“IF” …………. အ ကယ် ၍ !!!!
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး …
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းပြစ်တင်ကြတဲ့အခါ မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . .
အကယ်၍ အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့ မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . .
အကယ်၍ မင်းရဲ့အမှန်စကားတွေကို လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ မင်းဟာ တည်ငြိမ်စာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ် မင်းဘ၀တစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့ ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . .
အကယ်၍ မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….
ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင်….
ပြီးတော့တစ်ခါ ဆိုးလှတဲ့ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . .
အကယ်၍ သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ အဲဒီစိတ်ဓာတ်အင်အားကို ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်. . .
အကယ်၍ စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကား ကြားရတဲ့အခါ မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ် မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့ မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . .
အကယ်၍ စိတ်ကူးယဉ် အိပ်မက်တွေဟာ မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်. . .
အကယ်၍ အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ တူညီသော လောကဓံ တရားတွေပါလား ရယ်လို့ ခံယူထားနိုင်မယ်ဆိုရင်. . .
အကယ်၍ လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ် မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့် မာန်မာန သွေးမကြွဘူးဆိုရင်…
အကယ်၍ ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . .
အကယ်၍ လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့် စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်…
အကယ်၍ တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ်ဆိုရင်. . .
ငါ့သားရေ မင်းဟာ အရာရာရှိတဲ့၊အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတစ်ယောက်ပဲပေါ့ ။ ။