Last Burmese Queen’s diamond belt found in Peranakans? (in Burmese)

Picture seen in the book, “The Peranakan Matrimonial Splendour” by The Peranakan Association of Singapore, published in 2009. TQ Bo Bo for the link.

Source: စုဖုရားလတ်၏ စိန်ဒေါင်းရုပ် ခါးစည်းတော် မောင်သန်းဆွေ၊ထားဝယ်၊(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)

မနှစ်က မဟေသီ မဂ္ဂဇင်း အယ်ဒီတာ ဆရာ ၀င်းသူရက စာရေးသူထံ  ဖုန်းဆက်ပါသည်။ စာရေးသူ၏ စာဖတ ပရိသတ်တစ်ဦးက ဖုန်းဆက်ကြောင်း၊ သူ့ဖုန်းနံပါတ်ကို ပေး၍ ပြန်ဆက်ရန် ပြောကြောင်း၊ စာရေးသူ ရေးသည့် သီပေါမင်းနှင့် ပတ်သက်သော အကြောင်းအရာများကြောင့်  ရတနာ ဂီရိမှ အထောက်အထားများကို ပြသလိုပုံ ရသည်ဟု ဆရာက ပြောပါသည်။

စာရေးသူလည်း ဆရာဝင်းသူရ ပြောသည့် ဖုန်းနံပါတ်ကို ဆက်ကြည့်ရာ တစ်ဖက်မှ အမျိုးသမီး တစ်ဦးက-
“ဟုတ်တယ် ဆရာ… ကျွန်မ ဆက်သွယ် လိုက်တာပါ။ ဆရာပြန်ပြီး ဖုန်းဆက်တဲ့ အတွက် ၀မ်းသာပါတယ်ရှင်”

“ဖုန်းဆက်တဲ့ အကြောင်းက”

“ဒီလိုပါ ဆရာ၊ ကျွန်မ အဘွားက ရတနာဂီရိကို သွားပြီး ခစားဖူးတယ်။ အဲဒီတုန်းက သမီးတော်များ ကိုယ်တိုင် လက်နဲ့ စီးကွင်း ထိုးထားတဲ့ ပိုက်ဆံ အိတ်ကလေးတွေ သနားတော် မူလို့ ရလာတယ်။ အဲဒါ ဆရာ
စိတ်ဝင်စားရင် လာကြည့်ပါ။ သီပေါမင်း အဆက်အနွယ်များကိုလည်း ပြန်ပေးချင်ပါတယ်”
ဟုပြောပြီး သူ၏အိမ်လိပ်စာကို ပေးပါသည်။

စာရေးသူလည်း သီပေါမင်းတရား အနွယ်တော်ထဲမှ ရင်းနှီးသည့် မြေးတော် တော်ဘုရားကလေး၏ ဇနီး ဒေါ်လေးမေကို ဤအကြောင်း ပြန်ပြောဖူးပါသည်။ စာရေးသူ အားသည့် အခါ သွားရောက်ပြီး ထိုပစ္စည်းကလေးများကို ကြည့်မည်။ ဒေ၀ီ (တော်ဘုရားကလေး၏ သမီး) စိတ်ဝင်စားလျှင်လည်း သူ့ကို ခေါ်ပြီးသွားမည်ဟု စိတ်ကူးထားပါသည်။ သည့်နောက်ပိုင်း စာရေးသူ မအားတော့ပါ။ ဒေ၀ီကလည်း သူ လုပ်နေသည့် အောင်ပင်လယ် မဂ္ဂဇင်း အတွက် မအားရှာပါ။ သည်ကြားထဲတွင် သူ၏ လူမှုဝန်းကျင် (Environment) ကိစ္စများနှင့် စာပေ ဟောပြောပွဲများ ထွက်နေရသည်။

သို့ကြောင့် အထက်ဖော်ပြပါ ကိစ္စကို မဆောင်ရွက်နိုင်သေးပါ။ လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်ခန့်ကလည်း
(စာရေးသူ ရတနာ ဂီရိနိဒါန်း စာအုပ်ဖြင့် အမျိုးသား စာပေဆု ရပြီးစ) စာဖတ်ပရိသတ် အမျိုးသမီး တစ်ဦးက ဖုန်းနှင့် ဆက်သွယ် လာဖူးသည်။ သူရဇ္ဇ မဂ္ဂဇင်းမှ စာရေးသူ၏ ဖုန်းနံပါတ်ကို ရသည်ဟု ပြောပြပါသည်။ သူက တောင်ဒဂုံမှာ နေသည်။ ရတနာဂီရိမှ သမိုင်းဝင် ဓာတ်ပုံများ သူ့ထံ ရှိသည်၊ စိတ်ဝင်စားလျှင် လာကြည့်ပါဟု ခေါ်သည်။ စာရေးသူကလည်း စိတ်ဝင်စား၍ သွားကြည့်ပါသည်။ သူ၏အဘိုး (ထိုအမျိုးသမီးပုံမှာ အိနိ္ဒယသွေး ပါသည်)က ရတနာဂီရိ စံအိမ်တော်တွင် အခစား ရောက်ဖူးသည်။ ထို့ကြောင့် စံအိမ်တော်မှ အိမ်ထောင် ပရိဘောဂများ၊ အသုံးအဆောင် ပစ္စည်းများ၊ လက်ဝတ် ရတနာများ၏ ဓာတ်ပုံများကို ရလာခဲ့သည်။ သို့ဖြင့် စာရေးသူအား ခေါ်ပြခြင်း ဖြစ်ပါသည်။

စာရေးသူသည် ထိုအမျိုးသမီး ပြသော ဓာတ်ပုံများကို အလွန် စိတ်ဝင်စားပါသည်။ သမိုင်းဝင် အထောက်အထားများ ဖြစ်သည်။ အချို့ ဓာတ်ပုံများကိုမူ အင်္ဂလိပ်-မြန်မာ မဂ္ဂဇင်း စာအုပ်များတွင် တွေ့ဖူးမြင်ဖူး ပြီးဖြစ်သည်။ စာရေးသူတွင် မရှိသေးသော ဓာတ်ပုံများနှင့် တစ်ခါမှ မမြင်ဖူး သေးသော ဓာတ်ပုံများကို ငှားပြီးချက် ချင်းပင် ဖိုတိုစတက် ကူးကာ သူ့အား ပြန်ပေးလိုက်ပါသည်။ သူ့ကို ယနေ့တိုင် ကျေးဇူးတင်လျက် ရှိပါသည်။

သူ့ထံမှရသည့် ပုံများတွင် စုဘုရားလတ်၏ စိန်ဒေါင်းရုပ် ခါးစည်းတော် (စိန်ခါးပတ်) ဓာတ်ပုံပါသည်။ ထိုစဉ်က ၄င်းဓာတ်ပုံကို စာရေးသူ တစ်ခါမှ မမြင် ဖူးသေးပါ။ ပထမဆုံး မြင်ဖူးရခြင်း ဖြစ်သည်။ ထိုဓာတ်ပုံကြောင့် ဤဆောင်းပါး ရေးရခြင်း ဖြစ်ပါသည်။

လွန်ခဲ့သော တစ်နှစ်ခန့်က စာရေးသူ၏ မိတ်ဆွေ လန်ဒန် တက္ကသိုလ်မှ ဒေါက်တာ အီးအိပ်ခ်ျမိုး ဆိုသူက စာရေး သူအား ၂၀၀၉ ခုနှစ် ဇူလိုင်နှင့် စက်တင် ဘာလမှာ စင်ကာပူ “သည် ပရနကန် အစိုစီရေးရှင်း” (The Peranakan Association) မှ ထုတ်ဝေသည့် The Peranakan Matrimonial Splendour ဆိုသည့် စာအုပ်၊ Peranakan Museum မှ ထုတ်ဝေသည့် လက်ကမ်းကြော်ငြာ၊ အခြား ပရနကန်(Peranakan) များ အကြောင်း စာအုပ်ကြီး တစ်အုပ်ကို လက်ဆောင် ပေးပါသည်။

ထိုစာအုပ်ကြီးတွင် စုဘုရား လတ်၏ စိန်ဒေါင်းရုပ် ခါးစည်းတော်(စိန်ခါးပတ်)မှ ခါးပတ်ခေါင်း စိန် ဒေါင်းရုပ်ပုံ ပါလာသည်။ တောင်ဒဂုံမှ အမျိုးသမီး ထံတွင် တွေ့ရသည့် စိန်ဒေါင်းရုပ်ပုံပင် ဖြစ်၏။
ဤနေရာတွင် ပရနကန် (Peranakan) ဆိုသူများ အကြောင်းကို ရှင်းမှဖြစ်မည်။ သူတို့သည် အရှေ့တောင် အာရှမလေး(ယခ မလေးရှား)၊ ပီနံ၊ စင်ကာပူ၊ မလက္ကာမှ အင်ဒိုနီးရှားအထိ တွင်ရှိသော တရုတ်လူမျိုးမှ ဆင်းသက်သောကပြားမျိုး ဖြစ်သည်။

The Paranakan စာအုပ်ထဲတွင် ပရနကန် ဆိုသည့် စာလုံးကို အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ ရောနှော နေသော ယဉ်ကျေးမှု (A Mixed Culture) ဟု ဆိုသည်။ ရာစုနှစ်ပေါင်း များစွာက သဘာဝအားဖြင့် ချမ်းသာ ကြွယ်ဝသော အရှေ့တောင် အာရှသို့ နိုင်ငံခြားသား ကုန်သည်များသည် ၀င်လာကြသည်။ အချို့က သူတို့၏ မိခင်နိုင်ငံသို့ ပြန်ကြ သော်လည်း အချို့မှာ မပြန်တော့ဘဲ ရောက်သည့် နိုင်ငံမှ အမျိုးသမီးများနှင့် ပေါင်းသင်းကြသည်။ Paranakan ဆိုသည့် စာလုံးသည် မလေး(Malay) စာလုံး “anak”မှဆင်းသက်သည်။ အဓိပ္ပာယ် မှာ “ကလေး” (Child) ဟု အဓိပ္ပာယ် ရသည်။ သို့ကြောင့် “နိုင်ငံတွင်း မွေးဖွား သူ” (မူရင်းလူမျိုး မဟုတ် ကပြား) ဟု ဆိုနိုင်သည်။ သို့ဖြစ်၍ အရှေ့တောင် အာရှသို့ ရောက်လာသော တရုတ်ကုန် သည်များနှင့် မိခင်နိုင်ငံမှ အမျိုးသမီး များ ပေါင်းဖက်ရာမှ ပေါက်ဖွား လာသူကို ပရနကန်ဟု ခေါ်ပုံရသည်။

မြန်မာပြည်တွင်လည်း သူတို့ရှိ သည်။ သူတို့ကို မြန်မာတို့က “ပသျှူး” ဟုခေါ်သည်။ ပသျှူးဆိုသည်မှာ မလေး လူမျိုးကိုလည်း ခေါ်သည်။ သူတို့သည် မလေးလူမျိုး မဟုတ်ပါ။ မလေးမှလာ သော တရုတ်များသာ ဖြစ်သည်။ အချို့ က သူတို့ကို ဘာဘာ(Malay) ဟုလည်း ကောင်း၊ ညိုရာ(Nyonya) ဟုလည်း ကောင်း ခေါ်သည်။ မြန်မာတို့က အမျိုး သားများကို ဘာဘာခေါ်၍ အမျိုးသမီး များကို ညော်ညားဟု အသံထွက်၏။ မြန်မာပြည်မှ တရုတ်-မြန်မာ ကပြားမ အချို့ကလည်း သူတို့ကိုယ်သူတို့ “ပသျှူး” လုပ်တတ်သည်။ ပသျှူးမလို ၀တ်သည်။ ပသျှူးမများ ၀တ်သည်မှာ ပါတိတ် ထဘီပေါ်တွင် အင်္ကျီလက်ရှည်၊ ရင်စေ့ဘလောက် အင်္ကျီကိုဝတ်သည်။ အင်္ကျီတွင် ကော်လာလည်ကတုံးနှင့်ဖြစ် ၏။ ရင်စေ့ဘလောက်အင်္ကျီမှ ကြယ်သီး (စိန်၊ ရွှေ၊ ကျောက်စိမ်း)သည် ခုနစ်လုံးခန့် ရှိသည်။ စာရေးသူတို့ ငယ်စဉ်က တရုတ်တန်းတွင် ဤသို့ဝတ်သည့် တရုတ်မများကို တွေ့ဖူးသည်။ သူတို့ကို ပသျှူးမ ဟုခေါ်သည်။

များသောအားဖြင့် နားသန်သီး ဆွဲသည်။ ခေါင်းမှ ဆံထုံးတွင် စိန်၊ ရွှေ၊ ကျောက်စိမ်းဆံထိုးများ ကိုးခု၊ ဆယ်ခု ထိုးထားတတ်သည်။ ခြေတွင် ခြေထိုး ဖိနပ်နှင့်ဖြစ်၏။ ခြေချင်းကို အခမ်း အနားများတွင် ၀တ်တတ်သည်။ ခြေထိုး ဖိနပ်တွင် စီးကွင့်စ်များ ထိုးထားသည်။ သူတို့၏ လက်ဝတ်လက်စားမှာ တစ်မျိုး တစ်ဖုံဖြစ်သည်။ နေထိုင်သည့် အသုံးအဆောင် ပရိဘောဂများမှာလည်း တစ် မျိုးဖြစ်၏။
အစားအသောက်လည်း တရုတ် စာနှင့်ကွဲသည်။ အထူးသဖြင့် မုန့်များကို အမျိုးမျိုးလုပ်စားတတ်သည်။ စာရေး သူတို့ ငယ်စဉ်က “ပသျှူးမုန့်” ဆိုသည်ကို မက်မက်စက်စက် စားခဲ့ရသည်။ ယခု စာရေးသူတို့ စားနေသည့် ကောက်ညှင်း ရွှေထမင်း၊ သာဂူပျဉ်နှင့် နနွင်း မကင်းတို့သည် ပသျှူးမုန့်များပင် ဖြစ်သည်။

စာရေးသူတို့ ငယ်စဉ်က ရန်ကုန် ၂၁ လမ်းတွင် ပသျှူး မင်္ဂလာဆောင် တစ်ခုကို တွေ့ဖူးပါသည်။ တရုတ် မင်္ဂလာ ဆောင်နှင့် မတူပါ။ ခုနစ်ရက် ခုနစ်လီ ဆောင်နေခြင်း ဖြစ်သည်။ မြန်မာပြည်မှ တရုတ် သူဌေးသမီးများသည် သူတို့ကိုယ် သူတို့ ပသျှူးမများကဲ့သို့ ၀တ်စား ဆင်ယင်သည်။ ထိုမှ ဂုဏ်ရှိ သည်ဟု ထင်ကြပုံရသည်။

ပသျှူး လုံချည်ဟု ခေါ်သော ယောက်ျားဝတ် ပုဆိုးလည်း တွေ့ဖူးပါသည်။ ယောက်ျားဝတ် လုံချည်သည် ပါတိတ်လုံချည်ပင်ဖြစ်၏။ မိန်းမ လုံချည်နှင့် အဆင်ကွဲပါသည်။ ဤမျှဆိုလျှင် မြန်မာတို့က ပသျှူးဟုခေါ်သော ပရနကန် (Paranakan) တို့အကြောင်းကို သဘော ပေါက်လောက်ပြီဟု ထင်ပါသည်။ စုဘုရားလတ်၏ စိန်ဒေါင်းရုပ် ခါးစည်းတော် အကြောင်းကို ဆက်ရအောင်။

ပရနကန်(Paranakan) စာအုပ်ထဲတွင် စုဘုရားလတ်၏ စိန်ဒေါင်းရုပ်ခါး စည်းတော်ပုံကို မြင်ရသော အခါ စာရေးသူ အတော်ပင် အံ့သြ သွားရပါသည်။ စာအုပ်ထဲမှ ပုံတွင် ဤစိန်ဒေါင်းရုပ်ခါး ပတ်ခေါင်းသည် စုဘုရားလတ်၏ ပစ္စည်း ဖြစ်သည်ဟု မဖော်ပြထားပါ။ ပရနကန် ပြတိုက်မှ ပရနကန်လက်ဝတ် ရတနာ သုံးရာခန့် အနက်မှ ပစ္စည်းတစ်ခု အနေနှင့်သာ ပြထားပါသည်။

သို့ဆိုလျှင် စုဘုရားလတ်၏ စိန်ဒေါင်းရုပ် ခါးစည်းတော်(ခါးပတ်)သည် မည်သို့ ပသျှူး လူမျိုးများ၏ လက်ထဲသို့ ရောက်သွားပါသနည်း။  အိနိ္ဒယတွင် ရှိစဉ် ရတနာများကို တတိတိ ရောင်းချခဲ့ ရရာ အိနိ္ဒယမှ တစ်ဆင့် မလေးသို့ ရောက်ရှိပြီး ပသျှူး(Paranakan) များ လက်သို့ ရောက်သွားရဟန် တူသည်ဟု ထင်ရ ပါသည်။

စိန်ခါးစည်းတော်(စိန်ခါးပတ်) ကို စုဘုရားလတ် အသုံး ပြုပါမည်လား ဟု စာရေးသူ စဉ်းစား ကြည့်မိသည်။ အဘယ်ကြောင့် ဆိုသော် ခါးပတ် ဆိုသည်မှာ မြန်မာတို့ အသုံးအဆောင် မဟုတ်ဟု ထိုစဉ်က ထင်မိသောကြောင့် ဖြစ်ပါသည်။ မန္တလေး နန်းတွင် စံစဉ်က ပင် အိနိ္ဒယမှ မြန်မာကြိုက် စိန်ဒေါင်းရုပ် ခါးစည်းတော် လုပ်လာပြီး အရှင် နှစ်ပါးအား ဆက်သခဲ့လေသည်လား။ သို့မဟုတ် ပါတော်မူပြီး အိနိ္ဒယရောက်မှ အိနိ္ဒယ ပန်းထိမ ပညာရှင်များဖြင့် လုပ်လေသည်လား။

အဘယ်ကြောင့် ဆိုသော် လက်ရာမှာ မြန်မာလက်ရာဟု မထင်ရပါ။ (အိနိ္ဒယ လက်ရာဟု ထင်၍ ဖြစ်သည်။) အရှင်နှစ်ပါး ပါတော်မူ၍ မဒရပ်တွင် ခေတ္တ စံနေတော်မူရစဉ် တတိယ သမီးတော် ဖွားမြင်တော်မူ သဖြင့် ပုခက်တင် မင်္ဂလာ ပြုလုပ်ရန် အတွက် ရတနာ ကျောက်စီ ရွှေပုခက်တော်ကို မဒရပ်မှ ပီအောအင်ကိုး (ကုမ္ပဏီ)တွင် အပ်နှံ၍ ပြုလုပ်စေခဲ့ ကြောင်း၊ ပြုလုပ်သော ရတနာကျောက်စီ ရွှေပုခက်တော်မှာ(၄၄ ၁/၈) ကာရက် အလေးချိန် ရှိသော စိန်လုံးပေါင်း ၂၂၀၊ (၇၇ ၁/၂) ကာရက် အလေးချိန် ရှိသော ပတ္တမြားလုံးငယ် ၁၀၀ မြှုပ်နှံစီခြယ် ထားသည်ဟု ဆိုကြောင်း။ (ဤ အကြောင်းများကို ဒေဆိုင်း၏ Deposed King Thibaw of Burma in India, 1885-1916 စာအုပ်တွင်လည်းကောင်း၊ စာရေးသူ ရေးသည့် ရတနာဂီရိ နိဒါန်းတွင် လည်းကောင်း၊ ပါရှိပြီးဖြစ်သည်။)

ထို့အပြင် အချင်းဆေးရန် အတွက်  ဒိုင်ယာမီတာ သုံးပေရှိသော ပတ္တမြား ကျောက်စီ ရွှေလင်ပန်း တစ်ချပ်(ရွှေခုနစ် ရာတိုလာ လေး၍ ပတ္တမြားလုံးရေ ၁၅၀ စီခြယ်ထားသည့် တန်ဖိုးအားဖြင့် ရူပီ ၁၃၀၀၀ တန်သည်)ကိုလည်း ပြုလုပ်ခဲ့သည် ဆိုကြောင်း။ (ထိုစဉ်က အရှင် နှစ်ပါးထံတွင် ပါတော်မူစဖြစ်၍ ရွှေနှင့် ကျောက်မျက် ရတနာများစွာ ရှိနေပုံရ သည်) ထို့ကြောင့် အိနိ္ဒယရှိ ပီအော ကုမ္ပဏီနှင့် ရတနာကျောက်စီ ရွှေပုခက် တော်၊ ပတ္တမြား လင်ပန်းတော်များ ပြုလုပ်သကဲ့သို့ စိန်ခါးစည်းတော်(စိန် ခါးပတ်)ကိုလည်း လုပ်လေသည်လား ဟုလည်း တွေးမိပါသည်။

ဗြိတိန် ဘုရင်မ ဒုတိယမြောက် အယ်လိဇဘက် နန်းတက်စဉ်က မြန်မာပြည်မှ သီပေါမင်းတရား အနွယ်တော်များ ဖြစ်သော တတိယ သမီးတော် အရှင်ထိပ်စုမြတ်ဘုရားနှင့် မြေးတော် ထိပ်စုဘုရားကြီး၊ တော်ဘုရား၊ ထိပ်စု ဘုရား၊ တော်ဘုရားငယ်၊ တော်ဘုရား ကလေးနှင့် ထိပ်စု ဘုရားထွေးတို့သည် ၁၉၅၃ ခု၊ မေလ ၉ ရက် နေ့စွဲဖြင့် ဘိသိက် ကူညီစောင်မမှု (Coronation Favour) အနေဖြင့် တောင်းခံဖူးသည်။ ထိုတောင်းခံရာတွင် သီပေါမင်း တရား၏ သီးသန့်ကိုယ်ပိုင် ပစ္စည်း စာရင်းကို အောက်ပါအတိုင်း ဖော်ပြထားသည်။

၁။    စိန်နားတောင်းတော် ၇ ရန်
၂။    စိန်ပတ္တမြားထိပ်တပ် နားတောင်း         တော်(ရွှေဟင်္သာညီနောင်) ၃ ရန်
၃။    မြ(ညီနောင်) နားတောင်းတော် ၂ ရန်
၎။    ပတ္တမြား စလွယ်တော် ၁
၅။    ဒက်တော်(ရတနာကျောက်မျိုးစုံ စီခြယ်ထား)၊ ၂
၆။    စိန်ခါးစည်းတော် ၁
၇။    စိန်ပန်းခွေတော်
၈။    ထိပ်စိုက်ပန်းခိုင်တော်(ပြင်သစ် ပါရီလုပ်)၊ ၃
၉။    စိန်လက်ကောက်တော် ၁ ရန်
၁၀။    စိန်လည်ကပ်တော် ၂၀
၁၁။    စိန်ခရာသီးလည်ကပ်တော် ၄ ကုံး
၁၂။    စိန်ကြိုး ၁၀ ကုံး
၁၃။    စိန်လက်စွပ်တော် ၂၀ ကွင်း
၁၄။    လှော်ကားတင် ပတ္တမြားလက်စွပ်
တော်၊ (လှော်ကားနှင့်တင်ပြီးဆက်  သရ) ၁ ကွင်း
၁၅။ ကြိုကျောက်တော် ၂
၁၆။မောက်ကြီးပတ္တမြား ၁

(နန်းစဉ်ငမောက် ပတ္တမြားကဲ့သို့ တန်ဖိုး မဖြတ်နိုင်သည့် ပတ္တမြားကြီး)
(အတွဲ ၂၄ အမှတ် ၁၂၊ ၂၀၀၈ ဒီဇင်ဘာ ရုပ်ရှင် တေးကဗျာ မဂ္ဂဇင်းမှ စာရေးသူ၏ ဆောင်းပါး) ဟူ၍ ပစ္စည်း ၁၆ မျိုး ပြန်တောင်းသည့် အထဲတွင် အမှတ်စဉ် ၆ အနေဖြင့် စိန်ခါးစည်းတော် ၁ ဟူ၍ ပါသည်ကို ထောက်ရှုသော် မိဖုရားခေါင်ကြီး စုဘုရားလတ်တွင် စိန်ခါးစည်းတော်(စိန်ခါးပတ်) ရှိပြီးဖြစ်သည်။ ယခု ဆောင်းပါးပါ စိန် ဒေါင်းရုပ်ခါးစည်းတော်ဟုတ်၊ မဟုတ်ကိုကား မပြောနိုင်ပေ။

စုဘုရားလတ်၏ စိန်ခါးစည်းတော်မှ ဒေါင်းရုပ်သည်က ဒေါင်းဖြစ်ပါသည်။ (ခွပ်ဒေါင်း မဟုတ်ပါ။) မိဖုရား ခေါင်ကြီးစု ဘုရားလတ်နှင့် ဒေါင်းရုပ် သည် ပတ်သက်သလောက် ပတ်သက် နေသည်။ အရှင်နှစ်ပါး၏ တံဆိပ်တော်သည်က ဒေါင်းရုပ်ဖြစ်၏။ ဗြိတိသျှ အစိုးရက အရှင်နှစ်ပါးကို ၁၉၀၆ ခုနှစ်၌ စံအိမ်တော်သစ် တည်ဆောက်ပေးခဲ့ရာ ၁၉၁၀ ခုနှစ်တွင် ပြီးပါသည်။ စံအိမ်တော် ဆောက်စဉ်က မျက်နှာစာ ပေါ်တီ ကို(လသာဆောင်)အပေါ်ထပ် မျှော်စင် ၀ရန်တာတွင် ဒေါင်းတံဆိပ်တော် တပ်ဆင်ရန် ကိစ္စနှင့် ပတ်သက်ပြီး နယ်ချဲ့ အင်္ဂလိပ် အစိုးရနှင့် အချေအတင် ဖြစ်ခဲ့သေးသည်ဟု သိရပါသည်။ နယ်ချဲ့က သူတို့ အထိမ်းအမှတ် တစ်ခု စံအိမ်တော်တွင် တပ်ဆင်လိုသည်။ အရှင်နှစ်ပါး၊ အထူးသဖြင့် မိဖုရားခေါင်ကြီး စုဘုရား လတ်က ဒေါင်းတံဆိပ်တော် ထည့်ပေးရမည်ဟု အဆိုပြုတော်မူသည်။

အင်္ဂလိပ်က မည်သည့်တံဆိပ်မှ မထည့်ရန် အပေးအယူလုပ်သေးသည်။ မိဖုရားခေါင်ကြီးသည် ဒေါင်းတံဆိပ် တော်ကို စံအိမ်တော်ထိပ်တွင် တပ်ဆင် မပေးက  သူ မနေဟု တင်းတင်းမာမာ ပြတ်ပြတ်သားသား ရာဇသံပေးလိုက်မှ နောက်ဆုံး စံအိမ်တော်မျက်နှာစာ အလယ်ဗဟိုထိပ်ပိုင်းတွင် ဒေါင်းတံဆိပ် တပ်ဆင်ပေးခဲ့ရသည်။ (စာရေးသူရေး သည့် ရတနာဂီရိနိဒါန်းတွင် အကျယ် ဖတ်ရှုနိုင်ပါသည်။)

ထိုကတည်းကပင် အရှင်နှစ်ပါး အသုံးပြုတော်မူသည့် စာရွက်စာတမ်း စာရေးစက္ကူများထိပ်တွင် ဒေါင်းတံဆိပ် တော်ပါရှိသည်။ သီပေါမင်း တရား အနွယ်တော်များ ယနေ့အထိ သုံးစွဲ လျက်ရှိသော စာရေးစက္ကူမှ ခေါင်းစီး သည်လည်း ကဒေါင်းရုပ်နှင့် ဖြစ်သည်။ ထို့ကြောင့် မိဖုရားခေါင်ကြီး၏ စိန်ခါးစည်းတော်မှ ခေါင်း(ခါးပတ် ခေါင်း) တွင် စိန်ဒေါင်းရုပ် ပြုလုပ်ထား ခြင်းမှာ မည်သို့မျှ ယုံမှား သံသယ ဖြစ်ဖွယ်ရာ အကြောင်း မရှိတော့ချေ။

စာရေးဆရာမကြီး ရွှေဘိုမိမိကြီး ရေးသည့် သရဖူတို့ရဲ့သရဖူ စာအုပ် တွင်-
“ပုဂံပြည်သူများရဲ့ ထဘီဟာ ကွင်းစွပ်အိတ်ရှုံ့တစ်မျိုးကို ခါးစည်းပြီး ၀တ်ဆင်တာ တွေ့ရပါတယ်”
ဟု ပါရှိပါသည်။

ထို့ကြောင့် ပုဂံခေတ်ကတည်းက အမျိုးသမီးများသည် ထဘီကို ခါးစည်း၍ ၀တ်ဆင်သဖြင့် ခါးစည်း(ခါးပတ်) အသုံးပြုကြောင်း သိရပါသည်။ ပုဂံခေတ် ကျောက်စာများထဲမှ ဖွားစောနှင့် ပတ်သက်သော ကျောက်စာ တစ်ချပ်၏ အရေးအသားတွင်- “ဖွားစော၏ ရွှေခါးကြိုးကို ခိုးသူအား အပြစ် ပေးရကြောင်း” ပါသည်။ ပုဂံခေတ် ကျောက်စာများတွင် ခါးစည်း(ခါးပတ်)ကို “မေခလာ” ဟု ခေါ်ကြောင်း ရေးသား ထားသည်ကိုလည်း တွေ့ရဖူး၏။ မေခလာသည် ပါဠိစကား ဖြစ်သည်။ ခါးစည်းအဆင် တန်ဆာဟု အဓိပ္ပာယ်ရသည်။ မေခလာ =ရသနာ=ခါးကြိုးတန်ဆာ၊ ခါးစည်း တန်ဆာ။ ပါဠိသဒ္ဒါနည်းတွင် မေခလာ သည် မေဟန+ခ+မာလာ၌ မေ+ခ+ လာ ကိုသာယူ၍ ဟန၊ မာတို့ကို ပယ်ဖျောက်ထားသည်ဟု ဆိုပါသည်။ ယင်းသို့ဖျောက်ထားသည်ကို ၀ဏ္ဏ လောပနည်း ဟုခေါ်ဆိုပါသည်။

မေဟနခမာလာ= လျှို့ဝှက်အပ်သော အင်္ဂါ(၀ါ) အင်္ဂါဇာတ်ကို ဖုံးကွယ်ရန် ပန်းပွင့်သဖွယ် လှပသည့် အမြိတ် ချထားသည့် ခါးကြိုးတန်ဆာ (၀ါ) ခါး စည်းကြိုးဟု အဓိပ္ပာယ်ရပါသည်။ မေခလာ= Girdle ဟု အင်္ဂလိပ် ပြန်ပါသည်။ အဘိဓာန် နိသျှ စာမျက်နှာ ၁၁၈ အဘိဓာန်ပါဠိဂါထာ ၂၈၇  ကို အနက် ပြန်ဆိုရာ၌ စတုရင်္ဂဗလ ပညာရှိ အမတ်ကြီး ပြုစုသည့် အဘိဓာန်ဋီကာမှ ကောက်နုတ်၍ ခါးစည်းကြိုး လေးမျိုးကို အောက်ပါအတိုင်း ဖော်ပြ ထားပါသည်။

၁။    ကဉ္စ = အမြိတ် ၁ ချောင်းသာရှိသော ခါးစည်းကြိုး။
၂။    မေခလာ = အမြိတ် ၈ ချောင်းရှိသော ခါးစည်းကြိုး။
၃။    ရသနာ = အမြိတ် ၁၆ ချောင်းရှိသော ခါးစည်းကြိုး။
၎။    ကပါလာ = အမြိတ် ၂၅ ချောင်းရှိသော ခါးစည်းကြိုး။

ဇနကဇာတ်တော်တွင် သင်္ဘော ပျက်၍ ရေကူးနေသော ဇနကမင်းသားကို ကယ်ဆယ်သည့် ရေနတ်သမီးကို “မဏိမေခလာ” ဟု ခေါ်ဆိုသဖြင့် ပတ္တမြား ခါးစည်းကြိုး ရှိသော နတ်သမီး ဟု အဓိပ္ပာယ် ရပါသည်။

သို့ကြောင့် မြန်မာ အမျိုးသမီးများ သည် ပုဂံခေတ် ကတည်းကပင် ခါးစည်းကို အသုံးပြုခဲ့ပေရာ ကုန်း ဘောင်ခေတ် အဆုံး မိဖုရားခေါင်ကြီး စုဘုရားလတ်သည်လည်း ခါးစည်းတော်(ခါးပတ်) အသုံး ပြုခဲ့ပုံ ရသည်။ သို့သော် အစဉ်အမြဲ သုံးပုံမရချေ။ အထူးပွဲလမ်း သဘင်များ၌သာ သုံးတော်မူပုံရပါသည်။ သို့ဖြစ်၍ “ခါးပတ် ဆိုသည်မှာ မြန်မာတို့ အသုံးအဆောင် မဟုတ်” ဟု ယခင်က ထင်မိသော စာရေးသူ၏ စိတ် အမြင်မှာ မှားခဲ့လေသည်။

ကုန်းဘောင် ခေတ်ကုန်၍ ဗြိတိသျှ ခေတ်ရောက်လာသော အခါ မြန်မာ အမျိုးသမီးများသည် ရွှေခါးပတ်၊ ငွေခါးပတ် စသည်တို့ ၀တ်ဆင်လာသည်ကို တွေ့ရသည်။ ယခုအခါ ချမ်းသာ၍ အသက်ကြီးပြီး ခါးတုတ်နေသည့် အမျိုးသမီးများသည် ရွှေဒင်္ဂါးများကို ခါးပတ်လုပ်ပြီး တမင်ရှိုးထုတ် ၀တ်ဆင် လာသည်ကို ရန်ကုန် မင်္ဂလာဆောင်များတွင် တွေ့မြင် နေရပါသည်။

ဤဆောင်းပါး ရေးနေစဉ်ပင် တိုက်တိုက်ဆိုင်ဆိုင် ဒေါက်တာအီးအိပ် ခ်ျမိုးက ပုံကြီးချဲ့ထားသော စိန်ဒေါင်းရုပ် ခါးပတ်ဓာတ်ပုံနှင့် ဒေါင်းခါးပတ် (Peacock Belt) ခေါင်းစဉ်ဖြင့် စာတစ်ပုဒ် ရေးထားသည်ကို လန်ဒန်မှ ရှာဖွေပြီး ပို့လိုက်ပါသည်။

ထိုစာပုဒ်မှာ “Peranakan A-Z”by Kenson Kwok 2010. ဟူသည့် Singapore National Heritage Board မှထုတ်ဝေသော စာအုပ်မှဖြစ်သည်။ ထို စာပုဒ်ကို ဖတ်ကြည့်မှ မိဖုရားခေါင်ကြီး စုဘုရားလတ်၏ စိန်ဒေါင်းရုပ် ခါးစည်းတော်နှင့် ပတ်သက်၍ အဓိပ္ပာယ်ပေါ်လာ သည်။

ထိုစာပုဒ်တွင်-
ထူးခြားလှသည့် အရည်အချင်း ရှိသောလက်ရာ ဖြစ်သည့် ပရနကန် ရတနာ ပစ္စည်းတစ်ခုမှာ ပုံတွင် ဖော်ပြထားသည့် ရွှေဖြင့် ပြုလုပ်ထားသော စိန်ခါးပတ် ဖြစ်သည်။ ထိုခါးပတ်တွင် ဒေါင်းရုပ်ကို စိန်လုံးများနှင့် ပုံဖော်ထားသည်။ ဤခါးပတ်ကို ၂၀ ရာစုနှစ် အစောပိုင်းလောက်က ထူးခြားလှသည့် ၇၅ ကာရက်ရှိသော စိန်လုံးရေများဖြင့် ပြုလုပ်ထားသည်။ ဘာကယ်လ် (Buckle) နှင့် ဘေးမှစိန်များသည် အ၀ါ ရောင်စိန်၊ အညိုရောင်စိန်နှင့် ပန်းရောင်သန်းသည့် လိမ္မော်ရောင် စိန်တို့ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဒေါင်းရုပ် ကိုယ်ထည်မှ အလယ် စိန်လုံးမှာ ဥရောပ ၌ သွေးထားသော စိန်ဖြစ်ပုံ ရ၍ အလေးချိန် ၅ ကာရက်ရှိသည်။ ဤခါးပတ်မှ ဘာကယ်လ်(Buckle) ဒီဇိုင်းပုံမှာ ဖြုတ်လိုက်လျှင် စိန်ရင်ထိုး သဖွယ် သုံး၍ ရသည်။

ဤခါးပတ်သည် အိန္ဒိယတောင် ပိုင်းမှ ပန်းထိမ်ဆရာများ လက်ရာ ဖြစ်သည်ဟု ယုံကြည်ရသည် ဟူ၍ ဖော်ပြထားပေရာ အရှင် နှစ်ပါး မဒရပ်ရောက်မှ သို့မဟုတ် ရတနာဂီရိ ရောက်စနှစ်များမှ ဤစိန်ခါး စည်းတော်ကို လုပ်လေသည်လား (သို့မဟုတ်) အိန္ဒိယ တောင်ပိုင်း လက်ရာ စိန်ခါးစည်းတော်ကို အရှင်နှစ်ပါး ရတနာပုံ နန်းတွင် စံစဉ်ကပင် မန္တလေးမှ အသုံးတော်ခံ (ဘုရင်အား တိုင်းတစ်ပါးမှ ပစ္စည်း ၀င်ရောက် ဆက်သွင်းရသူ၊ များသောအားဖြင့် မြန်မာ-မွတ်စလင်များ) တို့က ဆက်သလေသည်လားဆိုသည့် အချက်နှစ်ချက်တွင် တစ်ချက်ချက် ဖြစ်မှာ သေချာသလောက် ဖြစ်သွားပါသည်။

စိန်များမှာ အ၀ါရောင်၊ အညို ရောင်၊ လိမ္မော်ရောင်တို့ ဖြစ်သည်ဟု ဆိုထားရာ ထိုခေတ် ထိုအခါက မြန်မာ တို့ ကြိုက်နှစ်သက်သည့် မီးကောင်းလှ သော ကြက်ဆူရောင်သန်းနေသည့် စိန်ဝါများပင် ဖြစ်ပေရာ ပို၍သေချာသ လောက် ရှိလေသည်။ ခါးပတ်ခေါင်း တစ်ဖက်တစ်ချက်မှ ခါးပတ်ပြားများတွင်လည်း စိန်ဒေါင်းရုပ်များ ပါသည်ကို ပုံ၌ တွေ့ရပါသည်။

အထက်၌ ရေးခဲ့သကဲ့သို့ ရတနာ ဂီရိတွင်ရှိစဉ် အရှင် နှစ်ပါးသည် ရတနာ များကို တတိတိ ရောင်းချခဲ့ရရာ အိန္ဒိယမှ တစ်ဆင့် မလေးသို့ ရောက်ရှိပြီး ပသျှူး (Paranakan) များ လက်သို့ ရောက်သွား ရဟန် တူသည်ဟု စာရေးသူ၏ အထင်မှာ မှန်သွားပေပြီ။

မောင်သန်းဆွေ၊ထားဝယ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)

Tags: , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: