးကွယ်တဲ့ တောင်ညိုကျောင်းတိုက် အရှင်အဂ္ဂမုနရဲ့ တပည့် ရှင်ငယ် ဆရာမြ၀ါက “ငါတို့ သာသနာ တိမ်ကောတော့မယ်” ဆိုပြီး လျှောက်ထားရာက ဘုရင့်ခွင့်ပြုချက်နဲ့ ဗုဒ္ဓဘာသာ ကာကွယ်ရေး စည်းမျဉ်း “ရွေးမျဉ်းဓမ္မသတ်” ကျမ်းကို ပြုစုခဲ့တယ်။ အဲ့ဒီ ကျမ်းကို ဥပဒေပြု ထိမ်းကွပ်လိုက်လို့ အစ္စလာမ်သာသနပြုခွင့် ရပ်စဲသွားခဲ့တယ်။

    ဒါပေမယ့် ရခိုင်သမိုင်းမှာ အစ္စလာမ် သာသနာပြုများကိုသာ ခွင့်မပြုခဲ့ပေမယ့်- မေယုဒေသ ရှိ မူလဇစ်မြစ် လူမျိုးများကို မောင်းထုတ်ပြီး ရခိုင်အင်ပါယာ ချဲ့ခဲ့တဲ့ သမိုင်းမရှိပါ။ ဒီတင်မက နှစ်ထောင်ပေါင်း များစွာ တည်နေ ခဲ့တဲ့ ရခိုင်သမိုင်းမှာ- အနောက်က ဘင်္ဂလီတွေ ၀င်လာပြီး ရခိုင်ကို အာဏာလုမယ် ဆိုတဲ့ ရန်စလည်း ကြီးကြီး ကျယ်ကျယ် မရှိခဲ့ပါ။ မေယုလူမျိုးစု အပါအ၀င် အဖြစ်တဲ့ ရခိုင်နိုင်ငံတော်ကသာ ဘင်္ဂလား (ဂင်္ဂါမြစ် အနောက် ဘက်ခြမ်း)ကို သွားရောက် သိမ်းပိုက်ပြီး အာဏာလု အင်ပါယာချဲ့ထွင်တာမျိုးကိုသာ တွေ့ရပါတယ်။ ရခိုင်ရဲ့ အရှေ့ဘက်က ဗမာတွေ ၀င်လာပြီး ရခိုင်ရဲ့ အာဏာကို လုတော့မှာပဲ ဆိုတဲ့ အကြောက်တရားများသာ ရခိုင်မှာ နှစ်ပေါင်းများစွာ ကြီးစိုး ဖိစီးထားခဲ့ပါတယ်။

    ဆက်လက်တင်ပြပါမည်။

    ဌေးလွင်ဦး @ http://myanmarmuslim.net/news.php?extend.770

  4. drkokogyi Says:

    အမှန်ကို ချစ်ပါ (၅)

    ဌေးလွင်ဦး

    မြန်မာနိုင်ငံ လွတ်လပ်ရေး နယ်နိမိတ်

    မြန်မာအင်ပါယာဟာ သမိုင်းကောင်းလို့ တောင်ငူမင်းဆက် လက်ထက်မှာ ဘယ်လို ကျယ်ဝန်းခဲ့ပါစေ၊ သို့ မဟုတ် သမိုင်းပျက်လို့ ဘယ်လို ကျဉ်းမြောင်းခဲ့ပါစေ- မြန်မာကို အိန္ဒိယက ခွဲ လွတ်လပ်ရေးပေးမယ့် အချိန်မှာ မြန်မာအင်ပါယာရယ်လို့ စတင်အသိ အမှတ်ပြုတဲ့ ပုဂံအင်ပါယာကိုပဲ အသိအမှတ်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် မြောက်ဦးနိုင်ငံတော်နဲ့ မြန်မာပြည်အောက်ပိုင်း မွန်တို့ရဲ့ နိုင်ငံဟာ မြန်မာနိုင်ငံထဲမှာ ပါဝင်လာပြီး မဏိပူရနဲ့ မြန်မာ အရှေ့ဘက် လာအို၊ ယိုးဒယားများက မြန်မာနိုင်ငံထဲမှာ မပါဝင်လာတော့ပါ။ (အင်္ဂလိပ်က မြန်မာကို သိမ်းစဉ် ယိုးဒယား၊ လာအိုတို့ဟာ မြန်မာရဲ့ အုပ်ချုပ်ခံများ ဖြစ်နေခဲ့ပါတယ်။)

    ဒီမှာ အငြင်းပွားဘွယ် ဖြစ်လာတာက- မြောက်ဦး အင်ပါယာ တစ်ခုလုံးကို မြန်မာပိုင်တယ် ဆိုပြီး ဗိုလ်ချုပ် အောင်ဆန်းက လိုချင်ခဲ့ပါတယ်။ နိုင်ငံရေး အရ ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းဟာ အမျှော်အမြင်ကြီးသူလို့ မှတ်ချက်ချ နိုင်ပါတယ်။ သူက ဘာသာတရားနဲ့ နိုင်ငံရေးအာဏာ နယ်နမိတ်ကို ခွဲခြားစီစစ်နိုင်တယ်။ ဘုရင် နောင်ပုံစံမျိုး မိမိတို့ရဲ့ အချုပ်အခြာ အာဏာကို ရနိုင်သမျှ ဖြန့်ကျက်ချင်တယ်၊ လူမျိုးမတူ ဘာသာမတူရင်လည်း ပြည်ထောင်စုထဲမှာ လွတ်လပ်တဲ့ ပြည်နယ်များအဖြစ် ထားပြီး နိုင်ငံကို အကျယ်ကြီး တည်ဆောက်ချင်တယ် ဆိုတဲ့ ရည်ရွယ်ချက်ကို တွေ့မြင်ရတယ်။ ပြည်ထောင်စုအတွင်းမှာ ပြည်ထောင်စုရဲ့ အကျိုးတရားကို ခံစားနေရ ရင် ကာလကြာသော် ငါတို့ မြန်မာရယ်လို့ပဲ ခံစားသွားမှာ လို့ ယုံကြည်တယ်။ (လက်ရှိ အမေရိကန် ပြည်ထောင် စု ဥပမာမျိုးပါ။)

    ဗိုလ်ချုပ်ကျသွားတော့ နောက်ပိုင်းခေါင်းဆောင်တွေက ဗိုလ်ချုပ်လောက် မပြတ်သားနိုင်ခဲ့ဘူး၊ သြဇာကြီးနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးများကို မလွန်ဆန်နိုင်ဘူးလို့ ပြောရမှာ ဖြစ်တယ်။ ရခိုင်ကို မြောက်ဦးနေပြည်တော် အတိုင်း ယူလိုက်ရင် ရရဲ့သားနဲ့ မွတ်စလင်တွေ လူဦးရေအများကြီး ပါဝင်လာတော့မှာပဲ ဆိုတဲ့ စိတ်နဲ့ မေယုမြစ်က ဖြတ် ယူလိုက်တယ်။ တစ်ကယ်တမ်းမှာ ဘုန်းကြီး ဦးစိန္တာရဲ့ လက်ရုံး ရခိုင်အမတ် ဦးအောင်ဇံဝေက မေယုတောင်က နယ်နမိတ်သတ်မှတ်စေတာပါ။ မေယုတောင်ကသာ နယ်နမိတ်သတ်မှတ်ယူလိုက်ရင် ရသေ့တောင်၊ ဘူးသီး တောင်၊ မောင်းတော နယ်မြေများဟာ ဘင်္ဂလားဒေ့ရှ်ထဲကို အလိုလို ရောက်သွားမှာ ဖြစ်တယ်။ ဦးနုက လက်မခံ ခဲ့ဘဲ မေယုမြစ်ကို နယ်ခြား သတ်မှတ်ပေးလိုက်တော့- ရိုဟင်ဂျာလို့ ခေါ်တွင်တဲ့ လူမျိုးများ ဘိုးစဉ်ဘောင်ဆက် နေခဲ့ရာ ဒေသဟာ မြန်မာနိုင်ငံထဲကို ပါဝင်လာခဲ့တယ်။ အမြင်ကျဉ်းမြောင်းတဲ့ ဘာသာရေးဝါဒီတွေက မိမိရဲ့ အချုပ်အခြာ နိုင်ငံကို ဖဲ့ပေးလိုက်ရတာကို နှမြောရမှန်းတောင် ဆင်ခြင်နိုင်အား မရှိဘူးလို့ ပြောဆိုရတော့မှာပါ။

    အင်ပါယာ ကြီးထွားလာခဲ့တဲ့ မြောက်ဦးနေပြည်တော်ဟာလည်း ဘာသာရေး အမြင်ကျဉ်းမြောင်းတဲ့ ဆရာတော် တစ်ချို့ကို အလိုလိုက်ရာက အချင်းချင်းသွေးကွဲ နိုင်ငံပဲ့ခဲ့ရပြီး နောက်ဆုံးမှာ ရခိုင်တို့ရဲ့ အချုပ်အခြာ ပျောက်ဆုံး ခဲ့ရတဲ့ သမိုင်းက အထင်အခြား ဖြစ်သလို၊ ခေတ်သစ်မြန်မာနိုင်ငံဟာလည်း သာသာရေး အမြင်ကျဉ်းမြောင်းမှုတဲ့ ဆရာတော် တစ်ချို့ကို အလိုလိုက်ရင်း နယ်နမိတ်ကျဉ်းမြောင်းခဲ့ရပါတော့တယ်။

    အခု လက်ရှိကြုံနေရတဲ့ ရခိုင်ပြည်နယ် အရေးမှာလည်း နိုင်ငံရေးသမားများကိုယ်တိုင် ဘာသာရေး မှိုင်းမိနေ ခြင်း၊ ဘာသာရေး အယူသန် ဆရာတော် တစ်ချို့ရဲ့ သြဇာကို မလွန်ဆန်နိုင်ခြင်း အဖြစ်များကို ကြုံနေရပြီး မြေကို ယူမယ်- လူကိုမောင်းထုတ်မယ် ဆိုတဲ့ စီမံချက်တွေကို ထပ်ဆင့်ချမှတ်နေရပါတော့တယ်။

    မရိုးနိုင်တမ်း ထိုးချနေရတဲ့ အဖြစ်က ခိုးဝင်လာသူများ ဆိုတဲ့ ဆိုင်းဘုတ်ဟောင်းကြီးကို ထပ်ဆင့် မိတ္တူကူးနေ ရတဲ့ အဖြစ်ပါ။

    ခိုးဝင်လာသူများ

    တိုင်းပြည်တစ်ခုနဲ့ တစ်ခု နယ်ခြား မသတ်မှတ်မှီက အင်္ဂလိပ်လက်ထက်မှာ ဘင်္ဂလားနယ်က လူတွေ ရခိုင်ထဲကို ခိုးဝင်လာခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။ ဒါကိုလည်း ဟုတ်မဟုတ် သေချာ စစ်ဆေးဘို့ လိုပါမယ်။ (၁) နယ်တစ်ခုမှာ လုပ်ကိုင်စားသောက်စရာ ရှိရင် အဲ့ဒီနေရာကို အခြားက လုပ်စားလိုသူများ ၀င်လာမှာ သေချာပါ တယ်။ ဥပမာ- ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံကို မြန်မာနိုင်ငံသားတွေ သွားရောက် လုပ်စားသလိုမျိုးပါ။- ဒါပေမယ့် အင်္ဂလိပ်ခေတ်က မြန်မာနိုင်ငံထဲကို ၀င်လာမယ် ဆိုရင် လုပ်ကိုင်စားသောက်လို့ ရတဲ့ နေရာ ရန်ကုန်၊ မန္တလေး စတဲ့နေရာများနဲ့ ဆန်စပါး စိုက်ပျိုးစားသောက်လို့ ရတဲ့ နေရာမျာကိုသာ ၀င်လာမှာပါ။ ရခိုင်နယ်မှာ သူ့လူဦးရေ ထက်ပိုပြီး ဆန်စပါး စိုက်ပျိုးစားသောက်စရာ မြေနေရာ မရှိပါ။ ရခိုင်ရိုးနဲ့ ပင်လယ်ပြင်အကြား မြေနေရာ ကျဉ်း မြောင်းပါတယ်။ ဒီတော့ ရှိပြီးသား လူများက လူပို လက်မခံနိုင်ပါ။ (၂) လူတစ်ဦး မိမိရဲ့ ရွာမှာ ဘယ်သူက အခြား အရပ်ကလာပြီး ရွာမှာ အိမ်ထောင်ကျတာ၊ ဘယ်သူတော့ ပြောင်းလာတာ ဆိုတာမျိုးကို အဲ့ဒီ သက်ဆိုင်ရာ ရွာ သားတိုင်းက သိနေပါတယ်။- ရခိုင်ပြည်နယ်က မြို့တွေဟာ ရန်ကုန်မြို့လောက် မကြီးကျယ်ပါ- အလွယ်တစ်ကူ ခွဲခြားလို့ ရပါတယ်။ ဒါကြောင့် ဘယ်သူက ၀င်လာသူ၊ ဘယ်သူက နဂိုမူလ လူဆိုတာမျိုးကို အလွယ်တစ်ကူ ခွဲ ခြားနိုင်ပါတယ်။ ရိုဟင်ဂျာကို မုန်းနေတဲ့ လူများက ရိုဟင်ဂျာ အားလုံးဟာ ခိုးဝင်လာသူများလို့ ပြောဆိုတာနေ တာကိုချည်း အတည်ယူပြီး- အမှန်ကို အမှန်အတိုင်း ပြောတဲ့ ရခိုင်များရဲ့ စကားများကို လျှစ်လျှူရှုထားတာမျိုးက အလွန်တရာ တစ်ဘက်သက် အမုန်းဆန်ပါတယ်။

    ရသေ့တောင် မြို့သား နယ်သားဖြစ်တဲ့ “ကျွန်တော်တို့ဆီမှာ ခိုးဝင်လာသူများ မရှိဘူး၊ မွတ်စလင်ရွာတွေက အရင်ကတည်းက ရှိနေတယ်၊ ကျွန်တော်တို့နဲ့ ညီအစ်ကိုလိုပဲ ဘိုးစဉ်ဘောင်ဆက် နေခဲ့ကြတယ်၊ တစ်ယောက် နဲ့ တစ်ယောက် အားလုံးကို သိနေတယ်၊ ကျွန်တော်တို့ တော်လှန်ရေး လုပ်တော့ မဲ ဆောက်မှာ- ရခိုင်ပါတီ အတွက် လိုအပ်တဲ့ အလှုခံငွေတွေကို ရသေ့တောင်သား မွတ်စလင်တစ်ချို့ဆီက အလှုငွေတွေ ကျွန်တော် ကိုယ်တိုင် ယူခဲ့တယ်၊” ဆိုတဲ့ ALP ပါတီက ခိုင်ထွန်းထွန်းလို လူမျိုးရဲ့ စကားကိုတော့- ဘယ်သူကမှ မကြားချင် ကြဘူး ထင်ပါတယ်။

    ဘယ်သူတွေ ကြားချင် မကြားချင်- အမှန်က အမှန်အတိုင်း ရပ်တည်နေမှာပါ။ တစ်ကယ်လို့ အမှန်ကို မုန်းပြီး ၀ိုင်း တိုက်မယ် ဆိုရင် မြန်မာနိုင်ငံ သမိုင်း ပြောင်းသွားနိုင်တယ် ဆိုတာကို တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များ သတိ ထားနိုင်ကြပါစေ။–

    ဆက်လက်တင်ပြပေးပါမည်။

    ဌေးလွင်ဦး

    (အထူးမှတ်ချက်- ကျွန်တော် ရေးသား တင်ပြနေတဲ့ သမိုင်းကြောင်းများကို ဘယ်သူနဲ့ မဆို ဘယ်နေရာမှာ မဆို ကမ္ဘာ့မီဒီယာ သက်သေရှေ့မှောက် ဖြစ်ရင် အချိန်မရွေး ဆွေးနွေးလိုပါတယ်။ အခုရေးနေတဲ့ သမိုင်းကြောင်းဟာ အမှန်အတိုင်း ဖြစ်လို့ အမှန် အတိုင်းရေးသားနေခြင်းသာ ဖြစ်ပါတယ်။ ဒီအတွက် ရိုဟင်ဂျာများကို မျက်နှာလိုက် တယ်၊ ရခိုင်လူမျိုးတွေကို မုန်းတီးမှုနဲ့ ဖန်တီးတယ်လို့- ခံစားနိုင်သူများ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် ရခိုင် ဖြစ်လို့ ရခိုင်များကို ဘယ်တော့မှ မမုန်းပါ။ ရခိုင်လူမျိုးများ အတွက် ကျွန်တော် တတ်နိုင်သမျှ ကူညီပံ့ပိုး နေတယ်၊ ပံ့ပိုးခဲ့တယ်၊ ပံ့ပိုးဦးမယ် ဆိုတာ ကျွန်တော့ အနည်းအနားနေ ရခိုင်လူမျိုးတိုင်း သိနေပါတယ်။ ခွဲထွက် ရေးကို မကြိုက်လို့ ခွဲထွက်ရေး သီအိုရီကို လက်မခံတာကလွဲ ကျန်တဲ့ ကိစ္စအားလုံးမှာ အမြဲကူညီနေပါတယ်။ အိန္ဒိယထောင်မှာ ရခိုင်နဲ့ ကရင်လူမျိုး ၃၄ ဦး နှစ်ရှည်ထောင်ကျနေစဉ်- သူတို့ကို ကူညီထောင်ပံ့ဘို့ မျိုးချစ်ရခိုင် ဆိုသူတွေက ပိုက်ဆံ ၂ ပဲ ၁ ပြားကို တွက်ကပ်နေချိန်မှာ ကျွန်တော်က လစဉ် အပျက် အများဆုံး ခွဲတမ်းကို တာဝန်ယူပြီး သူတို့ ထောင်ကကျွတ်လွတ်ပြီးတဲ့ အထိ ကူညီခဲ့ပါတယ်။ ကျွန်တော် သန်းကြွယ် သူဌေး မဟုတ် သော်လည်း ငါ့အမျိုးသားတွေ ဒုက္ခရောက်နေ တယ် ဆိုတဲ့ စိတ်နဲ့ ကူညီခဲ့တာပါ။ကျွန်တော့ ရေးသားချက်များကို မိတ်ဆွေ တစ်ချို့က ဖေ့စ်ဘုတ်မှာ ဖြန့်ချီတော့ ကျွန်တော့ရဲ့ အကြောင်း မကောင်းပြောသူတွေ၊ ပုတ်ခတ်သူတွေ ကြုံရပါတယ်။ အဲ့ဒီ မကောင်းပြောသူ၊ ပုတ်ခတ်သူ အများစုသည်လည်း သူတို့အပေါ်မှာ ကျွန်တော့ကျေးဇူး မကင်းခဲ့ပါ။ သူတို့ကိုယ်တိုင် သိနေမှာပါ။–။ တင်ပြတဲ့ အကြောင်းအရာများ ကို သမိုင်းချက်များနဲ့ တကွ ပြန်လည်ဆွေးနွေးတာမျိုး မရှိဘဲ-၊ လူပုဂ္ဂိုလ် ပုတ်ခတ်မှုများသာ တွေ့ရတဲ့ အတွက် သူတို့အတွက် စိတ်မကောင်း ဖြစ်မိတာကလွဲ အခြား ဘယ်လိုမှ မခံစားမိပါ။- အနာဂါတ် မျိုးဆက်များ အနေနဲ့ သမိုင်းမှန်နဲ့ လက်ရှိ အမှန်တရားကို သိမှ- အမှန်ကို အမှန်အတိုင်း သုံးသပ်ပြီး အနာဂါတ် မြန်မာနိုင်ငံကို စနစ် တကျ ပြန်လည်ထူထောင်နိုင်မယ်လို့ ယုံကြည်တဲ့ အတိုင်း ကျွန်တော်တင်ပြလိုတဲ့ အမှန်တရား တံခါးချပ်ကို ဆက် လက်ဖွင့်လှစ်ပေးနေမှာပါ။– မနာလို ၀န်တိုမှုနဲ့ အမှန်တရား တံခါးကို ပိတ်သူများဟာ အနာဂါတ်ရဲ့ တရား ခံများသာ ဖြစ်သွားမှာပါ။)http://myanmarmuslim.net/news.php?extend.772

  5. drkokogyi Says:

    အမှန်ကို ချစ်ပါ(၇) နိုင်ငံရေးသမားများ ပြောတဲ့ ရိုဟင်ဂျာ

    ဌေးလွင်ဦး

    ရိုဟင်ဂျာလို့ ခေါ်ခေါ် ဘယ်လိုခေါ်ခေါ်- အဲ့ဒီ လူမျိုးဟာ ရခိုင်ပြည်နယ်ရယ်သို့ သတ်မှတ်ထားတဲ့ ဧရိယာ ထဲမှာ ဘိုးစဉ်ဘောင်ဆက် တစ်ကယ် ရှိခဲ့ မရှိခဲ့-၊ ရိုးသားစွာ လက်တွေ့ သိလိုသူများ- ရခိုင်ပြည်နယ်ကို ကိုယ်တိုင် ကွင်းဆင်း လေ့လာပြီး ရမ်းဗြဲကျွန်းကျောက်နီမော်ရွာမှ သည် မောင်းတောအထိ သွားရောက်လေ့လာနိုင်ပါတယ်။ လေ့လာတဲ့အခါမှာ ရခိုင်လူမျိုးရွာရှိ ရိုးသားဖြူစင်တဲ့ အသက်အရွယ် အကြီးရင့်ဆုံး ပုဂ္ဂိုလ်များကို ကိုယ်တိုင်မေး မြန်းပါ။ အသက်အရွယ်အကြီးရင့်ဆုံး သိက္ခာသမာဓိကြီးပြီး မုသားစကားကို လုံးဝ မပြောတဲ့ ဗုဒ္ဓဘာသာ ဆရာ တော်ကြီးများကို ကိုယ်တိုင်မေးမြန်းကြည့်ပါ။ လူအများက အမျိုးသားရေးစိတ်နဲ့ လျှောက်ပြောနေတဲ့စကားများ ထက် လိမ်ညာရမှာကို ရှက်ကြောက်တတ်တဲ့ အဲ့ဒီ သမာဓိရှင် ပုဂ္ဂိုလ်ကြီးများက ပြောတဲ့ စကားများကို နားထောင်ကြည့်ပါ။ ရခိုင်ပြည်လို့ သတ်မှတ်ထားတဲ့ ဧရိယာအကြောင်း သမိုင်းကို သေချာစွာ လေ့လာကြည့်ပါ။ လက်တွေ့ သိရပါလိမ့်မယ်။

    လိမ်- လိမ်- လိမ်ပါများရင် အမှန် ဖြစ်လာတယ် ဆိုတဲ့ အမျိုးသားရေးဝါဒီကြီး ဟစ်တလာ သူ့ရဲ့ လိမ်လည်ခြင်း သီအိုရီကြောင့် ကမ္ဘာအလယ်မှာ ဘယ်လိုနိဂုံးချုပ်သွားရသလဲ ဆိုတာကိုလည်း နမူနာ ယူစေလိုတယ်။
    လက်ရှိ ရေပန်းစား ကျော်ကြားနေတဲ့ မြန်မာနိုင်ငံရေးသမားများထဲမှာ ပကတိ အမှန်ကို ကြိုက်တဲ့ လူတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးသမားပီပီ အပေါ်ယံအများကြိုက် လိုက်ပြောနေရသူများက များနေတာကို တွေ့နေရပါတယ်။
    နိုင်ငံတော်မှာ ၀န်ကြီးရာထူးကို ယူထားတဲ့ ဦးခင်ရီကိုယ်တိုင်က သမိုင်းကို ၁၉၇၃ ခုလောက်ပဲ ဖြတ်ပြောတာကို တွေ့လိုက်ရာ အင်မတန် အံ့သြဘို့ ကောင်းလွန်းပါတယ်။ အကယ်၍ ဦးခင်ရီက ၁၉၇၄ နှစ်ကမှ မွေးတဲ့ လူငယ် တစ်ဦး ဆိုရင်တော့ အပြစ်ဆိုနိုင်စရာ မရှိပါ။ သို့မဟုတ် မြန်မာနိုင်ငံ သမိုင်းဟာလည်း ၁၉၇၄ လောက်မှ စတင်ခဲ့ တယ်ဆိုရင် အပြစ်ဆိုနိုင်စရာ မရှိပါ။

    သူ့ထက် ထိပ်သီးကျတဲ့ ခေါင်းဆောင်များကလည်း ရိုဟင်ဂျာများကို မနေ့ကမှ ရောက်လာသလိုလို သမိုင်း ဖျောက် လျှောက်ပြောနေကြတာ တစ်ချိန်မှာ သမိုင်းတရားခံ ဖြစ်လာမယ်၊ လူမျိးပြုတ်သတ်ဖြတ်မှုအတွက် အား ပေးသူ ဖြစ်လာမယ် ဆိုတာကို စဉ်းစားမိဟန် မရှိပါ။ ခေါင်းဆောင်တစ်ဦးချင်းမှာ မိမိပြောတဲ့ စကားလုံးတိုင်း အတွက် တာဝန်ရှိနေပါတယ်။

    တစ်ချို့ခေါင်းဆောင်တွေကလည်း “ဒီကိစ္စက သိမ်မွေ့ကြောင်း၊ ကျူးကျော်ဝင်ရောက်လာသူများ အကြီးအကျယ် ရှိကြောင်း၊ လူဝင်မှု ကြီးကြပ်ရေးဌာနမှလည်း လာ့ဘ်ယူပြီး အကြီးအကျယ် နိုင်ငံသား လုပ်ပေးခဲ့ကြောင်း၊” သွယ်ကာ ၀ှိက်ကာ ပြောနေကြပြန်တယ်။
    ဒါတွေ အတွက် ရှင်းလင်းဘို့ လိုအပ်ပါမယ်။-
    (၁) ဟုတ်ပါတယ် ၀န်ကြီး ဦးခင်ရီ ပြောသလို ၁၉၇၃-၊ ၇၄ ကမှ စပြီး မြန်မာ့ သမိုင်းကိုလေ့လာရင် ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမကို တရားဝင် တိုင်းရင်းသားထဲမှာ မတွေ့နိုင်ပါ။ ဘာကြောင့်လဲ ဆိုတော့ ဦးခင်ရီတို့ရဲ့ အဖေကြီး ဗိုလ်ချုပ်နေ၀င်းက ၁၉၇၄ ခုနှစ်မှာ ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမကို ဖျောက်ပြီး “စစ်တကောင်း မြန်မာ” ဆိုတဲ့ အမည်နဲ့ စတင်ကာ ကင်ပွန်းတပ်ခဲ့ပြီး တိုင်းရင်းသား လူမျိုး ၁၄၃ မျိုးထဲမှာ ထည့်သွင်းခဲ့ပါတယ်။ အမည်နာမ အပြောင်းခံလိုက်ရပေမယ့်-၊ နိုင်ငံသားအခွင့်အရေးနဲ့ တိုင်းရင်းသားအဖြစ် အသိ အမှတ်ပြုခံရတဲ့ အတွက် ရိုဟင်ဂျာများက- အထူးထပ်ဆင့် တောင်းဆိုခဲ့ခြင်း မရှိပါ။ ဒါပေမယ့် စစ်အစိုးရက စစ်တမ်း ကောက်တော့ ၁၉၅၈ ခုနှစ်မှာ ရိုဟင်ဂျာ ဆိုတဲ့ အမည်နဲ့ တရားဝင် တိုင်းရင်းသား အမျိုးသား မှတ်ပုံတင် ကိုင်ဆောင်ထားသူ လူဦး ရေထက် ၁၉၇၄ ခုနှစ်မှာ ပိုများနေကြောင်း ဗိုလ်နေ၀င်း အစိုးရက တွေ့ပါတယ်။ ဒီမှာ သူ့ရဲ့ ဉာဏ်အမျှော်အမြင်နဲ့ တိုင်းထွာပြီး ပိုလာတဲ့လူတွေဟာ ဘင်္ဂလားဒေ့ရှ်က ၀င်လာတယ်လို့ စွပ်စွဲပါ တော့တယ်။ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရ စက လူဦးရေ သန်း ၂၀ ကျော်ပဲ ရှိခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ လူဦးရေ သန်း ၄၉ သန်းလောက် ဖြစ်နေတာကို တိုးလာ သမျှ လူတွေဟာ ဘင်္ဂလီတွေလို့ စွပ်စွဲတဲ့ ပုံစံ ဖြစ်နေပါတယ်။ (ရိုဟင်ဂျာမှအပ အခြားသော မည်သည့်လူမျိုးမှ အိမ်ထောင်မပြု၊ သားမမွေးဘူးလို့ ခံယူပုံရပါတယ်။) အဲ့ဒီ လမ်းစဉ်ကို စတင်ချမှတ်တဲ့ ဗိုလ်ချုပ်နေ၀င်းကိုယ်တိုင်က သူတစ်ဦးထဲနဲ့ မိန်းမပေါင်း မရေတွက်နိုင်ယူ- ကလေးပေါင်းများစွာ မွေးခဲ့တာကို မေ့သွားဟန် ရှိပါတယ်။ (ဗိုလ်ချုပ်နေ၀င်း ရခိုင်ဘက်ကို ရောက်တော့ တောင်ကုတ်မြို့နယ် မအီ၊ ချစ်ဖေါက်ဘက်မှာ မိန်းမတစ်ယောက် ယူခဲ့ပြီး သားတစ်ယောက် ရခဲ့တာကို- သူကိုယ်တိုင် မသိခဲ့ပါ။- နောက်ပိုင်းမှ ပေါ်လာခဲ့ခြင်း ဖြစ်တယ်၊ အသက် ၄၀ နဲ့ ၅၀ ကြားရှိ တောင်ကုတ်နဲ့ သံတွဲက ပညာတတ်တိုင်း၊ ဗဟုသုတ ရှိသူတိုင်း သူ့သားကို သိပါတယ်။ ဦးနေ၀င်းက ခေါ်ပြီး အစိုးရ လိုင်းကား အာရ်တီစီ ဌာနမှာ အကြီးအကဲ ပေးထားပါတယ်။ ဘာအရည်အချင်းမှ မရှိ အမြဲ မူးရူး နေပေမယ့် ဘယ်သူကမှ ဘာမှ မပြောရဲခဲ့ပါ။) ဒါကြောင့် ဦးနေ၀င်းရဲ့ လမ်းစဉ်ကို စွဲမှတ် လက်ကိုင်ထားသူ တစ်ဦး ဖြစ်တဲ့ ၀န်ကြီးခင်ရီက မြန်မာပြည် လွတ်လပ်ရေးမယူမှီ၊ လွတ်လပ်ရေး ယူပြီး သမိုင်းနောက်ခံများကို အတင်းဖျောက်လျှက် ဦးနေ၀င်း ရေးဆွဲတဲ့ ဖွဲ့စည်းပုံနဲ့ မြန်မာနိုင်ငံကိုပဲ သိနေတာ ဖြစ်နိုင်ပါတယ်။
    (၂) မနေ့တစ်နေ့ကမှ ကျူးကျော်လာတဲ့ သူများလို့ ပြောဆိုတဲ့ ပုဂ္ဂိုလ်များကိုလည်း ရှင်းလင်းလိုပါတယ်။ မြန်မာ နဲ့ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ဘင်္ဂလားဘက်က လူတွေ လှိမ့်ဝင်လာတယ် ဆိုတဲ့ သမိုင်းထက်- မြန်မာဘက်က လူတွေကို ၁၉၆၉ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၇၃ မှာ တစ်ကြိမ်၊ ၁၉၇၈ မှာ တစ်ကြိမ်၊ ၁၉၉၀ မှာ တစ်ကြိမ်- နဂါးမင်း စစ်ဆင်ရေး၊ ဂဠုံမင်းစစ်ဆင်ရေး စသည်ဖြင့် အကြိမ်ကြိမ် အကြမ်းဖက်သတ်ဖြတ် မောင်းထုတ်ခဲ့တဲ့ သမိုင်းသည် သာ ကမ္ဘာမှာ ထင်ရှားနေပါတယ်။ ရခိုင်ပြည်နယ် တောင်ကုတ်၊ မန်အောင်၊ ဂွမြို့များကိုလည်း မွတ်စလင်ကင်းမဲ့ ဇုံအဖြစ် သတ်မှတ်ကာ ၁၉၈၅ ခုနှစ်မှာ ရှိသမျှ မွတ်စလင်များကို မောင်းထုတ်၊ ဗလီဝတ်ကျောင်းများကို မီးရှို့ဖျက်ဆီးခဲ့တာများပဲ ရှိပါတယ်။ ရခိုင်ပြည်နယ်က မွတ်စလင်များကို မောင်းထုတ်လွန်းလို့ တောင်ကုတ်၊ မန် အောင်၊ ဂွမြို့များမှာ လက်ငုတ်လက်ရင်း မွတ်စလင်တောင် မကျန်တော့ပါ။ အကယ်၍ နိုင်ငံခြားက မွတ်စလင် များ ရခိုင်ပြည်နယ်ထဲကို ၀င်ရောက်လာခဲ့တယ် ဆိုရင် တိကျသေချာတဲ့ သမိုင်းအထောက်အထားနဲ့ ကမ္ဘာ အလယ် ရင်ဆိုင်ဖြေရှင်းနိုင်ရပါမယ်။ သက်သေသက်ကန်နဲ့ ပြနိုင်ရပါမယ်။ လုပ်ကြံဖန်တီးတဲ့ ဇတ်လမ်းမျိုးကို လက်ကိုင်ထားပြီး နိုင်ငံခေါင်းဆောင် မဖြစ်သင့်ပါ။
    (၃) အာဏာပိုင်များက လာ့ဘ်စားပြီး လူခိုးသွင်းတယ် ဆိုတဲ့ စကားမျိုးပြောသူများက ပိုပြီး ပညာမဲ့ဆန်လွန်း လှပါတယ်။ ရခိုင်ပြည်နယ်မှာ ၁၉၄၂ ခုနှစ် ဘုန်းကြီး ဦးစိန္တာရဲ့ ပရောဂကြောင့် မွတ်စလင် ဗုဒ္ဓဘာသာ အဓိက ရုန်း ဖြစ်ပြီး ကတည်းက ရခိုင်ဗုဒ္ဓဘာသာတွေက မွတ်စလင်များကို အကြီးအကျယ် မုန်းတီးနေခဲ့ပါတယ်။ အထူးသဖြင့် မွတ်စလင်များရာ ဘူးသီးတောင်၊ မောင်းတောမှာ လူနည်းစု ရခိုင်ဗုဒ္ဓဘာသာများ အကြီးအကျယ် နစ်နာခဲ့ရတဲ့ အတွက် အခဲမကျေလည်း ဖြစ်နေခဲ့ပါတယ်။
    မြန်မာ့လွတ်လပ်ရေး ရပြီးကတည်းက ပြည်နယ်ရဲ့ အစိုးရအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းများ အားလုံးက ရခိုင်ဗုဒ္ဓဘာသာ သို့မဟုတ် ဗမာများသာ ဖြစ်ခဲ့ပါတယ်။ မွတ်စလင်ထဲက အကြီးဆုံး ရာထူး ဆိုလို့ အရက်ဝယ် ကြက်ဖမ်း အဆင့်မျှသာ ရရှိခဲ့ပါတယ်။
    ဒီတော့ ပြန်သုံးသပ်ကြည့်ပါ- (က) မွတ်စလင်များကို အကြီးအကျယ်မုန်းတီးနေတဲ့ ရခိုင်အာဏာပိုင်များက လာ့ဘ်ယူပြီး နောက်ထပ် မွတ်စလင်အင်အား အဆမတန် တိုးပွားလာအောင် ဖန်တီးခဲ့မလား။ သို့မဟုတ် ရခိုင် အာဏာပိုင်များက လာ့ဘ်ယူပြီး ရခိုင်ဗုဒ္ဓဘာသာချင်း တူညီတဲ့ အ၀ကျွန်းသား၊ အနောက်သားများကိုသာ ဗုဒ္ဓ ဘာသာ အင်အားတိုးလာအောင် ဖြည့်ဆီးခဲ့သလား-၊ မိမိကိုးကွယ်ယုံကြည်ရာ ဗုဒ္ဓဘာသာရဲ့ မဂ္ဂင်ရှစ်ပါးထဲက သမ္မာဒိဌိ၊ သမ္မာသင်္ကပနဲ့ပဲ သိမြင် ဆင်ခြင်စေလိုတယ်။ ဒီအတွက် သက်သေက– ရခိုင်ပြည်နယ် ကောင်စီ ဥက္ကဌ ဗိုလ်မှုးကျော်မောင်ဟာ အ၀ကျွန်းသား ဖြစ်သလို၊ အခု ရခိုင်ပါတီခေါင်းဆောင် ဦးအေးမောင်က ၁၉၅၃ မှ မြန်မာပြည်ကို ကျူးကျော်ဝင်ရောက်လာတဲ့ အ၀ကျွန်းသား မိဘက မွေးသူ ဖြစ်နေတယ် ဆိုတဲ့ အချက်ပါ။
    (ခ) ကြိုက်သလောက် လာ့ဘ်စားပါစေ-၊ မူလဘူတ “ရိုဟင်ဂျာ” ဆိုတာ မရှိခဲ့ရင်၊ အခြားဝင်လာသူ တစ်ဦးဦးကို ရိုဟင်ဂျာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘယ်လိုမှ မှတ်ပုံတင်ထုတ်ပေးလို့ မရနိုင်ပါ။ ဥပမာ- လူတစ်ဦးဦးဆီက လာ့ဘ်ငွေ များယူပြီး- ထိုလူအား မြန်မာနိုင်ငံသား အဖြစ် မှတ်ပုံတင်ထဲမှာ “ဗီယက်နာမ်” လို့ ထည့်သွင်းဖေါ်ပြပေးလို့ မရ ပါ။ မြန်မာနိုင်ငံမှာတရားဝင် အသိအမှတ်ပြုပြီး လူမျိုးတစ်ခုခုရဲ့ ခေါင်းစဉ် အမည်နာမနဲ့ပဲ သူ့ကို မှတ်ပုံတင် ထုတ် ပေးလို့ရပါမယ်။ အခု အငြင်းပွားနေတဲ့ ရိုဟင်ဂျာ လူမျိုးအမည်ဟာ ပါလီမန် ဒီမိုကရေစီ ခေတ်က တရားဝင် (သုံးခေါက်ချိုး) မှတ်ပုံတင်နဲ့ နိုင်ငံသား မှတ်ပုံတင်ထုတ်ပေးထားတဲ့ လူမျိုး ဖြစ်ပါတယ်။ အဲ့ဒီမှတ်ပုံတင်တွေကို အတင်းဖျောက်ဖျက်ဘို့ ကြိုးစားပေမယ့်-၊ သက်သေသက်ကန် အဖြစ် ရတဲ့နည်းနဲ့ သိမ်းဆည်းထားတဲ့ လူပေါင်း အသိန်း အသောင်း ရှိနေသေးတယ်။ (မှတ်ချက် အနည်းဆုံး သုံးယောက် သက်သေပြနိုင်ရင် ကမ္ဘာမှာ တရား ၀င်ပါတယ်။)
    ဒါကြောင့် နိုင်ငံတော်ကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးသမား ဆိုသူများအနေနဲ့ ကိစ္စတစ်ခုကို မပြော ဆိုမှီ သမိုင်းနောက်ခံများကို သေသေချာချာ လေ့လာဘို့ လိုပါမယ်။ သမိုင်းနောက်ခံကို သေချာအောင် လေ့လာ ပါလို့– အကြံပေးလိုပါတယ်။
    ဌေးလွင်ဦး

  6. drkokogyi Says:

    ဌေးလွင်ဦး
    အမှန်ကို ချစ်ပါ (၈) ။ ဘယ်မှာလဲ ဗမာမွတ်စလင်၊

    မြန်မာနိုင်ငံမှာ တိုင်းရင်းသား သို့မဟုတ် နိုင်ငံသား အသိအမှတ်ပြု အစ္စလာမ်သာသနာဝင် ၄ ရာနှုန်းရှိတယ်လို့ မြန်မာအစိုးရ အဆက်ဆက် တရားဝင်ပြောဆို ရေးသား ဖေါ်ပြခဲ့တယ်။ မွတ်စလင်တွေက ကလေးမွေးနှုန်း ကောင်းတယ်၊ လူဦးရေတိုးပွားနှုန်းမြန်တယ်လို့လည်း ပြောဆိုနေကြတယ်။ ဒါပေမယ့် (၁၉၄၈ ခုနှစ်ကတည်းက ဖေါ်ပြတဲ့ ၄ ရာနှုန်းက ၂၀၁၂ ခုနှစ် (နှစ်ပေါင်း ၅၄ နှစ်မှာလည်း) ၄ ရာနှုန်းက အပြောင်းအလဲ မရှိသေးပါ။ ဒီ အချက်ဟာလည်း မြန်မာမွတ်စလင်များကို ကြီးထွား တိုးပွားနှုန်း ရပ် တန့်နေအောင် သံမဏိပုံစံခွက်အတွင်း သွပ် သွင်းထားကြောင်း ထင်ရှားတဲ့ သက်သေတစ်ရပ် ဖြစ်နေတယ်။

    ထိုင်းနိုင်ငံ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်တဲ့ ၂၀၀၉ နိုင်ဝင်ဘာလ သတင်းမှာ မြန်မာနိုင်ငံအတွင်း မွတ်စလင် အနည်းဆုံး ၁၁ သန်း ရှိတယ်လို့ ဖေါ်ပြတယ်။ ထိုင်းလူ့အခွင့်အရေး အဖွဲ့ဦးဆောင်သူများက ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါတယ်။ ဘာသာ ချင်းတူသော်လည်း အရှိကို အရှိအတိုင်း လက်ခံနိုင်အား ရိုးသားဖြူစင်မှု ကွာခြား နေပါတယ်။အခု ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သုတ်သင်မှု ပြသနာပေါ်လာတော့-၊ ကမ္ဘာ့လူ့အခွင့်အရေး အဖွဲ့များ ကမ္ဘာ့မွတ်စလင်များက မခံမရပ်နိုင်ဖြစ်လာပြီး- အရေးယူမယ် တကဲကဲ ဖြစ်လာကြတယ်၊

    ဒီကိစ္စကို တရုတ်က ၀င်ရောက်စွက်ဖက်ရင် OIC က တရုတ်ကိုလည်း ရေနံဖြတ်ပစ်ဘို့ စီစဉ်ထားတယ်- ဒါကြောင့် တရုတ်ကြီးကလည်း OIC နဲ့ ထိပ်ဆိုင်မတိုးရဲဘဲ ရှောင်ဖယ်ဖယ် လုပ်နေရတယ်။ အမေရိကန်ကလည်း တရုတ် ကို ခါးရိုက်ချိုးချင်တော့ OIC နဲ့ တရုတ် ထိပ်ဆိုင်တွေ့ပါစေလို့ မြန်မာအရေးထဲ တရုတ်ဝင်လာဘို့ ဆုတောင်းနေ တယ်။ဒါတွေကို ရိပ်စားမိတဲ့ မြန်မာ လက်ရှိအစိုးရက တရုတ်ကိုလည်း အကူအညီမခေါ်ရဲ၊ ကုလားကိုလည်းမုန်း၊ မွတ် စလင်နဲ့ ခရစ်ယာန်တို့ အပေါ် ဘာသာရေးစစ် ဆင်နွဲနေတဲ့ ရခိုင်မျက်ကန်း မျိုးချစ်များနဲ့ အမျိုးသားရေးဝါဒီ ဘုန်းကြီးများကိုလည်း ကြောက်ရ- ကြားညပ်နေရပြီး ဘယ်လိုထွက် ပေါက်ရှာရမလဲ ခေါင်းကိုက်နေရချိန် ဖြစ် နေတယ်။ဒီအခြေအနေမှာ “ကျွန်တော်တို့ နိုင်ငံက မည်သည့်ဘာသာကို မဆို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြု ထားပါတယ် အခုဖြစ်တာက လူမျိုးရေးပြသနာပါ၊ ဘာသာရေး ပြသနာ မဟုတ်ရပါ၊ ကျွန်တော်တို့နဲ့ မြန်မာ မွတ်စလင်တွေက သင့်မြတ်ပြေလည်ပါတယ်၊” ဆိုပြီး မြန်မာမွတ်စလင်တွေကို ထုတ်ပြဘို့ ကြိုးစားနေတယ်။
    ဒီစကားကို ဒီမိုကရေစီ ဘက်တော်သားလို့ ခံယူထားသူများကိုယ်တိုင်က ခပ်တည်တည်နဲ့ လျှောက်ပြောနေ တာ ကိုတွေ့ရပါတယ်။

    ဒီတော့ ခင်ဗျားတို့ ပြောပြောနေတဲ့ မြန်မာမွတ်စလင် ဆိုတာ ဘယ်မှာလဲ၊ ဘယ်သူတွေကိုခေါ်တာလဲ၊ ခင်ဗျားတို့ရဲ့ နှလုံးသားမှာကော အမှန်တစ်ကယ် မြန်မာမွတ်စလင် ဆိုတာ မြန်မာနိုင်ငံသား အခွင့်အရေး အပြည့် အ၀ ရထားတဲ့ လူမျိုးထဲက သူ့ဟာသူ အစ္စလာမ်သာသနာကို ကြိုက်နှစ်သက်လို့ ကိုးကွယ် ယုံကြည်ထားသူများ ဖြစ်တယ်၊ တိုင်းရင်းသား၊ နိုင်ငံသား ညီနောင်တွေ ဖြစ်တယ်လို့ တစ်ကယ်တမ်း ခံစားနေပါသလား၊-လို့ မေးစရာ ဖြစ်နေပါတယ်

    မြန်မာနိုင်ငံမှာ ခင်ဗျားတို့ သတ်မှတ်ထားသလို မြန်မာ့လူဦးရေရဲ့ ၄ ရာနှုန်းကို လူမျိုးမြန်မာ (သို့မဟုတ် တိုင်းရင်းသား လူမျိုးထဲက တစ်ခုခု) ကိုးကွယ်သည့် ဘာသာ အစ္စလာမ် ရယ်လို့ နိုင်ငံသား စီစစ်ရေးကဒ်ပြား ထုတ်ပေးထားတာ ရှိပါသလား။ဘ၊ဘိုး၊ ဘေ၊ ဘီ၊ ဘင် လက်ထက်ကတည်းက ရခိုင်အစစ်၊ မျိုးရိုးထဲမှာ အာရ်ဗီနာမည်နဲ့ သူတစ်ဦးမှ မရှိ၊ မည်သည့်ကုလား စကားကိုမှ မတတ်တဲ့ လူမျိုး- ဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင် မှတ်ပုံတင် လုပ်တော့- ရှေ့က ဘင်္ဂါလီ ဆိုတာကို တွဲထည့်ရမယ်ဆိုလို့ မှတ်ပုံတင်ရုံး အရာရှိ ဦးတင်ငွေနဲ့ ပြသနာ အကြီးအကျယ် တက်ခဲ့ရ တယ်၊-

    ဒါတောင် အဲ့ဒီ အချိန်မှာ ပြည်သူ့ရဲဘော် အရာရှိဟောင်းရဲ့ သားအရင်း၊ ကျွန်တော်ဟာ ရခိုင်ပြည်နယ် စ၀တ ဥက္ကဌရဲ့ တူ အရင်း၊ မဆလ ခေတ် နောက်ဆုံး နေ့ထိ တောင်ကုတ်မြို့နယ် ကောင်စီဥက္ကဌရဲ့ တူအရင်း၊ ဘကြီး (အဖေ့အကို)၊ ဦးလေး (အဖေ့အောက်ညီ နှစ်ဦး) အားလုံး စစ်တပ်ထဲမှာ အရာရှိကြီးများ၊ အကိုအရင်းနဲ့ အကိုဝမ်းကွဲ အနည်းဆုံး ဆယ်ဦးထက်မနဲ စစ်တပ်က အရာရှိများ ဖြစ်ပြီး ပတ်သက်နေသူ တစ်ဦး၊ ရောက်ရာ အရပ်မှာ လူငယ်တိုင်း ပညာတတ်စေဘို့ စာသင်ပေးနေတဲ့ လူမှုဝန်ဆောင် ဆရာတစ်ဦးအဖြစ် ဒေသိကဆိုင်ရာ လူသိများသူ တစ်ဦးကိုယ်တိုင် မြန်မာအစိုးရရဲ့ ပေါ်လစီအောက်မှာ ငြိနေခဲ့ရတယ်။မှတ်ပုံတင် ဌာနက အရာရှိဖြစ်နေတဲ့ ဦးတင်ငွေ ဆိုသူ ကိုယ်တိုင်က ကျွန်တော့ အဖိုးအရင်း တောင်ကုတ်မြို့မှာ ရဲအရာရှိ ဘ၀နဲ့ တာဝန်ထမ်းဆောင်ခဲ့စဉ်က အနည်းဆုံး ၅ နှစ်လောက် ကျွေးမွေးစောင့်ရှောက်လိုက်လို့ ပညာတတ်လာ သူ ဖြစ်ပြီး ကျွန်တော့ကို ပုဂ္ဂိုလ်ရေးအရ တိုက်ရိုက်သိနေသူ ဖြစ်တယ်။ ကျွန်တော်နဲ့ပြသနာ တက်တော့ သူက “ငါ့တူ- မင်းကို ဦးလေး သိတယ်၊ မင်းမိဘ၊ ဘိုးဘွားအားလုံးကိုလည်း ဦးလေး သိတယ်၊ မင်းတို့က တိုင်းရင်း သား အစစ် ဆိုတာလည်း ဦးလေးသိတယ်၊ ဒါပေမယ့် ဦးလေးလည်း ပေါ်လစီ အောက်မှာ ဘာမှ လုပ်မပေးနိုင် ဘူး၊ ဦးလေးကို နားလည်ပေးပါ၊ တစ်ကယ်လို့ ငါ့တူ ခရီသွားလိုရင် ဦးလေး အနေနဲ့ သီးခြား ထောက်ခံစာ တစ် စောင်ရေးပေးမယ်၊”လို့ ပြောရှာပါတယ်။

    မြန်မာနိုင်ငံသားထဲက တစ်ဦးဦးက အစ္စလာမ်သာသနာကို ကိုးကွယ်မိလိုက်တာနဲ့ အနည်းဆုံး ဘင်္ဂါလီ+ ဗမာ။ အိန္ဒိယ+ ဗမာ။ ပါကစ္စတန် + ဗမာ — (သို့မဟုတ် နိုင်ငံခြားသား+ တိုင်းရင်းသား တစ်မျိုးမျိုး) မထည့် မနေရ ပေါ်လစီနဲ့ ရှေ့က တစ်ခုခု ထည့်ထားရတာချည်း ဖြစ်နေပါတယ်။ဒါတွေကို – ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ချစ်ပါတယ် ဆိုတဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီ ၀န်ဆောင်သူများ၊ လူ့ အခွင့်အရေး အဖွဲ့အစည်းနဲ့ သက်ဆိုင်ရာ ၀န်ဆောင်ပုဂ္ဂိုလ်များ မေတ္တာထားပါလို့ တစ်စာစာ အော်နေတဲ့ ဘာ သာရေး ၀န်ဆောင် ပုဂ္ဂိုလ်များ ကြောင်တောင်ကန်းနေကြလေသလား–၊ လို့ မေးစရာ ဖြစ်နေပါတယ်။

    ဌေးလွင်ဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


Follow

Get every new post delivered to your Inbox.

Join 4,221 other followers

%d bloggers like this: