ကျွန်တော်တို့က ဘာတွေလဲ

ကျွန်တော်တို့က ဘာတွေလဲ by FB of U Kyawmoe Aung

မပြောချင်သောလည်းပဲ ပြောစရာ ရှိလာ၍ မပြောမဖြစ်ပြောရပါဦးမည်။ မပြောချင်ဆိုသည်က ခံစားချက်နှင့် ပြောမည်ဖြစ်၍ ဒေါသသံပါမည်ကို မလိုလားသောကြောင့်၊ ဖြစ်ရပ်တစ်ခုကို မိမိခံစားချက်ပေါ် အခြေခံပြောလျင် မိမိဘက်က ဘက်လိုက်ရာကျမည်ကို စိုးသောကြောင့်၊ မိမိရှုမြင်သည့်အတိုင်း တည်တည့် ပြောမည်ဖြစ်ရာ မလိုလားအပ်သည့် လူပုဂ္ဂိုလ်ဝေဖန်မှု ဖြစ်မည်ကို စိုးရိမ်သောကြောင့်။

၅.၅.၁၂က သတင်းစာမှာ ပါသည့် အသုံးအနှုန်း “မွတ်စလင်မ်ကုလား”ဆိုသည်က ဒီရက် ပြသနာမျိုးစုံ ကြားသိနေချိန်ကျမှ ပိုပြီးစော်ကားခံလိုက်ရသလို၊ မီးလောင်နေစဉ် ဓာတ်ဆီဖြန်းခံလိုက်ရသလိုခံစားရပါသည်။

ဒီကိစ္စအတွက် facebook စာမျက်နှာတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ထိုအသုံးအနှုန်းနှင့် စပ်လျဉ်း၍ တောင်းပန်သည့် ပုံစံမျိုး နောက်ရက်တွင် ပြင်ဆင်ချက် ထည့်ပေးမည့် ပုံစံမျိုး တွေ့ရပြန်တော့ အားလည်း တက်မိသလို မျှော်လင့်တစ်ကြီးလည်း စောင့်ကြည့်မိသည်။ ဘယ်တုန်းကမှ သာမန်အားဖြင့် ကြည့်လေ့မရှိသည့် ည၈နာရီ ရုပ်သံသတင်းကိုပင် မျက်တောင်မခတ်တမ်း ထိုင်ကြည့်ဖြစ်သည်အထိ။

ဒီနေ့ ပြင်ဆင်ချက်ကတော့ ပါလာသည်။ “မွတ်စလင်မ်ကုလား” အစား  “ပြည်တွင်းနေ အစ္စလာမ် ဘာသာ ကိုးကွယ်သူ” တဲ့။

မည်သို့ အဓိပ္ပါယ် ဖော်ဆောင် သတ်မှတ်ရမည်မသိ။ မြန်မာနိုင်ငံသား ဟုပင် လက်မခံတဲ့သဘောဖြစ်နေပါပြီ၊၊ ကမ္ဘာမှာ မရှိဘူးသေးတဲ့ သတင်းရေးသားမှုတွေ၊၊ မည်သို့ပင်ဖြစ်စေ ပြင်ပေးသည့်အတွက်တော့ ကျေးဇူးတင်ပါသည်။

အပြင်လူတွေကတော့ ဒီလူတွေ နေရာတစ်ကာ စပ်စပ်ထိမခံ ဖြစ်နေကြသည်ဟုသာ မြင်ကြဖို့ များသည်။ ဘယ်လိုခေါ်ခေါ်ပေါ့ ဒါဒါပဲ ဥစ္စာဟု ရိုးရိုးသားသား ဆိုသူကလည်းဆိုကြသည်။ ကုလားကို ကုလားမခေါ်လို့ ငါတို့က ဘယ်လိုများ သမုတ်ရပါ့ ဆိုသူတွေလည်း ဒုနှင့်ဒေး။ ပိုးစိုးပက်စက် ဆဲဆိုတုန့်ပြန် လှောင်ပြောင်သူတွေကလည်း တစ်ပုံတစ်ပင်။ ခက်သည်က မွတ်စလင်မ်ကို ဝေဖန်တိုက်ခိုက်နေသူ အများစုက မွတ်စလင်မ်နှင့်ပတ်သက်သည့် သမိုင်းဆိုလျင် အမျိုးပျောက်မှာစိုးကြောက်စရာလောက်၊ ရိုဟင်ဂျာအရေး ပိုးစိုးပက်စက် ဝေဖန် ရေးသားထားသည့် တစ်ဖက်သတ်စာများ ဝါဒဖြန့်တရားများကိုလောက်သာ ဖတ်ဖူးကြားဖူးထားကြသူများ၊ မြန်မာ့သမိုင်းဆိုလျင်လည်း ဗုဒ္ဓဟူသည် ဗမာလူမျိုးဟူသည့် စာအုပ်မျိုးဖတ်ဖူးပြီး ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားကိုသည်ပင်လျင် အညာဒေသက ဗမာကြီးထင်နေကြသူများ၊ ဗာရာဏသီကို မုံရွာဘက်က ယူဆထားသူများ၊ ချစ်တီးမှန်း၊ ဟိန္ဒူမှန်း၊ မွတ်စလင်မ်မှန်းပင်လျင် ဘာကွာလို့ကွာမှန်းမသိလောက်အောင် ပြင်ပဗဟုသုတကြွယ်ဝကြသူများ၊ ကျားကျားမီးယပ် မွတ်စလင်မ်ဆို မုန်းတယ်ကွာဟူသည့် မျက်ကန်း ဝံသာနုရက္ခိတတရားရှင်များ ဖြစ်နေလေသည်။

လက်ရှိအနေအထားက မြန်မာပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင် လူ့အစုအဝေးကြီး တစ်ရပ်လုံးသည်ပင်လျင် မနေ့တစ်နေ့ကမှ သို့မဟုတ် လွန်ခဲ့သော နှစ်အနည်းငယ်ကမှ သို့တည်းမဟုတ်တောင် အင်္ဂလိပ်ခေတ်ကမှ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာကြသည့် အလား။ တိုင်းပြည်အတွက် အဖျက်သက်သက်လုပ်နေကြသည့် နိုင်ငံခြားသားများအလား။ ကိုယ့်နိုင်ငံကိုယ်ပြန်ကြပေါ့၊ သူများမြေမှာလာပြီး လူဝါးမဝနှင့် စသည်စသည်။

ရိုဟင်ဂျာကိစ္စဖြင့် ပထမ စတင်ခဲ့သည်။ မြန်မာမွတ်စလင်မ်ဆိုလျင် ရိုဟင်ဂျာအကြောင်းပြောတာ မနာကြဖို့၊ မင်းတို့ကို ပြောတာမဟုတ်၊ ဝင်နာနေကြရအောင် မင်းတို့ရဲ့ ဘာတွေလား၊ ညာတွေလား မေးခွန်းများ တရစပ်သုံးသည်။ နောက်တော့ တစ်မျိုးတိုးလာသည်။ စပြောတုန်းကတော့ နယ်စပ်ကရိုဟင်ဂျာအရေး သို့တည်းမဟုတ် ထိုသူများ ပြည်တွင်းသို့ ခိုးဝင်လာမည့်အရေးသက်သက်၊ ဘာသာရေးမပါဟု ဆိုကြရာမှ မြန်မာ့မြေမှာ အေးအတူပူအမျှ အတူနေသည့် မွတ်စလင်မ်များကိုရော ကမ္ဘာတစ်ဝန်းမှ မွတ်စလင်မ်များကိုသာမက အစ္စလာမ်၏ အထွတ်အမြတ်ထားရာ ကိုးကွယ်ရာအရှင်၊ လူသားအလင်းပြပုဂ္ဂိုလ် တမန်တော်မြတ်… အခြားအခြားတို့ကိုပါ စော်ကားရေးသားလာကြသည်ကိုလည်း နေရာအနှံ့ တွေ့လာရသည့် အကြိမ်ရေ တစ်ဖြည်းဖြည်း ပိုပို စိပ်လာသည်။ သမိုင်းလိမ် ဝါဒဖြန့် စာစဉ်များ၊ မုန်းတီးရေး လှုံ့ဆော်လွှာများ၊ အင်တာနက် (အထူးသဖြင့် facebook) စာမျက်နှာများ၊ ဂရုပ်များ အလျှိုအလျှို ပေါ်လာသည်။ ပြဿနာကို မီးမွှေးလာနေကြသည်။ ကြမ်းပိုးကို လိပ်မဖြစ်ဖြစ်အောင် ပုံကြီးချဲ့လာကြသည်။ မီးစကို ဓာတ်ဆီဖြန်းလာကြသည်။ အဓမ္မ လူထုအုံကြွ အကြမ်းဖက်မှုဖက်ကို ဖော်ဆောင်လမ်းကြောင်းလာကြသည်။ မည်သူမည်ဝါတွေက နောက်ကွယ်က ကြိုးကိုင်နေသည်တော့ အသေအချာမသိရ၊ သေချာသည်ကတော့ သူတို့၏ မှိုင်းတိုက်မှု အောင်မြင်ခဲ့ပါသည်။ ရိုဟင်ဂျာကိုလိုလိုဘာလိုလိုနှင့် ပြည်တွင်းနေ မွတ်စလင်မ်များကိုပါ အကြောင်းမဲ့ အပြစ်မြင်လာကြသည်။ အမုန်းစိတ်ပိုပွားလာကြသည်။ နောက်ဆက်တွဲအနေဖြင့် လိုရာဆွဲ အသုံးချသူတို့ကြောင့် မလိုလားအပ်သော၊ မည်သူ့ကိုမျှ ကောင်းကျိုးမပြုသော၊ မဆိုင်သူများကိုပါ ဃယက်ထစေသော ပူဆွေးဝမ်းနည်း ကြောက်ရွံ့ ကြရစေသော  လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ တရားဥပဒေမဲ့ ဖြစ်လာရသည်။

ဒီ ကုလားအခေါ်ခံရသည့်ကိစ္စက တကယ်တော့ မနေ့တစ်နေ့ကမှ ရုတ်တရက် ချက်ချင်း ဖြစ်လာသည် မဟုတ်။ ကျွန်တော်တို့ ဘိုးဘွားများ လက်ထက်ကတည်းက အခြေအတင် ဆွေးနွေးကြပြီးသား၊ အခိုင်အမာ ပုံစံတစ်ခု ဖြစ်ခဲ့ပြီးသား။ ထိုစဉ်ကာလကပင် နှစ်သက်မှုမရှိကြောင်း တိုင်းသိပြည်သိ အသိပေးခဲ့ကြပြီးသား။ ယခု ကျွန်တော်တို့ခေတ်တွင် ကြမ္မာရဟတ် တစ်ပတ်ပြန်လည်ရခြင်းဖြစ်သည်။

ပြောချင်သည်ကို ပိုမိုနားလည်နိုင်စေဖို့ သမိုင်းနည်းနည်း ပြန်ကောက်ပါမည်။

မြန်မာနိုင်ငံတွင် ဗမာလူမျိုးများအကြား ဗုဒ္ဓဘာသာ မပြန့်ပွား မထွန်းကားသေးမီ ပုဂံခေတ် အစောပိုင်း (အနော်ရထာမတိုင်မီ) ပိသုံမင်းလက်ထက်ကတည်းက အစ္စလာမ်ဘာသာ ရောက်ရှိကြောင်း အထောက်အထားများ မှတ်တမ်းမှတ်ရာများ ရှိသည်။ ပုဂံခေတ် ကျောက်စာများထဲတွင် ပသီ၊ ပန်းသေး စသည့် အခေါ်အဝေါ်များ ပါရှိခဲ့သည်။

 

ကုလားဆိုသော အသုံးအနှုန်းကလည်း ရှေးယခင် ဘုရင်မင်းများလက်ထက်ကတည်းက ခေါ်ဝေါ်လာသည့် အသုံးအနှုန်း။ မနေ့တစ်နေ့ကမှမဟုတ်  မြန်မာ့သမိုင်းအစကတည်းက ကုလားဆိုသူများနှင့် ကူးလူးဆက်နွယ်မှု ရှိုခဲ့သည်။  အထူးသဖြင့် မွတ်စလင်များကိုရည်ညွှန်းပါက ပသီကုလားဟုခေါ်ခဲ့ကြသည်။ ဥပမာ ဘိုးတော် ဗဒုံမင်းလက်ထက်က ဘုရင့်အမိန့်ပြန်စာမှတ်တမ်းတွင် (လက်ရှိ အမရပူရရပ်၊ လင်းဇင်းကုန်းသုသာန်တွင် မျြုပ်နှံထားသော) အာဗစ်ရှားဟုဆိုင်နီအား မြန်မာပြည်အရပ်ရပ်ရှိ ပသီကုလားတို့အတွက် သာသနာပိုင်အဖြစ်ခန့်အပ်ကြောင်း ကြေညာချက်ထုတ်ခဲ့သည်။ မင်းတုန်းမင်းလက် စာတော်ကြီးတွင်လည်း

ကုလားရွာမ၊ ကုလားဗလီဆရာ၊ ကုလားလူမျိုး စသည်ဖြင့် သုံနှုန်းခဲ့သည်။ ပသီကုလားများသည် ရှေးမြန်မာသမိုင်းတစ်လျှောက် တာဝန်ကျေခဲ့သည်။ ဘုရင်ကိုသတ်လျင် ဘုရင်လုပ်နိုင်သည့် ခေတ်အခြေအနေတွင် ဘုရင့် ကိုယ်ရံတော်၊ လူယုံတော်၊ အထောက်တော်၊ အဝယ်တော်၊ စစ်သည်တော်အဖြစ် ခစားခဲ့ရသည်။ ထို့ကြောင့်လည်း မြင်းမှာအုန်းခွံ ကျွန်မှာကုလား၊ ဓားမှာမိုးကြိုးဟုပင် အဆိုတွင်ခဲ့ခြင်းဖြစ်သည်။ တစ်ဖက်ကလည်း ဘုရင်မင်းမြတ်တို့က မိမိတို့အပေါ် အထူး သစ္စာစောင့်သိကြသော ပသီကုလားတို့အား အတုန့်အလှည့်အနေဖြင့် ဝတ်ကျောင်းတော်များ သာသနိကအဆောက်အအုံများ ပြည်တွင်၌သာမက တိုင်းတစ်ပါးရပ်ခြား ဆော်ဒီအာရေဗျနိုင်ငံထိပင် ကြည်ဖြူစွာ ဆောက်လုပ်ပေးခဲ့သည်။

ထိုစဉ်ကသုံးနှုန်းခဲ့သည့် ကုလားဆိုသော အခေါ်အဝေါ်သည် ကုလပုတ္တရ-မြတ်သောအနွယ်ဟူသော စကားမှဆင်းသက်လာသည်ဟု အဓိပ္ပွယ် ဖွင့်ဆိုခဲ့ကြသည်။ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားကလည်း ကုလားလူမျိုးသာဖြစ်သည်။ အချို့ကလည်း သင်္ဘောများဖြင့် ကူးလာသူများဟုဆိုရာမှ ကုလားဖြစ်လာကြောင်း ဆိုကြသည်။ ဤသို့ဆိုလျင်တော့ လက်ရှိ ဗမာဟု ဆိုကြသူတွေရော အခြား တိုင်းရင်းသားဆိုသူတွေပါ မူလဘူတ ဋ္ဌာနေ စစ်စစ်များမဟုတ် နှစ်ရာပေါင်းများစွာက တိဘက်၊ အန္ဒိယ၊ မွန်ဂို၊ တရုတ်တောင်ပိုင်းကနေ စတင်အခြေခံ ရေကြည်ရာ မြက်နုရာ ရှာရင်း ကူးလာကြသူတွေချည်းသာ။ အားလုံး တနေနေရာက ကူးလာကြသူချင်းသာဖြစ်၍  ကုလားတွေချည်းသာ။ စောသည်နှင့် နောက်ကျသည်သာ ကွာသည်။ ကိုးကွယ်ရာ ဘာသာတရား မှန်သမျှသည်လည်း မြန်မာပြည်ဖြစ်စစ်စစ် တစ်ခုမျှမရှိ၊ အခြား နိုင်ငံများမှ ကူးယူထားသည်ချည်းသာ။

ရှေးဗမာမင်းများလက်ထက်က ဗမာဗုဒ္ဓဘာသာဝင်များနှင့် ဗမာပြည်ရှိ ပသီကုလားခေါ် အစ္စလာမ်ဘာသာ ကိုးကွယ်သူမျာအကြား တစ်စုံတစ်ရာ ပြသနာကြီးကြီးမားမား မရှိခဲ့။ ကုလားဆိုသော အခေါ်အဝေါ် အသုံးအနှုန်းနှင့် စပ်လျဉ်း၍လည်း ပသီကုလားအခေါ်ခံ အစ္စလာမ်ဘာသာဝင်များအနေနှင့် တစ်စုံတစ်ရာ နစ်နာရန် အကြောင်းပင် မရှိခဲ့။

သို့သော်…သို့သော်…။ နှစ်ကာလ အတန်ကြာသွားပြီးနောက်.. အထူးသဖြင့် အင်္ဂလိပ်အစိုးရ အုပ်ချုပ်သည့်ကာလတွင်ကား အရင်လို မဟုတ်တော့။ ထိုစဉ်ကာလအတွင်းတွင် မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်ခံဖြစ်စဉ် အိန္ဒိယတိုက်နယ်၏ တစ်စိတ်တစ်ပိုင်း သတ်မှတ်ခံခဲ့ရသည်။ အိန္ဒိယနိုင်ငံသား အမြောက်အများလည်း ထပ်ဝင်လာသည်။ ဒါကလည်း အမှန်တရားတစ်ခု။ ရှေးအစဉ်အဆက် နေထိုင်ခဲ့ကြသော ပသီကုလားအခေါ်ခံ ဋ္ဌာနေမွတ်စလင်မ်တို့နှင့် နောက်ရောက်လာသော အီန္ဒိယတိုက်နယ်(ယခု အန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်)သား မွတ်စလင်မ်များကြားတွင်ပင် လူမျိုးရေးဓလေ့ထုံးတမ်း ယဉ်ကျေးမှု၊ ဘာသာစကားတို့နှင့် စပ်လျဉ်း၍ ပဋိပက္ခ တစ်ချို့ ရှိခဲ့သည်။ ထိုစဉ်က အလုံးအရင်းနှင့် ဝင်လာသော အိန္ဒိယသား (ချစ်တီး၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ မွတ်စလင်မ်)တို့နှင့် နွယ်လာပြီး ဗမာပြည်တွင် အစဉ်အဆက်က လူ့အစုအဝေးတစ်ရပ်အဖြစ် ရှိခဲ့ပြီးသား ပသီကုလားများကိုပါ ဗမာလူထု၏အမြင် ပြောင်းလဲလာသည်။

မူလ ခေါ်ဆိုသည့် အသုံးအနှုန်း “ကုလား”၏ မူရင်းသဘောတရားလည်း ပြောင်းလဲသွားသည်။ မူရင်းကကဲ့သို့ နွေးထွေးမှု မရှိသော၊ ခွဲခြားလိုသော၊ အပြစ်မြင်လိုသောသဘော အတော်ဆောင်လာသည်။ ကုလားဒိန်၊ ကုလားကပြား၊ ကုလားမျိုးမစစ်၊ ဇေကပြားစသည့် စသည့် စကားလုံးများက မူလက ရှိခဲ့သည့် ပသီကုလားများ လက်သင့်ခံနိုင်ဖွယ်မရှိဖြစ်လာသည်။

ထိုစဉ်က ကျွန်တော်တို့ အဖိုးများခေတ်က ပသီကုလားများသည် တစ်ဖက်က တို့ဗမာအစည်းအရုံး၊ ကျောင်းသား သမဂ္ဂ စသည်တို့တွင် ဗမာ့ လွတ်လပ်ရေးအတွက် တစ်တပ်တစ်အားမှ ကဏ္ဍစုံ ပါဝင်ခဲ့ကြသလို တစ်ဖက်ကလည်း မိမိတို့အား ခွဲခြား ရှုမြင်သော အသုံးအနှုန်း “ကုလား”ဟူသည်အား ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသည်။ ဗမာမွတ်စလင်မ် နိုးကြားရေးအဖွဲ့ ကဲ့သို့သော အဖွဲ့များ ဖွဲ့ကာ မိမိတို့သည် ကုလား မဟုတ်ကြောင်း၊ ဗမာ ဗုဒ္ဓဘာသာများ နည်းတူ ဒီမြေဒီရေတွင် ဘိုးစဉ်ဘောင်ဆက် နှစ်ပေါင်းရာချီ နေထိုင်ခဲ့သော တိုင်းရင်းသား နိုင်ငံသားများသာ ဖြစ်ကြောင်း ယုံကြည်မှုအပြည့်ဖြင့် ဆိုခဲ့ကြသည်။ မိမိတို့သည် ဗမာမွတ်စလင်မ်များ ဖြစ်ကြကြောင်း ပြောခဲ့ကြသည်။

“မျိုးကားဗမာ၊ ဘာသာမွတ်စလင်မ်

 ဖြစ်တုံအင်လည်း၊ တို့မျိုးတို့ဆွေ

တို့တစ်တွေသည်၊ တို့ပြည်(ပြေ)တို့ရွာ

တို့ဋ္ဌာနာမှာ၊ တို့ဟာထင်ရှား

မရှိအားကြောင့်၊ တို့များကုလားဒိန်

အများနှိမ်သည်၊ သို့ပါသော်ငြား

တို့မျိုးသားကား၊ နိုးကြားမရှိ

ဝမ်းနည်းဘိ၏။”   ဟူသော ကြွေးကြော်သံဖြင့် မိမိတို့သည်လည်း ဗမာများဖြစ်သည်ဟု ဆိုခဲ့ကြသည်။ “ဗမာကို ဗမာကသိရေး” ဆိုကာ မိမိတို့ ဗမာပြည်ဖွား အစ္စလာမ်ဘာသာဝင်များသည်လည်း ဗမာဗုဒ္ဓဘာသာဝင်များ နည်းတူ ဗမာဖြစ်ကြောင်း ဆိုခဲ့ကြသည်။

(www.facebook.com/notes/kyawmoe-aung/ဦးညီညီ-ဗမာမွတ်စလင်မ်-နိုးကြားရေးအဖွဲ့/233016356751165)

တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များအား ဗမာမွတ်စလင် အမည်ခေါ်တွင်ရန် ဗမာမွတ်စလင်နိုးကြားရေးအဖွဲ့ချုပ်က သက်ဆိုင်ရာသို့တင်ပြ တောင်းဆိုသည်။ ထိုသည်၏ရလဒ်က ၁၉၃၀-ခုနှစ်တွင် ထိုစဉ်က(အင်္ဂလိပ်ခေတ်ကတည်းက)စ၍ သန်းခေါင်စာရင်း ကောက်ယူရာတွင် ကုလား၊ ဇေရဘာဒီ၊ ဇေကပြား စသည်စသည် အမျိုးမျိုး ခေါ်ဝေါ်နေကြသည့် မြန်မာနိုင်ငံသား မွတ်စလင်မ်များ (ရှေးအခေါ် ပသီကုလားများ)အား ဗမာမွတ်စလင်မ်ဟုသာ တစ်မျိုးတည်းခေါ်ရန်အမိန့်ထုတ်ခဲ့သည်။ တိုင်းရင်းသားအစ္စလာမ်ဘာသာဝင်တို့အား ဗမာမွတ်စလင်ဟု သန်းခေါင်စာရင်းတွင်လည်း  တစ်သမတ်တည်း စာရင်း သတ်မှတ်ရန်ဟူ၍ ကြေညာချက် အမိန့်ထုတ်ပေးခဲ့ခြင်းပင်။

(စကားမစပ် တရုတ်ဆိုသော အခေါ်အဝေါ်သည်လည်း ထိုနည်းလည်းကောင်းပါပင်။ မြန်မာနိုင်ငံမှသာ ခေါ်သည့် စကားလုံးတစ်ခု။ သို့သော် မတူသည်က ယခုချိန်ထိ ထိုစကားလုံး သုံးနှုန်းခြင်းနောက်ကွယ်တွင် အခြား တစ်စုံတစ်ရာ သက်ရောက်မှု၊ နှိမ်ချမှု လုံးဝမရှိ၊ ဤအချက်က ကုလားနှင့် ဆန့်ကျင်ဘက်။)

ထိုစဉ်ကတည်းက မြန်မာ့ နိုင်ငံရေး လောကတွင် မွတ်စလင်မ်များအား မြန်မာမွတ်စလင်မ်ဟုသာခေါ်ခဲ့ကြသည်။

၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ကျင်းပခဲ့သော ရွှေတိဂုံအလယ်ပစ္စယံ  လူထုအစည်းအဝေးပွဲကြီး၌ ဖဆပလအဖွဲ့မှ ဆရာကြီး ဒီးဒုတ် ဦးဘချိုမှ အဆိုအမှတ်(၆) တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆိုတင်သွင်းရာတွင်

“ ဗမာမွတ်စလင်မ်များသည် မိမိတို့သည် ဗမာလူမျိုးများပင်ဖြစ်သည်ဟု အမြင်မှန်ထားကြသည့်အတိုင်း ကျွန်တော်တို့ကလည်း မြန်မာလူမျိုးတို့၏ အခွင့်အရေးများကို ပေးမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားသွားခဲ့ပါသည်။

(www.facebook.com/notes/kyawmoe-aung/အာဇာနည်ခေါင်းဆောင်ကြီး-ဒီးဒုတ်ဦးဘချို-တိုင်းရင်းသားလူနည်းစုများနှင့်-သက်ဆိုင်သည/225990574120410)

၁၉၄၆-ခု ဒီဇင်ဘာ ၆ ရက် မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့ဇိနတ်မိန်းကလေးကျောင်း၌ကျင်းပသော ဗမက ပြည်လုံးကျွတ် ညီလာခံကြီးမှ ဗမာမွတ်စလင်တို့သည် လူနည်းစုလော သို့မဟုတ် လူများစုလောဟူ၍ နှစ်ဖက်သဘောကွဲလွဲနေသည်။ ဆရာကြီးဦးရာဇတ်၏ သဘာပတိမဲသည် အဆုံးအဖြတ်မဲဖြစ်ခဲ့သည်။ ဗမာမွတ်စလင်ကို လူများစုအဖြစ် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။  လန်ဒန်တွင် ရောက်နေသော ဖဆပလဥက္ကဋ္ဌကြီး ဗိုလ်ချုပ်အောင်ဆန်းထံသို့ ဗမာမွတ်စလင်လူများစုအဖြစ်နေရန်ဗမက ပြည်လုံးကျွတ်ညီလာခံမှ ဆုံးဖြတ်ကြောင်းကြေးနန်းပို့ခဲ့သည်။

ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အာဇာနည်ကြီး ဒီးဒုတ်ဦးဘချိုက ဒီဗမက (ဗမာမွတ်စလင်မ်ကွန်ဂရက်)ကလူတွေတော့ တစ်ချိန်မှာ ဘာမှမဟုတ်တဲ့ကုလားတွေ ဖြစ်ကုန်ကြတော့မှာပဲဟု သံယောဇဉ်ဒေါသောဖြင့် ဆိုခဲ့ဖူးသည်။ သွေးထွက်အောင်မှန်ပါသည်။ နောက်လူတွေကိုလည်း ဗိုလ်ချုပ်တို့၊ ဒီးဒုတ်ဦးဘချိုတို့လိုပင် ပြည့်ဝသောခေါင်းဆောင်များဖြစ်လိမ့်မည်ဟု ယုံကြည်ခဲ့ကြမိသည်ကိုး။ နောက်တစ်ချက်က တိုင်းပြည်လွတ်လပ်ရေးအတွက် အပူတစ်ပြင်း ကြိုးပမ်းနေကြစဉ် မိမိတို့ တစ်ကိုယ်ရည်အတွက် အခွင့်အရေးပေးသည်ကိုပင် အပြည့်အဝ မယူမိခဲ့ကြ။ ဒီလိုခေါင်းဆောင်ကြီးတွေ အကြာမီ လုပ်ကြံခံလိုက်ရပြီး တိုင်းပြည်အနာဂတ်က ဇောက်ထိုးမိုးမြှော် ပြောင်းသွားလိမ့်မည်ဟုလည်း ဘယ်သူကမှ မတွက်မိခဲ့ကြ။

၁၉၅၅ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် ဝန်ကြီးချုပ် ဦးနုက ဖဆပလအဖွဲ့ချုပ်လက်အောက်ရှိ အသင်းအဖွဲ့ဖြစ်သော ဗမကကို ဖျက်ခိုင်းစဉ်တွင်လည်း “ဗမက က ဗမာတွေပါ။ မွတ်စလင်မ်ဘာသာယူထားတဲ့ ဗမာတွေပါ။” ဟူသောစကားကို သုံးခဲ့သည်။ (၁၉၅၅ ဒီဇင်ဘာ၃၀ထုတ် မြန်မာ့အလင်းသတင်းစာ)

၁၉၈၂ခုနှစ် အောက်တိုဘာ၈ရက်နေ့ အလုံလမ်းရှိ သမ္မတအိမ်တော်တွင် အစည်းအဝေးကျင်းပရာတွင် မဆလဥက္ကဋ္ဌကြီး (တရုတ်ကပြားတစ်ဦးဖြစ်သည့်) ဦးနေဝင်း၏ မိန့်ခွန်းကတော့ ကျွန်တော်တို့အတွက် စိတ်ထိခိုက်စရာ ဖြစ်ခဲ့ရသည်။ ကုလား၊ ကုလားပြည်စသည့် အသုံးအနှုန်းများ လှိုင်လှိုင်သုံးကာ ဧည့်နိုင်ငံသားဟူသည်ကို စတင်ပြောခဲ့သည်။ ပြည်တွင်းတွင် ရှိနေသည့် ကုလားများ (တရုတ်များလည်း သူ့မိန့်ခွန်းတွင်ပါပါသည်)သည် မြန်မာနိုင်ငံအတွက် သစ္စာဖောက်များပမာ သုးံစွဲသွားခဲ့ပါသည်။ (၁၉၈၂အောက်တိုဘာလ ၉ရက်နေ့ The Working People’s Daily အင်္ဂလိပ်သတင်းစာတွင် အင်္ဂလိပ်ဘာသာဖြင့် အဆိုပါမိန့်ခွန်းဘာသာပြန် ပါရှိခဲ့သည်။)

၁၉၉၆ခုနှစ် ရန်ကုန်မြို့ တမန်တော်နေ့အခမ်းအနားသို့ သာသနာရေးဝန်ကြီး ဗိုလ်ချုပ်မျိုးညွန့်တက်ရောက်ကာ အမှာစကားပြောကြားခဲ့ရာတွင် “ဗမာပြည်ဖွား ဗမာမွတ်စလင်မ်များသည် ဗမာသာဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာကိုးကွယ်ခြင်းကြောင့် ကုလား ဖြစ်မသွား” ဟု ဆိုပြန်သည်။ နိုင်ငံတော် သတင်းစာများကလည်း အဆိုပါစကားရပ်ကို ကိုးကား ဖော်ပြခဲ့ကြပြန်သည်။

ယခု တစ်ခါ တစ်မျိုး ဆိုကြပြန်ပါပြီ။ မနှစ်က မြန်မာမွတ်စလင်မ်များနှင့် စပ်လျဉ်း၍ မေးခွန်းမေးရာတွင် ဦးခင်ရီက ဘင်္ဂါလီများကို ဆိုလိုသည်ဟု ထင်ကြောင်း အစချီကာ ပြောသွားခဲ့သည်။ မြန်မာပြည် အနှံ့အပြားတွင် ရှိနေသော ဗမာ မွတ်စလင်မ်တွေကို ဘင်္ဂါလီနှင့် ရောချဖြေသွားသည်။ တစ်ကြိမ်။

မကြာသေးမီက သတင်းစာ နှစ်စောင်တွင် ဒေါင်းယောင်ဆောင်သောကျီးအမည်ဖြင့် ဆောင်းပါး ပါလာပြန်သည်။ မွတ်စလင်မ်နှင့် ချစ်တီးကုလားကိုပင် ခွဲမသိသည့် ပုဂ္ဂိုလ်က အဆင့်မရှိသည့် ပုံစံရေးခဲ့ပြန်သည်။ ရိုဟင်ဂျာကို ပြောသည်လား။ ပြည်တွင်းမှာ အစဉ်အဆက်နေလာသည့် မွတ်စလင်မ်များကိုပါ သိမ်းကျုံး ရည်ညွှန်းခဲ့သည်လား သာမန် စာဖတ်သူပင် အလွယ်တကူ ခွဲသိနိုင်ပါသည်။

ယခုတစ်ဖန် နိုင်ငံတော်ပိုင် သတင်းစာက နောက်တစ်ကြိမ် ဆိုပြန်ပါပြီ။ မွတ်စလင်မ်ကုလားတဲ့။ မွတိစလင်မ်ဘက်က မခံရပ်နိုင်မှန်းသိတော့ ပြင်ပေးသည်က “ပြည်တွင်းနေ အစ္စလာမ် ဘာသာ ကိုးကွယ်သူ” တဲ့။

ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်လာစေရန် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ဖူးသူ မဟာသရေစည်သူဘွဲ့ရ သံအမတ်ကြီးဦးဖေခင် မကွယ်လွန်မီက ညီလာခံတစ်ခုတွင် “တို့ဗမာပြည်က ဗမာမွတ်စလင်မ်တွေအားလုံး ကုလားတွေကွ၊ နိုင်ငံခြားက ကူးလာတဲ့ မျိုးမစစ်တဲ့ကောင်တွေကွ၊ တို့ကို ကုလားလူမျိုးလို့သာ မှတ်ပုံတင်မှာ မင်းတို့ သတ္တိရှိရင် သတ်မှတ်ကြ…”ဟုဒေါသတစ်ကြီး ခံစားချက်တစ်ကြီး ပြောခဲ့ဖူးကြောင်း ထိုညီလာခံတွင် တက်ရောက်ခဲ့သူများ ပြန်ပြောပြသည်ကို ကြားဖူးပါသည်။

အဖိုးလေးဖြစ်သူ ဦးညီညီကလည်း ဆုံးခါနီးနောက်ပိုင်းအချိန်တွင် “ငါက ကုလားကြီးကွ၊ ငါက ကုလားကြီးကွ” ဟု တစ်ဖွဖွပြောခဲ့ပြန်ပါသည်။

စာရေးဆရာကြီး ပသီဦးကိုကိုလေး မဆုံးမီ လပိုင်းအလိုက စကားပြောဖြစ်ရာတွင်လည်း သူ့တစ်သက် ဘာပဲလုပ်ခဲ့လုပ်ခဲ့ နောက်ဆုံး ကုလားကြီးက ကုလားကြီးပါပဲဟု ဆိုသွားခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှီအဟ်မွတ်စလင်မ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်တာ ဟာဂ်ျကလည်း သူ၏ညီအစ်ကို ရင်းချာများတွင် အစ္စလာမ်ဘာသာကိုးကွယ်သော သူ၏မှတ်ပုံတင်တွင် လူမျိုး အီန္ဒိယ+ဗမာ ဖြစ်နေပြီး ဗုဒ္ဓဘာသာကိုးကွယ်သည့် တစ်အူတုံဆင်း ညီနောင်က ဗမာလူမျိုး ဖြစ်ရခြင်းအကြောင်းရင်းကို နိုင်ငံတော် တာဝန်ရှိသူများထံ မေးမြန်းတင်ပြခဲ့ဖူးသည်။

ကွယ်လွန်သူ ဆရာကြီး ဦးတင့်ဆွေ (မော်လဝီအဖွဲ့ချုပ်ကလည်း) ဗိုလ်ချုပ်တို့ (သာသနာရေးဝန်ကြီး ဗိုလ်ချုပ်မျိုးညွန့်ကို မေးခဲ့ခြင်းဖြစ်ပါသည်) သတ်မှတ်တဲ့ လူမျိုးဆိုတာ လူတစ်ယောက်က မဟာဗန္ဒုလ ပန်းခြံလမ်းအတိုင်း လမ်းလျှောက်လာရာမှာ ဆူးလေဘုရားပေါ်တက်သွားရင် ဗမာစစ်စစ်၊ ဘေးက ဗလီပေါ်တက်ရင် အိန္ဒိယပေါင်းထည့်သည့် မူဝါဒပါလား ဟု မေးခဲ့ဖူးပါသည်။

ကိုယ့်အကြောင်းကိုယ် ပြောပါတော့မည်။ ကျွန်တော်သည် ကိုယ့်ကိုကိုယ် ဘာကောင်ဖြစ်လို့ ဖြစ်မှန်း အမှန်တစ်ကယ် မသိသူဖြစ်ပါသည်။

၁၀နှစ်ပြည့် မှတ်ပုံတင် ထွက်လာတော့ လူမျိုးဗမာ၊ ဘာသာအစ္စလာမ်တဲ့။ ကျွန်တော့် မိသားစု ဘိုးစဉ်ဘောင်ဆက်လည်း ထိုနည်းအတိုင်းပါပင်။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဆရာကြီး ဦးရာဇတ်တို့၊ ဒီးဒုတ်ဦးဘချိုတို့ ချမှတ်ခဲ့သည့် လမ်းစဉ်ဟုဆိုရပါမည်။ (ဝမ်းနည်းစရာကောင်းသည်က ထိုခေါင်းဆောင်များ မရှိကြတော့။) ထို့ကြောင့် ပတ်ဝန်းကျင်က ဘာပြောပြော ဥပဒေကြောင်းအရ ငါသည် ဗမာတိုင်းရင်းသား ရယ်လို့ ကိုယ့်ကိုကိုယ် သတ်မှတ်ခဲ့သည်။ တိုက်ပုံကို မြတ်နိုးဂုဏ်ယူစွာ ဝတ်ခဲ့သည်။

အသက် ၂၃နှစ် အရွယ်ထိ ကိုယ့်ကိုကိုယ် ဗမာ ထင်ခဲ့သူ။ ထိုစဉ်ကမှ ညီငယ် ၁၈နှစ်ပြည့် မှတ်ပုံတင် ပြောင်းရတော့ တစ်မိသားစုလုံး၏ အိမ်ထောင်စုဇယားတွင် လူမျိုး ဗမာ ရှေ့တွင် အိန္ဒိယ ထပ်ပေါင်းခံရသူ။ ကျွန်တော့်သား မွေးတော့ အိမ်ထောင်စုဇယားတွင် ထည့်သွင်းချိန်တွင် သူ့လူမျိုးက “အိန္ဒိယ+ဗမာ+ ဗမာ+ အိန္ဒိယ+ပလောင်” ပါတဲ့။

မကြာမီ နှစ်ပေါင်း ၂၀၊၃၀ အတွင်း ပထမဆုံးအဖြစ် သန်းခေါင်စာရင်း ကောက်ယူပါတော့မည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ရှိနေသော အစ္စလာမ်ဘာသာဝင်များလည်း ထိုစာရင်းတွင် ပါဝင်ကြပါမည်။ ထိုသူတို့ကို ဘာလူမျိုးဟု သတ်မှတ်ပါမည်လဲ။ တစ်ညီတစ်ညွတ်ထဲ ကုလား လူမျိုးဟု ခေါ်ဝေါ် သတ်မှတ်မည်လော။ ဝန်ကြီး ဦးခင်ရီ မကြာမကြာ သုံးစွဲနေသည့် ဘင်္ဂါလီဟု စာရင်း သွင်းပေးမည်လော။ မိတ်ဆွေတစ်ဦး၏ သမီး မှတ်ပုံတင်တွင် ပါသလို အိန္ဒိယလူမျိုးလော။ (အတော် အထာမကြသည့် စကားလုံးဖြစ်သည်။ ကမ္ဘာတွင် အိန္ဒိယ နိုင်ငံသားသာရှိသည်၊ အိန္ဒိယလူမျိုးဟူ၍ မရှိ။ ဟင်ဒီလူမျိုးသာ ရှိမည်။ နိုင်ငံတစ်ခုအမည်နှင့် ဗမာ တွဲဖက်အဖော်ပြခံနေရသော ကျွန်တော်တို့ နှစ်ပိုင်းတစ်ပိုင်းလူမျိုးအမည်သည် ရှာမှရှားဟု ဆိုရမည့် အံ့ဖွယ်တစ်ခုဖြစ်သည်။) မည်သည့် မူနှင့်                    ဆက်သွားကြပါမည်လဲ။ ကျွန်တော်တို့တွေသည် မပြည့်ဝသော နိုင်ငံသားလား။ တစ်ပိုင်းတစ်စ နိုင်ငံသားလား။ မိမိတို့၏ မွေးရာပါအနေအထားအရ ရွေးချယ်ခွင့် မရှိဘဲ အကြောင်းကြောင်းကြောင့် ဒီနိုင်ငံမှာ လူဖြစ်နေရသော ဘာမှန်းမသိသည့် သတ္တဝါများလား။ ပြည်တွင်းနေ အစ္စလာမ်ဘာသာကိုးကွယ်သူဆိုသည်ကို ရှင်းလင်းစွာ နားလည်ခြင်း မရှိပါခင်ဗျား။ နိုင်ငံတော် သီချင်းဆိုစဉ် “ ဒါတို့ပြည်၊ ဒါတို့မြေ တို့ပိုင်နက်မြေ”ကို လိပ်ပြာလုံလုံ ဆိုခွင့် ရှိသောသူများ ၊ ဒီမြေဒီရေကို ချစ်ပိုင်ခွင့် ရှိသောသူများ ဟုတ်ပါရဲ့လားခင်ဗျား။

လွှတ်တော်ဥက္ကဋ္ဌ ဦးသူရ ရွှေမန်း နှင့် ပြည်သူတို့အားထားရာ ဒေါ်အောင်ဆန်းစုကြည် တို့ အမှူးပြုသော လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ် ဥပဒေပြုရေးမဏ္ဍိုင်၊ အချိန်တိုလေးအတွင်း ပြုပြင်ပြောင်းလဲမှုများစွယ အံ့အားသင့်ရလောက်အောင် လုပ်ပြသွားခဲ့သည့် ပြည်သူတို့၏သမ္မတကြီး ဦးသိန်းစိန် အမှူးပြုသော အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်မှ တာဝန်ရှိသူများ၊ ဝန်ကြီး ဦးကျော်ဆန်း၊ ဦးခင်ရီ စသည်တို့ဦးဆောင်သည့် နိုင်ငံတော် ပြန်ကြားရေး တာဝန်ရှိသူများနှင့် စာနယ်ဇင်း သတင်းမီဒီယာ အသီးသီးကို ကိုယ်စားပြုသည့် စတုထ္တမဏ္ဍိုင်၊ ထိုသည့်နောက် ပဉ္စမမဏ္ဍိုင်ဟု တင်စား ခေါ်ဆိုလိုသည့် ဘာသာ သာသနာအသီးသီးမှ ဆရာတော် သံဃာတော်ကြီးများ၊ ဓမ္မဆရာများ၊ ဘာသာရေးခေါင်းဆော်များကို စာရှုသူ မိတ်ဆွေက ကျွန်တော့် ကိုယ်စား မေးပေးပါလားခင်ဗျား။ ကျွန်တော့်ကိုယ်ကျွန်တော် ဘာကောင်မှန်း မသိတော့လို့ပါ။ ကျွန်တော်သည် မြန်မာပြည်တွင် ဘာပါလဲခင်ဗျား။

ဝန်ကြီးချုပ်ဦးနုက ၁၉၅၅ခုနှစ်တွင် ဗမက ဖျက်ခိုင်းစဉ်က ခင်ဗျားတို့ ဗမာမွတ်စလင်မ်တွေ ကိုယ့်ကိုကိုယ် ကုလားလား ဗမာလား စဉ်းစားတာ နှစ်မိနစ်မကြာပါဘူးဟု ထည့်သွင်း ပြောဆိုခဲ့ပါသည်။ သူကတော့ ဘာကြောင့် နှစ်မိနစ်မကြာဟု ထင်သည်မသိ ကျွန်တော့်အတွက်ကတော့ နှစ်၃၀နီးပါး ကြာနေပါပြီ၊ အဖြေမရသေးပါခင်ဗျား။ နှစ်မိနစ် မကြာနိုင်သည်က ကုလားဖြစ်လို့ဟုသာ ယူဆရပါမည်လား။

ကုလား၊ ကပြား၊ သွေးနှော၊ အိန္ဒိယဗမာ၊ ပသီကုလား၊ မျိုးမစစ်၊ ဗမာမွတ်စလင်မ် မည်သို့ခေါ်ခေါ် ကျွန်တော့်တွင် (အနည်းဆုံး အထက်အဆက် ၄ဆက်တွင် မဟုတ်သည့်) မည်သည့် အဆက်အနွယ်ကမှန်း သေချာမသိသော နိုင်ငံခြားသားသွေး (ကုလားသွေး) ပါပါသည်။ တစ်ဖက်ကလည်း ဗမာသွေး တိုင်းရင်းသားသွေး ပါပါသည်။ လူကြီးမင်းတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်တော်တို့သည် ဒီမြေမှာပဲနေကြကာ ဒီမြေမှာပဲ သေကြရမည့် မနည်းလှသည့် လူ့အစုအဝေးတစ်ရပ်ဖြစ်သည်။ ဒီမြေဒီရေတွင် ကြီးပြင်းလာရသည့် ကျွန်တော်တို့တွင် အခြားလည်း သွားစရာ မရှိ၊ နိုင်ငံရပ်ခြားထွက်လျင်လည်း တစ်ကမ္ဘာလုံးက သတ်မှတ်သည်က ကျွန်တော်တို့ “ပြည်တွင်းနေ အစ္စလာမ် ဘာသာ ကိုးကွယ်သူ”သည် အခြား နိုင်င်ငံသားများနည်းတူ ပတ်စပို့တ်အနီကိုင် မြန်မာများသာ။

ကျွန်တော့်ကို ကျွန်တော် ဗမာသွေးပါမှုအရ ကျန်ဗမာများနှင့် ညီနောင်ဝမ်းကွဲဟု သတ်မှတ်ပါသည်။ ကျန်ဗမာများကရော တော်သည့်သွေးကိုကြည့်ကာ ဝမ်းကွဲညီနောင်အဖြစ် လက်တွဲလိုပါသလား၊ ညီနောင်ရင်းချာ တစ်အူတုံဆင်း မဟုတ်သည့်အတွက် ဆွေခန်းမျိုးခန်း ဖြတ်လိုပါသလား။

မကင်းနိုင်သည့်အတူတူ တဲ့အောင် အဆင်ပြေအောင် နေကြလျင် အကောင်းဆုံး မဟုတ်ပါလားခင်ဗျား။

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


Follow

Get every new post delivered to your Inbox.

Join 3,318 other followers

%d bloggers like this: