ဘာကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်က အောင်ပွဲ ခံနိုင်ခဲ့ကြတာလဲ?

TQ DNAK for the link.
I also do not like U Kyaw Nyein, but in this article from Mizzima he kept on mentioning about U Rashid who is a Kalar..

By ဘိုဘိုကျော်ငြိမ်း | သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ်

ကျနော်တို့ ဗမာလူမျိုးတွေဟာ သူရဲကောင်း ကိုးကွယ်ချင်တဲ့ စိတ်ရှိကြတယ်။ ဒါကြောင့်သူရဲကောင်းမျှော်တဲ့ (မင်း)လောင်းမျှော်တဲ့ အကျင့်ကလေးဟာလဲ တွယ်ကပ်ပါလာကြပြန်တယ်။ ဒီ (စိတ်) ဒီအကျင့်စရိုက်တွေကြောင့် လူအများဟာ ကိုယ့်အားကိုယ်ကိုးချင်တဲ့ စိတ်တွေနည်းပါးလာကြပြီး စကြာဝတေးမင်း မြင်းပျံကြီးစီးပြီး လာကယ်မယ့်နေ့ကိုပဲ စိတ်ကူးယဉ်နေကြတယ်လို့ ခံစားရမိတယ်။

ဒါကြောင့် ဒေါ်စုမွေးနေ့ရောက်ရင် ကမ္ဘာတဝှမ်း ဧည့်သည်တော်ကြီးတွေကိုဖိတ်၊ ထမင်းစားပွဲကြီးတွေ ကျင်းပကြ၊ ဓာတ်ပုံစုံစုံ ရိုက်ပြီး အင်တာနက်ပေါ် အပြိုင်အဆိုင် တင်ကြ၊ အန်တီစု ..အမေစုရဲ့… ဆိုပြီး ငိုကြယိုကြ၊ ကဗျာတွေသီကုံးဖွဲ့ဆိုကြပေါ့။ အဲ အာဇာနည်နေ့ ရောက်ပြန်ရင်တခါ ဗိုလ်ချုပ်ကို လွမ်းကြပြန်ရော။ အို…..ဖခင်ဗိုလ်ချုပ်ရဲ့… အာဇာနည်ကြီးရဲ့ …. ကယ်တင်ရှင်ကြီးရဲ့….. ဆိုပြီး တခါ ငိုကြ..ယိုကြ..တမ်းတ ကြပြန်ရော။ အဲပြီးသွားရင် ကိုယ်အိမ်ကိုယ်ပြန်ကြပြီး ကိုယ့်ဘဝ ကိုယ်လျှောက်ကြ၊ ကြုံရင် ကြည့်မရတဲ့သူ ကိုခလုတ်တိုက်သွားကြ၊ ဒါမှမဟုတ် နာမည်ရအောင် စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေကို အင်တာနက်ပေါ် တက်ဆဲလိုက်ကြနဲ့ တနှစ်ကုန်သွားပြန်ပေါ့။ စစ်အာဏာရှင် စံနစ်က လွတ်မြောက်အောင် (ငါ) တို့ဘာလုပ်ရမယ်၊ ဘာတွေလိုအပ်တယ်၊ ဘာတွေပြင်ဆင်ရမယ်၊ ဘယ်လိုရင်ဆိုင်မယ်၊ ဘယ်လိုဗျူဟာနဲ့ အနိုင်တိုက်မယ် ဆိုတာ တွေကို စိတ်မဝင်စားကြဘူး။

ခေတ်သစ် နိုင်ငံရေး စာရေးသူ အများစုကို လေ့လာကြည့်ရင် Objective Analysis လို့ခေါ်ရမယ့် ဓမ္မဒိဋ္ဌာန်ကျကျ သုံးသပ်မှုဟာ ရှားပါးလှ တယ်လို့ထင်မိပြန်တယ်။

ဒေါ်စု အိမ်တွင်း အထိန်းသိမ်းခံဘဝက လွတ်မြောက်တဲ့နေ့ရယ်၊ နောက်တနေ့ လူထုနဲ့ တွေ့ဆုံတဲ့နေ့မှာ လူထုက သောင်းသောင်းဖြဖြ ကြိုဆိုတာဟာ လူထုရဲ့ အသည်းကြားမှာ ဒေါ်စုရှိနေသေးတယ် ဆိုတာကို ပြလိုက်တာပဲ။ မျက်ရည်ကျလောက်အောင် အားရစရာ ကောင်းလှပါတယ်။ ဒေါ်စုရဲ့ ဖခင် ကျုပ်တို့ ဗိုလ်ချုပ် ရွှေတိဂုံမှာ မိန့်ခွန်းခြွေတဲ့နေ့နဲ့ နေသူရိန် အစည်းအဝေးပွဲတွေကို ပြေးသတိရမိတယ်။ လူထုထောက်ခံမှုရတာဟာ ပထမအပိုင်းပဲ ရှိပါသေးတယ်၊ ဒုတိယအပိုင်းက ဒီထောက်ခံမှုကို အခြေခံ (အား)ယူပြီး ဒုတိယ လွတ်လပ်ရေးကို ဆွတ်ခူးနိုင်ဖို့ကျန်သေးတယ်။ ဒေါ်စုကိုယ်တိုင်က အားလုံးပါဝင်ကြရမယ် ကျမတယောက်ထဲနဲ့မဖြစ်ဖူးလို့ ဆိုခဲ့ပြီ။ တွေးတတ်ရင် အလုံးစုံကို ဒေါ်စုပုခုံးပေါ် ဝိုင်းတင်ကြတာ မတရားပါဘူး။ သမ္မတကနေဒီ ပြောခဲ့တဲ့ နာမည်ကြီး စကားစု ရှိပါတယ်။ “တိုင်းပြည်ကငါ့အတွက် ဘာလုပ်ပေးနိုင်သလဲဆိုတာကိုမမေးပါနဲ့၊ ငါကတိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်သလဲ ဆိုတာကိုသာ မေးပါတဲ့”။ မှတ်သားစရာလေးပါ။

ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ကို လွတ်လပ်ရေးရအောင် ဦးဆောင်နိုင်ခဲ့တဲ့ လွတ်လပ်ရေး ဖခင်ဖြစ်တာကြောင့် လေးစားတာ ချစ်ခင်တာ သဘာဝကျပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးကို ရအောင် ဦးဆောင် တိုက်ယူနိုင်ခဲ့တဲ့ မျိုးချစ်ခေါင်းဆောင် လွတ်လပ်ရေး ဗိသုကာ နိုင်ငံ့သူရဲကောင်းဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့ အချက်ပါ။  ဗိုလ်ချုပ်အောင်ဆန်းဟာ သူရဲကောင်းအပြင် တခေတ်မှာ တယောက်သာ ပေါ်ပေါက်တတ်တဲ့ တကယ့် လူတော်လူကောင်း ထူးခြားတဲ့ ခေါင်းဆောင်ကောင်းတဦးဖြစ်ပြန်တယ်။

လောကမှာ အကျိုးတရားနဲ့ အကြောင်းတရား ဆိုတာ ဒွန်တွဲနေတာပဲ မဟုတ်ပါလား။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ ဖဆပလ အဖွဲ့ကြီး အင်္ဂလိပ်လက်က လွတ်လပ်ရေးကို ရအောင် တိုက်နိုင်ခဲ့တဲ့ (အကျိုးတရား) အနောက်မှာ (အကြောင်းတရား)တွေ အများကြီးရှိသလို ဗိုလ်ချုပ်တို့ဆီက အတုယူစရာ အကျင့်အကြံ အရည်အချင်းနဲ့ ဗိုလ်ချုပ်ရဲ့ ခေါင်းဆောင်မှု – (စံ) နဲ့ စနစ် – နည်းပရိယာယ် – အမြောက်အမြားရှိပါတယ်။

ကျနော်တို့ ဗမာလူမျိုးအများစုဟာ သူရဲကောင်း ကိုးကွယ်ချင်တဲ့ အကျင့်ကြောင့် ပုဂ္ဂိုလ်ရေး ချီးကျူးတေး တွေကိုသာ ဖွဲ့ဆိုကျုးရင့်လိုကြတယ်။ အတွင်းကျကျ ဆည်းပူးပြီး လေ့လာသုံးသပ်မှု Analysis မှာ အားနည်းတာကို ဉာဏ်ရှိသူတွေ သတိပြုမိကြမှာပါ။ ဒါကြောင့် ခေတ်သစ် နိုင်ငံရေး စာရေးသူ အများစုကို လေ့လာကြည့်ရင် Objective Analysis လို့ခေါ်ရမယ့် ဓမ္မဒိဋ္ဌာန်ကျကျ သုံးသပ်မှုဟာ ရှားပါးလှ တယ်လို့ထင်မိပြန်တယ်။

ဗိုလ်ချုပ်တို့ ခေတ်က မျိုးချစ်တော်လှန်ရေးသမားတွေ ဘာကြောင့် လွတ်လပ်ရေးကို အနိုင်တိုက်နိုင်ခဲ့ကြသလဲ ဆိုတာကို လေ့လာသုံးသပ်ပြီး ဗိုလ်ချုပ်တို့ရဲ့ တိုက်နည်း တိုက်ဟန် တိုက်ကွက် နည်းဗျူဟာ မဟာဗျူဟာတွေကို လေ့လာ သဘောပေါက်ပြီး အတုယူ နိုင်မှ ဗိုလ်ချုပ်တို့ခေတ်ကလို အောင်ပွဲခံနိုင်လိမ့်မယ် လို့ ထင်မြင် ယုံကြည်တာကြောင့် ဒီဆောင်းပါးကို ရေးရတာပါ။

ဗိုလ်ချုပ်အောင်ဆန်းဟာ အချိန် (Time) နဲ့ယှဉ်ပြီး မှတ်ကျောက်အတင်ခံနိုင်တဲ့ စစ်မှန်တဲ့ ခေါင်းဆောင် ဆိုတာကို အရင် အသိအမှတ်ပြုပါရစေ။

ကျနော်ဘာကို ဆိုလိုတာဘာလဲ။

ဥပမာ မော်စီတုံး ဟာ အသက်ရှိစဉ် ကာလမှာ တရုတ်ပြည်ကြီးမှာ ဘုရားတဆူတမျှ တန်ခိုးကြီးထွားခဲ့ပါတယ် ဒါပေမဲ့ ယနေ့တရုတ်စာသင်ကျောင်းတွေမှာ မော်စီတုံး အကြောင်း စာတပိုဒ်ပဲ သင်ကြရတော့တယ်။ အာဏာနဲ့ ရမ်းခဲ့တာတွေ သတ်ခဲ့တာတွေ ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ မော်ဟာ ဘုရားမဟုတ်ဖူးဆိုတာ တရုတ်တွေ သိသွားကြရပြီ။ သို့သော်လဲ မော်ဟာ တရုတ်တော်လှန်ရေးမှာ အရေးပါတဲ့နေရာက ပါခဲ့တယ်ဆိုတာ ဟာငြင်းမရတဲ့အချက်ပါပဲ။ ဒါကြောင့် ရာဇဝင်မှာ နေရာမှန် ပြန်ရောက်သွားရတာပါ။ ထို့နည်းအတူ စတာလင်ဟာ သက်ရှိ အထင်အရှားရှိစဉ်က မော်ကိုပင် ကြိုးဆွဲနိုင်ခဲ့တဲ့ ဘုရားတဆူပါပဲ။ ရုရှားတွေသာမက ကမ္ဘာ့ကွန်မြူနစ်တွေရဲ့ ဘုရားတဆူပေါ့။ ဒါပေမဲ့ သေပြီးမကြာမီမှာပဲ ကရူးရှက်ရဲ့ ကျေးဇူးကြောင့် ဒို့ဘုရားဟာ လူသတ်သမား (mass murderer) ကြီးဆိုတာ ကမ္ဘာက သိခွင့်ရခဲ့ကြရတယ်။

ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ကြိုက်တဲ့(အချိန်) ကြိုက်တဲ့ခေတ်မှာ လေ့လာကြပါ စံတင်ကြည့်ပါ။ မပြောင်းလဲစေရပါဘူး။ ခေါင်းထောင်လျက်ပဲ….လေးစားလျက်ပဲ။ ရဲရဲပြောရဲပါတယ်၊ လက်ရှိစစ်အစိုးရဟာ ဗိုလ်ချုပ်ကို ဒေါ်စုရဲ့ ဖခင်ဆိုပြီး အလေးမပေးချင်ဘူးလို့ထင်မိတယ်၊ ဒါပေမဲ့ ဗိုလ်ချုပ်ကိုပြည်သူတွေရဲ့ အသည်းကြားက ဆွဲနှုတ်လို့မရပါဘူး။

ဘာကြောင့်လဲ။

ဗိုလ်ချုပ်အောင်ဆန်း ရဲ့အဓိက လက်နက်ဟာ အမှန်တရားကို လက်ကိုင်ထားတဲ့ မလိမ်မညာတဲ့ ရိုးသားဖြူစင်မှု (Honesty)၊ တိုင်းပြည်နဲ့ လူမျိုး အပေါ်ထားတဲ့ စေတနာနဲ့ မျိုးချစ်စိတ်ကြောင့်ပဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီ ရိုးသားဖြူစင်မှု (Honesty) နဲ့ သူရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေအပြင် ပြိုင်ဖက်တွေကိုပါ အနိုင်ယူ စည်းရုံး နိုင်ခဲ့တယ်။

ဒီစိတ်ဓာတ်တွေကြောင့်  ဗိုလ်ချုပ်အောင်ဆန်းဟာ အားလုံးကို ဗြောင်ဗြောင်တင်းတင်း.. ခုခေတ် အကြိုက်စကားနဲ့ ပြောရရင်တော့ ဖုံးကွယ်ခြင်း အလျင်းမရှိတဲ့ Transparency အပြည့်နဲ့ တိုင်းပြည်တာဝန် ကိုထမ်းဆောင်ခဲ့တယ်၊ တာဝန်ခံရဲတယ်။

အားရစရာ ရှိတာက ဗိုလ်ချုပ်သမီးဟာလဲ ဖခင်နည်းတူ ရိုးသားဖြူစင် (Honest) ဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်း ရဲ့နိုင်ငံရေးဘဝ ကို လေ့လာရင် (၂) ပိုင်းတွေ့နိုင်ပါတယ်။ ပထမအပိုင်းက ၁၉၃၆ ကျောင်းသားသပိတ် ခေါင်းဆောင်ဘဝစပြီး ဖဆပလအဖွဲ့ကြီးကို ထူထောင်နိုင်ခဲ့တဲ့ ခေါင်းဆောင် တည်ဆောက်မှုဘဝ ဖြစ်ပြီး ဒုတိယဘဝမှာ ပြိုင်ဘက်မရှိ ခေါင်းဆောင်ဖြစ်ပြီးမှ မိမိရရှိလာတဲ့ ခေါင်းဆောင်မှုနဲ့ နေရာ၊ ပြည်သူရဲ့ထောက်ခံမှု (ပြည်သူ့အာဏာ)ကို အရင်းပြုပြီး မိမိရည်မှန်းချက်ကို အကောင်အထည်ဖေါ်တဲ့ ဘဝ၊ လွတ်လပ်ရေးကို အရတိုက်နိုင်ခဲ့တဲ့ ဘဝလို့ဆိုနိုင်ပါတယ်။

ပထမနိုင်ငံရေးဘဝ – ကျောင်းသားသမဂ္ဂ

ဗိုလ်ချုပ်အောင်ဆန်းဟာ ကောလိပ်ကျောင်းသားဘဝ၊ ကျောင်းသားခေါင်းဆောင်ဘဝမှာ ကျောက်ရိုင်းသာသာ ရှိသေးချိန်မှာတောင် ပင်ရင်းဇာတိက ပေါ်လွင်ခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ရှေ့တန်းကနေရာယူပြီး  တာဝန်ယူ ခေါင်းဆောင်ချင်တဲ့လူမျိုးဖြစ်တယ် ။

ဗိုလ်ချုပ်အောင်ဆန်းတို့ ကောလိပ်ရောက်သည့် အချိန်မှာ ကျောင်းသားသမဂ္ဂဟာ အင်္ဂလိပ် အလိုတော်ရိ ကျောင်းသားတွေရဲ့ လက်ထဲမှာ ကျရောက်လျက် ရှိပါတယ်။ ၁၉၃၄-၃၅ ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲမှာ အမျိုးသားရေး နိုးကြားမှုရှိ၍ နိုင်ငံရေးစိတ်ဓာတ် ရှိတဲ့ ကျောင်းသားတစု ဝင်အရွေးခံကြတယ်။ ကိုအောင်ဆန်း ကိုသီဟန် ကိုကျော်ငြိမ်း ကိုသိန်းဖေ တို့ဖြစ်ကြတယ် (ဦးသိန်းဖေမြင့်၏ကျော်ငြိမ်း စာမျက်နှာ(၂၅))

အရွေးမခံရခင်ကထဲက ကိုအောင်ဆန်းက ကိုကျော်ငြိမ်းကို ငါအတွင်းရေးမှူး လုပ်မယ်လို့ ကြို အသိပေးထားတယ်။ (ဦးကျော်ငြိမ်း၏ ကိုယ်ရေးမှတ်တမ်းမှ) ကံဆိုးချင်တော့ အဲဒီနှစ်မှာ ကိုကျော်ငြိမ်းနဲ့ ကိုသိန်းဖေတို့ပဲ အရွေးခံရခဲ့တယ်။ အောက်တိုဘာ ကျောင်းပိတ်ရက်မှာ ဒုဥက္ကဋ္ဌ နေရာလစ်လပ်သွားတော့ ၅ဦးအဖွဲ့ (ကိုနု-ကိုအောင်ဆန်း-ကိုအုန်း-ကိုကျော်ငြိမ်း-ကိုသိန်းဖေ) တိုက်တွန်းချက်အရ ကြားဖြတ် ရွေးကောက်ပွဲမှာ ကိုနု ဝင်ပြိုင်ရာ ယှဉ်ပြိုင်သူမရှိ အရွေးခံခဲ့ရပါတယ်။ (ကျောင်းသား လှုပ်ရှားမှု သမိုင်း (အောင်ထွန်း) -စာမျက်နှာ(၆၁))

၁၉၃၅-၁၉၃၆ တကသ အမှုဆောင် အဖွဲ့မှာတော့ နိုင်ငံရေး ကျောင်းသားများက ရွေးကောက်ပွဲမှာ အနိုင်ရ အုပ်စိုးထားနိုင်ခဲ့ကြပေပြီ။ ၁၉၃၅-၃၆ တကသ အမှုဆောင် အဖွဲ့ကို ရာဇဝင် အမှတ်တရဖြစ်စေရန် တင်ပြပါရစေ။ ဘာ့ကြောင့်လဲဆိုတော့ တက္ကသိုလ်သမဂ္ဂဟာ နောင် တိုင်းပြည် ခေါင်းဆောင်ဖြစ်လာကြမယ့် ခေါင်းဆောင်များကို မွေးဖွားပေးရာဌာန ဖြစ်လာတာကြောင့်ပါ။

၁။ ကိုနု            ဥက္ကဋ္ဌ             (နောင်ဝန်ကြီးချုပ်)
၂။ ကိုရာရှစ်        ဒုဥက္ကဋ္ဌ            (နောင်ဝန်ကြီး)
၃၊ ကိုသီဟန်        အတွင်းရေးမှူး        (နောင်ဝန်ကြီး)
၎။ ကိုအောင်ဆန်း    အိုးဝေစာတည်းအယ်ဒီတာ                (နောင်ဗိုလ်ချုပ်အောင်ဆန်း)
၅။ ကိုအုန်း        ငွေထိန်း            (နောင်သံအမတ်)
၆။ ကိုထွန်းအုံ        စာကြည့်တိုက်မှူး        (နောင် ရန်ကုန်မြူနီစပယ်မင်းကြီး)
ရ။ ကိုသာလှ        နိုင်ငံခြားဆက်သွယ်ရေး    (နောင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်)
ဂ။ ကိုဘဆက်        အားကစားမှူး            (နောင်နိုင်ငံခြားရေးဌာန)
၉။ ကိုထွန်းတင်        ပေါင်းသင်းဆက်ဆံရေးမှူး    (နောင် လျှပ်စစ်ဘုတ်ဥက္ကဋ္ဌ)

တို့ဖြစ်ကြတယ်။ (  ကျောင်းသားလှုပ်ရှားမှုသမိုင်း – စာမျက်နှာ (၆၂))

၁၉၃၆ မှာ ဥက္ကဋ္ဌ ကိုနု ကျောင်းထုတ်ခံရခြင်း နဲ့ အိုးဝေမဂ္ဂဇင်းတွင် ငရဲခွေးကြီး လွတ်နေပြီ (Hell Hound at large) ဆောင်းပါးရှင် နာမည်ကို မဖေါ်နိုင်ဆိုတဲ့အမှုနဲ့ အိုးဝေ အယ်ဒီတာ ကိုအောင်ဆန်းပါ ကျောင်းထုတ်ခံရမှုကြောင့် သမဂ္ဂခေါင်းဆောင်များ ဦးဆောင်ပြီး ၁၉၃၆ကျောင်းသားသပိတ်ကို ဖေါ်ထုတ်ခဲ့ကြပါတယ်။ ဤသပိတ်ဟာ ၁၉၂ဝခု ကျောင်းသားသပိတ်နောက် ဒုတိယ ကျောင်းသားသပိတ်ဖြစ်ပြီး ဗမာနိုင်ငံရဲ့ လွတ်လပ်ရေးကို ဦးဆောင်မယ့် လူငယ်ခေါင်းဆောင်များကို မွေးဖွား စုစည်းပေးခဲ့တဲ့ မှတ်ကျောက် ဆိုရင်လဲ မမှားပါ။

ဤကျောင်းသားသပိတ်ရဲ့ထူးခြားချက်မှာ ရန်ကုန်တက္ကသိုလ်တွင်သာ (ဝ)ကွက်၍ အုံကြွခဲ့ကြတာမဟုတ်၊ တနိုင်ငံလုံး ပြန့်နှံ့ကာ တက္ကသိုလ်ကျောင်းသား များနဲ့ အထက်တန်းကျောင်းသားများ အဆက်အသွယ်ရကြကာ ကျောင်းသားအချင်းချင်းဆက်သွယ်မှု ကွန်ယက် ( Communication Network ) ကိုဖေါ်ထုတ်နိုင်ခဲ့ကြပါတယ်။ ဤဆက်သွယ်မှုမှ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ကို ဖေါ်ထုတ်နိုင်ခဲ့ကြတယ်။

ဗျူဟာအမြင်က ကြည့်ရင် နောင်လွတ်လပ်ရေးခေါင်းဆောင်ဖြစ်လာကြမယ့် ကျောင်းသားခေါင်းဆောင် လူငယ်များ ဤကျောင်းသားသပိတ်မှာ လူထုစည်းရုံးရေး – အဖွဲ့အစည်းထူထောင်ရေး  – လူထုနှင့် ဆက်သွယ်ရေး – ခေါင်းဆောင်မှုပညာတို့ကို စစ်မြေပြင်မှာ လက်တွေ့သင်ကြားရသလို နဖူးတွေ့ ဒူးတွေ့ တတ်မြောက်ခဲ့ကြရတယ်။

အဖွဲ့အစည်းတခုကို တည်ထောင်ရုံသာမက အဖွဲ့စည်းအတွင်း အားပြိုင်မှု (Factional Politics) နှင့် နိုင်ငံရေး အခွင့်အရေးအသုံးချတတ်မှု (Political Manipulations) တွေကိုပါ ကောင်းကောင်းနားလည်လာကြတယ်။

အရေးကြီးတဲ့ နောက်တချက်က နိုင်ငံရေးလုပ်ကြရင်း တဦးကိုတဦး ယုံကြည်လေးစားမှု တည်ဆောက်ပေးတဲ့ ရဲဘော်ရဲဘက် စိတ်ဓာတ်ကို အလုပ်ကမွေးဖွားပေးလိုက်တယ်။ 

စုပေါင်းခေါင်းဆောင်မှု

အုပ်စုအလိုက်ဦးဆောင်မှုကိုလဲပဲ ဒီကျောင်းသားခေါင်းဆောင်တစု ကောင်းကောင်းသဘောပေါက်ကြတယ်။ ဒါကြောင့် (အတွင်းအုပ်စု) ဆိုတာကို ဖွဲ့ခဲ့ကြတယ်။ ဒီအတွင်းအုပ်စုကပဲ သမဂ္ဂကြီးထွားရေး ကို ခေါင်းဆောင်မှုပေးခဲ့တယ်။

ဥပမာ ၁၉၃၅ စာမေးပွဲပြီးတော့ ကိုကျော်ငြိမ်းဟာ အိုင်စီအက် ဖြစ်ဖို့ ရည်မှန်းချက်နဲ့ ကျောင်းထားပေးတဲ့ ဦးလေးအလိုကျ တတိယနှစ် ဂုဏ်ထူးတန်းအတွက် စာကြိုးစားနေရတယ်။ သမဂ္ဂ အလုပ်အမှုဆောင်ပင် ဝင်မလုပ်နိုင်တော့။ သို့သော် ကိုသာလှကို သမဂ္ဂမှာ ဝင်လုပ်ဖို့ စည်းရုံးကြတော့ ကိုသာလှက အံ့အားသင့်နေတယ်။ ဒါ ကိုကျော်ငြိမ်းနေရာလို့ ဆိုခဲ့တယ်။ ခင်ဗျားကို ကိုကျော်ငြိမ်း က အဆိုပြုတာဗျလို့ပြောမှ လက်ခံခဲ့တယ်။ (ဒေါက်တာသာလှ ကိုယ်တိုင်ရေး မှတ်တမ်းမှ) –  အလားအလာရှိသော လူတော်များကို ရွေးစုပြီး ပြုစုပျိုးထောင်ပေးကြတယ်။   ထို့နည်းတူစွာ နိုင်ငံရေး အကွက်များ အုပ်စုတိုက်ပွဲပညာများကို ကိုအောင်ဆန်း – ကိုကျော်ငြိမ်းတို့ ကိုရာရှစ်ထံမှ ပညာရခဲ့ကြတယ် (ဦးကျော်ငြိမ်း ကိုယ်တိုင်ပြောပြချက်) (မှတ်ချက်။ ကိုရာရှစ်ဟာ တကသရဲ့ ပထမဦးဆုံး အတွင်းရေးမှူး ဖြစ်ပြီး ကိုအောင်ဆန်းတို့ထက် (၃) နှစ်ကြီးတယ်၊ (ကျောင်းသားသမဂ္ဂသမိုင်း စာမျက်နှာ ၁၅၁ ) ၁၉၃၁ ခု ကျောင်းသားသမဂ္ဂပေါ်ပေါက်လာအပြီး သ္ခင်ဗစိန်နှင့် ကိုရာရှစ်တို့ အထင်ပေါ်ဆုံး ကျောင်းသား ခေါင်းဆောင်များဖြစ်လာကြတယ်)

၁၉၃၆  ကျောင်းသားလှုပ်ရှားမှု မှ နောင်တနေ့ခေါင်းဆောင်ဖြစ်မယ့် လူငယ်များ အတုယူနိုင်ရန် ဖြစ်စဉ် (၂)ခု ကို ဆွေးနွေးပါရစေ။ Mr Butwell ရဲ့စာအုပ် U Nu of Burma – Chapter 3 – The 1936 Student Strike ကို ကိုးကားပါတယ်။ မစ္စတာဘတ်ဝဲလ် က ကိုရာရှစ်ကို ကိုးကားပြီးရေးခဲ့တာက

“ကိုနုဟာ အသေးစိပ်ကိစ္စတွေကိုစိတ်မဝင်စားပါ။ သို့သော် စကားပြောကောင်း၍ လူထု စိတ်ပါလာအောင် ထောက်ခံလာအောင် ပြောနိုင်တယ်။ (မှတ်ချက် ။ အင်္ဂလိပ်လိုတော့ ဒါကို Charisma ဟု ခေါ်ကြတယ၊် စာရေးသူကတော့ (ဘုန်း) လို့ခေါ်ချင်တယ်) ဒါကြောင့် ဆွေးနွေးမှုတာဝန် နဲ့ နေ့တဓူဝ အဖွဲ့အစည်း ဆောင်ရွက်မှုတာဝန်တို့ဟာ အောင်ဆန်း၊ ကျော်ငြိမ်းနှင့် ကျနော့ထံ ကျရောက်ခဲ့ပါတယ်။

လူတိုင်းကိုယ်စီမှာ အားသာချက် အားနဲချက်ဆိုတာရှိကြစမြဲပဲ။ တဦးရဲ့အားနဲချက်ကို တဦးရဲ့ အားသာချက်နဲ့ ဖြည့်ဆည်းလိုက်တဲ့အခါ (အုပ်စုအား) (အုပ်စုခေါင်းဆောင်မှု) ဆိုတာ ပေါ်လာရပါတယ်။ နောက်သတိပြုရန် အချက်မှာ သူသာသည် ငါနာသည် စိတ်မထားကြ မနာလို စိတ်မဖြစ်ကြ ။

ကျနော့ အမြင်အရပြောရရင် ဗိုလ်ချုပ်အောင်ဆန်း ဟာ ဦးနုရဲ့ Charisma ကို ကောင်းကောင်း သဘောပေါက်တယ်။ ဒါကြောင့် တို့ဗမာအစည်းအရုံးကိုဝင်ဖို့ အတင်းဆွဲခေါ်လာသလို ဖဆပလ အမတ်ဝင်ရွေးဖို့ ဦးနုက အကြောက်အကန်ငြင်းနေတော့ “The country is doomed” တိုင်းပြည်တော့ (ဒုက္ခဖြစ်ပီ) ဆိုပြီးညည်းတွားလိုက်တာပဲ ။”

နောက်ဖြစ်စဉ်လေးတခုမှာ ကိုနုနဲ့ ကိုရာရှစ်တို့ ဟင်္သာတမှာ စည်းရုံးရေးထွက်ကြတော့ ကိုရာရှစ်က အိပ်ရာဝင်သွားပြီ။ ကိုနုတယောက်ပဲ ပရိသတ်နဲ့ကျန်ခဲ့တယ်။ ပြောရင်း  ဆွေးနွေးရင်း တက္ကသိုလ်ထုံးကို ရောက်သွားတယ်။ ဒါပေမဲ့ ဒီ တက္ကသိုလ်ထုံး မှာ ဘာတွေများ မှားနေသလဲ၊ ဘာတွေ ပြင်ရမှာလဲလို့ အမေးခံရတော့ ကိုနု မဖြေနိုင်ဘူး။ ကိုနုက ပရိသတ်ကို မညာဘူး၊ မလှည့်စားဘူး၊ ကျနော် မသိဘူး အားလုံးကိုသိတဲ့ ကိုရာရှစ်ကိုခေါ်ပေးမယ် ဆိုပြီး ဖြေလိုက်တယ်။ ကိုနု ဒီလောက်အထိပွင့်လင်းတာကို ကိုရာရှစ်က အံ့အားသင့်မယုံနိုင်ဘူး။ ဒါပေမဲ့ ကိုနုက ငါတို့အမှန်အတိုင်း ရိုးသား ရမယ် (we must be honest)  လို့ဖြေခဲ့တယ်။ ဒါဟာ လူကောင်း – ခေါင်းဆောင် ကောင်း ဖြစ်တာကို သက်သေပြလိုက်တာပဲ။ ယ္ခုခေတ် ကိုယ်မသိတာကို ဝန်မခံချင်တဲ့ တတ်ယောင်ကား တွေနဲ့ ကွာလိုက်ပါပြီ။ လူငယ်လေးတွေကို သတိပြု အတုယူ စေချင်တာပါ။ ခေါင်းဆောင်မှုမှာ (မူ) ဆိုတာ အရေးကြီးလှပါတယ်။

အဖွဲ့အစည်းနဲ့ နိုင်ငံရေး အတွေ့အကြုံ မရှိတဲ့အပေါ်မှာ မဆလစိတ်ဓာတ်က ဖိစီးလိုက်တော့ ရှစ်လေးလုံးလူငယ် တွေခမျာ ရှင်သန်တိုးတက်ခွင့်မရတော့ဘူးလို့ ယေဘုယျအားဖြင့် သုံးသပ် နိုင်ပါတယ်။

ကိုအောင်ဆန်းဟာ ကျောင်းသားသမဂ္ဂ ထဲမှာ တကသ ရော ဗကသ မှာပါ ဥက္ကဋ္ဌ အဖြစ်နဲ့ ဆက်ခေါင်းဆောင်မှု ပေးခဲ့တာကြောင့် ရှေ့မီနောက်မီ ကျောင်းသား တော်များများနဲ့ ရင်းနှီး အကျွမ်းဝင်ခွင့်ရခဲ့ရတယ်၊၊ ၁၉၃၆ ကျောင်းသားလှုပ်ရှားမှုမှာ ကိုနု ကိုကျော်ငြိမ်း ကိုသိန်းဖေ ကိုရာရှစ် ကိုလှဖေ (ဗိုလ်လက်ျာ) ကိုခင်မောင်ကလေး တို့နဲ့ ရင်းနှီးခဲ့ရတယ်။ ထို့ပြင် နောင် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ ဖြစ်လာပြီး ဗိုလ်ချုပ်နဲ့ မယားညီအကို ဖြစ်လာမယ့် ကိုသန်းထွန်း (သ္ခင်သန်းထွန်း) ကို  ကိုကျော်ငြိမ်း ရဲ့ မိတ်ဆက်ပေးမှုကြောင့် သိကျွမ်းခဲ့ရပြန်တယ်။ ကိုကျော်ငြိမ်းနဲ့ ကိုသန်းထွန်းတို့က ပျဉ်းမနားသား အချင်းချင်း မန္တလေးတက္ကသိုလ်မှာ ကထဲက သိခဲ့ကြရတယ်။ ၁၃ဝဝပြည့်အရေးတော်ပုံမှာ နာမည်ကြီးလာကြမယ့် ကိုဗဟိန်း (နောင်ကွန်မြူနစ် ခေါင်းဆောင်)၊ ကိုဗဆွေ (နောင်ဆိုရှယ်လစ်ခေါင်းဆောင်) တို့နဲ့လဲ ကျောင်းသားသမဂ္ဂ ဘဝမှာ ခင်မင်ရင်းနှီးခဲ့ရပြန်တယ်။ ဗိုလ်ရန်နိုင် ဗိုလ်ဇေယျတို့ဟာလဲ ကျောင်းသားသမဂ္ဂက တက်လာကြသူတွေပါပဲ။

မှတ်သားစရာ နဲ့ သုံးသပ်မှု

အင်္ဂလိပ်ဟာ ကိုလိုနီ ကျူးကျော်စော်ကားသူတွေ ဖြစ်လင့်ကစား သူတို့နိုင်ငံမှာ ဒီမီုကရေစီ ကျင့်သုံးတာကြောင့် civil society လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းတွေကို တည်ထောင်ခွင့်ပြုတယ်။ ဒါကြောင့် ဗိုလ်ချုပ်တို့ခေတ်က လူငယ်တွေဟာ သမဂ္ဂတွေထောင်ပြီး ဦးဆောင်ခွင့်ရခဲ့ကြတယ်။ ဒါကြောင့် အဖွဲ့အစည်းနဲ့ သိုင်းသိုင်းသိုင်းဝိုင်းဝိုင်း လုပ်ဆောင်ခွင့် ရခဲ့ကြတယ်။ အတွင်းအုပ်စုကို တည်ထောင်နိုင်ခဲ့ကြတယ်။

၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးကထဲက ဗိုလ်ချုပ်နေဝင်းဟာ နိုင်ငံရေးပါတီတွေကို နှိမ်နှင်း၊ စစ်တပ်ကလွဲလို့ civil society လို့ ခေါ်နိုင်တဲ့ အဖွဲ့အစည်းမှန်သမျှကို စံနစ်တကျ ရိုက်ချိုးဖျက်စီးခဲ့တာ ၁၉၆၂ နောက် ဗမာပြည်မှာ လူလုပ်ရသူတိုင်း စစ်တပ်နဲ့ မဆလကလွဲလို့ အဖွဲ့အစည်းနဲ့ လုပ်ခွင့်ကိုမရကြတော့ပါ။ ဒါကြောင့် အဖွဲ့အစည်းထောင်ပြီး အင်အားယူရမည်ကိုမသိကြသလို အဖွဲ့အစည်း ဘယ်လို ထောင်ပြီး ဘယ်လိုကြီးထွားအောင် လုပ်ရမှာကို မသိကြလို့ သုံးသပ်မိပါတယ်။

၁၉၈၈ အရေးတော်ပုံကြီး အတွင်းက မင်းကိုနိုင် ကိုကိုကြီး မိုးသီးဇွန် ဝင်းမိုး အောင်နိုင် စတဲ့ ဗကသ ခေါင်းဆောင်များ ထွန်းပေါ်လာကြသော်လဲ ဗိုလ်ချုပ်တို့ခေတ်ကလို လွတ်လွတ်လပ်လပ် ဦးဆောင်နိုင်တဲ့ အချိန်ရေရှည် မရခဲ့ကြပါ။ ထို့ပြင် ရှစ်လေးလုံး အုံကြွမှုကြီးကို ဖေါ်ထုတ်ဦးဆောင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်များ ဝါရင့်နိုင်ငံရေးခေါင်းဆောင်ကြီးများ၊ ဒေါ်စုတို့နဲ့ ပူးတွဲလုပ်ဆောင်ခွင့် အချိန်မရခဲ့ကြ။ စစ်တပ်က ပေါင်းစည်းခွင့်နှင့်ပေါင်းစည်းချိန်မပေးခဲ့။ အတိုက်အခံဆိုတာက ဦးနေဝင်း (၂၆) နှစ် အုပ်စိုးပြီးချိန်မှာ ယဲ့ယဲ့သာ ကျန်တာမို့ ရှစ်လေးလုံး ဗြုန်းစားကြီးပေါ်လာပြီး အခွင့်အရေး အကောင်းဆုံးအချိန်မှာ အာဏာကို (လု) ယူလိုက်သင့်တယ်၊  မ(လု)ယူ နိုင်ခဲ့ကြ ။ စစ်အစိုးရက ဒုတိယအကြိမ် အာဏာသိမ်းအပြီး ဖိနှိပ်ဖြိုခွဲချိန် ရောက်လာပြီမို့ ကျောင်းသားအများစု အဝေးရောက်ကုန်ကြပြီး ကျောင်းသား တပ်မတော်လဲ နှစ်ခြမ်းကွဲ၊ အများစု တကမ္ဘာလုံးပြန့်ကြဲ အစိပ်စိပ်အမွှာမွှာ ဖြစ်ကုန်ကြတော့ အဖွဲ့အစည်း တည်ထောင်ပြီး အင်အားကို ပြန်မတည်ဆောက်နိုင်ကြတော့ပါ။ အဖွဲ့အစည်းနဲ့တိုက်မှ အင်အားရှိမည်ကိုမသိကြ၊ အဖွဲ့အစည်းနှင့်မလုပ်တတ်တာတွေ ပါပါတယ်။

နိုင်ငံရေးဆိုတာအင်မတန် ရှုပ်ထွေးသလို သိမ်မွေ့ နက်နဲလှပါတယ် ။

မဆလ စံနစ်ကြီးပြိုကွဲသွားပေမယ့် သူ့ရဲ့အမွေဆိုးဖြစ်တဲ့ “ မဆလစိတ်ဓာတ်ဆိုး“  ကြီးဟာ ဗမာတွေအကြားမှာ ယနေ့အထိ စစ်တပ်အတွင်းမှာရော အတိုက်ခံတွေ အကြားမှာပါ ရှင်သန်လျက်ပါပဲ။

အဖွဲ့အစည်းနဲ့ နိုင်ငံရေး အတွေ့အကြုံ မရှိတဲ့အပေါ်မှာ မဆလစိတ်ဓာတ်က ဖိစီးလိုက်တော့ ရှစ်လေးလုံးလူငယ် တွေခမျာ ရှင်သန်တိုးတက်ခွင့်မရတော့ဘူးလို့ ယေဘုယျအားဖြင့် သုံးသပ် နိုင်ပါတယ်။

နောက်သိသာထင်ရှားတဲ့ အချက်က capacity လိုခေါ်နိုင်တဲ့ (အသိစွမ်းအား) ပါပဲ

ရင်နာဖို့ကောင်းတာက ဗိုလ်ချုပ်တို့ ခေတ်က ကိုလိုနီ(ကျွန်) ပညာရေးဖြစ်ပေမယ့် အဆင့်အတန်းရှိတယ်။ ဟိုခေတ်က ကောလိပ်ကျောင်းသားဆိုရင် အင်္ဂလိပ်စာကို ပိုင်ပိုင်နင်းနင်း ရေးနိုင်ပြောနိုင်ပြီ။ ဆရာတွေက ဖိဖိစီးစီး သင်တာကြောင့်တကြောင်း၊ အင်္ဂလိပ်စာ နိုင်နင်းတာကြောင့်တကြောင်း စာဖတ်အားကောင်းကြတယ် ဗဟုသုတကြွယ်ကြပြန်တယ် ။ အတွေးအခေါ် (အသိစွမ်းအား) capacity မြင့်ကြတယ် လို့ဆိုနိုင်တယ် ။

ပါလီမန်ဒီမိုကရေစီခေတ်ကျော်ပြီးသည့်တိုင် ဗမာနိုင်ငံရဲ့ ပညာရေးဟာမြင့်မားခဲ့ပါသေးတယ်။ စစ်အစိုးရတက်ကာစ ကာလအထိ ရှင်သန်လျက်ရှိပါတယ်။ ၁၉၅ဝ ခုနှစ်များမှာ ရာဇဝင် ပါမောက္ခ ဒေါက်တာကျော်သက် အင်္ဂလိပ်လို သင်ကြားပို့ချနေတာကို (YouTube) မှာရှာဖွေကြည့်ရှုနိုင်ကြပါတယ်။ ကျနော် စက်မှုတက္ကသိုလ်ရောက်တော့ (၁၉၆၈ခု) ဆရာတွေဟာ အမေရိကန် နိုင်ငံ ကျောင်းကောင်းတွေဖြစ်တဲ့ MIT- Harvardမှ ဘွဲ့ရသူတွေနဲ့ ပြည့်လျက်ပါ။ ဖဆပလ အစိုးရဟာ ရသမျှ အခွင့်ရေးတွေကို ယူပြီး နိုင်ငံခြားပညာတော်သင်တွေ လွှတ် ခဲ့တာကိုး။

စစ်အစိုးရတက်အပြီး တကသ တပ်ဦးကျောင်းသားဟောင်း ဒေါက်တာညီညီ ဒုဝန်ကြီးအဖြစ်မှာ စနစ်သစ်ပညာရေး ဆိုပြီး ဆိုရှယ်လစ်စံနစ် ပညာရေးစံနစ်သစ်ကို စတင်အကောင် အထည်ဖော်ချိန်ကစပြီး ဗမာပြည်ရဲ့ ပညာရေးစံနစ်ဟာ ထိုးကျခဲ့ရတယ်။ အရင်က အနောက်နိုင်ငံတွေ ရဲ့ ထုံးတမ်းစဉ်လာအတိုင်း Liberal arts ပညာရေးကို ဦးစားပေးခဲ့တယ်။ ဘီအေ ဘီအက်စ်စီ အဆင့်မှာ အခြေခံပညာရပ်တွေကို ဖက်စုံကသင်ပေးတာပေါ့။ ဒေါက်တာ ညီညီတို့ခေတ်မှာတော့ ရွှေဉာဏ်တော် စူးရောက်ပြီး ဆိုရှယ်လစ်ပညာရေးအတိုင်း (အထူးပြု) Specialization ကို ဦးစားပေးရမယ်ဆိုပြီး စံနစ်တခုလုံး ပြောင်းလဲခဲ့ကြပါတယ်။ အဓိက ထိခိုက်တာကတော့ critical thinking လို့ခေါ်တဲ့ လွတ်လွတ်လပ်လပ် ချင့်ချိန် တွေးခေါ်ခြင်းပညာရပ်ဟာ တိမ်ကောခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။

၁၉၆၂ ဇူလိုင် (၇) ရက် ကျောင်းသားထုနဲ့ ထိပ်တိုက်တွေ့ အပြီးမှာ စစ်အစိုးရဟာ ကျောင်းသားတွေကို မရှိမဖြစ်တဲ့ တိုင်းပြည် ရတနာတွေလို့ မမြင်တော့ဘူး။ ပြဿနာကောင်တွေလို့ မြင်စပြုလာပြီ။ ဒါကြောင့် နောင်ခေတ်ခေါင်းဆောင်တွေ ပညာတတ်တွေ မွေးဖို့ထက် ကျောင်းသားတွေကို ကိုင်တွယ်နိုင်ဖို့ အားသန်ကြိုးစားလာတော့တယ်။

ထို့ပြင် ဦးနေဝင်းဟာသူ့ရဲ့ အုပ်ချုပ်သက်တမ်း (၂၆) နှစ်မှာ အရှေ့နဲ့အနောက် စစ်အေး တိုက်ပွဲကိုအခွင့်ကောင်းယူပြီး isolation policy လို့ခေါ်တဲ့ တကိုယ်တည်းသီးခြားနေတဲ့ ပေါ်လစီ ကိုကျင့်သုံးခဲ့ပြီး တတိုင်းပြည်လုံးကိုလဲ သတင်းမှောင်ချခဲ့ပါတယ်။ ဒါကြောင့် (အသိဉာဏ်) ဖွံ့ဖြိုးရေးဟာ ထိုးကျ လာခဲ့ရတယ်။

ကွယ်လွန်သူ ဦးတင်မောင်ဝင်းပြောပြလို့ သိရတာပါ။ ရှစ်လေးလုံးအုံကြွမှုကြီးအပြီး ကျောင်းသား တွေစုပြုံပြီး ထွက်လာကြတော့ လူငယ်ကျောင်းသားတစုက စိတ်ဓာတ် ထက်သန်စွာနဲ့ ဦးတွတ်…. ကျနော်တို့ကို အက်(၁၅) (F-15) လေယာဉ်ရှာပေးပါ၊ စစ်တပ်ကိုအသေခံ ဗုံးကြဲမယ် လို့တောင်းဆိုခဲ့ကြတယ်။ စိတ်ဓာတ်ကိုချီးကျူးစရာကောင်းလှပေမယ့် ဒီလို စစ်လေယာဉ်တွေ ဘယ်လောက်ဈေးကြီးတယ်၊ ဒီလေယာဉ်တွေ ပျံနိုင်ဖို့ နောက်က ဘယ်လောက်ပံ့ပိုးရတယ်ဆိုတဲ့အချက်တွေကို မစဉ်းစားမိတာဟာ (အသိဉာဏ်စွမ်းအား) မပြည့်စုံသေးသောကြောင့်လို့ ငြင်းချက်ထုတ်နိုင်ပါတယ်။ (အသိဉာဏ်စွမ်းအား) နဲရင် ရိုးရိုးအအ တွေဖြစ်ကုန်တာပေါ့။

ဗုဒ္ဓတရားတော်မှာ အဝိဇ္ဇာ လွှမ်းနေရင် တဏှာကိုလဲမပယ်နိုင်၊ တွယ်တာမှုကိုလဲ မကျော်နိုင်ပဲ သံသရာကမထွက်နိုင်သလို အသိဉာဏ်စွမ်းအားသည်လဲ နိုင်ငံရေးမှာ အရေးပါလှပါတယ်။ နိုင်ငံရေး အဝိဇ္ဇာလို့ပြောလို့ရပါတယ်။ ဒီ (အသိဉာဏ်စွမ်းအား) အပေါ် အများကြီး မူတည်ပါတယ်။ ဒိအပြင် (အသိဉာဏ်စွမ်းအာား) ရှိတဲ့သူတွေဟာ အသိပညာရဲ့ ထိန်းသိမ်းမှုကြောင့် ရမ်းရမ်းကားကားဆဲဆိုခြင်း တဖက်သတ် တိုက်ခိုက်ခြင်း မတရား စွပ်စွဲစော်ကားခြင်းတို့ကို ရှောင်ရှားကြပါတယ်။ မိမိရဲ့ဂုဏ်သိက္ခာ မိမိအပေါ်ယုံကြည်မှု (credibility) ထိခိုက်မှာကို ကြောက်ရွံ့သတိရှိကြပါတယ်။ မိမိရဲ့ (မူ) principle မှသွေဖည်မှာကို စိုးရိမ်ကြပါတယ်။ ဒါ့ကြောင့် အပြောအဆို အရေးအသားမှအစ (သတိ) ရှိကြ၊ (မူ) ရှိကြပါတယ်။

ကျနော်ဥပမာလေး တခုကိုတင်ပြပါရစေ။

၁၉၃၆ ခုနှစ် ကျောင်းသားသပိတ် မှာ အတူတူပါဝင်ခဲ့ကြတဲ့ ကိုကျော်ငြိမ်းနဲ့ နောင်လူထုဒေါ်အမာဖြစ်လာကြမယ့် မအမာ တို့ဟာ ပုဂ္ဂိုလ်ရေးသက်သက်ပဲလား ဝါဒရေးကြောင့်ပဲလားမသိ၊ တယောက်ကိုတယောက် ကြည့်မရခဲ့ကြပါ။ ဒါပေမဲ့ ဦးကျော်ငြိမ်းဟာ ၁၉၃၆ ခုကျောင်းသားသပိတ် အကြောင်းရေးပြတော့ ရာဇဝင်ကို အမှန်အတိုင်း (မူ) Principle အရ အရှိကိုအရှိအတိုင်း ရေးပြခဲ့ပါတယ်။

“လူထုတရားပွဲတွင် ယောက်ျား များနှင့် ယှဉ်၍ ရဲရဲတောက် ရင်ဘောင်တန်း တရားဟော ကောင်းသူ ကျောင်းသူ ခေါင်းဆောင်များမှာ မအမာ-ဘီအေအောက်တန်း (ယ္ခုလူထုဦးလှဇနီး)၊ မမကြီး (ယ္ခုအထက်တန်းကျောင်းဆရာမကြီး-မြူမင်းကြီးဟောင်း ဦးထွန်းအုံ၏ဇနီး)၊ မခင်မြ (ယ္ခု ဒေါက်တာဒေါ်ခင်မြ-ပညာရေးတက္ကသိုလ်) ၊ မအုံး (ယ္ခု မန္တလေးတက္ကသိုလ် ပါဠိ ဌာန ပင်စင်စား ပါမောက္ခ – အမ်အေဒေါ်အုံး) တို့ပါဝင်သည်။ ကျန်သပိတ်မှောက် ကျောင်းသူများမှာ စင်မြင့်ပေါ်၌ တရားဟောမကောင်းသော်လည်း ရဲရဲတောက်တွေချည်းဖြစ်ကြပါသည်။”
(ဦးကျော်ငြိမ်း၏ကိုယ်ရေးမှတ်တမ်းမှ )

ဦးကျော်ငြိမ်းဟာ လူထုဒေါ်အမာနှင့် နိုင်ငံရေးအရ ဆန့်ကျင်ဘက်ဖြစ်ခဲ့သော်လဲ ရာဇဝင် အချက်အလက် ကိုရေးရာမှာ အာဃာတမရှိ အမှန်အတိုင်း ရေးပြခဲ့တယ်။ (မူ) Principle ကိုအလေးထားတာကတကြောင်း ၊ self-respect ဟုခေါ်သော မိမိကိုယ်ကို မိမိ လေးစားတာကြောင့်လဲဖြစ်တယ်။

သို့သော် အသိဉာဏ်စွမ်းအားနဲသော လက်ဝဲ တယူသန်အချို့သည် ဦးကျော်ငြိမ်းကို မုန်းတာနဲ့ ရာဇဝင် အချက်တွေကိုပါ ပြင်ချင်ကြတယ်။

ဂျပန်တော်လှန်ရေးမှာ တိုင်းတွေခွဲကြတော့ တိုင်း (၆)မှာ ဗိုလ်ရဲထွဋ်က စစ်တိုင်းမှူး ဦးကျော်ငြိမ်းက နိုင်ငံရေးမှူးအဖြစ် တာဝန်ခွဲဝေခဲ့ကြပါတယ် (သ္ခင် တင်မြ၏ ဖက်ဆစ် တော်လှန်ရေးဌာနချုပ်နှင့်တိုင်း(၁ဝ)တိုင်း – စာမျက်နှာ ၄၄) ဒါလူတိုင်းအသိပါ။

သို့သော် ဝင်းတင့်ထွန်းရဲ့ အမှောင်ကြားကဗမာပြည်စာအုပ်မှာ “ဦးဗဆွေ ဦးကျော်ငြိမ်းသည် ရန်ကုန်တာဝန်ခံ ဖြစ်သည် ”လို့ သမိုင်းကိုလိမ်ညာရေးခဲ့တယ် (စာမျက်နှာ ၃၅)။ ကျနော် မှတ်မိသလောက် ကွန်မြူနစ်တွေ ပြုစုထုတ်ဝေခဲ့တဲ့ (လွတ်လပ်ရေး ရွှေရတုသဘင်) စာအုပ်မှာလည်း ဤနည်းတူရေးသားခဲ့ကြတယ်။

ပိုဆိုးတာက ဝင်းတင့်ထွန်းက (စာမျက်နှာ ၃၅မှာပဲ) “စစ်တိုင်းများ ၏ နိုင်ငံရေးမှူးများမှာ ကွန်မြူနစ် ပါတီမှချည်းဖြစ်သည်”  လို့ လိုရာဆွဲ ကောက်ချက်ချပြန်တယ်။ ဒီတုန်းက သ္ခင်ချစ်ဟာ ပြည်သူ့အရေး တော်ပုံပါတီ ခေါင်းဆောင်ဖြစ်တယ်။ စစ်ပြီး နောင် ကွန်မြူနစ်ပါတီထောင်မှ ကွန်မြူနစ်ဘက် ပါသွားသူဖြစ်တယ်။ ဦးကျော်ငြိမ်းလဲ ပြည်သူ့အရေးတော်ပုံပါတီကဖြစ်တယ်။ ဒီလိုရာဇဝင် အချက်အလက်ကိုလိမ်ပြီး ကိုယ်လိုရာဆွဲ ကောက်ချက်ချတာ တာဝန်မဲ့ ရေးသားချက်သာဖြစ်တယ်။

ဝင်းတင့်ထွန်းက ဦးကျော်ငြိမ်း တယောက်ကိုသာ ကွန်မြူနစ် အမျက် ကွန်မြူနစ် အငြိုးနဲ့ ရာဇဝင် အချက်အလက် ကို ပြင်ဆင်တင်ပြခဲ့တာမဟုတ်။

ဖတပလ (ဖက်စစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး) အဖွဲ့ကြီးကိုဖွဲ့ကြတော့ အဓိကအင်အားဖြစ်တဲ့ ကွန်မြူနစ်ပါတီ ပြည်သူ့အရေးတော်ပုံပါတီနဲ့ ဗမာ့တပ်မတော်က ကိုယ်စားလှယ် ခေါင်းဆောင် (၃) ဦးစီ – ပေါင်း(၉)ဦးပါတဲ့ ဗဟိုဦးစီးအဖွဲ့နဲ့စတင်ဖွဲ့စည်းခဲ့တာပါ။ ကွန်မြူနစ်ပါတီမှ သ္ခင်စိုး – သ္ခင်သန်းထွန်း – သ္ခင်တင်မြ၊ ပြည်သူ့ရေးတော်ပုံပါတီမှ ဦိးကျော်ငြိမ်း – ဦးဗဆွေ – သ္ခင်ချစ်၊ တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း – ဗိုလ်လက်ျာ – ဗိုလ်နေဝင်းတို့ဖြစ်ကြပါတယ်။ (သ္ခင်တင်မြရဲ့ ဖက်ဆစ်တော်လှန်ရေးဌာနချုပ်နှင့် တိုင်း (၁ဝ)တိုင်း – စာမျက်နှာ ၄ဝ)

ဤအချက်ကို ရာဇဝင်စိတ်ဝင်စားသူတိုင်း သိကြပါသည်၊ သိသင့်ပါသည်။ စာအုပ်ပေါင်း မြောက်မြားစွာတွင်လည်း ဖေါ်ပြထားပြီး ဖြစ်ပါသည်။ အရေးပါသော ရာဇဝင် အချက်တချက်ပင်ဖြစ်သည်။

ဒါပေမဲ့ ဝင်းတင့်ထွန်းဟာ သ္ခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း၊ သ္ခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့်သော်လည်းကောင်း သ္ခင်တင်မြအစား သ္ခင်ဗဟိန်းကို ကွန်မြူနစ်ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်ခဲ့ပါတယ် (ဝင်းတင့်ထွန်း စာအုပ် စာမျက်နှာ ၃၂ ကိုကြည့်ပါ)။ ဒီလိုရာဇဝင်ကိုရေးရာမှာ ကိုယ်ဖြစ်ချင်ရာကို တကယ့်အဖြစ်မှန်နဲ့ အစားထိုးလို့ မရသလို လိုရာကို ဖြစ်သလို မရေးကောင်းပါ။ (မှတ်ချက်။ ကိုဗဟိန်းကို ဗိုလ်ချုပ်က ဆွေးနွေးပွဲစဖိတ်သော်လဲ နေမကောင်းလို့မပါနိုင်လို့ သ္ခင်တင်မြက အမှတ် (၆ဝ) –  ဧပြီလ (၁) ရက် -၂ဝ၁ဝ ထုတ် Northern Star ဂျာနယ်မှာ ရေးပြမှ ဇာတ်ရည်လည်ရပါတယ်)

နောက် ဥပမာတခု ထပ်တင်ပြပါရစေ။

ဆိုရှယ်လစ်ပါတီထောင်ကာစက အရေးပါခဲ့တဲ့ နိုင်ငံရေးသမားတဦးက ဦးကိုကိုကြီးပါ။ ဆိုရယ်လစ်ပါတီမှာ ဦးကိုကိုကြီးတို့က မာ့က်(စ်)ဆစ် Marxists များဖြစ်၍ ဦးကျော်ငြိမ်း၊ ဦးဗဆွေ တို့က ဆိုရှယ်လစ်စံနစ်ကို ဒီမိုကရေစီနည်းအရ ထူထောင်လိုတဲ့ ဆိုရှယ်ဒီမိုကရက် (Social Democrat) များဖြစ်ကြတယ်။ အုပ်စု တိုက်ပွဲများ ဖြစ်ကာ ဦးကိုကိုကြီးတို့အုပ်စု ဆိုရှယ်လစ်ပါတီမှ ထွက်ခဲ့ကြရတယ်။ နိုင်ငံရေးအရ နာမယ်ဆိုရင် နာစရာတွေ ရှိခဲ့ကြပါတယ်။ သို့သော် ဦးကိုကိုကြီးရဲ့ မြေးဖြစ်သူ ဒေါက်တာကျော်ဇော်ဝင်း ပါရဂူဘွဲ့အတွက် ပြုစုရေးသားတဲ့ ဗမာပြည် ဆိုရှယ်လစ်ပါတီသမိုင်း (A History of Burma Socialist Party 1930-1964) စာတန်းကို ဖတ်ကြည့်ကြပါ။ လူပုဂ္ဂိုလ်တိုက်ခိုက်ခြင်းသော်လည်းကောင်း၊ ရာဇဝင် အချက်အလက်ကို လိမ်ညာရန် ကြိုးစားခြင်းသော်လည်းကောင်း မတွေ့ရပါ။

မော်စီတုံးကွယ်လွန်အပြီး တရုတ်ပြည်ကြီးတွင် အသိဉာဏ်စွမ်းအားနည်းတဲ့ မော်ရဲ့ဇနီး ချန်ချင်းဦးဆောင်တဲ့ (၄)ဦးဂိုဏ်းသာ အာဏာရခဲ့ရင် တရုတ်တွေ မြောက်ကိုရီးယားပြည်သူတွေလို ဆင်းရဲတွင်းနက်နေနိုင်တယ်။ အသိဉာဏ်မြင့်မားလှတဲ့ တိန်လျောက်ပိန်လို ခေါင်းဆောင်ကြောင့်သာ ယနေ့တရုတ်တွေ ကမ္ဘာမှာ ခေါင်းထောင် နိုင်ခဲ့ကြရတာကို မမေ့သင့်ပါ။

တချိန်က ဗမာတွေဟာလဲ အရှေ့တောင်အာရှမှာ ဗမာကွလို့ မော်ကြွားနိုင်ခဲ့ဖူးပါတယ်။ ခေါင်းဆောင်သူများရဲ့ စေတနာနဲ့ အသိဉာဏ်စွမ်းအား ကွာခြားမှုပဲ မဟုတ်ပါလား။

ယ္ခုဒေါ်စုရဲ့ မိန့်ခွန်းများ – မီဒီယာတွေနဲ့ တွေ့ဆုံခန်းတွေကို နားဆင်ကြည့်ကြပါ။ စေတနာနဲ့ အသိဉာဏ်စွမ်းအား ရဲ့ အကျိုးတရား ထင်ပေါ်လှပါတယ်။

နောက် အသိဉာဏ်စွမ်းအား (capacity) နဲ့ပတ်သက်လို့ သတိပြုစေချင်တာက အသိဉာဏ်စွမ်းအားဆိုတာ ကျောင်းစာသက်သက်သော်လည်းကောင်း စင်မီနာများ တက်ရုံနဲ့သော်လည်းကောင်း အဆင့်အတန်းတက် မလာနိုင်ပါ။ လေ့လာမှုအားလိုရုံမက လက်တွေ့ အလုပ်အတွေ့အကြုံ၊ ဘဝအတွေ့အကြုံများနဲ့ ပေါင်းစပ်မှသာ ပြီးပြည့်စုံလာပြီး အဆင့်အတန်းမြင့်မားလာနိုင်ပါတယ်။ ဥပမာ ဗိုလ်ချုပ်တို့ လူတစုကိုကြည့်ရင် တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်ပြီးမှ သ္ခင်ခေါင်းဆောင် (သို့) ယူဂျီခေါင်းဆောင်၊ ထိုမှတဆင့် ဂျပန်ခေတ် ဗိုလ်ချုပ် (သို့) ဝန်ကြီး ။ နိုင်ငံရေးနယ်ပယ်မှာ တဆင့်ထက်တဆင့်မြင့်တက်ကာ နောက်ဆုံး ဖဆပလ လွတ်လပ်ရေးခေါင်းဆောင်များ ဖြစ်လာကြရတယ်။

ထိုနည်းတူစွာ တရုတ်ပြည်သမိုင်းကိုကြည့်ရင်လဲ ချူအင်လိုင်းသည်လည်းကောင်း၊ တိန်လျောက်ပိန် သည်လည်းကောင်း ကျောင်းသားလူငယ်ဘဝမှာ ပြင်သစ်ပြည်ကို ပညာတော်သင် ထွက်ခဲ့ကြသော်လဲ စာကိုဖြောင့်အောင် မသင်ကြရ၊ ပါတီအကျိုးအတွက်ဆောင်ရွက်ကြရင်း တရုတ်ပြည် ပြန်ခေါ်ခံရကာ ပါတီ တာဝန်တွေကို ထမ်းဆောင်ရင်း တာဝန်အဆင့်များ မြင့်သထက်မြင့်လာကာ နောက်ဆုံးဝန်ကြီးချုပ်/ဒုဝန်ကြီးချုပ် ဘဝရောက်ခဲ့ကြရတယ်။ (မှတ်ချက်- The eldest son by Han Su Ying နှင့်My father Deng Xiaoping – The war years by Deng Rong တို့ကိုဖတ်ကြည့်ကြပါ)

ဗိုလ်ချုပ်တို့ခေတ်က ထိပ်တန်းခေါင်းဆောင်များဖြစ်တဲ့ ကိုအောင်ဆန်း ကိုနု သ္ခင်စိုး သ္ခင်သန်းထွန်း ဂိုရှယ် ကိုကျော်ငြိမ်း သ္ခင်သိန်းဖေ ကိုရာရှစ် ကိုဗဟိန်း ကိုဗဆွေတို့ဟာ စာဖတ်အားကောင်းပြီး စာတန်းတခုကို လက်တန်းရေးနိုင်တဲ့ အရည်အချင်းပြည့် (အသိဉာဏ်စွမ်းအား) မြင့်မားတဲ့ ပညာတတ်များဖြစ်ကြရုံမက အောက်ခြေစည်းရုံးရေးကို ကောင်းကောင်းနောကြေတဲ့ အရွေးကောက်ခံခေါင်းဆောင်များ၊ ပါတီထူထောင်နိုင်စွမ်းရှိတဲ့ ခေါင်းဆောင်များ ဖြစ်ကြတယ် ။

ကနေ့အဖြစ်ကို ကြည့်ကြရင် (အထူးသဖြင့် ပြင်ပတွင်) နိုင်ငံရေးအရ မူလတန်း သာသာ ရှိသော သူများကလဲ မိမိကိုယ်မိမိ ခေါင်းဆောင်ကြီးလို့ထင်သူကထင်၊ ၈၈၈၈ မှာ ငါတို့ကမှခေါင်းဆောင်အစစ်ဟု ကြွေးကြော်သူကကြွေးကြော်၊ စာအုပ်လေးအုပ်နှစ်ဆယ်သာသာလောက် ဖတ်ပြီးတာနှင့် မိမိအထင်ကို ရာဇဝင် အဖြစ် ရေးသူကရေး၊ မြှောက်ပေး သူများက မြှောက်ပေး။

နိုင်ငံရေးသမားဆိုတာ တံဆိပ်တပ်.. အလံထောင်.. ကြွေးကျော်ရုံနဲ့ နိုင်ငံရေးသမား စစ်စစ် နိုင်ငံရေးသမားကောင်း ဖြစ်မလာပါဘူး။

ပြည်တွင်းမှာလဲ နိုင်ငံရေးနားမလည်တဲ့ အင်ဂျီအို နဲ့ စီ်းပွားရေးသမားများက နေ့တွင်းညတွင်းချင်း နိုင်ငံရေးသမား အမတ်လောင်းများ ဖြစ်လိုဖြစ်၊ မနေ့ကမှ ပုခုံးအပေါ်က အပွင့်တွေနဲ့ စစ်ယူနီဖေါင်း ဝတ်ထားသူများကလဲ မောင့်ကျက်သရေခေါင်းပေါင်းတလူလူနှင့် အရပ်သားနိုင်ငံရေးခေါင်းဆောင်ကြီးတွေဖြစ်၊ လမ်းမတော် ဖိုးတုတ်နဲ့ အလီဘာဘာ လူမိုက်အုပ်စု ဖွတ်ကြီးအဖွဲ့ကလဲ ရုတ်တရက် တရားဝင် နိုင်ငံရေး  ပေါ်ပင် ပါတီဝင်များ ဖြစ်လိုဖြစ် နဲ့ ပလို့ဂျိ ဆိုပြီး ကြိမ်တို့ကာ ပေါ်လာလိုက်တဲ့ ခေတ်ပေါ်  နိုင်ငံရေးသမားတွေ ….ဒုနဲ့ဒေး။

နိုင်ငံရေးသမားဆိုတာ တံဆိပ်တပ်..အလံထောင်..ကြွေးကျော်ရုံနဲ့ နိုင်ငံရေးသမား စစ်စစ် နိုင်ငံရေးသမားကောင်း ဖြစ်မလာပါဘူး။

နိုင်ငံရေးသမား စစ်စစ်ဆိုတာ တိုင်းပြည်နှင့်လူမျိုးကို ချစ်သည့်စိတ်ကို အခြေခံကာ ယုံကြည်ချက်၊ ခံယူချက် ရှိရပါမယ်။ အတွင်း စိတ်ဓာတ် ခိုင်မာရပါမယ်။ မိမိလျှောက်လိုတဲ့ ဦးတည်ချက် – လမ်းစဉ် – ရည်မှန်းချက် – ဖေါ်ဆောင်လိုတဲ့ ပေါ်လစီ – တွေကို မိမိကိုယ်တိုင်သိမှ – လူထုကိုချပြ ဦးဆောင်မှုပေးနိုင်ပါမယ်။ ဒါတွေပြည့်စုံဖို့- အသိဉာဏ်စွမ်းအား – လိုလာပြန်တယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ သူအထင်ကြီးတဲ့ ဒေါက်တာဗမော် လေသံနဲ့ ဌာန်ကရိုဏ်း ကျကျ အင်္ဂလိပ် စကား ပြောကျင့်ခဲ့ရတယ် (ဦးသိန်းဖေမြင့်၏ကျော်ငြိမ်း စာမျက်နှာ ၃၉)။ အင်္ဂလိပ်ကို အထင်ကြီးလို့မဟုတ်၊ ခေါင်းဆောင်ဆိုတာ မိမိအတွေး မိမိအမြင် မိမိ ယုံကြည်ချက်ကို အများလူထုသိအောင် ချပြဖို့လိုတယ်။ ပရိသတ်အလယ်မှာ ရဲရဲပြောတတ်ဖို့လိုတယ်။ အင်္ဂလိပ်စာဟာ ကမ္ဘာသိစာဖြစ်နေလို့ အင်္ဂလိပ်စာကို လက်နက်အဖြစ်သုံးရမှာကို သိလို့ ဖြစ်တယ်။

တခါ ကျောင်းသားတဦးက ကိုကျော်ငြိမ်းကိုအပြစ်တင်စကားပြောလာတယ်။ ကိုအောင်ဆန်းက မခံ ကိုကျော်ငြိမ်းအခန်းခေါ်သွားပြီး စာအုပ်ပုံအကြားငုံ့ဖတ်နေတဲ့ ကျောင်းသားကိုလက်ညိုးထိုးပြီး အဲဒါ ကျော်ငြိမ်း တိုင်းပြည်အတွက် ကုန်းဖတ်နေတာကွလို့ ကာကွယ်ခဲ့တယ်။ ဘာလုပ်လုပ် တိုင်းပြည်အတွက်လို့ စိတ်ထဲမှာ ရှိခဲ့ကြတယ်။ ဗဟုသုတ ကြွယ်ရန်စာဖတ်ကြတယ်၊ သဘောတရားရေးတွေ လေ့လာဆွေးနွေးကြတယ်၊ တရားဟောစည်းရုံးရေးဆင်းကြတယ်၊ အားလုံးတိုင်းပြည်အတွက် သူ့ကျွန်ဘဝက လွတ်ဖို့။

ယ္ခုခေတ် ခေါင်းဆောင် ဖြစ်ချင်သူများ (ပြည်ပ) ၊နိုင်ငံ့အာဏာ ယူထားသူများ နဲ့ကွာခြားလှပါပြီ။

နိုင်ငံရေးစိတ်ဓာတ် –  တိုင်းပြည် နှင့်လူမျိုးအပေါ် ထားတဲ့ စေတနာကွာခြားပါပြီ။

စေတနာ နဲ့ တိုင်းပြည်ချစ်စိတ် တို့ဟာ ဗီဇ လို့ပြောနိုင်တယ်၊ နှလုံးသားမှစီးဆင်းလာတယ်။

(မူ) နှင့် (ယုံကြည်ချက်) တို့ ဟာ (အသိဉာဏ်စွမ်းအား) အပေါ် မူတည်ပြန်တယ်။

အတိုချုပ်ရသော်

ဗိုလ်ချုပ်တို့ခေတ်က ကျောင်းသားခေါင်းဆောင် သ္ခင်ပေါက်စများဟာ သူ့ကျွန်မခံလိုစိတ် တိုင်းပြည်ချစ်စိတ် အရင်းတည်ပြီး နိုင်ငံရေးလုပ်ခဲ့ကြတယ်။ အဖွဲ့အစည်းတွင်း စနစ်တကျ စည်းကမ်းတကျ လုပ်ဆောင်ခွင့်ရှိခဲ့ကြရုံမက မဲနဲ့အရွေးကောက်ခံရတဲ့ ကျောင်းသားခေါင်းဆောင်အဖြစ် ရပ်တည်ကြရလို့ တာဝန်နဲ့ ဝတ္တရားကို နားလည်သလို အဖွဲ့အစည်းတွင်း အုပ်စုအားပြိုင်မှုအကြောင်းကို လက်တွေ့ ဖြေရှင်းကြရလို့ အပေးအယူ အကြောင်း ကောင်းကောင်းကြီး နားလည်ခွင့်ရခဲ့ကြတယ်။  တပြည်လုံး ပြန့်သွားတဲ့ကျောင်းသားသပိတ်ကြီးကို ဖေါ်ထုတ်နိုင်စွမ်းရှိလို့ ကျောင်းသားကွန်ယက် တည်ဆောက်နိုင်ကြရုံမက ထိုခေတ် နိုင်ငံရေးသမားကြီးများနှင့် ထိတွေ့ဆက်ဆံခွင့်ရခဲ့ကြတယ်။

ကျောင်းသားသမဂ္ဂဟာ နောင်တိုင်းပြည် လွတ်လပ်ရေးကို အရယူပေးမယ့် ခေါင်းဆောင်များကို မွေးထုတ်ပေးရာ ဘူမိလက်သံ မှန်သော မဏ္ဍိုင် တခု ဖြစ်တယ်။ ကျောင်းသားခေါင်းဆောင်များကလဲ အစွမ်းအစ ရှိတဲ့ စာဖတ်အား လေ့လာအား ကောင်းတဲ့ အသိဉာဏ် (capacity) မြင့်မားပြီး (မူ) ရှိတဲ့ တိုင်းပြည်ချစ်တဲ့ လူငယ်များ ဖြစ်ကြောင်း သတိပြုစေချင်ပါတယ်။

လူငယ်အပေါင်း အမျိုးချစ်စိတ် တိုင်းပြည်ချစ်စိတ် တိုးပွား၍ အသိဉာဏ်စွမ်းအားမြင့်မားကြပါစေသောဝ်။

ဘိုကျော်ငြိမ်း
ဇင်းမယ် (ချင်းမိုင်)

ကိုးကားစာအုပ်စာတမ်းများ

ကျောင်းသားလှုပ်ရှားမှုသမိုင်း (အောင်ထွန်း)
ဦးသိန်းဖေမြင့်ရဲ့ ကျော်ငြိမ်း
ဦးနုရဲ့ တာတေစနေသား
U Nu of Burma by Mr Butwell
Aung San of Burma by Aung San Suu  Kyi
ဦးကျော်ငြိမ်း  ကိုယ်တွေ့မှတ်တမ်း
ဒေါက်တာသာလှ ကိုယ်တွေ့မှတ်တမ်း
သ္ခင်တင်မြရဲ့ ဖက်ဆစ်တော်လှန်ရေးဌာနချုပ်နှင့် တိုင်း(၁ဝ)တိုင်း
A History of Burma Socialist Party 1930-1964 by Dr Kyaw Zaw Win
ဝင်းတင့်ထွန်းရဲ့ အမှောင်ကြားကဗမာပြည်
The eldest son by Han Su Ying
My father Deng Xiaoping – The war years by Deng Rong

နောက်ဆက်တွဲ

ဒုတိယပိုင်းမှာ ဗိုလ်ချုပ် ကျောင်းသားခေါင်းဆောင်ဘဝက နိုင်ငံရေးသမားဘဝ သို့ ကူးပြောင်းသွားပုံ ကို ဆက်လက် ဖေါ်ပြသွားပြီး အတိုက်အခိုက် အပြိုင်အဆိုင် များကြားက ပြိုင်ဘက်မရှိ အမျိုးသားခေါင်းဆောင်ဘဝ သို့ ရောက်လာပုံ ဗိုလ်ချုပ်ရဲ့ လေ့လာစရာ နိုင်ငံရေးအကွက်တွေကို ဆည်းပူး ဖေါ်ထုတ်ရင်း..

တတိယအပိုင်းမှာ…. အမျိုးသားခေါင်းဆောင် အဆင့်ရောက်မှ အင်္ဂလိပ် ကိုလိုနီတို့နဲ့ ဉာဏ်ချင်းယှဉ်ပြီး လွပ်လပ်ရေးကို မည်သို့ အကွက်ကျကျ တိုက်ယူနိုင်ခဲ့ပုံတို့ကိုတင်ပြဆွေးနွေးပါရစေ။
****************

ရာဇဝင် မှတ်တမ်းအတွက် ၁၉၃၆ သပိတ်မှောက်ကောင်စီ စာရင်းကို တင်ပြပါရစေ။
ကျောင်းသားလှုပ်ရှားမှုသမိုင်း (စာမျက်နှာ ၇၈) ကိုညွှန်းပါတယ်။

၁။  ကိုရာရှစ်                ဥက္ကဋ္ဌ
၂။  ကိုကျော်ငြိမ်း            အတွင်းရေးမှုး
၃။  ကိုအုန်း
၎။  ကိုသီဟန်
၅။  ကိုလှဖေ                (ဗိုလ်လက်ျာ)
၆။  ကိုထွန်းအုံ
၇။  ကိုထွန်းတင်
၈။  ကိုတီကေဘွန်း
၉။  ကိုအေးချို
၁ဝ။ကိုညိုမြ                (ကိုသိန်းတင်)
၁၁။ကိုသာလှ
၁၂။သရဲကိုဘအေး
၁၃။ကိုညိုထွန်း
၁၄။မအမာ                (လူထုဒေါ်အမာ)
၁၅။ကိုစိုးမောင်
၁၆။မအုန်း
၁၇။မမကြီး
၁၈။မခင်မြ
၁၉။ကိုလှမောင်            (ရမည်းသင်း)
၂ဝ။ကိုညွန့်
၂၁။ကိုခင်မောင်
၂၂။ကိုသိန်းဖေ
၂၃။ကိုအောင်ဆန်း
၂၄။ကိုနု
၂၅။မခင်ကြီး အပါအဝင် (၂၉)ဦး

(မှတ်ချက်။ ကျောင်းသားသမဂ္ဂသမိုင်း စာအုပ်အရ ကိုရာရှစ်ဟာ သပိတ်မှောက်ကောင်စီဥက္ကဋ္ဌဖြစ်ပြီး ကိုကျော်ငြိမ်းဟာ အတွင်းရေးမှူးဖြစ်တယ်။ ဦးကျော်ငြိမ်းနဲ့ ဒေါက်တာသာလှတို့ရဲ့ ကိုယ်ရေးမှတ်တမ်းအရ ကိုနု ဥက္ကဋ္ဌ၊ ကိုရာရှစ် ဒုဥက္ကဋ္ဌ၊ ကိုကျော်ငြိမ်း အတွင်းရေးမှူး အဖြစ် အရွေးခံရတယ်လို့ ရေးသားမှတ်တမ်းတင်ခဲ့ကြတယ်)

Tags: , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: