TQ, LYC Dr. MKT for giving this Source: Moe Makha: မစ်ရှီဂန်ကပေးတဲ့စာ – ၆၈ By အောင်ဝေး မေ ၁၅၊ ၂၀၁၁
မိတ်ဆွေကြီး ကိုဒေါင်း၊ ကျန်းခံ့သာလို့ မာပါစ …။
အရင်တပတ်က ကျနော်ငယ်စဉ် စစ်တပ်ထဲမှာကြီးပြင်းလာရတဲ့ အတွေ့အကြုံတချို့ ပြောခဲ့တာမို့၊ ဒီတခါ ကျနော် ငယ်စဉ်ကျောင်းသားဘ၀ အတွေ့အကြုံတချို့ကို ဆက်ပြီး ပြောပြချင်တယ်ဗျာ။
ကျနော်တို့ ကျောင်းတက်၊ ပညာသင်၊ လူ့လောကခွင်ကျယ်ကြီးကို စူးစမ်းတဲ့ ခေတ်ကာလက မဆလစစ်အစိုးရ အုပ်စိုးတဲ့ခေတ်ကာလလို့ ပြောရမှာမဟုတ်လားဗျာ။ ဒီတော့ ကျနော်တို့ဟာ မဆလပညာရေးစနစ်ကိုဖြတ် သန်းကျော် လွှားခဲ့ရတဲ့သူတွေပဲပေါ့ ကိုဒေါင်းရယ်။
မဆလ ပညာရေးစနစ်လို့ ပြောလိုက်ရင်၊ အရင်ဆုံး တော်လှန်ရေးကောင်စီ တက်တက်ချင်း၊ ၁၉၆၂ ဆဲဗင်းဇူလိုင်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဆောက်အအုံကို မိုင်းခွဲဖျက်ဆီးခဲ့တာနဲ့စရမှာပဲ။ လွတ်လပ်ရေးတိုက်ပွဲဝင်၊ သမိုင်းဝင် အစဉ်အလာကြီးမားတဲ့ အဆောက်အအုံကို ဗုံးခွဲရုံသာမက၊ ကျောင်းသားသမဂ္ဂအဖွဲ့ အစည်းတွေကိုပါ မတရား ပိတ်ပင်တားဆီးခဲ့တာပါ။
၁၉၆၂ ကနေစပြီး တကသ၊ ဗကသ ကျောင်းသားသမဂ္ဂ ကျောင်းသားခေါင်းဆောင်တွေ၊ တောထဲ ရောက်ကုန်ကြပါတယ်။ ကျောင်းသားလှုပ်ရှားမှုလည်း မြေအောက် ရောက်သွားခဲ့ရပါတယ်။ ၁၉၆၄ ဇူလိုင်လမှာ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတာ ပေါ်ပေါက်လာပါတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့အတူ၊ ကျနော်တို့ကျောင်းတွေကျောင်းတွေမှာ၊ အရင့်အရင်က အစဉ်အလာရှိခဲ့တဲ့ ကျောင်းသားသမဂ္ဂတွေနေရာမှာ၊ ပထမဦးဆုံး လူငယ့်ရေးရာ ဆိုတဲ့ အဖွဲ့အသင်း လှုပ်ရှားမှုတွေ အစား ထိုးလာခဲ့ပါတယ်။
အဲဒီအချိန်ကတည်းကစပြီး၊ ကျောင်းသားအရေး၊ ကျောင်းသားကိစ္စတွေကို ကာကွယ်စောင့်ရှောက်ပေး၊ တောင်းဆိုပေးတဲ့ အဖွဲ့အစည်းဆိုတာ မရှိတော့ပါဘူး။ လူမှုရေး လုပ်ငန်းမျိုး ပရဟိတအလုပ်မျိုးကို စိတ်အား ထက်သန်ကြတဲ့၊ အများအကျိုးဆောင်ရွက်ချင်ကြတဲ့ ကျောင်းသားတွေခမျာလည်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကကြိုးကိုင်ထားတဲ့ လူငယ့်ရေးရာလုပ်ငန်းဘောင်ထဲမှာပဲ စည်းရုံးသိမ်း သွင်းခံခဲ့ကြရတာပါ။
နောက်တော့ ကျောင်းတွေကျောင်းတွေမှာ ကျောင်းကောင်စီဆိုတာ ပေါ်လာတယ်။ လူငယ့်ရေးရာအဖွဲ့ဆိုတာ ပျောက်သွားပြီး၊ အဲဒီနေရာကို လမ်းစဉ်လူငယ်ဆိုတာ အစားထိုး ၀င်လာပါတယ်။ လမ်းစဉ်လူငယ်နဲ့ အတူ၊ ရှေ့ဆောင်လူငယ်၊ တေဇလူငယ်ဆိုတာတွေလည်း တပါတည်း ပေးထွက်လာခဲ့တာပါ။
ကျနော်တို့ကျောင်းသားတွေလည်း၊ အသက်အရွယ်အရ သတ်မှတ်ထားတဲ့ လူငယ်အဖွဲ့တွေ၊ မဖြစ်မနေ၀င်ကြရပါတော့တယ်။ ကျနော်တို့ အတန်းကြီး ကျောင်းသားတွေကတော့ လမ်းစဉ်လူငယ်တွေဖြစ်လာကြတာပေါ့။ အဲဒီအချိန်တုန်းက ကျောင်းသားလှုပ်ရှားမှု မှန်သမျှဟာ၊ လမ်းစဉ်လူငယ်ကပဲ ကြီးစိုးထားခဲ့တာပါ။ ကျနော်တို့ တက္ကသိုလ်ရောက်လာတော့လည်း ဒီအတိုင်းပဲဆက်ပြီးဖြစ်နေတာပါ။
မဆလ ပညာရေးစနစ်ထဲမှာပဲ လူရည်ချွန်ဆုဆိုတဲ့စီမံကိန်းတမျိုးပေါ်လာပြီး၊ ကျောင်းသားလောကထဲမှာ လူရည် ချွန် ဆိုတဲ့ကျောင်းသားအလွှာတမျိုးပေါ်ထွက်လာခဲ့ပါတယ်။ တပြည်လုံးက လူရည်ချွန်ကျောင်းသားတွေ စုဝေးလေ့ရှိတဲ့၊ နွေရာသီ အင်းလေးခေါင်တိုင်အပန်း ဖြေစခန်းတို့ ငပလီရွှေဝါချိုင်စခန်းတို့ ပြင်ဦး လွင်ပွေးကောက်ရေ တံခွန်စခန်းတို့ဟာ၊ အဲဒီခေတ်က ထင်ရှားတဲ့လူရည်ချွန်စခန်းတွေပေါ့။
အဲဒီလို မဆလ ပညာရေးစနစ်ထဲမှာ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အထောက်အကူပြုဖို့ လမ်းစဉ်လူငယ်တို့ လူရည်ချွန်တို့ဆိုတာကို၊ မဆလ စစ်အစိုးရက လက်သပ်မွေးပြုစုပျိုးထောင်ခဲ့တာပါပဲ။
ဒါတွေကြောင့် ကျောင်းသားလောကမှာ လမ်းစဉ်လူငယ်တို့၊ လူရည်ချွန်တို့ဖြစ်လာကြပြီဆိုရင်၊ ကျောင်းသား အများစုနဲ့ အလိုလိုကင်းကွာ သလိုဖြစ်ကြရပါတယ်။ ကျောင်းသားတိုက်ပွဲ သမိုင်းအစဉ်အလာကို ဆက်ခံတဲ့ ကျောင်းသားထုကြီးနဲ့ဆိုရင်၊ လမ်းစဉ်လူငယ်ကျောင်းသား၊ လူရည်ချွန်ကျောင်းသားတွေဟာ သိပ်ပြီးအစေး မကပ်ခဲ့တာ အမှန်ပဲကိုဒေါင်း။
ဒါထားလိုက်တော့။ တခါတုန်းကပေါ့ဗျာ။ ကျနော်တို့ ပုသိမ်မြို့၊ အထက (၃) က၊ ကျောင်းနေဖက်တွေပြန်ဆုံကြ တဲ့ မိတ်ဆုံစားပွဲတခုမှာ၊ သူငယ်ချင်းတယောက်က “ငါတို့ ကျောင်းက အဆိုတော်လည်းထွက်တယ်၊ သူပုန် လည်းထွက်တယ်” လို့ ပြောလိုက်ပါတယ်။ အဆိုတော်ဆိုတာက ကံ့ကော်တောမျိုးအောင်နဲ့ ထူးအိမ်သင်တို့ ကိုပြောတာပါ။ သူပုန်လို့ပြောတာကတော့၊ ဆေးတက္ကသိုလ်ရောက်ပြီး၊ ၁၉၇၅ ဇွန်လ (၆) ရက်၊ ရွှေတိဂုံ အထွေထွေသပိတ်မှာထောင်ကျသွားတဲ့တယောက်နဲ့၊ ၁၉၇၆ မှာ၊ မှိုင်းရာပြည့်နဲ့ထောင်ထဲရောက်သွားတဲ့ ကျနော့်ကိုပြောတာပါ။
အခု ကျနော်ပြောချင်တာက၊ လမ်းစဉ်လူငယ်တို့၊ လူရည်ချွန်တို့ ဆိုတဲ့ကျောင်းသားတွေလည်းပဲ သမိုင်းတကွေ့မှာ လူထုအရေးတော်ပုံတွေ၊ ကျောင်းသားတိုက်ပွဲတွေနဲ့ကိုယ်တွေ့ကြုံရတဲ့အခါမှာ၊ လူထုဘက်၊ ကျောင်းသား ထုဘက်ကိုရောက်ရှိလာခဲ့တယ်ဆိုတဲ့အချက်ပါ။
ကျနော်တို့ကျောင်းကသူပုန်ထွက်တယ်ဆိုတဲ့ ဆေးတက္ကသိုလ်ကနေ ထောင်ထဲ ရောက်သွားတဲ့သူဟာ၊ ကျောင်းတုန်းက ထပ်ကွမ်း လူရည်ချွန်တယောက်ပေါ့ဗျာ။ ကျနော်တို့ပုသိမ်ကောလိပ်၊ မှိုင်းရာပြည့်နဲ့ ထောင်ကျတဲ့အမှုတွဲထဲမှာလည်း၊ ရူပဗေဒဌာနက၊ ထပ်ကွမ်းလူရည်ချွန်တယောက်ပါလာတာပေါ့ဗျာ။
အဲဒီလို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအလိုကျ၊ မဆလ စစ်အစိုးရ ကြိုးဆွဲရာ မကချင်ကြတော့တဲ့ လမ်းစဉ် လူငယ်နဲ့ လူရည်ချွန်ကျောင်းသားတွေလည်း အမြောက်အများပဲ လူထုအရေးတော်ပုံ၊ ကျောင်းသား အရေးတော်ပုံတွေထဲကို ခြေစုံပစ်ဝင်ရောက်လာခဲ့ကြတာ သမိုင်းမှာ လက်တွေ့ပါပဲ။
မဆလ စစ်အစိုးရ၊ မဆလ ပညာရေးရေးစနစ်က မွေးထုတ်ပေးခဲ့တဲ့လမ်းစဉ်လူငယ်တွေ၊ လူရည်ချွန်တွေဟာ၊ အဲဒီ မဆလစစ်အစိုးရကို မြေမြှုပ် သင်္ဂြိုဟ်ပစ်တဲ့ ကျောင်းသား အင်အားစုထဲမှာ၊ အထင်ကရပါဝင်ခဲ့တာကို၊ ကျနော်တို့ သမိုင်းသင်ခန်းစာယူရမယ် မဟုတ်လား ကိုဒေါင်းရေ။
အားလုံးကို သတိရလျက် …
အောင်ဝေး
မူရင်း – လွတ်လပ်သည့် အာရှအသံ
Related articles
- လူရည်ချွန် သီချင်းဟောင်းများ (drkokogyi.wordpress.com)
- ဗိုလ်တထောင်သတင်းစာ – ၁၉၇၁ လူရည်ချွန် စာရင်းများထုတ်ပြန်ကျေညာ (drkokogyi.wordpress.com)
- Outstanding Students or လူရည်ချွန် (drkokogyi.wordpress.com)
- ဒေါက်တာစိုင်းခမ်းလိတ်ဘဝ ထဲက လူရည်ချွန် (drkokogyi.wordpress.com)
- Outstanding Student or Lu-Ye Chun လူရည်ချွန် (drkokogyi.wordpress.com)
Tags: Burma, Luyechun, Mandalay, Outstanding Student, Pyin U Lwin, Student
Leave a Reply