Dr. Soe Min’s “အာဆီယံ ဒေါက်တာ”

Source: Face Book of Dr. Soe Min’s “အာဆီယံ ဒေါက်တာ”

ကမ္ဘာကြီးဟာ ရွာကြီးဖြစ်သွားပြီ။ အရင်တုန်းကလို မန္တလေး၊ အမရပူရမှာထိုင်နေပြီး ကိုယ့်ကိုယ်ကို ရွှေတွင်း၊ ငွေတွင်း၊ ပယင်း၊ ဒုတ္ထာတွေပိုင်သသော တစ်ရာ့တစ်ပါးသော ထီးဆောင်းမင်းတို့ရဲ့ အရှင်ကြီးပါကွဲ့ လို့ မှတ်နေလို့မရတော့ဘူး။ တစ်နိုင်ငံ၊ တစ်ဗိုလ်၊ တစ်မင်းနဲ့တောင် မစွမ်းဆောင်နိုင်တော့လို့ မင်းပေါင်းစုကာ ရွှေညီလာကြီးတွေနဲ့ အုပ်စုတွေဖွဲ့လာလိုက်တာ ဥရောပဘုံဈေးတို့ အာဆီယံတို့ဆိုတာ တွေပေါ်ပေါက်လာ တာပေါ့။ သူ့ဟာသူ ဘာကြီးပဲဖြစ်နေနေ မြန်မာဆိုတာလည်း ကမ္ဘာ့မြေပုံ ပထ၀ီထဲပါတာမို့လို့ အာဆီယံနိုင်ငံ တွေထဲမှာ မထည့်ချင် ထည့်ချင် ထမင်းသုပ် ဟင်းသုပ်အဆင့်လောက်တော့ ထည့်လာရပြီလေ။ လိုချင်တာရှိရင် ခေါ်ခေါ်ဆင့်လိုက်၊ ထမင်းရည်ပူလာတော့ လျှာလွှဲလိုက်နဲ့ ဒကာမ ဟာဆိုအတူတူ ကိုယ်တော့်ဆီယူရင် ခွဲခြားခွဲခြားမူဝါဒနဲ့ တို့မြန်မာလေးတွေကို လူရာသွင်းလာကြပါပြီ။ ကျုပ်တို့ မြန်မာဆရာဝန်ကလေးတွေကိုရော သူတို့ အာဆီယံများ ဘယ်လိုများသဘောထားကြပါလိမ့်လို့ မသိချင်ဘူးလား။

အရင်ဆုံးကတော့ ကိုယ်တွေက သူတို့ကို ဘယ်လိုသဘောထားသလဲဆိုတာကို စ ပြောကြတာပေါ့။

ကျောင်းပြီးလို့ အင်္ဂလန်၊ ဥရောပ၊ အမေးကြီးက လောက်ကို ခြေလှမ်းမပြင်နိုင်သေးတဲ့ သူတွေအဖို့မှာတော့ ဖြစ်သလိုလေး တော်ရိရော်ရိ စင်္ကာပူ၊ မလေးရှား၊ သြစတေးလျား လောက်မှာပဲ ကျေနပ်လိုက်တော့မယ်ဆိုပြီး အလိုက်တော်တန်သင့်ရုံပ ခံပွင့်ကို ကုံးကြတာပေါ့။ ဘာတွေလိုအပ်သလဲဆိုရင်တော့ အင်္ဂလိပ်စကားပြောကလေးကို ခွေးအ လှည်းနင်း မဖြစ်အောင် သင်တန်းလေးဘာလေးတက်။ အခွေကလေးတွေနဲ့ကျင့်၊ စာမေးပွဲ လေးဘာလေးဝင်ဖြေပေါ့။ ပြီးရင် ဗြိတိသျှကောင်စီ၊ အမေရိကန်စင်တာတို့ကို ချောင်းပေါက်အောင်သွားပြီး

ပေတစ်ရာဆီလျှောက်ပါလို့ မြင်သလောက်ပြချေတော့။ တချိန်မဟုတ်တချိန် အာဆီယံဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ စကော်လာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့ လက်ကမ်းကြော်ငြာကြီးတွေ ရလာလိမ့်မယ်။ ကိုယ်လိုချင်တာ ဟုတ်ဟုတ်မဟုတ်ဟုတ်၊ ကိုယ်နဲ့ ဆိုင်မဆိုင်ဆိုင် အတွေ့အကြုံရအောင်တော့ ၀င်ဖြေကြည့်လေဦးကွယ်။

