Human Rights Watch ရဲ့ အထောက်အထားများ၊ တွေ့ဆုံမေးမြန်းခန်းများနဲ့ အစီရင်ခံစာ
၁ ဩဂုတ် ၂၀၁၂ ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာမွတ်စလင်တို့ အဓိကရုန်းဖြစ်စဉ်အစ အစိုးရစစ်တပ်က လက်ပိုက်ဘေးထိုင်ကြည့်နေပြီး နောက်ပိုင်းမှာတော့ဖြင့် ရိုဟင်ဂျာမွတ်စလင်များကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းများ၊ သတ်ဖြတ်ခြင်းများ၊ အမျိုးသမီးများအား အဓ္ဓမပြုကျင့်ခြင်းများ မြောက်များစွာပြုလုပ်ကြောင်း ကမ္ဘာ့လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီး Human Rights Watch (HRW) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
နှစ်ဘက်စလုံးမှ မျက်မြင်သက်သေများရဲ့ ထွက်ဆိုချက်အရ အစိုးရ လုံခြုံရေးအင်အားစုများဟာ အဓိကရုန်း စတင်ဖြစ်ပွါးချိန်မှာ ဝင်ရောက်တားဆီးနိုင်ပါလျက် ပျက်ကွက်ခဲ့ကြကြောင်း သိရပါတယ်လို့ HRW ရဲ့ အစီရင်ခံစာမှာ အထောက်အထားများ၊ တွေ့ဆုံမေးမြန်းခန်းများနဲ့ အတည်ပြု တင်ပြထားပါတယ်။
စစ်တွေမြို့မှာ ရခိုင်ဗုဒ္ဓဘာသာဝင်များက လူနည်းစု ရိုဟင်ဂျာမွတ်စလင်များရဲ့ အိုးအိမ်များကို ဖျက်ဆီးမီးရှို့နေခိုက် ရဲများ၊ စစ်သားများ၊ လုံထိန်းများက ရိုဟင်ဂျာမွတ်စလင်များကို လက်နက်များဖြင့် ပစ်ခတ်ကြကြောင်: ဖော်ပြထားပါတယ်။ အချို့နေရာများမှာ စစ်သားများနဲ့ နစကတပ်ဖွဲ့ဝင်တွေက ထွက်ပြေးနေတဲ့ ရိုဟင်ဂျာမွတ်စလင်များကို ပစ်ခတ်ပြီး အိမ်များအတွင်းဝင်ကာ အစားအသောက်များ၊ အဖိုးတန် ပစ္စည်းများကို လုယက်ယူဆောင်သွား ကြကြောင်း HRW က ပြောပါတယ်။
ဤကဲ့သို့ ဆိုးရွားလှတဲ့ ဖြစ်စဉ်များအကြားမှာတောင် နိုင်ငံတကာက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် ရေစီးကြောင်းထဲ မိန်းမောနေရုံမက စီးပွါးရေး ပိတ်ဆို့ထားမှုများ ရုတ်သိမ်းပေး၊ ရင်နှီးမြှပ်နှံမှုတွေ ဖွင့်လှစ်ခွင့်ပြုပေးနေတယ်လို့ HRW က မှတ်ချက်ပေးလိုက်ပါတယ်။ ဒီအစီရင်ခံစာ ထုတ်ဝေလိုက်စဉ်မှာပဲ ကမ္ဘာ့ဗဟိုဘဏ် (World Bank) က ဒေါ်လာ ၈၅ သန်း စီးဝင်လာပြီး အမေရိကန်နိုင်ငံကလည်း ရင်နှီးမြှုပ်နှံမှုတွေကို ဖွင့်လှစ်ခွင့်ပြုပေးလိုက်ပါပြီ။
သမ္မသစ် ဦးသိန်းစိန်ကလည်း ရိုဟင်ဂျာမွတ်စလင်များကို တတိယနိုင်ငံများသို့ ပို့ဆောင်ခြင်း သို့မဟုတ် ဒုက္ခသည်စခန်းများမှာ ထားရှိပြီး ကုလသမဂ္ဂမှ တာဝန်ယူခြင်းဟာ အဖြေပဲလို့ ပြောပါတယ်။ အစိုးရဟာ အခင်းဖြစ်ပွါးရာ နေရာတွေမှာ ရိုဟင်ဂျာမွတ်စလင်များအပေါ် ဖိနှိပ်ထားပြီး အကူအညီအထောက်အပံ့များကိုလည်း ဝင်ရောက်ခွင့် ပိတ်ပင်ထားတဲ့အပြင် ရိုဟင်ဂျာမွတ်စလင် အမျိုးသားများ၊ လူငယ်အမြောက်အများကိုလည်း ဖမ်းဆီးချုပ်နှောင်ထားကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီအစီရင်စာ ထွတ်ရှိလာချိန်မှာပဲ ကုလအထူးကိုယ်စားလှယ် ကင်တာနာ (Tomas Ojea Quintana) မြန်မာပြည်သို့ ရောက်ရှိနေပါတယ်။ တရားဝင်စာရင်းအရ အဓိကရုန်းမှာ ပါဝင်ပက်သတ်သူ အယောက် ၈၀၀ ကျော် ဖမ်းဆီးထားပြီး ကုလနဲ့ အခြားနိုင်ငံတကာအဖွဲ့ ဝန်ထမ်းအချို့လည်း ပါဝင်နေပါတယ်။
အစိုးရအဆိုအရ အဓိကရုန်းကြောင့် လူ ၇၈ ယောက်သာ သေဆုံးတယ်ဆိုသော်လည်း အများအဆိုအရ ရိုဟင်ဂျာမွတ်စလင်များ သေဆုံးသူ ပျောက်ဆုံးနေသူများ ၁၀၀၀ ကျော်မက ရှိနိုင်ကြောင်း သိရပါတယ်။
ထင်လင်းအောင် ကောက်နှုတ်တင်ပြသည်။
မူရင်းဆောင်းပါး – Government forces killed, raped Rohingya in Myanmar, report says