Globalization and Brain Drain (in Burmese)

ဦးနှောက်ယိုစီးမှုနဲ့ ကမ္ဘာပြုမှု (စကားမာရသွန် – ၇၂)
ရေးသူ- လူထုစိန်ဝင်း

ကျောင်းသား။ ။ ကျွန်တော်တို့ အာရှတိုက်သားတွေ တယ်တော်ပါလားဗျ။
ကျောင်းသူ။ ။ ဘာတွေများ ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေတာလဲရှင့်။
ကျောင်းသား။ ။ သတင်းလေးတပုဒ် ဖတ်မိလို့ပါဗျာ။ အမေရိကန်ရောက် အာရှတိုက်သားများရဲ့ တနှစ် ပျမ်းမျှ ၀င်ငွေဟာ သူတို့ အမေရိကန်တွေထက်တောင် များသတဲ့ ခင်ဗျ။
ကျောင်းသူ။ ။ တယ်ဟုတ်ပါလား။ ဘယ်လောက်ထိ များသလဲရှင်။
ကျောင်းသား။ ။ ၁၉၉၆ ခုနှစ်က ကောက်တဲ့ စစ်တမ်းအရ အာရှတိုက်သားများရဲ့ ပျမ်းမျှဝင်ငွေဟာ တနှစ်ကို ဒေါ်လာ ၄၂၉၀၀ ရှိပြီး အမေရိကန်တယောက်ရဲ့ ပျမ်းမျှဝင်ငွေကတော့ ဒေါ်လာ ၃၆၁၀၀ ပဲ ရှိသတဲ့။

ဆရာ။ ။ အံမယ် အတော်ကွာပါလားကွဲ့။
ကျောင်းသား။ ။ အမေရိကန်ရောက် လက်တင်အမေရိကန်နိုင်ငံသားများရဲ့ ပျမ်းမျှဝင်ငွေက ဒေါ်လာ ၂၄၁၀၀ လောက်ပဲ ရှိသတဲ့ ခင်ဗျ။ ပညာရေးမှာလည်း အာရှတိုက်သားတွေက သာတာပဲတဲ့လေ။

ကျောင်းသူ။ ။ နှိုင်းယှဉ်ပြပါဦး။
ကျောင်းသား။ ။ ပညာနဲ့ လုပ်ရတဲ့ စီမံခန့်ခွဲမှု အလုပ်ကြီးအကိုင်ကြီးတွေမှာ အာရှသားများရဲ့ သုံးပုံတပုံလောက် လုပ်နေကြပြီး လက်တင်နိုင်ငံသားများကတော့ ၁၁ ရာနှုန်းလောက်သာ ရှိပါတယ်။

ဆရာ။ ။ တို့ လူဝါ၊ လူညို၊ လူမည်းတွေဟာ လူဖြူတွေထက် ဘယ်ဘက်က ယှဉ်ယှဉ် မညံ့ပါဘူးကွဲ့။ ကမ္ဘာ့ အားကစားပွဲတွေ ကြည့်ပါလား။ ကမ္ဘာ့အမြန်ဆုံးယောက်ျားဟာ လူမည်း ဖြစ်သလို၊ ကမ္ဘာ့ အမြန်ဆုံး မိန်းမဟာလည်း လူမည်းပဲလေ။ ပြေးခုန်ပစ်လို၊ လက်ဝှေ့လို တဦးချင်း စွမ်းရည်ပြိုင်ရတဲ့ နေရာတိုင်းမှာ လူမည်းတွေချည်း ကြီးစိုးနေတာ မဟုတ်လား။
ကျောင်းသူ။ ။ လူလူချင်း ပြိုင်ရတာမျိုးဆို အာရှ၊ အာဖရိကသားတွေက ဥရောပသားတွေ၊ အမေရိကန်တွေထက် သာတယ်ဆိုတဲ့ သဘောပေါ့နော်။

ကျောင်းသား။ ။ အာရှသားတွေ ဘာကြောင့် ၀င်ငွေကောင်းကြတယ်ဆိုတဲ့ အကြောင်းရင်းကိုလည်း ပြောထားသေးတယ်ခင်ဗျ။
ဆရာ။ ။ ဆိုစမ်းပါဦးကွဲ့။
ကျောင်းသား။ ။ အမေရိကန်ကို ၀င်လာကြတဲ့ အာရှတိုက်သားတွေရဲ့ အများစုဟာ ပညာတတ်တွေ ဖြစ်ကြတယ်တဲ့။ သူတို့ မူရင်းနိုင်ငံမှာ ပညာသင်ကြားတတ်မြောက်ပြီးမှ အလုပ်လုပ်ဖို့ အမေရိကန်ကို ရောက်လာကြတာ ဖြစ်တယ်တဲ့။ လက်တင်အမေရိက နိုင်ငံသားတွေကတော့ ပညာသိတ်မတတ်တဲ့ အလုပ်ကြမ်းသမား ပျံကျတွေ များတယ်တဲ့။

ကျောင်းသူ။ ။ အာရှက ပညာတတ်တွေ အရောက်များတယ်ဆိုတော့ အမေရိကန်တွေက အမြတ်ထွက်တာပေါ့နော်။ ပညာသင်ပေးရတဲ့စရိတ် တပြားတချပ်မှ မကုန်လိုက်ရဘဲနဲ့ ကျွမ်းကျင်လုပ်သားတွေ အများကြီး ရနေတာပေါ့။
ဆရာ။ ။ အဲဒါကြောင့် ကုလသမဂ္ဂညီလာခံကြီးတွေမှာ ဦးနှောက်ယိုစီးမှု (brain drain) ပြသနာကို အမြဲတမ်း ဆွေးနွေးနေကြရတာပေါ့ကွယ်။ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေက ပညာတတ်တွေ ထွက် ထွက်သွားကြတော့ ပိုပိုပြီး ဖွံ့ဖြိုးမှု နှောင့်နှေးရတော့တာပဲလေ။

ကျောင်းသား။ ။ တလောကပဲ စင်ကာပူက သူတို့နိုင်ငံရဲ့ အိုင်တီ လုပ်ငန်းတိုးချဲ့နိုင်ဖို့ ပြည်ပက ပညာရှင်တွေ များများသိမ်းသွင်းဖို့ ဆောင်ရွက်နေတယ်ဆိုတာ ဖတ်လိုက်ရသေးတယ်။
ကျောင်းသူ။ ။ ဒီနေ့ သတင်းစာမှာလည်း တရုတ်က အိုင်တီ ပညာတတ်တွေ နိုင်ငံခြားက ခေါ်ယူငှားရမ်းမယ်ဆိုတဲ့ သတင်း ပါလာသေးတယ်။

ဆရာ။ ။ ပညာသင်ပေးရတဲ့စရိတ် မကုန်ဘဲနဲ့ ပညာတတ်တွေရအောင်လုပ်တဲ့ နည်းလမ်းကို စက်မှုနိုင်ငံကြီးတိုင်းလိုလိုက လုပ်နေကြတာပဲကွဲ့။ ဥရောပက ဂျာမနီတို့၊ ပြင်သစ်တို့မှာလည်း အရှေ့အလယ် ပိုင်းဒေသက ပညာတတ်တွေ တဖွဲဖွဲဝင်ရောက်နေကြတာပဲ။
ကျောင်းသား။ ။ အရှေ့ဘက်က ဂျပန်ဆိုလည်း နေ့စဉ်နဲ့အမျှ ပြည်ပက ခိုးဝင်လာတဲ့ လူတွေ ရောက်နေတာကို မသိချင်ယောင် ဆောင်ထားတာပဲ။ ဂျပန်မှာ အဲဒီလိုလူမျိုးတွေ သိန်းပေါင်းများစွာ ရှိပါတယ်။ တရားမ၀င် နေထိုင်ကြသူတွေဆိုတော့ လုပ်ခ လစာကို ပေးချင်သလောက် ပေးလို့ရရုံသာမက တခြား အလုပ်သမားအခွင့်အရေးတွေ ဘာတွေလည်း ဘာမှ ပေးစရာ မလိုဘူးလေ။ အလုပ်ရှင်တွေအဖို့ သိပ်တွက်သား ကိုက်တာပေါ့။

ကျောင်းသူ။ ။ အဖမ်းအဆီးတွေ ရှိတော့ ရှိတယ် မဟုတ်လား။
ကျောင်းသား။ ။ သူတို့ ပြည်တွင်းမှာ ပြသနာ နည်းနည်းပါးပါးပေါ်လို့ သတင်းစာတွေက ၀ိုင်းရေးကြတဲ့ အခါမျိုးတွေမှာ ခိုးဝင်လာသူတွေကို ဖမ်းဆီးနှင်ထုတ်တာမျိုး ရှိပေမယ့် အသံဗလံတွေ ငြိမ်သွားတော့လည်း မမြင်ချင်ယောင် ဆောင်မြဲ ဆောင်နေကြတာပါပဲ။
ကျောင်းသူ။ ။ ဒီလိုနဲ့ပဲ လူတွေကို ကုန်ပစ္စည်းလို ထုတ်ကုန်သဘောမျိုး လုပ်နေကြတာ တော်တော်များပြီနော်။ ဖိလစ်ပိုင်တို့၊ အင်ဒိုနီးရှားတို့၊ ဘင်္ဂလားဒေ့ရှ်တို့၊ သီရိလင်္ကာတို့ဆိုရင် အစိုးရကိုယ်တိုင် ကတောင် နိုင်ငံခြားသွား အလုပ်လုပ်ကြဖို့ လှုံ့ဆော်နေကြတာ။ ဒါ့အပြင် လူတွေကို ကွန်တိန်နာကြီးတွေထဲ ထည့်ပြီး ခိုးသွင်းကြတာမျိုးလည်း ရှိနေတာပဲ။
ကျောင်းသား။ ။ ကွန်တိန်နာကြီးတွေထဲ ထည့်သွားလို့ အထဲကလူတွေ အားလုံး မွန်းကျပ်ပြီး သေကုန်ကြတာတွေလည်း ရှိတယ်လေ။

ဆရာ။ ။ ဆင်းရဲလို့ ပညာမတတ်ကြ၊ ပညာမတတ်ကြလို့ ဆင်းရဲကြ သံသရာလည်နေတာပေါ့ကွယ်။
ကျောင်းသူ။ ။ ဒီကြားထဲ ‘ရှင်နည်းရာ အဂ္ဂလူထွက်’ ဆိုသလို ရှိတဲ့ ပညာတတ်ကလေးတွေက ပြည်ပ ထွက် ထွက်သွားကြလေတော့ ပိုဆိုးကုန်တာပေါ့။

ကျောင်းသား။ ။ ‘နယ်စည်းမခြား ဘာညာ ဘာညာ’ ဆိုတဲ့ ခေတ်ကြီးဆိုတော့လည်း ဒါမျိုးတွေ တားဆီးဖို့က မလွယ်ဘူးလေ။
ကျောင်းသူ။ ။ ‘ဦးနှောက်ယိုစီးမှု’ ပြသနာက ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အင်မတန် ကြီးမားတဲ့ ပြဿနာကြီး ဖြစ်နေတာဆိုတော့ တားဆီးဖို့ နည်းလမ်းတော့ ရှာသင့်ကြတယ် မဟုတ်လား။
ကျောင်းသား။ ။ ကမ္ဘာပြုမှု (ဂလိုဘယ်လိုက်ဇေးရှင်း) ခေတ်ကြီးမှာ တားဆီးလို့ မရနိုင်တော့ဘူးတဲ့ ခင်ဗျ။ ဒါ ခေတ်ရေစီးကြာင်းပဲတဲ့။ တားဆီးရင် တားဆီးတဲ့လူသာ ရေစီးကြောင်းထဲ မျောပါသွားမှာပဲတဲ့။

ကျောင်းသူ။ ။ ဒီ ‘ကမ္ဘာပြုမှု’ ဆိုတဲ့ စကားကို ရှေ့နောက် ဆင်ခြင်စဉ်းစားမှုမပြုဘဲ ‘သံယောင်လိုက်’ ဟစ်နေလို့တော့ မဖြစ်ဘူးထင်တယ်နော်။ ဆရာကော ဘယ်လိုသဘောရသလဲရှင့်။
ဆရာ။ ။ ခေတ်ကြီးက ‘ကမ္ဘာပြုမှု’ တို့၊ ‘ကမ္ဘာ့ရွာကြီး’ တို့ ဆိုတဲ့စကား၊ ‘သတင်းနည်းပညာကွန်ရက်’ တို့၊ ‘အိုင်တီ’ တို့ဆိုတဲ့ စကား ခပ်များများ၊ ခပ်ကျယ်ကျယ်အော်မှ ခေတ်မီတယ် ထင်နေကြတာကွဲ့။
ကျောင်းသူ။ ။ ဆရာ့အမြင် ပြောပါဦးရှင်။
ဆရာ။ ။ ဆက်သွယ်ရေးနည်းပညာတွေ ထွန်းကားတိုးတက်လာတော့ ကမ္ဘာကြီးဟာ ရှေးကလို အကျယ်ကြီးမဟုတ်တော့ဘဲ ‘ကျုံ့’၊ ‘ငယ်’ သွားတာတာ မှန်တယ်။ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးအမြင်တွေ စွန့်ပြီး အားလုံးဟာ ကမ္ဘာရွာကြီးထဲက ကမ္ဘာသူ ကမ္ဘာသားတွေလို့သာ သဘောထားသင့်တယ် ဆိုတဲ့ အယူအဆ ဟာလည်း သဘောတရာအရတော့ မှန်တယ်၊ ကောင်းတယ်၊ ဒါပေမယ့် လက်တွေ့မှာတော့ မဖြစ်နိုင်သေးဘူး ထင်တယ်ကွဲ့။
ကျောင်းသူ။ ။ ရှင်းပြပါဦးဆရာ။

ဆရာ။ ။ လူသားတွေက ဇွတ်အတင်း ဖန်တီးထားတဲ့ နယ်နမိတ် မျဉ်းကြောင်းတွေ ပပျောက်အောင် လုပ်ရမယ်လို့ ကြွေးကြော်တာ ကြွေးကြော်သံအရတော့ ကောင်းပါတယ်။ ဒါပေမယ့် လက်တွေ့တော့ အဲဒီလို ကြွေးကြော်နေတဲ့ နိုင်ငံကြီးတွေကိုယ်တိုင်က သူတို့နယ်နမိတ်တွေကို တင်းသထက်တင်း၊ ကျပ် သထက် ကျပ်အောင် ပိတ်ဆို့နေကြတယ် မဟုတ်လား။ ပြီးတော့မှ တဖက်ကနေညပီး နိုင်ငံလေးတွေရဲ့ နယ်နမိတ် ကန့်သတ်မှုတွေ ဖွင့်ပေးရမယ်တို့၊ လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန် တည်ဆောက်ရမယ်တို့ တောင်းဆို နေကြတယ်လေ။

ကျောင်းသား။ ။ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်တို့ ဘာတို့ဆိုတာက စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ပြီးသား နိုင်ငံတွေအတွက်သာ အမြတ်ထွက်တာပေါ့နော်။
ဆရာ။ ။ ဟုတ်တယ်လေကွယ်။ ပို့ကုန်ထုတ်ကုန် များများစားစား ရောင်းစရာ မရှိတဲ့ နိုင်ငံငယ်လေးများက တံခါးတွေ ဘယ်လောက်ဖွင့်ပေးပေး ဘာတွေ သွားရောင်းမှာလဲ။ ကိုယ့်တံခါးပေါက်ကသာ သူတို့ နိုင်ငံကြီးတွေဆီက ချိုချဉ်၊ ချော့ကလက်ကအစ junk food လို့ သူတို့ ပြောပြောနေတဲ့ ‘အမှိုက်စာ’ တွေအထိ ဒလဟော ၀င်လာကြမှာပေါ့။
ကျောင်းသူ။ ။ ကိုယ်ကျိုးစီးပွါး ကာကွယ်ရေးဝါဒ (protectionist policy) ဆိုတာ ဧရာမ ဆင် နိုင်ငံကြီးတွေမှလည်း ရှိတယ်မှုတ်လားရှင့်။

ဆရာ။ ။ ရှိပါသော်ကောကွယ်။ ဂျပန်နဲ့ အမေရိကန် နှစ်စဉ်လိုလို ကုန်သွယ်ရေး စစ်ထိုးပွဲတွေ ဖြစ်နောကတာ ကြည့်ပါလား။
ကျောင်းသား။ ။ ကမ္ဘာပြုမှု (ဂလိုဘယ်လိုက်ဇေးရှင်း)ဆိုတာ ဧရာမ ဆင် နိုင်ငံကြီးတွေက သူတို့ချင်း ညှိပြီး ကမ္ဘာကြီးကို လွှမ်းမိုးအုပ်စီးဖို့အတွက် ကြွေးကြော်တဲ့ ကြွေးကြော်သံပဲလို့ ပြောရင် ဆရာ သဘောတူလက်ခံ နိုင်မလား။
ဆရာ။ ။ လက်ခံနိုင်ပါတယ် မောင်ရယ်။ ကောင်းကောင်းကြီးကို လက်ခံနိုင်ပါတယ်။

လူထုစိန်ဝင်း။
၁၀-၁၂-၂၀၀၄
[လူထုစိန်ဝင်းရဲ့ စကားမာရသွန်-၂ စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၀၇ စက်တင်ဘာမှ ကူးယူဖော်ပြပါတယ်]

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: