Source: Aung Tin
ဦးဘအိုသည် အမတ်ကြီး န၀ဗ်ရဟင်ဘခ် နှင့် ရွှေကျင်သူ ဒေါ်စာအု တတိယမြောက် သားရတနာဖြစ်သည။် ၁၂၃၄ (၁၈၇၂) ခုနှစ်တွင် တောင်မြို့၌ ဖွားမြင်သည။် သာသနာဘွဲ့ မှာ အဟမဒွလွလ္လာ ဖြစ်သည်။
ဖခင်ကြီးသည် ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အပို့ခံရသည့် အိန္ဒိယနိုင်ငံ ဒေလီပြည့်ရှင် ဧကရာဇ်ဘုရင်ကြီး ဇဖရ်ရှားနှင့်အတူ ပါရှိလာသည့် အမတ်ကြီးတစ်ဦးဖြစ်သည်။ သူဌေးကြီးသည် ရန်ကုန်တက္ကသိုလ်၊ စိန့်ပေါကျောင်း၊ ကန်တော်ကြီး မွတ်စလင်မ် အထက်တန်းကျောင်း၊ ဘိုင်မြား အထက်တန်းကျောင်း၊ မော်လမြိုင်မွတ်စလင်မ်ကျောင်း၊ သူနာပြုဆေးရုံ၊ သားဖွားရုံ၊ အရေပြားရောဂါကုဆေးရုံ၊ လေလွင့်ကလေးများဂေဟာ၊(The home for Warfs and Strays) အိုရီယင့်ကလပ်နှင့်ဇရပ်၊ တန်ဆောင်း၊ ကန်၊ ကျောင်း၊ ဗလီ၊ ရေတွင်း၊ ရေကန် ကဗရ်စတန်သုဿာန် စသည်တို့အတွက် စေတနာသဒ္ဓါထက်သန်စွာ လှူဒါန်းသည်။
ထိုမျှမက မြန်မာနိုင်ငံတစ်ဝှန်းလုံးရှိ (မဒရ်ဆာ) ဘာသာရေး စာသင်ကျောင်းများ၊ (ဗလီ)၀တ်ကျောင်းများ (မူဆာဖိရ်ခါနာ) အာဂန္တုတည်းခိုဆောင်များ၊ (ယတိမ်ခါနာ) မိဘမဲ့ကဂေဟာများအတွက်လည်း ငွေကြေးအမြောက်အမြား ပါဝင်လှူဒါန်းသည်။
ရန်ကုန်မန္တလေး မီးရထားလမ်းတစ်လျှောက်၌ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်ရာ ဇရပ်တန်ဆောင်း ကျောင်းကန်များ အများအပြား ဆောက်လုပ် လှူဒါန်းခဲ့သည်။ ကြည့်မြင်တိုင်မီးရထားလမ်းအရှေ့ဘက် ဝေဠုဝန်ကျောင်းတိုက်၊ မဟာရံအုတ်တံတိုင်းကြီးလေးမျက်နှာနှင့် တိုက်ကုဋီများဆောက်လုပ်လှူဒါန်းခဲ့သည်။ သံဃာတော်များကို အမြဲပင့်ဖိတ်၍ ပစ္စည်းလေးပါး လှူဒါန်းခဲ့သည်။ ကျောင်းနေသံဃာတော်များမြို့တွင်းသို့ ချမ်းသာစွာ ဆွမ်းခံကြွနိုင်ရန် ဓာတ်ရထားကုမ္ပဏီမှ ဓာတ်ရထားစင်းလုံးငှား၍နေ့စဉ် လှူဒါန်းခဲ့သည်။
နိုင်ငံကျော် မိုးညှင်းတောရဆရာတော်ဘုရားကြီးနှင့် သက်ဆိုင်သမျှကို ပကာသနမပါဘဲ များစွာပါဝင်လှူဒါန်းခဲ့သည်။ မိုးညှင်းယောဂီအ၀တ်များ အမြောက်အမြားကိုလည်း လှူဒါန်းခဲ့သည်။ အလားတူပင် ခရစ်ယာန်ဘာသာဝင်များ အတွက်လည်း အိန္ဒိယပြည် ဒေလီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းကြီးမှာ ခေါင်းလောင်းကြီးတစ်ခု လှူဒါန်းထားသည်မှာ ယနေ့တိုင် ရှိနေသေးသည်ဟု သိရသည်။
သူဌေးကြီးသည် ဘာသာရေးအယူမသီး၊ မျိုးချစ်စိတ်ထက်သန်သည်။ အမျိုးဘာသာသာသနာအတွက် အားတက်သရော လှူဒါန်းခဲ့သည်များမှာ အံ့မခန်းဖွယ်ဖြစ်သည်။ အားကျအတုယူဖွယ်ဖြစ်သည်။ သူဌေးကြီး၏အလှူများတွင် အကြီးကျယ် အမြင့်မြတ်ဆုံး တိုင်းရင်းမွတ်စလင်မ်တို့ ဂုဏ်အယူရဆုံးကား သူဌေးကြီး၏ ဓမ္မဒါန အလှူတော်ကြီးဖြစ်သည်။ သူဌေးကြီးသည် တိုင်းရင်းသားမွတ်စလင်မ်များအတွက် ကျမ်းတော်မြတ်ကုရ်အာန် အစောင် ၃၀ လုံးကို ပထမဦးဆုံး မြန်မာပြန်ဆိုစေခဲ့သည်။ အစ္စလာမ့် ဂန္တ၀င်တွင် စံတင်ဖွယ်လုပ်ငန်းကြီး ဖြစ်သည်။