တခါနှစ်ခါနဲ့ ပါသေးတာမှ မဟုတ်တာ။ အခေါ်အပြောလေးတွေ ညက်လာလိမ့်မယ်။ တကယ်တော့ အဲဒီပညာ သင်ဆုတွေဆိုတာ သူတို့နိုင်ငံမှာ ဘယ်သူမှမတက်ချင်တဲ့ ဘာသာရပ်တွေကို ခိုင်းစရာလူမရှိလို့ သတင်းစာထဲ ကလေးထိန်းအိမ်ဖော်ခေါ်သလို ကြော်ငြာထည့်တာပါကွယ်။ ပေးတဲ့လခကလည်း သူတို့အတွက် မုန့်ဖိုးပဲဖိုးပဲ ရှိတာ၊ ကိုယ့်မှာသာ မက်လောက်စရာ။ ဒီတော့လည်း ကောက်သင်းကောက်က  နှံကြီးကြိုက်လို့ မရဘူးပေါ့။

ကုသရေး ဆေးပညာတွေဘာတွေ မှန်းမနေနဲ့။ မော်လီကျူလာ ဘိုင်အိုလိုဂျီဖြစ်ဖြစ်၊ အပူပိုင်းဆေးပညာဖြစ်ဖြစ်၊ ငှက်ဖျားဗေဒဖြစ်ဖြစ်၊ အရေးကြီးတာ သူတို့ဆီမှာ ကျောင်းတက်လက်မှတ်ရဖို့လေ။

အခုလောလောဆယ်ပွင့်နေတဲ့ လမ်းနှစ်လမ်းကတော့ ဘန်ကောက်က မဟီဒေါတက္ကသိုလ်ရယ်၊ စင်္ကာပူက အမျိုးသားတက္ကသိုလ်ရယ် နှစ်ခုရှိတယ်။ မင်နဲ့ မောင်းနဲ့ ဟိတ်နဲ့ ဟန်နဲ့သာ ၀င်ဖြေ ပါကွယ်။ သူတို့လည်း ကိုယ့်အကြောင်း ဘာမှမသိဘူး။ ကိုယ်လည်း သူတို့အကြောင်းဘာမှမသိဘူး။ ရှမ်းပွဲမှာ နွားဝယ်သလို ကြည့်ချင်တာကြည့်ပြီး ၀ယ်သွားမှာ။ ပြည်တွင်းက ဘွဲ့ဝင်ခွင့်၊ အလုပ်ဝင်ခွင့်တွေလို အာရကေမရှိဘူး။

အရည်အချင်းအတွေ့အကြုံ စတဲ့ ကိုယ့်ဘက်ကပြည့်စုံမှုရှိတာ မရှိတာထက် သူတို့ဘက်က လိုအပ်ချက်အရ အဓိကထားပြီး ရွေးသွားလိမ့်မယ်။

ပါသွားရင်တော့ ဘာပဲပြောပြော၊ တစ်နှစ်စာ နှစ်နှစ်စာ စိတ်အေးအေးထား လို့ပျော်ပျော်ကြီးကျောင်းတက် ပါလေ။ မနှစ်က နှစ်သစ်ကူးမှာတုန်းကတောင် စိတ်ကူးမိသေးတယ်။ တကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာကြီးပျက်မယ် ဆိုရင်ဘာလုပ်မလဲ ဆိုတော့ မဟီဒေါမှာ ဘွဲ့လွန်သွားတက်မယ်လို့။ အတန်းကလေးတွေ အာကရံ ပါကရံ တက်လိုက်၊

အင်္ဂလိပ်စာကျူရှင်လေးပြန်ပေးလိုက်၊ ညနေညနေ ဘန်ကောက်မြို့ကြီး လည်လိုက်ပတ်လိုက်၊ ကျောင်းသားကဒ်နဲ့ မိုးပျံရထားကြီး အလကားပတ်စီးလိုက်၊ ကျောင်းပိတ်ရက်မှာ အဆိုင်းမင့်နဲ့ ခရီးတိုရှည်လေးတွေသွားလိုက်၊အိုင်ဖုန်းတွေ အီးဘုတ်တွေဆိုတာ ကျောက်သင်ပုန်း ကျောက်တံလောက်ဖြစ်သွားမယ်။ လူဖြစ်ကျိုးနပ်လိုက်ပါ ဘိတော့။

ကျောင်းပြီးလို့ အလုပ်ရှာရတဲ့အခါမှာတော့ နည်းနည်းခက်လိမ့်မယ်။ ဒါလည်း စိတ်ပူစရာမရှိပါဘူး။

သူတို့ဆီက လူတွေမသွားချင်တဲ့ မြောက်ပိုင်းဇင်းမယ်ဘက်တက်လိုက်။ လွယ်လွယ်လေး။ ယပက်လက်ဆိုတာ ဟန်လေးနဲ့သာနေချင်ကြတာ ဘယ်သူမှ လက်ကြောမတင်းဘူး။ ကိုယ့်ဆီက ခြောက်ပျင်းကြီးတွေတောင် သူတို့ ဆီရောက်သွားရင် ဗဲဒီးစမတ်ဖြစ်တယ်။ စိတ်ရှည်ရှည်နဲ့ ရှာနိုင်ရင်တော့ လခကောင်းကောင်း ရာထူးကြီးကြီးတွေရ တတ်တယ်။ သူတို့ဆီမှာ ဘတ်စကားစပါယ်ယာမတွေတောင် မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ယူနီဖောင်းနဲ့ လူလူသူသူ ချွေးမထွက်ပဲ လုပ်စားနေကြတဲ့ဟာ။ ဆရာဝန်အလုပ်များရလို့ကတော့ ဘာပြောကောင်းမလဲမောင်။ ကွန်ဒိုမီနီယံ ကြီးတစ်ခုက ဟော်တယ်လိုအခန်းထဲမှာ သရီးဒီတီဗီကြီးနဲ့ သီချင်းတွေဆိုနိုင်တဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ အပတ်တ်မင့်ကို လိုက်လည်ဖူးပါရဲ့။ ရေကူးကန်နဲ့၊ ယောဂ ကျင့်တဲ့အခန်း၊ ချွေးထုတ်တဲ့အခန်းတွေနဲ့ ရုပ်ရှင်တွေ ထဲကလိုမျိုး နေကြလေရဲ့။ ကောင်းလှောင့်တေး . . . ကောင်းလှောင့်တေး။

အဲဒီဟိုဘက် စင်္ကာပူ၊ မလေးရှားနဲ့ ဘရူနိုင်းမှာလည်း မြန်မာဆရာဝန်တွေ သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ကို အလုပ်လုပ်နေကြတာတွေရှိပါတယ်။ သူတို့လည်း ယိုးဒယားထက်မသာပဲ ဘယ်နေပါ့မလဲ။ တတ်ကျွမ်းတဲ့ပညာ အားလျော်စွာ ဣနြေ္ဒရရ လူတန်းစေ့အောင် အသက်မွေးနိုင်ကြပါတယ်။ မြန်မာပြည်မှာလို ရွာငယ်ဇနပုဒ် မီးကလေး မှိတ်တုတ်မှာ ဂျီပီလေး တငုတ်တုတ်တုတ် လုပ်နေစရာမလိုဘူး။ ငါ့နှယ် … အလည်အပတ်ကလေးမှ မရောက် ဖူးလိုက်ရ။ ဖြစ်ရလေခြင်း။ အဲဒီမှာ အလုပ်လုပ်တာကြာလာတဲ့ သူငယ်ချင်းတွေကျတော့လည်း မကျေနပ်နိုင် ကြသေးဘူး။ အော်ဇီမှ အော်ဇီဆိုပြီး တောင်ဘက် ဆက်ဆင်းသွားကြပြန်တာပဲ။ အိမ်ကိုလွမ်းရင် မြန်မာပြည် ပြန်လာလိုက်။ ယောင်္ကျားယူ၊ မိန်းမယူပြီး ပြန်ခေါ်သွားလိုက်နဲ့ တယ်လည်း သာယာပေသကိုးနော့။ မိုက်မဲ သူတွေကျတော့လည်း လိုက်ပွဲလေးပါယူလို့ပေါ့။ အားကျစရာကြီး။

အဆင်ပြေတဲ့သူတွေကိုချည့် မကြည့်နဲ့လေ။ အဆင်မပြေလို့ ပြန်သွားရတဲ့သူတွေ လည်းဒုနဲ့ ဒေးပါလို့ ပြောတာ တကယ်တော့မမှန်ပါဘူး။ စိတ်ရှည်လက်ရှည်နဲ့ကြိုးစားရင် အလွန်ဆုံးရုန်းကန်ရ ခြောက်လထက်မပိုပါ

ဘူးတဲ့။ ဆရာဝန်အလုပ်မရပေမယ့် သုတေသနလက်ထောက်လိုနေရာမျိုး၊ ဆေးကုမ္ပဏီ ၀န်ထမ်းလိုနေရာမျိုး၊ အပြင်ဆေးခန်းတွေရဲ့ ဌာနေကိုယ်စားလှယ်(အမှန်တော့ လူနာပွဲစား)လိုနေရာမျိုးတွေ အများကြီးရှိပါသတဲ့။

ရရာအလုပ်ကလေးကောက်လုပ်နေရင်း ဘာမဆိုဖြစ်နိုင်တဲ့ မျှော်လင့်ချက်ကြီးကို ဆက်တွေးထားလို့ရတာကိုက ဘာတစ်ခုမှမျှော်လင့်လို့မရတဲ့ ပြည်တွင်းမှာထက် သာနေတာကိုး။ နေရထိုင်ရတဲ့အဆင့်အတန်းချင်းကလည်း

တခြားစီလေ။ ပြည်တွင်းမှာဆက်နေရင် ရန်ကုန်ရောက်တုန်းရောက်ခိုက် အင်တာနက်ဆိုင်ဝင်ပြီး ဗီဇက်အိုလေးများ

သုံးချင်ရင်တောင် “ဟ…ဟ …ကောင်လေးရေလုပ်ပါဦး၊ ဟိုဘက်ကခေါ်နေပြီ။ ဘယ်ခလုတ်ကိုနှိပ်ပြီးပြောရမှာတုန်း” ဆိုတဲ့ဘ၀မျိုးရောက်သွားမယ်။

ဒီစာကို ဒီနေရာမှာ ရပ်ထားလိုက်ရင်တော့ “ဒီအကောင်ဟာ ပြည်ပအားကိုးပုဆိန်ရိုးပဲ၊ ပြည်တွင်းက ဆရာဝန်ကလေးတွေ နိုင်ငံခြားထွက်ချင်လာအောင် မြှောက်ထိုးပင့်ကော်လုပ်နေပြီ ” လို့ ဆိုကြရော့မယ်။

“ဒါဖြင့်လည်း မင်းဘာသာမင်းပဲ သွားချေပါတော့ ” ဆိုရင်တော့ “နိုးပါ” လို့ ပြန်ဖြေမိလိမ့်မယ်။ အဲသလို ပြောလိုက်ရင် ရွာကအဖွားကို အားကြီးသတိရမိပါတယ်။ ရန်ကုန်မှာ ဘာမှလိုလေသေးမရှိဘူး။မြေးဆရာဝန်

တွေလည်းရှိတယ်။ အေးအေးဆေးဆေးနေပါတော့”လို့ ဘယ်လိုပဲချော့ပြောပြော တစ်လကျော်အောင် နေနိုင်ခဲပါတယ်။ ပြည့်စုံတာ၊ မလိုအပ်တာကို ပျော်တာနဲ့ ညီမျှခြင်းထုတ်လို့မှ မရတာ။ ကောင်းမှန်းလည်း

သိပါတယ်။ ဒါပေမယ့် အဲဒီ ကောင်းတာက ကိုယ်လိုချင်နေတာ ဟုတ်ချင်မှဟုတ်တာ လေ။ မီးမရှိ၊ ရေမရှိ၊ ပူပြင်းသော့ထွေလှတဲ့ ကိုယ့်ရပ်ကိုယ့်ရွာမှာပဲနေချင်တော့တာ အခုအချိန်မှာ ကိုယ်ချင်းစာလို့ ရလာပါပြီ။

ထိုက်သင့်တဲ့အသက်အရွယ်ရောက်လာတော့ ဘ၀မှာ ချိုတာတွေလည်း စားခဲ့ဖူးပြီ။ ခါးတာတွေလည်း မေ့ပစ်ခဲ့ဖူးပြီ။ အရသာရှိရှိစားရေးသောက်ရေး၊ သက်တောင့်သက်သာ နေရေးထိုင်ရေးဆိုတာတွေထက် စိတ်ဆင်းရဲခြင်းကင်းတဲ့ဘ၀ကိုပဲ ပိုတောင့်တလာပါတော့တယ်။ ထမင်းကြမ်းကို ယပ်ခတ်စားနိုင်ပါတယ်။

ရွှေပုံပေါ်မှာ ဒူးနဲ့မျက်ရည်မသုတ်ချင်တော့ပါဘူး။ စိတ်မချမ်းသာတဲ့အခါ ဘယ်လိုရုပ်၏ ချမ်းသာခြင်းမျိုးကမှ ဘ၀ကိုမွှေ့လျော်အောင် မစွမ်းဆောင်နိုင်ပါဘူး။ ဒါကြောင့် ဘယ်ဟာအကောင်းဆုံးလဲဆိုတာထက် ကိုယ်ဘာ လိုချင်သလဲဆိုတာကိုပဲဦးစားပေး ပါတော့တယ်။ နိုင်ငံခြားမှာ အလုပ်လုပ်ရတဲ့ဆရာဝန်ဘ၀ကို ကောင်းမှန်း သိပါတယ်။ ဒါပေမယ့် ဘူတန်မှာ နှစ်နှစ်အလုပ်လုပ်ကြည့်တဲ့အခါ ကိုယ်တစ်သက်လုံး လုပ်နိုင်မှာမဟုတ်ဘူးလို့

သိလာပါတယ်။ အဲဒါ ဘူတန်မှာ အလုပ်လုပ်ရတာမကောင်းလို့ ပြောတာမဟုတ်ပါဘူး။ အခုလည်း ဘူတန်ကို လွမ်းသားပဲလေ။

အသက်ကြီးလာတော့ ကိုယ့်ဘ၀မှာ အနာဂတ်တွေတိုတိုသွားပြီး အတိတ်တွေက ရှည်ရှည်လာပါတယ်။

ငယ်တုန်းကလို “သားသားကြီးရင်ဘာလုပ်မယ်” ဆိုတဲ့ အိမ်မက်တွေနေရာမှာ “တို့ငယ်ငယ်တုန်းက ရောင်ပေစူးလေး တွေနဲ့ရယ်” လို့ အစားထိုးဝင်ရောက်လာပါတယ်။ အင်္ဂလန်၊ ပြင်သစ်၊ နယူးရော့ခ်က ကိုယ်မမြင်ဖူး၊ မသိဖူးတဲ့လူတွေကို

ရော်ရမ်းတမ်းတတာထက် မကြာသေးခင်ကခွဲခွာလာခဲ့ရတဲ့ အတိတ်ကလူတွေ၊ ငယ်ပေါင်းရောင်းရင်းတွေကို ပိုပြီး လွမ်းဆွတ် တသတတ်လာပါတယ်။ ဒီအခါမှာ တစ်ခါမှမတွေ့ဘူးသေးတဲ့သူတွေကို အလွမ်းသင့်အောင်ပေါင်းပြီး တသက်လုံး အခြေချဖို့ပြင်မယ့်အစား ကိုယ်ကျင်လည်ရာဝန်းကျင်က ရစ်နွယ်ရာသံယောဇဉ် တွေနဲ့ပဲ မခွဲမခွာနေချင် ပါတော့တယ်။

ဆရာကြီးဦးပြုံးချိုရဲ့ တေးဘုမ္မာသီချင်းထဲကလိုပေါ့ . . .

“နေရာဟောင်းကို လွန်အောက်မေ့ကာ လေးဘုံပါယ်ရွာထဲမှာ နေမြဲသာ …. များသည့် သတ္တ၀ါ ….” တဲ့။

Tags: , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: