“မြန်မာ့လက်ရှိ အခြေအနေများကို မီးမောင်းထိုးပြလျက် ရှိသော ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်များ”

“မြန်မာ့လက်ရှိ အခြေအနေများကို မီးမောင်းထိုးပြလျက် ရှိသော ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်များ”

ဇူလိုင် ၁၇ ၊ ၂၀၁၆ M-Media
စုစည်းတင်ဆက်သူ- ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှု့တက္ကသိုလ်)

၂၀၁၆ ခု ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာနိုင်ငံ၏လွတ်လပ်ရေး ဗိသုကာ၊ တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးကိုးဦးတို့သည် နယ်ချဲ့လက်ပါးစေ အာဏာရူးလူတစ်စု၏လက်ချက်ဖြင့် ကျဆုံးခဲ့သည်မှာ ၆၉ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။

ဗိုလ်ချုပ်လုပ်ကြံခံရစဉ် ဗိုလ်ချုပ်၏အသက်သည် ၃၂ နှစ်သာရှိသေးသည်။ ဗိုလ်ချုပ်သည် “မတစ်ထောင်၊ တစ်ကောင်ဖွား၊ ယောကျာ်း အာဇာနည်ကောင်း တစ်ယောက်ဖြစ်သလို၊ တစ်ခေတ်မှာ၊ တစ်ယောက်”ဟု ဆိုရလောက်အောင်၊ မော်ကွန်းထိုးနိုင်လောက်အောင် အပြောမဟုတ်၊ အလုပ်နှင့် သက်သေပြခဲ့သူဖြစ်သည်။

မြန်မာတစ်ပြည်လုံးကို ခေါင်းဆောင်၍ မငဲ့မကွက်၊ မယိမ်းမယိုင် ခိုင်မာသောခြေလှမ်းများဖြင့်  လွတ်လပ်ရေးသို့ ဦးတည်နေချိန်တွင်၊ အလျင်းသင့်သလို မြန်မာပြည်သူလူထုကြီးအား “ရွှေစကား၊ ရွှေအဆိုအမိန့်များ” ဖြင့် လမ်းညွန်ပြသခဲ့သူဖြစ်သည်။ ယခုအချိန်အထိ၊ ထိုမိန့်ခွန်းစကားများသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ ထူးမြတ်လှသော ရတနာအစစ်၊ အမွေအနှစ်ကြီး ဖြစ်နေသည်။ ထို့ပြင်၊ ပြည်သူလူထု အချစ်တော်၊ အမျိုးသားခေါင်းဆောင်ကြီး၏ မိန့်ခွန်းများသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကိုလည်း၊ မီးမောင်းထိုးပြနေဟန်ရှိသည်။

၁၉၄၇ ခု ဖေဖော်ဝါရီလ ၁၁ ရက်ည၊ ပင်လုံညစာ စားပွဲတွင် “တစ်တိုင်းပြည်လုံးကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး၊ အင်တိုက်၊ အားတိုက်လုပ်နိုင်မှ၊ အကျိုးခံစားခွင့်ရရှိကြ မှာဖြစ်တယ်။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တစ်ခြား၊ အကွဲကွဲ၊ အပြား ပြား လုပ်နေကြရင်၊ အကျိုးရှိမှာ မဟုတ်ဘူး စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှ လည်း၊ အကျိုးရှိကြောင်း၊ သိနိုင်တယ်” ဟူ၍လည်းကောင်း၊ ၁၉၄၇ ခု ဇူလိုင်လ ၁၃ ရက် မြို့တော် ခန်းမတွင် ဗိုလ်ချုပ်အောင်ဆန်းက

“တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေးနှင့်ပတ်သက်၍ စားဖားသမားတွေ၊ ညီညွတ်တာ၊ ကျွန်တော်မလိုချင်ပါဘူး။ တိုင်းရင်း သားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီ ညီညွတ်ရေး နှစ်ခုမရှိ
သမျှကာလပတ်လုံး၊ ဒီတိုင်းပြည်က၊ လွတ်လပ်ပင်၊ လွတ်လပ်သော်ငြားလည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊ ဖာသယ်တိုင်းပြည် ဖြစ်နေမှာပဲလို့ ကျွန်တော်ပြောချင်တယ်။ အဲဒီတော့ကာ၊ အဲဒီနှစ်ခုကို ခင်ဗျားတို့၊ မပျက်ပြားပါစေနဲ့။
အဲဒါအင်မတန်အရေးကြီးတယ်” ဟူသော မိန့်ဆိုချက်သည်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊မြန်မာအစိုးရနှင့် တပ်မတော်ခေါင်းဆောင်များအတွက်၊ အတုယူ၊ အကောင်အထည်ဖော်စရာအဖြစ် လမ်းညွှန်ပြလျက်ရှိသည်။

တိုင်းပြည်၊ မငြိမ်မသက်ဖြစ်အောင်၊ ဆူပူအောင် လုပ်နေသူများကို၊ ဗိုလ်ချုပ်က “အစိုးရဟာ၊ ဘယ်သူ့ကိုမှ နိုင်ငံရေး အတိုက်အခံသမားတွေကို၊ နှိပ်စက်၊ ညှင်းပန်းတာ မလုပ်ဖူး” စည်းကမ်းမဲ့၊ တရားလွန်၊ တိုင်းပြည်အကျိုးမဲ့ဆူပူအောင်၊ လုပ်လာလျှင်တော့၊ လက်ပိုက်ကြည့်မနေနိုင်ဘူး၊ နှိပ်ကွပ်ရမှာပဲ။ ဝတ္တရားအတိုင်းလုပ်တာကို မကျေနပ်လို့ရှိရင်၊ တည့်တည့်လင်းလင်းပြောကြပါ။ ထွက်ပေးဖို့အဆင်သင့်ပါပဲ။ မထိတထိနဲ့ ဟိုကပွက်၊ ဒီကဆူတာနဲ့ဆိုလျှင်၊ အရေးမယူဘဲ၊ မနေနိုင်ဘူး” ဟု သတိ
ပေးခဲ့ပါသည်။

၁၉၄၅ ခု ဩဂုတ်လ ဖဆပလအဖွဲ့ချုပ်၌ ဒီမိုကရေစီဝါဒနှင့် ပတ်သက်၍ “ဒီမိုကရေစီဝါဒကိုသာ၊ ခေတ်စားအောင် လုပ်ရမယ်။ အဲဒီဝါဒမျိုး အရသာ၊ လွတ်လပ်တဲ့မြန်မာနိုင်ငံ ထူထောင်နိုင်အောင်ကြိုးစားရမယ်။ ဒီမိုကရေစီဝါဒဟာ လွတ်လပ်ရေးနဲ့လည်း ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါကြောင့် ဒီဝါဒကို၊ ကျွန်တော်တို့ရည်ရွယ်ရမယ်” ဟုမိန့်ကြားခဲ့သည်ကိုကြည့်လျှင်၊ နိုင်ငံရေး အနာဂတ်ကြိုမြင်သော၊ ပညာရှင်တစ်ယောက်ဖြစ်သည်ကို သိနိုင်ပါသည်။

သူတည်ထောင်ခဲ့သော မြန်မာ့တပ်မတော်နှင့်ပတ်သက်၍ လမ်းညွှန်ခဲ့သည်မှာ “ဒီတပ်မတော်ဟာ၊ဒီနိုင်ငံ၊ ဒီလူမျိုးအတွက် ဒီလူမျိုးတွေရဲ့၊ ကိုးကွယ်ရာ၊ အားထားရာ၊ ဆည်းကပ်ရာ ဆိုတဲ့အနေအထားမျိုး ဖြစ်ရမယ်။ ဒီလိုမဟုတ်ဘဲ၊ ဒီတပ်မတော်ဟာ နိုင်ငံသူ၊  နိုင်ငံသားတွေရဲ့ စိတ်ထဲမှာ၊ အော့နှလုံးနာစရာ ဖြစ်မယ်ဆိုရင်၊ ဒီတပ်မတော်ကို၊ တည်ထောင်ထားတဲ့ ရည်ရွယ်ချက်ဟာ အလကားပဲ ဖြစ်မယ်။ တပ်မတော်ခေါင်းဆောင်တွေရဲ့ အရည်အချင်းညံ့ရင်၊ ဒီတပ်လည်းညံ့မှာပဲ။ ဒီတပ်ညံ့ရင်၊ ဒီတိုင်းပြည်လည်းညံ့မှာပဲ။

ဒီတိုင်းပြည်ညံ့ရင်၊ ဒီလွတ်လပ်ရေးဟာ၊ အလကားပဲ။ နိုင်ငံသူနိုင်ငံသားများနှင့် ဆက်ဆံတဲ့အခါ၊ ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ။ မှန်မှန်ကန်ကန် ဆက်ဆံပါ။ ရဲဘော်တို့ကို သူတို့အားကိုးချင်လာအောင်၊ အလုပ်လုပ်ပါ။ ငါတို့သာ၊ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာဖြစ်ဖြစ်၊ ဒီပြင်နိုင်ငံမှာပဲ ဖြစ်ဖြစ်၊ စစ်သားတွေချည်း၊ နိုင်ငံချစ်ကြတာ မဟုတ်ဘူး။ စစ်သား မဟုတ်ပေမယ့် နိုင်ငံအတွက်၊ အမျိုးမျိုး၊ အနစ်နာခံ၊ စွန့်လွှတ်၊ စွန့်စားအလုပ်လုပ်ကြတဲ့သူတွေ၊ ရှိတာပဲ။ ဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းရမယ်။ ငါတို့စစ်တပ်ဟာ၊ နိုင်ငံသူ၊ နိုင်ငံသားတွေကို၊ ညှဉ်းဆဲဖို့မဟုတ်ဘူး။ စစ်တပ်ရဲ့ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်စေရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်၊
ပြောပြတာပဲ။ ဒီစကား၊ ကျုပ်ပြောတာ၊ စစ်တပ်ကိုပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာမဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်၊ လူတွေဖြစ်ကြသော်လည်း၊ မတရားတာ၊ မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာအားလုံး၊ သဘောပေါက်အောင်၊ ပြောပြခြင်းဖြစ်တယ်လို့” တပ်မတော်ဖခင် ပီသစွာ၊ သတိပေး လမ်းညွှန်ခဲ့ပါသည်။

နိုင်ငံရေးနှင့်ပတ်သက်၍ ဗိုလ်ချုပ်ရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်မှာလည်း၊ ရှင်းလင်းပြတ်သားလှပါသည်။ “လူတိုင်းကတော့ တိုင်းရေး၊ ပြည်ရေး လုပ်တာကို၊ နိုင်ငံရေးလို့ တွက်ထားကြတယ်။ အမှန်ကတော့၊ ကိုယ့်ဘ၀ ရပ်တည်ရေးကစပြီး၊ ကိုယ့်အိမ်၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊့ပြည်မကြီးတစ်ခုလုံးရဲ့၊ အလုံးစုံ၊ လူမှုရေးကိစ္စတွေဟာ၊ နိုင်ငံရေးပါပဲ။ နိုင်ငံရေးစကားနဲ့ပြောရင်တော့ လူတွေရဲ့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု အားလုံးဟာ၊ နိုင်ငံရေးပါပဲ” ဟူ၍ နိုင်ငံရေးအနှစ်သာရကိုအများနားလည်အောင် ရှင်းပြနိုင် ခဲ့ပါသည်။

သူထူထောင်ခဲ့သော တပ်မတော်ကို အခွင့်ထူးခံ လူတန်းစားတစ်ရပ်မလုပ်ကြဖို့၊ လွှတ်တော်အပေါ် လက်ဝါးကြီးမအုပ်ဖို့ရန် ၁၉၄၇ ခု ဇွန်လ(၁၀)ရက်နေ့တွင် တိုင်းပြု၊ ပြည်ပြုလွှတ်တော်၌ ရွှေအဆိုအမိန့်တစ်ခုကိုလည်း မိန့်ကြားခဲ့ပါသေးသည်။ ယင်းမှာ “မှတ်ထားကြ။ ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့ကောင်၊ တစ်ကောင်မှ မရှိစေရဘူး။ မပါစေရဘူး။ လူထုငတ်ရင် အားလုံးငတ်ရမယ်။ လူထုဆင်းရဲရင် ဒို့ရဲဘော်တွေအားလုံး ဆင်းရဲရမယ်။ ငါလည်းဆင်းရဲရမယ်။ ငါတို့တွေ၊ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးဟာ၊ ဒီဝါဒနဲ့ချီတက်ဖို့ အရေးကြီးတယ်။” ဟူ၍လည်းကောင်း၊ စစ်တပ်ကိုလွှတ်တော်နှင့် ပတ်သက်၍ “စစ်တပ်က လက်ဝါးကြီးအုပ်ပြီး၊ တိုင်းပြည်လွှတ်တော်က၊ ဘာမှ အစိုးမရတဲ့၊ စစ်အာဏာရှင်စနစ်မျိုး၊ မရှိရလေအောင်၊ စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးပိုင်ခွင့်ရှိရမယ်” ဟူ၍ အာဏာရှင်စနစ် အမြစ်မတွယ်ရလေအောင် နည်းပေးလမ်းပြပြုခဲ့ပါသည်။

ဘာသာလူမျိုးမခွဲခြားသော၊ ပြည်ထောင်စုစိတ်ဓာတ်ပဲ့ကိုင်ရှင် ဗိုလ်ချုပ်က “တစ်ခြားနိုင်ငံများလို၊ ဗမာပြည်မှာလည်း တိုင်းရင်းသား၊ လူမျိုးတွေ၊ အများကြီးရှိတာကို တွေ့နိုင်ပါတယ်။ တရုတ်ပြည်၊ဂျပန်ပြည်နှင့် ရုရှားပြည်တို့မှာလည်း သည်အတိုင်းပဲ။ အမေရိကန်ပြည်မှာ အင်္ဂလိပ်စကားကို၊ အင်္ဂလိပ်၊ အီတလီစတဲ့၊ လူအမျိုးမျိုးတို့ စုပေါင်းပြီး၊ လူမျိုးတစ်မျိုးတည်းဖြစ်အောင် ထူထောင်ပြီးသူတို့ကိုယ်ကို အမေရိကန်လို့ ဆိုကြတာပဲ။ ဒါကြောင့် လူမျိုးရေးအားဖြင့်ကြည့်လျှင် တစ်မျိုးတည်းကို လိပ်ခဲတည်းလည်း စွဲပြီး၊ ယူလို့မဖြစ်ဘူး။ လူမျိုးရေးတရားဟောလည်း၊ ငါ့လူမျိုးမှငါ့လူမျိုး၊ တစ်ခြားလူမျိုးတွေဟာ၊ ငါ့လောက်မပြတ်၊ ငါ့လူမျိုးသာ ကမ္ဘာမှာကြီးစိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့၊ လူမျိုးရေးတရားမဟုတ်ဘဲ၊ ကိုယ့်လူမျိုးကိုယ်ချစ်ခင်သော်လည်း၊ တစ်ခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်းမဖြစ်စေဘဲ ကမ္ဘာမှာတိုင်းပြည်အချင်းချင်းသင့်မြတ်စွာ တစ်ဦးအကျိုးတစ်ဦး ဖြစ်ပွားစေအောင် ဆောင်ရွက်တဲ့ လူမျိုးရေးတရားမျိုးဖြစ်ရမယ်” ဟူ၍ လူမျိုး၊ ဘာသာ၊ သဟဇာတဖြစ်စေမည့်၊ စည်းလုံးညီညွတ်မှုဖြစ်စေမည့် ဓမ္မစကားကို မျှဝေခဲ့ပါသည်။

ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုမရှိသော၊ လူသားဝါဒကျင့်သုံးသော လွတ်လပ်ရေးဖခင်ကြီးကို  ဒီးဒုတ်ဦးဘချိုက ဗုဒ္ဓဘာသာကိုနိုင်ငံတော် ဘာသာအဖြစ် ပြဌာန်းဖို့ တိုက်တွန်းပြောဆိုရာတွင်ဗိုလ်ချုပ်က “ဒီမယ် ကျွန်တော်တို့တိုင်းပြည်မှာ၊ အလောင်းဘုရား လက်ထက်ကတည်းက အစ္စလာမ် ဘာသာဝင်တွေရှိတယ်။ ဘရင်ဂျီဘာသာဝင်တွေရှိတယ်။ အစကတည်းက နတ်ကိုးကွယ်ကြတဲ့တောင်တန်းသားတွေရှိတယ်။ အဲဒီ တောင်တန်းသားတွေဟာ အင်္ဂလိပ်လက်အောက် မြန်မာပြည်
ကျရောက်သွားတဲ့အခါ အချို့ခရစ်ယာန်ဘာသာဝင်တွေဖြစ်သွားကြပြီး၊ အရိုးစွဲနေကြတာတွေရှိတယ်။ သူတို့တစ်တွေ အားလုံးဟာ နိုင်ငံသားတွေပါပဲ။ တိုင်းပြည်ကို၊ ကျွန်တွင်းက တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ချည်းမဟုတ်ဘူး။ သူတို့အားလုံးပါဝင်ခဲ့ကြတယ်။ အခုကျွန်တွင်းက လွတ်မယ် မကြံသေးဘူး။ သူတို့တွေအပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့လူများစုရဲ့(ဗုဒ္ဓ)ဘာသာကို နိုင်ငံတော်ဘာသာဖြစ်ရမယ်လို့၊ လုပ်လိုက်ရင် ကျွန်တော်တို့ဟာ ခွေးလောက်တောင် သောက်သုံး မကျတဲ့ အကောင်တွေ ဖြစ်သွားကြမှာပါ၊ ဆရာ တိုင်းပြည်ကို၊ တိုင်းပြည်ရေးလို တွေးစမ်းပါ။ ဘာသာရေးတွေ၊ ဘာတွေ၊ ညာတွေ လုပ်မနေစမ်းပါနဲ့။ ကျွန်တော်တို့တိုင်းပြည်တစ်ခုလုံးကို စည်းရုံးဖို့လိုတယ်” ဟုဘာသာရေးနှင့်နိုင်ငံရေးကို မရောထွေးဖို့၊ ဝေဖန်၊ ထောက်ပြခဲ့ခြင်းသည်၊ နိုင်ငံရေးအမြော်အမြင်မြင့်မားကြောင်း သက်သေသာဓကတစ်ခုပင်ဖြစ်သည်။

ဘာသာရေးယောင်ယောင်၊ နိုင်ငံရေးယောင်ယောင် လူတစ်ပိုင်းဘုန်းကြီးတစ်ပိုင်းပုံစံကို အမျိုးသားခေါင်းဆောင်ကြီးက မနှစ်မြို့ခဲ့ကြောင်းကို ၁၉၄၇ ခု ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ရန်ကုန်မြို့ မြို့တော်ခန်းမ မိန့်ခွန်းတွင် “ဗုဒ္ဓဘာသာထဲမှ လူတစ်ပိုင်း၊ ဘုန်းကြီးတစ်ပိုင်း ဖြစ်နေတာတွေကို တပည့်တော်တို့၊ မကြိုက်နှစ်သက်ပါဘူး” ဟု ပြည်သူလူထုအား၊ သတိပေးခဲ့ဖူးပါသည်။ ထို့အပြင် ဘာသာရေးခုတုံးလုပ်၊ နိုင်ငံရေးအမြတ်ထုတ် တစ်နပ်စား၊ လူ့အတ္တသမားများနှင့် ပတ်သက်၍ “နိုင်ငံရေးကို ဘာသာ တရားဖြစ်သကဲ့သို့ ပြောဆိုနေကြသူများမှာ ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားများပင်ဖြစ်တယ်။ ထိုသူတို့ရဲ့ ရည်ရွယ်ချက်မှာ ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လီဆယ်ပြောဆိုခြင်းအားဖြင့် ပြည်သူတို့၏စိတ်ကို ရှုပ်ထွေးစေ၍ အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်နိုင်စွမ်းမရှိအောင် လုပ်ခြင်းမျှသာဖြစ်တယ်။ အမှန်မှာ ထိုသူတို့၏ပြုလုပ်မှု့သည် နိုင်ငံရေးမဟုတ်။ မိမိတို့အကောက် ဉာဏ်ကိုသုံး၍ မိမိတို့ကြီးပွားရေးအတွက် တစ်နပ်စား နိုင်ငံရေးပင်ဖြစ်သည်။ ကိုးကွယ်သည့်ဘာ သာတရားမှာ လူအသီးသီး၏သက်ဝင်ယုံကြည်မှုပင်ဖြစ်၏။ နိုင်ငံရေးမှာကား လူအသီးသီး၏ပေါင်းသင်းဆက်ဆံမှု သိပ္ပံအတက်သာလျှင်ဖြစ်၏။” ဟု နိုင်ငံရေးနှင့်ဘာသာရေးကို တစ်ကန့်စီထားရှိဖို့သတိပေးခဲ့သော၊ ရွှေစကား၊ ရွှေမိန့်ခွန်းများသည် ယနေ့မျက်မှောက်ခေတ်၊ အခြေအနေများနှင့် အံဝင်ခွင်ကျ၊ ဖြစ်နေကြောင်း အံ့ဩဖွယ်ရာ တွေ့မြင်နေရပါသည်။

လူထုကို ယုံကြည်အားကိုးသော ပြည်ချစ်ဗိုလ်ချုပ်က “တိုင်းပြည်လူထုရဲ့ထောက်ခံမှုနဲ့ ကျုပ်တို့အစိုးရဖြစ်နေတာ။ တိုင်းပြည်က မကြည်ညိုဘူးဆိုတာကို ကျုပ်တို့သိလာတဲ့ တစ်နေ့မှာ ကျုပ်တို့လည်းတွယ်ကပ်မနေဘူး။ သို့သော်လည်း ကျုပ်တို့ကို တစ်နှစ်လောက်၊ စောင့်ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာ ဘယ်လိုလူတန်းစားမျိုးတွေလဲ။ ရာဇဝင် (သမိုင်း) မှာ အရေးခံမယ့် လူစားမျိုးတွေလား။ ရာဇဝင်မှာ အဆဲခံရမယ့် လူစားမျိုးတွေလားဆိုတာ၊ ခင်ဗျားတို့ကိုယ်တိုင် သိလာပါလိမ့်မယ်။” ဟု မိမိတို့အစိုးရ
အဖွဲ့ကို လူထုကြီးက မကြိုက်တော့လျှင် ကလိမ်ကကျစ်ဉာဏ်ဆင်ပြီး၊ “မျှော့သတ္တဝါ” လိုတွယ်ကပ် နေမည် မဟုတ်ကြောင်း မိန့်ကြားခဲ့သည်ကို ကြည့်လျှင်လူထုကို အစိုးရက တန်ဖိုးထားလေးစားကြောင်း သိသာထင်ရှားလှပါသည်။

“လွတ်လပ်ရေးရပြီးလျှင် ကျုပ်နိုင်ငံရေးလောက ကထွက်မယ်။ ခြံစိုက်မယ်။ စာရေးပြီး အသက်မွေးဝမ်းကြောင်းမယ်” လို့ ပွင့်လင်းရိုးသားစွာ ရင်တွင်းဖြစ်စကားများပြောဆိုခဲ့သော ဗိုလ်ချုပ်ကို သူရိယသတင်းစာတိုက်ပိုင်ရှင် မျိုးချစ်ပါတီထူထောင်သူ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင် နယ်ချဲ့လက်ပါးစေ ဦးစောနှင့်အပေါင်းပါတစ်စုက ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ် ရန်ကုန်မြို့ အတွင်းဝန်ရုံး၍ အစည်းအဝေးလုပ်နေစဉ် လုပ်ကြံခဲ့ကြသည်။ ဗိုလ်ချုပ်အောင်းဆန်းအပါ အာဇာနည်ခေါင်းဆောင်
ကြီး ၉ ဦး ကျဆုံးခဲ့ရသော ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့သည် အမိမြန်မာပြည်ကြီး လွတ်လပ်ရေးအတွက် စွန့်လွှတ်ပေးဆပ်သူတို့၏ မဟာအောင်ပွဲအထိမ်းအမှတ်နေ့ ကမ္ဘာတည်သရွေ့၊ မြန်မာပြည်သူလူထု မေ့၍မရနိုင်သောနေ့တစ်နေ့အဖြစ် တည်ရှိနေမည်မှာ မြေကြီး၊ လက်ခတ်မလွဲပင် ဖြစ်ပေသည်။

ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှု့တက္ကသိုလ်)


%d bloggers like this: