ABSDF (NB) Killing Field : ကျနော် လူကက်ဆက် ပန်းချီ ထိန်လင်း

ကျနော် လူကက်ဆက် ပန်းချီ ထိန်လင်း

တလောက သန်းဂျီးမတွေ အကြောင်းရေးလိုက်တော့ တချို့လည်း သဘောတွေ့ကြ၊ တချို့ကလည်း ပူပန်ကြ အသံမျိုးစုံ ကြားခဲ့ရပါတယ်။ ဒီတခါတော့ တမျိုးပြောင်ပြီး “ပိုး” တွေအကြောင်း ရေးမယ် စိတ်ကူးမိပါတယ်။ ပိုးက ရိုးရိုးပိုးမျိုးမဟုတ်ပါဘူး ဂီတပိုး၊ အနုပညာပိုးများ အကြောင်းပါ။ သန်းဂျီးမတွေကို ရေနွေးတွေ ကြိုထားတဲ့ ဒယ်အိုးထဲ ထည့်လိုက်တော့ အားလုံးကြွကုန်ပေမယ့် ဒီအနုပညာပိုးက ရေနွေးအိုးထဲ ထည့်လည်း မသေ၊ လျှပ်စစ်နဲ့တို့လို့လည်း မသေ၊ အင်မတန် ချိုးရ နှိမ်ရ ခက်တတ်ပါတယ်။


၁၉၉၈ နေ ၂၀၀၄ နှစ်ကုန်ပိုင်းထိ အင်စိန်ထောင်၊ မန်းထောင်နဲ့ မြောင်းမြထောင် သုံးထောင်ကို ဂန္ဓာရီလှည့်လည် စံမြန်းစဉ်ကာလ ခြောက်နှစ်ခွဲအတွင်း ထောင် အာဏာပိုင်နဲ့ အရှင်းရဆုံးအမှုဟာ ထောင်တွင်း သီချင်းအော်ဆိုမှု အများဆုံးပါ။ တခါကဆို သီချင်းအသစ်တပုဒ်ကို စိတ်နဲ့ရေးပြီးစ သီချင်းတပုဒ်ကို ထ အသံစမ်း ဆိုကြည့်တော့ ထောင်ဝန်ထမ်းတွေ နံပတ်တုတ်တွေ တိုက်ထဲကို အလန့်တကြား ပြေးဝင်လာကြပါတယ်။ နောက်တော့ ကျနော် သီချင်းဆိုတာဆိုလည်း သိရော ဆဲလိုက်ဆိုလိုက်တာ မိုးမွှန်နေသွားတော့တာပါပဲဗျာ။ သူတို့အဆိုအရ ကျနော့်သီချင်း ဆိုသံဟာ ခွေးဟောင်သံထက်ကို ဆိုးတယ်လို့ ဆိုပါတယ်။ အဲဒီလောက်ထိ ပါရမီ ထူးခြားပါတယ်။ အဲဒီကြားထဲက ကိုထိန်လင်းက စိတ်ကူးလွဲနေတာ ပန်းချီဆွဲရမှာ မဟုတ်ဘူးဗျ၊ သီချင်းဆိုရမှာလို့ တခါတလေ ကာရာအိုကေမှာ တစုံတယောက် ပြောလာရင်တော့ ကျနော်လက်ထဲက မိုက်ကရိုဖုန်းဟာ ဆွဲလုမယူခဲ့ရင် တခြားလူရဖို့ မမြင်တော့ပါဘူး။ အဲလောက်ရူးပါတယ်။ ရူးတဲ့အထဲမှာတော့ ကာလတခုမှာ လူကက်ဆက် ဖြစ်သွားတဲ့အထိပါ။ အဲဒီကာလက စီဒီတွေ မပေါ်သေးတဲ့ ကက်ဆက်ခေတ်ဖြစ်တာမို့ လူကက်ဆက် ဖြစ်သွားရတာပါ။ ခုလို စီဒီခေတ်၊ အိုင်ပေါ့ခေတ်ဆိုရင်တော့ လူစီဒီ၊ လူအိုင်ပေါ့တို့ ဘာတို့ ဖြစ်သွားနိုင်ပါတယ်။ လူကတ်ဆက်က ဘယ်တုန်းက ဖြစ်ခဲ့ဘူးပြန်တာတုန်းဟု မေးသော် ၁၉၉၁ စက်တင်ဘာ နောက်ပိုင်းကနေ ၁၉၉၂ မိုးလယ်ပိုင်းအတွင်း ကချင်ပြည်နယ် ပါဂျောင်ဒေသ ABSDF (NB) တပ်ဖွဲ့၏ အကျဉ်းသားဘ၀ကဟု တိတိကျကျ ပြောမှဖြစ်ပါလိမ့်မယ်။
အဲဒီလို ပြောရတဲ့အကြောင်းကတော့ တောင်ပိုင်း ထိုင်းနယ်စပ်မှာ ABSDF တပ်ဖွဲ့ဟာ တော်လှန်ရေးတပ်ဖွဲ့တခုအဖြစ် ဆက်လက် ရပ်တည်နေပြန်ပါတယ်။ အဲဒါကြောင့် မဆီမဆိုင် အလကားနေရင်း မတ်တပ်တချို့က ဒီတပ်ဖွဲ့က ရဲဘော်တွေကို ဒီပြဿနာတွေနဲ့ ဆက်စပ်ပတ်သက်နေသယောင် ထင်ယောင်ထင်မှား မဖြစ်ရဖို့ တိတိကျကျ ကြိုပြောထားရခြင်း ဖြစ်ပါသဗျ။ ပြဿနာက တောင်ပိုင်းတပ်ဖွဲ့ ဦးဆောင်သူတွေထဲမှာက ကိုမျိုးဝင်း နာမည်တူက ရှိနေတော့ အလကားနေရင်း ကိုမျိုးဝင်း အိပ်ရာအောက် ရေ၀ပ်တဲ့ကိန်း ၀င်နိုင်တာ မြင်ယောင်မိလို့ပါ။
ကျနော့်အနေနဲ့ ဒီအကြောင်းအရာကို ရေးသားဖို့ လက်တွန့်တဲ့အထဲမှာ အဓိက အချက်တခုကတော့ နှစ်ပေါင်း ၂၀ ကျော်လာတဲ့ ကျောင်းသားတော်လှန်ရေးသမိုင်း အလံတော်ကို မည်သို့ပင်ဖြစ်စေ ချစ်နေဦးမည်ဆိုတဲ့ စာသားလို ဒုက္ခအပေါင်း ခါးစည်းခံပြီး စွဲစွဲမြဲမြဲ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနေသေးတယ်ဆိုတာကိုလည်း သိနေတဲ့အခါ အတော် လက်တွံ့မိတယ်ဆိုတာ ရိုးသားစွာ ၀န်ခံပါတယ်။
ပြည်ပကို ထွက်ခွင့်စပြီးရတော့ ချင်းမိုင်ကို ပန်းချီပြပွဲကိစ္စနဲ့ လာတဲ့အချိန်မှာ လက်ရှိ အေဘီခေါင်းဆောင် (ကို) သံခဲက သမီးလေးနဲ့အတူ ဆိုင်ကယ်လေးနဲ့ လေယာဉ်ကွင်း လာကြိုသဗျ။ ကျနော်တို့ တောစခိုကာစက အိန္ဒိယ လေခွန်းစခန်းမှာ ကျနော့်အနွံအတာ အများကြီး သည်းခံနားလည်မှုပေးခဲ့တဲ့ သူငယ်ချင်းဖြစ်လို့ပါ။ ပန်းချီပြပွဲ ဖွင့်ပွဲအပြီး နောက်တရက်မှာတော့ သံခဲက မင်းကို ဒီနေ့ စပါယ်ရှယ်ဒင်နာ ကျွေးမယ်ဆိုပြီး လာခေါ်ပါတယ်။ သိတဲ့အတိုင်း လက်ရှိ အေဘီဥက္ကဋ္ဌတဦးက တည်ခင်းမယ့် ညစာဆိုတော့ တော်တော်လေး စိတ်ဝင်စားပြီး သူ့ဆိုင်ကယ်လေးနောက်ကနေ လိုက်သွားပါတယ်။ လမ်းမှာ စမူဆာတို့၊ နံပြားတို့၊ ဒန်ပေါက်တို့ရတဲ့ ကုလားဆိုင် တဆိုင်ကို ၀င်ပြီး ပဲဟင်းနဲ့ ကြက်သားဟင်း ၂ ထုပ် ၀င်ဝယ်သဗျ။ ပြီးတဲ့အခါကျတော့ သူတို့မိသားစု ငှားထားတဲ့ အခန်းလေးကို သွားကြပါတယ်။
သူတို့မိသားစု သုံးယောက်နေတဲ့ အခန်းလေးထဲရောက်တော့ မဒမ်သံခဲက ကျနော့် အတွက် အထူးစီမံထားတဲ့ ဟင်းတခွက်နဲ့ စောင့်နေပါတယ်။ တခြားဟုတ်ပါရိုးလားဗျာ။ ကျနော်တို့ အိန္ဒိယမှာ နေခဲ့စဉ်က ရွှေလှံဗိုလ်လို့ နာမည်ကြီးတဲ့ ကုလားအော်ငြုပ်သီးကို ငပိနဲ့ ထောင်းထားသဗျ။ ပြောစရာတခုရှိတာကတော့ မဒမ်သံခဲ (ကျနော်တို့အခေါ် ဒေါ်လှိုင် ခေါ် မခင်ဆွေလှိုင်) ဟာ ကျနော်တို့ မြောက်ပိုင်းပြဿနာတွေ ဖြစ်နေချိန်မှာ ပါဂျောင်မှာ တထိတ်ထိတ် တလန့်လန့်နဲ့ ဖြစ်ပျက်သွားတဲ့ အနိဋ္ဌာရုံအားလုံးကို မြင်တွေ့ခဲ့ရတဲ့ မျက်မြင်တဦးလည်း ဖြစ်ပါသဗျ။ ဒီလိုနဲ့ သုံးဦးသား ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း မျက်ရည်ဖြိုင်ဖြိုင်ကျရပါတယ်။ (ရွှေလှံဗိုလ်ငြုပ်သီး ကြောင့်ပါ ဒီငြုပ်သီးက စားတဲ့သူတိုင်း မျက်ရည်ကျအောင် စပ်ပါတယ်။)
ထမင်းစားပြီးတော့ စကားပြောကြရင်း ကိုထွန်းအောင်ကျော်တို့တွေ ထောက်လှမ်းရေး အဖြစ် စွပ်စွဲခံခဲ့ရပြီး ကျဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး လက်ရှိတောင်ပိုင်း ABSDF (NB) က တော်လှန်ရေးသမား ကျောင်းသားရဲဘော်တွေသာ ဖြစ်တဲ့အကြောင်း ကြေညာချက် ထုတ်ပေးဖို့ သင့်၊ မသင့်ကိစ္စ စကားပြောမိကြပါတယ်။ ဒီတော့ သူက ခပ်ရှင်းရှင်းပဲ ဒီလိုပြောပါတယ်။ သူငယ်ချင်း မင်းစဉ်းစားကြည့် ဒီကိစ္စဖြစ်နေချိန် ငါက အနောက်ပိုင်း (အိန္ဒိယ) ဘက်မှာပဲ ရှိသေးတာ၊ မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာလည်း မဟုတ်ဘူး။ ပြီးတော့ ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ သက်ရှိထင်ရှားရှိနေပါရက်နဲ့ ဘာသဘောထား မှ မပေးဘဲ ရေငုံနေကြတာကို ငါက သဘောထားထုတ်ပေးဖို့ ဘာမှမလိုဘူးထင်တယ်လို့ ပြောပါတယ်။ သူပြောတာ အမှန်ပါပဲ။ အမှန်ကတော့ ကျနော်တို့ မသေဘဲ ကျန်နေသူတွေ လုပ်ရမယ့် အလုပ်ပါ။ ကျနော်တို့တွေရဲ့ အားနည်းချက်။ ကျနော်တို့တွေရဲ့ တာဝန်ပျက်ကွက်မှုသက်သက် ဖြစ်ပါတယ်။
ပြီးတော့ ဆက်ပြောတာက ငါတို့က အခုလက်ရှိ ရှိနေတဲ့ အခြေအနေကို ထိမ်းထားနိုင်ဖို့ကို မနည်းရုန်းကန်နေရတာ။ အပြင်ရောက်နေတဲ့ ကိုယ့်မြန်မာတွေ ကူညီနေလို့ ဒီလောက်ထိ ရပ်တည်နေနိုင်တာ။ ဒါလည်း အမှန်ပါ။ လောလောဆယ် ကျနော်တို့ သုံးယောက် ထမင်းစားနေရတာကိုက သူတို့မိသားစု အိပ်ခန်းထဲမှာ စားနေရတာပါ။ အိပ်ခန်းနဲ့ မီးဖိုချောင်နဲ့ ထမင်းစားခန်းကို ပေါင်းထားတဲ့ သရီးအင်န်ဝမ်း အခန်းလေးကို ကြည့်ပြီး လက်ရှိ အေဘီ အတွက် စခန်းပြင်ထွက်ပြီး လှုပ်ရှားနေတဲ့ ခေါင်းဆောင်တဦးတောင် ခုလို ကျပ်ကျပ်တည်းတည်း ချို့ချို့တဲ့တဲ့ နေရရင် အထဲမှာ ရုန်းနေရတဲ့ ရဲဘော်တွေခမျာ ဘယ်လောက် ခက်ခဲကြမလဲဆိုတာကို ခန့်မှန်းမိပြီး စာနာမိပါတယ်။ ဒီလို အကျပ်တည်းကြား ခရီးဆက်နေတဲ့ သူတို့စိတ်ဓာတ်ကိုလည်း လေးစားမိသွားပါတယ်။ ဒါကြောင့် အခုရေးသားမယ့် လူကတ်ဆက် အဖြစ်အပျက်များမှာ လက်ရှိ ABSDF တပ်ဖွဲ့မှာ တာဝန်မရှိပါကြောင်း ကြိုတင် ပြောထားရပါတယ်။
ရိုးရိုးသားသားပြောရရင် ခုလို ကြိုတင် ရှင်းလင်းထားရတာကလည်း သတင်းတွေထဲမှာ အမြဲပါပါလာတတ်တဲ့ ရဲဘော်သံခဲ ဆိုတဲ့ ဒီပုဂ္ဂိုလ်ကို နည်းနည်းလန့်တာလည်း ပါပါတယ်။ မလန့်လို့လည်း မရဘူးဗျ။ ကျနော်ရဲ့ ငယ်ကျိုးငယ်နာအားလုံးကို ဒီငသိက သိထားတာ၊ မတော် အိန္ဒိယစခန်းမှာ နေခဲ့တုန်းက ကျနော်ကြောင်ခဲ့တဲ့ ကသည်းမတွေထဲက တယောက်ယောက် နာမည်ကို မှားရိုက်သလိုနဲ့ အွန်လိုင်းကနေ ကျနော့်မိန်းမမေးလ်ထဲ ရိုက်ထည့်လိုက်တာမျိုးပေါ့ဗျာ။ ဆောရီး တလုံးထဲနဲ့တင် ကျနော် စပွန်ဆာ ပျောက် သွားနိုင်တဲ့ အကွက်လေးတွေက ရှိနေတော့ ကြိုခင်းရကျင်းရ တင်ရမြောက်ရတာလေး တွေတော့ ရှိတာပေါ့ဗျာ။ ကျနော်တို့ လူပြက်တွေ ပြက်လုံးပြက်တာတောင်မှ မပြက်ခင်မှာ ရပ်ရွာအခြေအနေ ကြည့်ပြီး ပဏာမအမှုနဲ့ ဂါရ၀ပြုပါသည် ဆိုတာလေးတွေက လုပ်ရသေးတာကိုး။ နို့မဟုတ်ရင် ပွဲခင်းထဲ ဖားခုန်ဝင်လာတာကနေ ကျားခုန်ဝင်လာတယ်ဖြစ်လို့ ပြေးပေါက်တွေ မှားခဲ့ရဖူးတဲ့ ကိုယ်တွေ့တွေက ရှိခဲ့တာကိုး။
နောက်ပြဿနာတခုကတော့ ကိုထွန်းအောင်ကျော် နာမည်တူပြဿနာပါ။ ခက်တာက ၂ ယောက်စလုံးက အေဘီဥက္ကဋ္ဌတွေချည်း ဖြစ်နေတာပါ။ ခုလောလောဆယ် အမေရိကားမှာ ရှိနေတဲ့ ကိုထွန်းအောင်ကျော်က တောင်ပိုင်းက ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ကျနော်တို့ရှေ့က ၁၉၇၄ မျိုးဆက်က ဖြစ်ပြီး ကျနော်တို့ထက်အရင် ထောင်ပုံစံထမင်းကို စားခဲ့သူပါ။
ဒီလောက် နိဒါန်းပျိုးပြီးပြီဆိုရင်ဖြင့် ကျနော့် လူကက်ဆက်ဖက်ကို လှည့်လို့ရပြီ ထင်တယ်ဗျာ။ ပြောမယ့်သာ ပြောရတာ အွန်လိုင်းမှာ စာရေးရတာလည်း မလွယ်ဘူးဗျ။ ပြောသလို အင်မတန် ၀ဋ်ကြွေးမကင်းတဲ့ လူတွေ လုပ်တဲ့ အလုပ်ဗျ။ ရေးတဲ့စာမူက စာရိုက်လို့ မပြီးသေးခင် ကွန်မင့်က အောက်က အရင်တက်လာတဲ့ ခေတ်ကြီးကိုး။
ကျနော်တို့ ပါဂျောင်မှာ ဖြစ်ပွားခဲ့တဲ့ သန်းဂျီးမ အတွေ့အကြုံကို ဖတ်ပြီးကြတဲ့နောက်မှာ အမျိုးမျိုး တုန့်ပြန်လာတာ တွေ့ရပါတယ်။ ကျနော်ကိုလည်း ဒီပြဿနာကို ဘယ်သူတွေ ကျူးလွန်တယ်။ ဘယ်သူတွေ ဘယ်ပုံ သေဆုံးခဲ့ရတယ်။ ဘယ်သူတွေ အသက်မသေဘဲ ကျန်နေတယ် … စသည်ဖြင့်ပေါ့ဗျာ။ ပြောရရင် ကျနော်နဲ့အတူ ထွက်ပြေးလာကြတဲ့ ရဲဘော် ၅၀ လုံး ပြည်တွင်းမှာ အသက်ရှိထင်ရှား ရှိနေကြသလို တိကျတဲ့ စာရင်းဇယားနဲ့ ထုတ်ဖို့လည်း လုပ်နေတယ်ဆိုတာ ကြားရပါတယ်။
နောက် တကယ်ကြုံခဲ့ရတဲ့ ရဲဘော်တွေရဲ့ ပြောကြားချက်တွေကတဆင့် အချက်အလက် တွေကို ဖေ့ဘွတ်စာမျက်နှာပေါ် တက်လာတာလည်း တွေ့နေရတာမို့ အချက်အလက်တွေ သိချင်ရင်တော့ အဲဒီစာမျက်နှာတွေကိုပဲ ညွန်းဆိုရပါတယ်။ ကျနော်အဓိက ရေးချင်တာက အဲဒီကာလဆိုးကြီးမှာ ကျနော်တို့ ဘယ်လို ခံစားရသလဲ၊ ဘယ်လို အသက်ရှင်အောင် မွေးခဲ့ကြသလဲ၊ ဘယ်လို အမှားတွေ ရှိခဲ့သလဲဆိုတဲ့ အချက်တွေကိုပါ။
ဒီလိုဗျ ဒီပြဿနာတွေ မဖြစ်ခင်က ABSDF(NB) အဖွဲ့ရဲ့ ဥက္ကဋ္ဌက ကိုထွန်းအောင်ကျော် ပါ။ ဥက္ကဋ္ဌအပါအ၀င် ဗဟိုကော်မတီဝင် အားလုံးလိုလိုကို ထောက်လှမ်းရေးတွေဆိုပြီး ဖမ်းဆီးခဲ့တဲ့အဖွဲ့မှာ ဥက္ကဋ္ဌ လုပ်ခဲ့သူက ကိုအောင်နိုင်။ အတွင်းရေးမှူးက ကိုမျိုးဝင်းပါ။ စစ်ရေးတာဝန်ခံက ကိုသံချောင်းပါ။ ကျနော်တို့ကို ဖမ်းဆီးနှိပ်စက် စစ်ဆေးတဲ့ ကိစ္စတွေကိုတော့ ကျောင်းသားတပ် ထောက်လှမ်းရေးတပ်ဖွဲ့က ဆောင်ရွက်ပြီး ကိုမျိုးဝင်းက ဦးစီးသဗျ။
အဲဒီကာလမှာတော့ ထောက်လှမ်းရေးတပ်ဖွဲ့ဟာ ထင်တိုင်းကြဲခွင့် ရှိပါတယ်။ ကျနော်တို့ကိုလည်း အချိန်မရွေး ထောင်ကနေ ခေါ်ထုတ်ပြီး အချက်အလက် လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ခေါ်ယူပြီး ကြိုက်တဲ့နည်းနဲ့ စစ်ဆေးလို့ရပါတယ်။ ညှဉ်းပန်းနည်းမျိုးစုံကိုလည်း တီထွင်ခွင့်ရှိပါတယ်။ ဒီလို ပြောရတာကတော့ တကြိမ်မှာ ကျနော်ကို ခေါ်ပြီး ပါးစပ်ထဲကို ၀ါယာကြိုး ၂ ပင် ပူးထည့်ပါတယ်။ ပြီး ပါးစပ်ကို တိတ်နဲ့ ပိတ်လိုက်ပါတယ်။ ပြီးတော့ ၀ါယာစကို လက်နဲ့ လှည့်ခေါ်ရတဲ့ တယ်လီဖုန်းနဲ့ ဆက်ပြီး လျှပ်စစ်ဓာတ် ထွက်လာတဲ့အထိ လှည့်ပြီး ညှဉ်းဆဲပါတော့တယ်။ အမှန်တော့ စမ်းသပ်တာပါ။ အဲဒီက ထွက်လာတဲ့ လျှပ်စစ်ဓာတ်ကြောင့် ကျနော့် ခေါင်းတ၀ိုက်မှာ လျှပ်စစ်စီးနေတာကို မျက်လုံးမှိတ် အော်နေတဲ့ အာရုံမှာ မြင်နေရတဲ့အထိပါပဲ။ စစ်နေတဲ့ ချာတိတ်တွေက ကျနော့်ကို ကြည့်ပြီး တခွီးခွီး သဘောကျ ရယ်ပါတယ်။ အကြောင်းကတော့ ကျနော့် မျက်နှာဟာ လျှပ်စစ်စီးဆင်းမှုကြောင့် တွန့်လိမ်ရှုံ့တွ နေတဲ့ကြားက ကြွက်သားတွေ တဆတ်ဆတ်ဖြစ်သွားပုံဟာ တော်တာ် ရီစရာကောင်း နေပုံရပါတယ်။ အဲဒါကိုပဲ ထပ်ခါထပ်ခါ လုပ်ပြီး တခွိခွိ ဖြစ်နေပါတယ်။
နောက်တော့ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်ကို ဥက္ကဋ္ဌကို ခေါ်ပြလိုက်ပါသေးတယ်။ ကြည့်ကြည့် နည်းနည်းလေး လှည့်ရင် နည်းနည်းလေး ရွဲ့တယ်၊ များများလှည့်ရင် များများရွဲ့တယ် စသည်ဖြင့်ပေါ့ဗျာ။ အဲဒီချိန်က ကျနော့်ကို နှိပ်စက်နေတဲ့ထဲက ဖိုးနှောင်းဆိုတဲ့ ကောင်လေးဆိုတာကလည်း ၁၈ နှစ်လောက် ရှိပါဦးမယ်ဗျာ။ တခါကျတော့လည်း ကျနော့်ကို ထင်တိုင်း လှိမ့်ရိုက်နေရာက သူတို့ တချက်ရိုက်ရင် ကျနော်က ဒူဝေေ၀လို့ အော်ပေးရမယ်လို့ ပြောလာပြန်သဗျ။ အဲဒီတော့ ကျနော့်လိုကောင် မှာလည်း ပေါကြောင်ကြောင်နဲ့ ဒူဝေေ၀ ရတာပေါ့ဗျာ။ နောက်တော့ နာလွန်းမက နာတော့လည်း ဒူဝေေ၀တင်မက ဒူဝေးဝေးဝေးဝေးထိ ကွန့်ရတဲ့ထိပေါ့ဗျာ။
အဲလို ထောက်လှမ်းရေး နှိပ်စက်ချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေကတော့ ကျနော်တို့တွေဟာ အကျဉ်းထောင်တာဝန်ကျတဲ့ အဖွဲ့ရဲ့ လက်ထဲမှာပဲ နေရသဗျ။ အဲဒီ ထောင်ကုန်းတာဝန်ခံဆိုတဲ့ အဖွဲ့ကလည်း သူတို့ခေါင်းဆောင်ပိုင်းနဲ့ ထောက်လှမ်းရေး အဖွဲ့က အယုံကြည်ရဆုံးထဲမှာမှ လက်ရဲဇက်ရဲ နာမည်ရသူတွေကို တပ်ဖွဲ့ ဖွဲ့ပေးထားတာမို့ ထောင်လုံခြုံရေးအဖွဲ့က ဒုတိယ တန်ခိုးထွားဆုံးပေါ့ဗျာ။
အဲဒီလုံခြုံရေးလက်မှာ ကျနော်တို့အသက်ကို ၀ကွက်အပ်ထားရတာမို့ သူတို့ပြုသလို နုရပါတယ်။ သူတို့ကလည်း သူတို့ ခန့်ထားတဲ့ တာဝန်နဲ့ လျော်ညီစွာ လက်စွမ်းလက်စ အပြိုင်ပြရပါတယ်။ တညမှာတော့ ကျနော်တို့ကို မျက်နှာတွေ စည်းထားပြီး အိပ်ရာထဲ လှဲခါနီးမှာ လူကက်ဆက် အထူးဖျော်ဖြေရေးအစီအစဉ် ဖြစ်ပေါ်လာပါတယ်။ အဲဒါကတော့ မင်းတို့အထဲက ဘယ်သူ သီချင်းကောင်းကောင်း ဆိုတတ်သလဲကွတဲ့။ အားလုံး တိတ်ပြီး နေပါတယ်။ ဘာများ လုပ်ဦးမလို့လဲပေါ့လေ။ လုပ်ပါကွတို့က ဒီကုန်းပေါ်မှာ နေ့နေ့ညည စောင့်နေရတာ။ ပျင်းစရာကြီး အပျင်းပြေ သီချင်းဆိုတဲ့ အစီအစဉ်လေး လုပ်ရအောင် ဆိုတော့ တယောက်က ကိုဘောကြီး ဆိုတတ်တယ်ဆိုပြီး ကျနော့်ဆီကို ကျနော်တို့ထဲက တယောက်က ချွန်တွန်းလုပ်လွှတ်လိုက်ပါတယ်။
ကျနော် အဖမ်းမခံရခင်မှာ အူကျသလို ဖြစ်လို့ ခွဲစိတ်မှုတခု လုပ်ခဲ့တာကို စွဲပြီး ကျနော့်ကို ဖမ်းတဲ့အခါမှ မင်းလို ထောက်လှမ်းရေးက မတန်မရာ ဗိုလ်ချုပ်ငယ်နာမည် မှည့်ရကောငး လား ဆိုပြီး နောက်နာမည်တခုရှိလား မေးပါတယ်။ အဲဒီမှာ တယောက်က တလောလေးက ဒီကောင် ဘောခွဲထားတာ ဘောကြီးလို့ ခေါ်ရအောင်ဆိုပြီး နံနှိမ်လိုက်ပြီး တဲ့နောက် ကျနော့်နာမည်ဟာ ဘောကြီး ဖြစ်လာပါတယ်။
နောက်ဆုံးတော့ ကျနော်က တတ်သည့်ပညာ မနေသာဆိုသလို ဓနုဖြူစိုးသိန်းရဲ့ လူပျိုကြီးသီချင်းကို ခပ်နောက်နောက်လေး ဆိုပြလိုက်ပြီးတဲ့ နောက်မှာတော့ ကျနော်ဟာ ထန်းပင်တက်လက်မှတ်ရတဲ့ လူတယောက်ဖြစ်သွားပြီး မကြာခဏဆိုသလို ဒီသီချင်းကို ဆိုပြရတဲ့ဘ၀ ရောက်ပါတော့တယ်။ အဲဒီနောက်တော့ စောစောက သီချင်းဆိုခိုင်းတဲ့ လူက ကျနော့်မျက်နှာနား လာရပ်ပြီး ပါးစပ်ဟလို့ ဆိုပါတယ်။ ကျနော် ပါးစပ်ဟ လိုက်တော့ သူသောက်နေတဲ့ ဆေးပေါ့လိပ်ကို လာတပ်ပေးပြီး သောက်လို့ ပြောပါတယ်။ ဘယ်ပြောကောင်းမလဲဗျာ ကျနော်ဟာ နေရင်းထိုင်ရင်း လူ ၇၀ ကျော်လောက်ထဲမှာ ဆေးပေါ့လိပ် ပထမဆုံး စသောက်ခွင့်ရတဲ့ ကံထူးသူ ဖြစ်သွားတာပေါ့။ သောက်တယ် ဆိုတာကလည်း သူ့စေတနာ ရှိသလောက် သုံးလေးဖွာပေါ့ဗျာ။ လက်ပြန်ကြိုး ချည်ထားတဲ့အပြင် မျက်လုံးကလည်း စီးထားသေးတာကိုး။
ဒီလိုနဲ့ ကျနော်တယောက် ဆေးလိပ်ကလေး သောက်ခွင့်ရပြီး ထောင်စောင့်နဲ့ ကောင်တွေ ရဲ့ မျက်နှာသာရတာလေး ကြားတဲ့အခါ နောက်ဘယ်သူ သီချင်းဆိုချင်သေးလဲ ဆိုတဲ့အခါ နောက်ထပ် ဖိုးဆိုချင်လေးတွေ ပေါ်လာပါတယ်။ တယောက်က ဆိုနေချိန်မှာ ကျန်တဲ့ လူတွေက လှဲနေကြရပါတယ်။ သီချင်းဆိုတဲ့သူကပဲ ထထိုင်ပြီး မျက်နှာစည်းထားရက်က ဆိုပြရပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီညလေးဟာ ကျနော်တို့ဘ၀မှာတော့ လက်ရှိခံနေရတဲ့ ဒဏ်ရာတွေ ဒုက္ခတွေထဲကနေ အပြန်အလှန် ဆိုပြကြတဲ့ သီချင်းလေးတွေထဲ စီဆင်းမျောပါ သက်သာခွင့်လေး တခဏရခဲ့တဲ့ ညလေးတည အစဖြစ်ခဲ့ပါတယ်။
ရာသီဥတုတွေ ပြောင်းလဲသလိုပဲ ကျနော်တို့ လုံခြုံရေးတဖွဲ့ရဲ့ သဘောထားကလည်း အမျိုးမျိုးပြောင်းနေတာမို့ တညမှာတော့ လုံခြုံရေးတာဝန်ခံတဲ့ အဖွဲ့ရော ထောက်လှမ်းရေး တာဝန်ခံတဲ့ အဖွဲ့တွေရော တပ်ဖွဲ့ကို ခေါင်းဆောင်တဲ့ လူတွေပါ ထောင်ကုန်းအောက် တနေရာရာမှာ သောက်ကြပြီး တော်တော်ရေချိန် မှန်လာတော့မှ တက်လာကြပါတယ်။ ဒီလိုညမျိုးတွေဟာ ကျနော်တို့တွေအတွက်တော့ မြိုင်ရာဇာတွတ်ပီ စကားကို ငှားပြော ရမယ်ဆိုရင်တော့ ဒီည ကံမကောင်းပါလားလို့ ပြောရမယ့်ညပါ။ ထုံးစံအတိုင်း တရားခံ တွေ ထ ဆိုတော့ ထထိုင်နေရပြီး မျက်နှာတွေ စည်းထားတဲ့ ကျနော်တို့ရှေ့က အလာ လမ်းပေါ်မှာ လူတွေ လမ်းတွေ လျှောက်နေကြသံ ဆဲဆိုကြိမ်းမောင်းသံတွေပဲ ကြားနေရပြီး သူတို့ကိုတော့ ဘယ်မြင်ရမလဲဗျာ။ တယောက်က ဟာ ဒီကောင်တွေ သီချင်းဆိုကောင်းတယ်ဗျ ဆိုပြီး စလာပါတော့တယ်။
အဲဒီအချိန်မှာ ထောင်မှူးလုပ်တဲ့ ကောင်က အားလုံးနားထောင် ခုချိန်ကစပြီး မင်းတို့က လူကက်ဆက်တွေ လုပ်ရမယ်။ မင်းတို့ကို ဘယ်ဘက်ပါးကို ရိုက်လိုက်ရင် အဲဒါ ကက်ဆက်ဖွင့်တာပဲ။ မင်းတို့ရတဲ့ သီချင်းကို ဆိုရမယ်။ ညာဘက်ပါးကို ရိုက်လိုက်ရင် stop ပဲ နားလည်လားလို့ အော်လိုက်တော့ အားလုံးကလည်း နားလည်ပါတယ်လို့ ပြန်ဖြေလိုက်ရတာပေါ့ဗျာ။ အဲဒီလို ပြန်ဖြေပြီး သူတို့ကြားမှာ ဘယ်ကက်ဆက်ကို စဖွင့်ရင် ကောင်းမလဲဆိုတာ နည်းနည်းကြိတ်ပြောသံ တိုးတိုးကြားနေရပြီး ဘောကြီး၊ ဘောကြီး ဆိုတာလည်း ကြားရသဗျ။ စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြန်းကနဲ ကျနော့်ဘယ်ဘက်ပါး ပူကနဲ ဖြစ်သွားတာမို့ ကောက်ကာငင်ကာနဲ့ လူပျိုကြီးသီချင်းရဲ့ အင်ထရိုတီးလုံးလေး ပြာပြာ သလဲကောက် ပါးစပ်နဲ့ဆိုရင်း လူကက်ဆက်ဘ၀ အရှင်လတ်လတ် ကျရောက်သွား ပါတော့တယ်။
ပြောရရင်တော့ အဲဒီညက ကျနော်ကနေ အစပြုပြီး သီချင်းဆိုတတ်တဲ့ အကျဉ်းသား ရဲဘော် အတော်များများဟာ လူစင်စစ်ကနေ လူကက်ဆက်ဘ၀ ရောက်သွားခဲ့ရသဗျ။ ပါးရိုက်တဲ့ လက်ဆတွေကတော့ အမျိုးမျိုးပေါ့ဗျာ။ တချို့ကျတော့လည်း ဆိုနေရင်းက ညာဘက်ပါးကို ပြင်းပြင်းရိုက်ပြီး ပိတ်လိုက်တော့ အူကြောင်ကြောင်နဲ့ ဘာဆက်လုပ်ရ မယ်မသိ ဖြစ်နေချိန်မှာ ပြန်အိပ်တော့လေဆိုပြီး ရင်ဝကို ဖိနပ်နဲ့ ဆောင်ကန်လိုက်တာ ခံရပြီးမှ လန်ကျသွားတဲ့သူတွေလည်း ရှိပေါ့ဗျာ။
တကယ်စေ့စေ့တွေးကြည့်တော့ ဒါဟာ အကြီးအကျယ် စော်ကားတဲ့ကိစ္စပါ။ ဒါပေမယ့် ကျနော်ဆိုတဲ့ကောင်က ဘယ်လောက်ထိ ရူးသလဲဆိုတော့ အဲဒီအစီအစဉ်ကို စပြောပြ နေတုန်းက တော်တော်ဆန်းပြားတဲ့ စိတ်ကူးလေးပဲ တော်တော် စိက်ကူးကောင်းတဲ့ လူလို့ စိတ်ထဲက တွေးမိနေသေးဗျာ။ ပါးရိုက်ချလိုက်တော့မှ ဘုရားတမိတာဗျ။ အဲဒီနောက် ပိုင်းက စလို့ ကျနော်တို့အားလုံးဟာ ဒီလူကက်ဆက်တွေအဖြစ် အစောင့်တွေနဲ့ ထောင်ကုန်း ပေါ်တက်လာတဲ့ ဗီအိုင်ပီတွေကို ဖျော်ဖြေရတာဟာ အစဉ်အလာတခု ယဉ်ကျေးမှုတခု ဖြစ်လာပါတော့တယ်။
ကျနော်အတွက်တော့ စောစောကလို လူက ၀မ်းတွင်းရူး ဖြစ်နေကြောင့်လည်းဖြစ်လို ဒီ သီချင်းသီဆိုတဲ့ အစီစဉ်မှာ ပါဝင်ရတဲ့ လုံလောက်တဲ့ နောက်အကြောင်းတခု ရှိပါတယ်။ သီချင်းဆိုခိုင်းတဲ့ လူက ကျနော်တို့ကို နှိပ်ကွပ်နေတဲ့ ထောင်အာဏာပိုင်တို့ ထောက်လှမ်း ရေး တို့ ဖြစ်ပေမယ့် နားထောင်နေတဲ့လူ အများစုကတော့ ထောက်လှမ်းရေးရဲ့ နှိပ်စက်မှုဒဏ်နဲ့ သေလုမြောပါး ဖြစ်နေရသူတွေ ဘယ်နေ့ထုတ်ပြီး သတ်မလဲဆိုတာ တထိတ်ထိတ် ဖြစ်နေရတဲ့ ဘ၀တူ တော်လှန်ရေးရဲဘော်တွေ ဖြစ်နေလို့ပါ။ တကယ်လည်း နေ့မြင် ညပျောက် သွားတာတွေကလည်း မနည်းမနောကိုးဗျ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အသက်ရှင်ခွင့် ရတဲ့အချိန်လေးတခုမှာ စိတ်လေးခဏ အနုပညာကြောင့် သက်သာရာရလည်း မနည်းဘူးဆိုတဲ့ စိတ်နဲ့ ပါးရိုက်ရိုက် မရိုက်ရိုက် သီချင်းဆိုကြ ချိန်တွေတိုင်း အရိုက်ခံပြီး ၀င်ဆိုခဲ့တဲ့အပြင် နောက်ပိုင်းမှာ တကိုယ်တော် အငြိမ့်ပြက်လုံး အစီအစဉ်လေးတွေပါ ဆောင်းပြီး တင်ဆက်ဖြစ်ပါတယ်။
ဒီလောက်ဖြစ်နေတဲ့ကြားမှာ ၀င်ပြီး ရီစရာ ပြက်လုံးထုတ်ရတာ တော်တော် အန္တရာယ်များသလို စိန်ခေါ်ချက်လည်း များပါတယ်။ နားထောင်နေတဲ့ လူတွေက ကိုယ့်ကိုမှ မမြင်နိုင်တာကိုး၊ ထိုင်နေရင်းကနေ လုပ်ရတာဖြစ်သလို ကိုယ့်မျက်နှာကိုလည်း ပိတ်စကြီးနဲ့ စည်းထားတာဆိုတော့ နောက်ဆုံးမှာ ရေဒီယိုက လာတဲ့ ရေနံချောင်း ဖေကံကောင်းဆိုတဲ့ ဦးဓာတ်ဆီ၊ ဦးဓာတ်ဆံတို့ ပြက်လုံးကို အစအဆုံး ရနေတာမို့ အဲဒီပြက်လုံးကို အခြေအနေကြည့်ပြီး တိုက်ရိုက်ပြက်တဲ့အခါ ပြက်၊ နည်းနည်း လစ်ရင်လစ်သလို ကိုယ်ထည့်ပြောချင်တာလေးတွေကိုလည်း ထည့်နဲ့ ထောင်တွင်း ပျော်တော်ဆက်တယောက် ဖြစ်ခဲ့ပါတယ်။
သီချင်းဆိုဖို့ တောင်းဆိုခံရတဲ့သူအတွက် တခုကောင်းတာက သူများတွေ မြေပေါ် မသက်မသာ လှဲအိပ်နေရချိန်မှာ သူက ထိုင်နေခွင့်ရတာ နာထောင်နေတဲ့ အစောင့်က စေတနာရှိရင် ဆေးလိပ်လေး တဖွာ နှစ်ဖွာ သောက်ခွင့်ရတာတို့ဖြစ်ပြီး အင်မတန် အန္တရာယ်များတာကတော့ မူးပြီးတက်လာတဲ့ လူတွေရဲ့ အဓိက ပစ်မှတ်ဖြစ်သွား တတ်ထာ ကိုယ်ရွေးလိုက်တဲ့ သီချင်းမှားလို့ နားထောင်နေတဲ့ကောင်က နားကြားပြင်းကတ်ပြီး ဆောင့်ကန်တာတို့ ခံရတတ်ပါတယ်။ ဥပမာ ထူးအိမ်သင်ရဲ့ ညီလေးရေဆိုတဲ့ သီချင်းမျိုးပေါ့ဗျာ။ အောင်မာ ထောက်လှမ်းရေးက ရာစစ မှန်ရာလုပ် ဟုတ်တာပြောဖို့ မမေ့နဲ့ လုပ် နေသေးတယ်၊ ငါတို့ကို ရိနေတာပေါ့ ဟုတ်လား ဆိုတဲ့နောက်မှာ နှစ်ရက်၊ သုံးရက်လောက် အစာတောင် မြိုမရတဲ့ အခြေအနေမျိုးကို ကျရောက်သွားနိုင်လို့ပါ။
မှတ်မှတ်ရရကတော့ အမရပူရဘက်လာတဲ့ အေဘီယူဂျီလောကမှာ မုန်တိုင်း ၃ လို့ သိထားကြတဲ့ စံလွင်လေး (ခေါ်) စံစံက ခေတ်ဟောင်းတေးတွေ တော်တော်ရသလို အသံကလည်း တော်တော်ကောင်းပါတယ်။ သူ မကြာခဏ ဆိုလေ့ရှိတဲ့ သီချင်းကတော့ ဆရာမြို့မငြိမ်း ရေးတဲ့ ရေချိုးဆိပ်နဲ့ နပန်းဆံ သီချင်းပါ။ ဒါကြောင့် မကြာခဏ သူ့ပါးကလည်း လက်ဝါးတောင်းတတ်ပါတယ်။ ဖြန်းကနဲ ပြီးတာနဲ့ လုပ်ပါဦးကွ အိပွဲ့ အိပွဲ့ ပြောလိုက်ရင် သူက စဆိုပါတော့တယ်။ အိပွဲ့ အိပွဲ့ ငှက်သမ္မာန် ခတ်သွားတယ် …။
ကိုစံလွင်လေးကို စစ်ဆေးတဲ့အချိန်မှာ ဓားမြောင်ကို မီးဖုတ်ပြီး ခြေသလုံးထဲ ထိုးထည့်တဲ့ ဒဏ်ရာကို တော်တော်ကြာကြာ ခံစားရရှာပါတယ်။ နောက်ပိုင်း စခန်းက ထွက်ပြေးကြတဲ့ထဲမှာ ကျနော်တို့နဲ့အတူ ပါလာပြီး ၁၉၉၈ ကျနော်တို့ နိုင်ငံရေး ပြန်လည်လှုပ်ရှားတဲ့ စွဲချက်တွေနဲ့ စစ်အစိုးရက ထောင်ပြန်ချတော့လည်း ကျနော်တို့နဲ့အတူ ပျော်ပျာ်ကြီး ပါလာပါတယ်။ ၅ ညနဲ့ ၇ နှစ်ပါ။ မန်းလေးထောင်ထဲမှာ ကျနော်တို့နဲ့ ဆက်ပြီး အိပွဲ့ အိပွဲ့ သီချင်း ဆက်ဆိုကြပါတယ်။ ခုတော့ ထောင်က ပြန်လွတ်လာပြီး အထဲမှာ စဖြစ်ခဲ့တဲ့ ခုခံအားနည်းရောဂါကြောင့် တောင်မြို့မှာ ကွယ်လွန်ပြီလို့ ကြားရပါတယ်။
နောက် အဆိုကောင်းတယောက်ကတော့ စမ်းချောင်း အခြေခံပညာသမဂ္ဂ ကျောင်းသားလေးဘ၀က တောခိုလာတဲ့ ဘိုဘို (ခေါ်) မိုးကျော်သူပါ။ ငယ်ငယ်လေးနဲ့ တောခိုလာလို့ လူတကာ ချစ်ကြတဲ့ ဘိုဘို တယောက်ဟာလည်း အသက်မသေရေး အတွက် ကျနော် NIP က ပါလို့ ထွက်ဆိုချက်ပေးပြီး အကျဉ်းသားဖြစ်လာရရှာပါတယ်။ ဘိုဘို ကျောင်းသားတပ်ဖွဲ့က တီးဝိုင်းမှာ ပင်တိုင်အဆိုတော်ဖြစ်ပြီး အခမ်းအနားတွေမှာ တော်လှန်ရေးသီချင်းတွေ အမြဲဆိုရတာမို့ ကျောင်သားတပ်ထဲက ကေအိုင်အေဘက်က မိသားစုတွေက အစ ချစ်ကြခင်ကြသူပါ။ သူတပါးကို အမြဲကူညီတတ်ပါတယ်။ သူက အမြဲတမ်း “သဘာဝရဲ့ရင်သွေးငယ်” သီချင်းကို ဆိုတတ်ပါတယ်။
ဒီလိုနဲ့ တညမှာတော့ အစောင့်တာဝန်ကျတဲ့သူက ဘိုဘိုရဲ့ သဘာဝရဲ့ရင်သွေးငယ် အပြီးမှာ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ သီချင်းတပုဒ်ကို ဆိုဖို့ တောင်းဆိုပါတယ်။ ဘိုဘိုက ဒီသီချင်းတော့ မဆိုပါရစေနဲ့ အကိုရယ်ဆိုပြီး တောင်းပန်ပါတယ်။ အဲဒီလို အချီအချ ဖြစ်နေကတည်းက ဘိုဘို့ ဘေးမှာ ကပ်ပြီး လှဲအိပ်နေတဲ့ ကျနော့်စိတ်ထဲမှာ ပြဿနာတော့ စပြီဆိုတာ သိနေပါတယ်။ နောက်ဆုံးတော့ ဘိုဘိုဟာ မငြင်းသာတော့ဘဲ “ပျံသာပျံပါ ခွပ်ဒေါင်းနီ” ဆိုတဲ့ သီချင်းကို လွမ်းလွမ်းဆွတ်ဆွတ်နဲ့ စဆိုပါတော့တယ်။ ဒီလိုအခြေအနေမျိုးမှာ ထွက်လာတဲ့ ဘိုဘိုရဲ့ သီချင်းသံကြောင့် ဒဏ်ရာကိုယ်စီနဲ့ မြေပေါ်မှာ မျက်နှာကို စည်းပြီး လှဲအိပ်နေကြရတဲ့ ကျနော်တို့အားလုံးဟာ စူးနစ်တဲ့ ဝေဒနာနဲ့အတူ သီချင်းစာသားတွေနောက်မှာ မျောပါနေပါတော့တယ်။
“… ပျံသာပျံပါ ခွပ်ဒေါင်းနီ မုန်တိုင်း မိုးသက်ချီ …” တဲ့။
ကျနော်တို့ဟာ ခွပ်ဒေါင်းနီသီချင်းမှာ သိပ်ကြာကြာ မနစ်မျောလိုက်ပါဘူး၊ “ဖုန်း .. ခွပ် .. အင့်” ဆိုတဲ့ အသံနဲ့အတူ ဘိုဘိုရဲ့ တကိုယ်လုံး ကျနော့်အပေါ် ပုံကျလာပါတယ်။ အကြောင်းကတော့ သူ သီချင်းဆိုတဲ့အချိန်မှာ အင်မတန် လက်ယဉ် သွေးဆာတတ်တဲ့ လက်သီးဆိုတဲ့ နောက်တန်း လုံခြုံရေးတာဝန်ကျ တယောက်ဟာ အရက်မူးဝင်လာပြီး သီချင်းဆိုနေတဲ့ ဘိုဘို့မျက်နှာကို စစ်ဘိနပ်နဲ့ ဆောင့်ကန်ချလိုက်လို့ပါ။ ပြီးတော့ ပြန်ထခိုင်းပါတယ်။ ထောက်လှမ်းရေးက လူပါးဝလို့ ကျောင်းသားတော်လှန်ရေးသီချင်း ဆိုရကောင်းလားဆိုပြီး ပါလာတဲ့ M22 မောင်းပြန်သေနတ်ဒင်နဲ့ ခေါင်းကို ရိုက်ချလိုက်တဲ့ အခေါက်မှာတော့ ဘိုဘို့ခေါင်းက သွေးတွေ ကျနော် မျက်နှာပေါ်ကို ပေါက်ပေါက် ပေါက်ပေါက် ကျလာပါတယ်။ အဲဒီမှာ မရပ်သေးဘဲ ပြန်ထခိုင်းလိုက် ရိုက်ချလိုက်နဲ့ အကြိမ်ကြိမ် ထင်တိုင်းကြဲနေပါတော့တယ်။
ခံရတဲ့သူမှာတော့ မသိပါဘူး၊ ကျနော့်စောင်နဲ့ အင်္ကျီတွေကတော့ သွေးနဲ့ ရွှဲနစ်နေပေမယ့် ကျနော်လည်း မလှုပ်ရဲပါဘူး။ ဘယ်သူ့ဆီကမှလည်း ဘာအသံမှ ထွက်မလာပါဘူး။ အမှန်တရားကို ချစ်လွန်းလို့ ကျနော်တို့အားလုံးဟာ ကိုယ့်နားထဲမှာ အတိုင်းသား ကြားနေရတဲ့ ဒီမတရားမှုကြီးအတွက် တားမြစ်ကန့်ကွက်ဖို့ နေနေသာသာ နားရွက်တောင် မခတ်ရဲဘဲ ငြိမ်စင်းနေရတဲ့အဖြစ်ကို စေ့စေ့ပြန်တွေးကြည့်တိုင်း မိမိကိုယ်မိမိ စက်ဆုပ်အော့နှလုံးနာရပါတယ်။
တကြိမ်မှာတော့ မူးနေတဲ့ လက်သီးဟာ ဘိုဘို့ကို ပြန်ထခိုင်းပြီး မျက်နှာကို သေနတ်ပြောင်းနဲ့ ဆောင့်ထိုးချလိုက်ပါတယ်။ ကံဆိုးချင်တော့ သေနတ်ပြောင်းဟာ ဘိုဘို့ကို ချော်ပြီး အိပ်နေတဲ့ ကျနော့်နံကြားထဲကို အရှိန်နဲ့ တိုးဝင်ဆောင့်ပါတော့တယ်။ နံရိုးတော့ ကျိုးပြီလို့ စိတ်ထဲမှာ ခံစားလိုက်ရပါတယ်။ နောက်ဆုံး အားရအောင် နှိပ်စက်နေတဲ့ တချိန်လုံး ဘယ်သူ တဦးတယောက်ကမှ တားမြစ်ခြင်းမရှိပါဘူး။ တနာရီလောက်ကြာတော့ သူနာပြုအဖွဲ့ ရောက်လာပြီး ခေါင်းက ကွဲနေတာတွေကို အစိမ်းချုပ်ချုပ်နေကြတာ အားလုံးနားမှာ ကြားနေခဲ့ရပါတယ်။
ဒီဘိုဘို (ခေါ်) မိုးကျော်သူဟာ ၁၉၉၈ ခုနှစ် ကျနော်နဲ့အတူ စစ်အစိုးရက ဖမ်းဆီးထောင်ချတဲ့အထဲမှာ အမှုတွဲဖြစ်ပြီး ကျနော်တို့က ၅ ည နဲ့ ၇ နှစ်သာ ကျပေမယ့် မိုးကျော်သူကို ၁၂၂ ပုဒ်မနဲ့ နှစ်နှစ်ဆယ် ချလိုက်ပါတယ်။ မန်းထောင်ရဲ့ ညချမ်းဂီတ ဆည်းဆာတွေဆိုရင် အမြဲပွဲတောင်းခံရပြီး မကြခဏ “ပျံသာပျံပါ ခွပ်ဒေါင်းနီ” သီချင်းကို ဆိုလေ့ရှိပါတယ်။
၂၀၀၀ ခုနှစ် မန်းထောင် ထောင်တွင်းတိုက်ပွဲတွေမှာ ကျနော်တို့ကို ရိုက်နှက်ပြီး မြောင်းမြထောင်ကို ပို့လိုက်ချိန်မှာ ဘိုဘိုတယောက်က မန်းထောင်မှာ ဆက်ကျန်နေရပြီး အဲဒီနေ့က နားကို ပိတ်ရိုက်ခံလိုက်ရတဲ့အတွက် နားလေးသွားတယ်လို့ နောက်ပိုင်း ကြားရပါတယ်။ ဟိုတလောကတော့ ဘိုဘိုတယောက် ပြန်လွတ်လာပါတယ်။ အွန်လိုင်း ပေါ်မှာ တနေ့က တွေ့တော့ ခု ထောင်က လွတ်လာပြီး ဘာတွေလုပ်နေလဲဆိုတော့ ၈၈ က စပြီး ဒီမိုကရေစီတော်လှန်ရေး နှစ် ၂၀ ကာလအတွင်း ထင်ရှားခဲ့တဲ့ တိုက်ပွဲဝင် တော်လှန်ရေးသီချင်းတွေကို ခုလူငယ်တွေ ကြားဖူးရအောင် ပြန်ဆိုမယ့် စီးရီးတခုကို လုပ်နေတယ်။ အခု အတီးပိုင်းပြီးပြီ အဆိုတွေပဲ ကျန်တော့တယ်တဲ့။ ဘယ်သူဆိုမှာလဲလို့ မေးတော့ …..
“အဟီး … ကျနော်ပဲပေါ့” … တဲ့။
လူငယ် ပြောလေ့ရှိတဲ့ စကားနဲ့ပြောရင်တော့ “အင်း… မနိုင်ပါလား” လို့ တွေးမိပါတယ်။
(လူကက်ဆက် ဒုတိယပိုင်း ဆက်လက်မျှော်ပါ …။)

ပန်းချီ ထိန်လင်း
Source: (http://www.kaungkin.com မှ …) But copied from Dr Loon Swe’s blog

Tags: ,

4 Responses to “ABSDF (NB) Killing Field : ကျနော် လူကက်ဆက် ပန်းချီ ထိန်လင်း”

  1. drkokogyi Says:

    Trust story is told. Justice Prevails!-ဂျိမ်းဖော်မြေက အညတရ သူရဲကောင်းတွေ၏ အရိုးတွန်သံများ.
    by FB of Udp Myanmar on Monday, December 26, 2011 at 7:43am
    အညတရ သူရဲကောင်းတွေ၏ အရိုးတွန်သံများ
    မြန်မာပြည်မှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ လမ်းစပေါ်လာသလို တဖက်နဲ.တဖက် ရှိခဲ့တဲ့ ရန်စည်းတွေလဲ ပြိုလာပြီ ဖြစ်တာကြောင့် လူမသိ သူမသိနဲ. ဘ၀ပေးသွားတဲ့ အညတရ တွေ၏ ဘ၀တွေ မှတ်တမ်းတွေ ဇာတ်လမ်းတွေကိုလဲ အောက်မေ့သတိရပြီး အမျှဝေဖို. လိုပါ သည်။

    အခုတလော ဖတ်ရသူတိုင်း သိရသူတိုင်း စိတ်နှလုံး ယူကျုံးမရဖြစ်ရတဲ့ အဖြစ်အပျက်ကတော့ ကချင်ပြည်နယ်မှာ ABSDF (မြောက်ပိုင်း)က ခေါင်းဆောင်တွေ၏ ခေါင်းဖြတ် အသတ်ခံရတဲ့ ကျောင်းသားတပ်မတော်က အညတရ သူရဲကောင်းတွေ၏ အဖြစ်အပျက် ရင်နစ်ဖွယ်ဇာတ် လမ်းတွေပါ။ ကျောင်းသားအချင်းချင်း ဇာတ်တူသား စာပြီး မတရား ဖမ်းဆီး နှိပ်စက် အနိုင် ကျင့်ပြီး အကျဉ်းချုံးစစ်ဆေးပြီး ကွက်မျက်လိုက်တဲ့ တောတွင်း လူသတ်မှု (သို.) Jungle Justice အကြောင်းတွေပါ။ ရန်သူကို သတ်တာထက် အချင်းချင်း ပြန်သတ်ဖို.ဆိုတာ ပိုပြီး ရက်စက်မှ လက်ရဲဇက်ရဲရှိမှ လုပ်ရဲနိုင်တာပါ။ လူသတ်တာဟာ အတော် မလွယ်တာမို. အချင်းချင်းကို ပြန်သတ်ဖို.ဆိုတာ ပိုတောင် ခက်ခဲတဲ့ အလုပ်ပါ။ ဒါပေမယ့် ABSDF အဖွဲ.က ခေါင်းဆောင်တချို. ဒီပစ်မှုကို ကျူးလွန်ခဲ့ပါသည်။

    တောထဲမှာ လက်နက်ကိုင်အဖွဲ.တွေ၏ Rule of law ဆိုတာ Gun သေနတ်ကို ဆိုလိုတဲ့သဘောပါ။ ဒါဟာ တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စတုန်း၏ အာဏာဆိုတာ သေနတ်ပြောင်းဝက လာတယ်- Power comes from Gun ဆိုတဲ့ ပြောဆိုချက်နဲ. နဲနဲဆင်သလိုလို ဖြစ်နေ ပါသည်။ ကချင်ဒေသမှာ ကျောင်းသားတွေ အချင်းချင်း သတ်တဲ့ကိစ္စ ကို ပြောတိုင်း ကြားတိုင်း ဖတ်ရတိုင်း မြန်မာလူထုအတွက် ဗကပ တွေ၏ ဖြုတ်ထုတ်သတ် အကြောင်းတွေကို ချက်ခြင်း သတိတရဖြစ်ပြီး အော် ဒီလူတွေလဲ ဗကပတွေလိုပဲ ဖြုတ်ထုတ် သတ်တွေ လုပ်ခဲ့တာပါလားဆိုတဲ့ အတွေးနဲ.အတူ ရွံရှာမှုတွေ ခံစားသွားစေပါသည်။

    ဒီမိုကရေစီဘက်တော်သွား အချင်းချင်း ကျောင်းသားတွေ အချင်းချင်း တူပေမည့် စစ်တပ်နှင့် စစ်အစိုးရ၏ နှိပ်စက်မှုတွေ စစ်ထောက်လှမ်းရေးတွေ၏ လက်ချက်နဲ. ကျဆုံးသွားတဲ့ ကျောင်း သား။သူတွေ ဆိုရင် အတိုက်အခံတွေအကြားမှာ မှတ်တမ်း မှတ်ရာ ကောင်းကောင်းနဲ. လူသိ ရှင်ကြား ဖော်ထုတ်ကာ ဂုဏ်ပြုခံရ။ အမှတ်တရတွေလုပ်ပြီး ရည်းစူးကာ အမျှဝေတာတွေ လုပ် ကျပါသည်။ သတင်းစာ ဆရာကြီး ဦးတင်ဝင်ဆိုရင် စစ်အစိုးရ၏ ထောင်းတွင်း အတွေ.အကြုံ တွေ စစ်ကြောရေးစခန်းက ထောက်လှမ်းရေးတွေ၏ လုပ်ရပ်တွေကို ‘ နင့်လားဟဲ့ လူ.ငရဲ“ ဆိုပြီး စာအုပ်စာတမ်းအဖြစ်တောင် ထုတ်ဝေခဲ့ပါသည်။

    ဒါပေမယ့် တောတွင်းမှာ ကိုယ့်အချင်းချင်း ထောက်လှမ်းရေး သူလျိုတွေ Spy တွေလို. စွပ်စွဲ ချက်နဲ. လူမသိ သူမသိ အသတ်ခံရ။ ခေါင်းဖြတ်ခံရ။ အာသံကုန်းတို. ကျွန်းပင်အောက်တို. ရောက်သွားသူတွေအတွက်ကျတော့ ပိုပြီး ရင်နာစရာပါ။ စစ်တပ်နဲ. အစိုးရ လက်ချက်ကြောင့် ဆိုရင် သူရဲကောင်းအဖြစ်ရော နိုင်ငံရေးအရ ထောက်စရာ တိုက်ကွက်တခုအရပါ လူသိအောင် ဖော်ထုတ်ပြီး ဂုဏ်ပြုတာ ပြောဆိုတာတွေ ရှိသော်လဲ တောထဲမှာ လက်နက်ကိုင်အဖွဲ.တွေ၏ လက်ချက်ကြောင့် ကျောင်းသားအချင်းချင်း နေရာလုပြီး သတ်ပစ်လိုက်တဲ့ လူပျောက်သွားတဲ့ ကျောင်းသားတွေ ဒီမိုကရေစီဘက်တော်သားတွေ၏ ဖြစ်ရပ်တွေကိုကျတော့ သိတဲ့သူတွေက လဲ ရေငုံနှုတ်ပိတ်တာ မဟုတ်ရင် ကိုယ့်ဖက် သေနပ်ပြောင်းဝ လှည့်လာမှာ (သို.) နိုင်ငံရေး အရ ထိခိုက်မှာ စတဲ့ စတဲ့ အကြောင်းပြချက်တွေကြောင့် ရေးသား ထုတ်ဖော်တာ ဂုဏ်ပြု မှတ်တမ်း တင်တာ မရှိသလောက် ရှားပါသည်။

    အဲဒီကျဆုံးသွားတဲ့ ကျောင်းသားတွေ ဒီမိုကရေစီ ဘက်တော်သားတွေ၏ မိသားစု ဘ၀တွေက ပိုပြီးတောင် သနားဖို. ကောင်းပါသည်။ မိသားစုဝင် သားသမီးတွေ ဆုံးရှုံးရတာခြင်းအတူတူ အစိုးရနဲ. စစ်တပ်၏ လက်ချက်ဆိုရင် သူရဲကောင်းတဦးလို ဂုဏ်ပြုတာ ခံရပြီး တောထဲမှာ အချင်းချင်းဇာတ်တူသား စားလို. အသတ်ခံလိုက်ရပြီဆိုရင်တော့ သူရဲကောင်းအဖြစ် လူသိ ရှင်ကြား အတိုက်အခံတွေ ကြားမှာတောင် ဂုဏ်ပြုချီးမြောက်တာ မခံရတဲ့အပြင် ပိုပြီး တောင် မထင်မရှားနဲ. သတင်းအချက်အလက်တွေပါ ပျောက်သွားတတ်ပါသည်။ အစိုးရကို ကြောက်ရ တာက တပိုင်း လူသတ်တဲ့အုပ်စုတွေက တောထဲမှာ အားကောင်းတာက တပိုင်းဆိုတော့ ကိုယ့် ရင်သွေး သားသမီးတွေ ဘ၀ပေး အသက်ပျောက်သွားတဲ့ကိစ္စကိုတောင် ဗြောင် မေးဖို. စုံစမ်းဖို. မလွယ်ပါ။ တဖက်မှာလဲ အစိုးရကိုလဲ ကြောက်ရ။ တခြားတဖက်မှာလဲ လက်နက်ကိုင် အဖွဲ.တွေက လူသတ်မှုတွေ အစ ပေါ်မှာကို မလိုချင်တော့ လက်စဖျောက်ဖို. ကိုယ်က လိုက်ပြီး စုံစမ်းရင်တောင် နှုတ်ပိတ်သွားအောင် ရန်ပြုမှာ အသက်ကို ထပ်ပြီး ရန်ရှာမှာကို ကြောက်ရပြီး ငိုကြေး ၀မ်းနည်းကြေကွဲတာတောင် ဘယ်သူမှ မသိအောင် အားပေးသူမရှိ ပိုပြီး လူမသိ သူမသိ တိတ်တိတ်ပုန်း ငိုခဲ့ရတဲ့ မိသားစုတွေပါ။

    စစ်တပ်ကြောင့်ဆိုရင် ငါတို. သားသမီးဟာ ဒီမိုကရေစီအတွက် လူ.အခွင့်အရေးအတွက် ဘ၀ပေး အသက်ပေးပြီး တိုက်ပွဲဝင်သွားတဲ့ သူရဲကောင်းဆိုပြီး ရင်ကော့ ခေါင်းမော့ ပြောရဲသော်လဲ တောထဲမှာ အချင်းချင်း သတ်လို. သေသွားပြီဆိုရင်တော့ ဘယ်သူကိုမှ ထုတ်မပြောရဲ အသိမပေးရဲပဲ ဂုဏ် မျက်နှာငြိုးငယ်စွာဖြင့် အိမ်တွင်းပုန်း ကျိတ်ပြီး မျက်ရည် ကျရတဲ့ ဘ၀တွေပါ။ ဒီဘ၀မျိုး ဖြတ်သန်းရတဲ့ မိသားစုတွေ အသိဆုံးပါ။ ဒီဘ၀ကို ရင်ဆိုင်ခဲ့ရ တဲ့ အမေတွေ အသိဆုံးပါ။

    အခုတော့ အဲဒီလို အညတရ သူရဲကောင်းတွေ၏ ယုံကြည်ချက် အမှန်တရားတွေကြောင့်လား သစ္စာစကားတွေကြောင့်လား အခုလို ဒီမိုကရေစီ အာရုံဦးကာလမှာ တောထဲမှာ ကျဆုံးသွားတဲ့ အထူးသဖြင့် အချင်းချင်း အသတ်ခံလိုက်ရတဲ့ အညတရတွေ၏ အရိုးတွန်သံတွေ အချိန်မှီ ထွက်ပေါ်လာပါသည်။ အဲဒီ တောတွင်း လူသတ်မှုတွေ ခေါင်းဖြတ်မှုတွေ အုပ်စုဖွဲ. အနိုင်ကျင့်မှု တွေကို ဖော်ထုတ်ပြီး အမှန်တရားအတွက် ပြည်သူနှင့် ကမ္ဘာသိအောင် လုပ်ဖို. အားပေးသူ တွေ အများအပြား ပေါ်ထွက်လာပါသည်။ အရိုးတွေ စွေးပေမည့် အမှု မစွေးဖူးဆိုတဲ့ မြန်မာ့ စကားပုံအတိုင်း အမှန်တရားကို လိုလားတဲ့ ပြည်သူတွေ၏ တောင်းဆိုမှုတွေ ဆူညံလာပါ သည်။

    အခုလို အမှန်တရားအတွက် ထုတ်ဖော်တာကိုတောင် တချို. ဒီမိုကရေစီ ခေါင်းဆောင်ဆိုတဲ့ သူတွေဟာ ဖော်ကောင်တွေ ဖော်ကောင်တွေ။ သတ်ကွင်းမရှိလို.။ သတ်ကွင်းနဲ. မနီးလို. ပေါ့ ဆိုပြီး နောက်ထပ် ထပ်ပြီး လူသတ်ဖို. တွေးနေ ငြိုးတေးသူတွေ၏ အသံတွေကို ကြားရပြန်ပါ သည်။ စဉ်းစားတာကြည့်ပါ အခုလို ကျည်လွတ်ရာမှာတောင် အနည်းဆုံး စိတ်ကူးနဲ. လူသတ် ဖို. စဉ်းစားနေတယ် သတ်ကွင်းကို တွေးနေရင် တောထဲမှာသာ (သို.) သူတို.အုပ်စု ကြီးစိုးတဲ့ နေရာမှာသာဆိုရင် ဘယ်လို လုပ်မလဲ။

    နောက်တခုက အရင်ကဆိုရင် အမှန်တရားအတွက် ဆိုပြီး အသေးအမွှားကိစ္စလေးတွေမှာတောင် ၀င်ဝင်ပြီး ပြောကြရေးကျ သဘောထားတွေ မှတ်ချက်တွေ ပေးကြတဲ့ ဒီမိုကရေစီ ခေါင်းဆောင်တွေ ဖိုးပြောချင်တွေ အခု ဒီကိစ္စမှာကျတော့ ယုန်ကလေးတွေ နှာစေးပြီး မသိချင်ယောင်ဆောင်ကာ ခေါင်းရှောင်နေတာ စဉ်းစားစရာပါ။ ပြည်သူတွေအတွက် ဒီလူတွေပြောတဲ့အမှန်တရားနဲ. ဒီမိုကရေစီစံတွေကို ဘယ်လောက်အထိ လေးစားသလဲ အမှန်တရားဖက်က တကယ် ရပ်တည်ရဲသလားဆိုတာ မှတ်ကျောက်တင်ခွင့် သိခွင့်ရရှိပါသည်။ လူငယ်အများစု စိတ်ထဲမှာ ဒီလူတွေဟာ သူတို.ပြောပြောနေတဲ့ စစ်ခေါင်း ဆောင်တွေနဲ.ရော ဘာများ ကွဲပြားခြားနားလို.လဲ။ စိတ်ဓာတ်တွေက အတူတူပဲ လို. ကောက် ချက် ချစရာ ဖြစ်လာပါသည်။ လူထုကို ညာဖို. ငြိမ်းခြောက်ဖို. မလုပ်ပါနဲ.။ ပြည်သူတွေ စာ တတ်ကုန်ပြီ။ လူငယ်မျိုးဆက်သစ်တွေ မျက်စိပွင့်ကုန်ပြီ။

    ဒီလို တောထဲမှာ လူမသိ သူမသိ ကျဆုံးသွားတဲ့ အညတရ သူရဲကောင်းတွေ၏ အရိုးတွန်းသံ တွေနဲ. အမှန်တရားအတွက် အားပေး ထောက်ခံတဲ့ ပြည်သူတွေ၏ အသံတွေဟာ လူသတ် သမားတွေအတိုက်တော့ အိပ်မက်ဆိုးတွေ ပြန်ပြီး မက်လာရပြီ ထင်ပါသည်။ ဒီအရိုးတွန်သံ တွေဟာ အဲဒီ လူသတ်တရားခံတွေအတွက်တော့ တရားရုံးထဲက တရားသူကြီး ကိုင်တဲ့ အမိန်. ချတဲ့အခါသုံးတဲ့ လက်ကိုင်သစ်သားတုံးလေး၏ ထု လိုက်တဲ့အသံတွေလို ကြားယောင်နေမည် ဖြစ်ပါသည်။ ထောင်တွင်းက “နင်လားဟဲ့ လူငရဲ” ဆိုသလိုပဲ တောတွင်းက “နင်လားဟဲ့ လူ.ဂျပိုး” ဆိုတဲ့ မှတ်တမ်းတွေလဲ မကြာခင် ထွက်ပေါ်လာမည် ဖြစ်ပါသည်။ တောထဲမှာ ကျ ဆုံးသွားတဲ့ အညတရ သူရဲကောင်းတွေ၏ ဘ၀တွေကို ပြည်သူတွေ သိရှိလာပြီး ဒီမိုကရေစီ ရရင် သူတို.အတွက် အမျှဝေမည့်သူတွေ တိုးလာပြီး အဲဒီ အညတရတွေ၏ သမိုင်းဖြစ်ရပ်မှန် တွေကို အရေးလုပ်ပြီး ရေးကျ ပြောကျ မှတ်တမ်းတင်တဲ့သူတွေ များလာနေပါသည်။ ကျဆုံး သွားတဲ့ အညတရ သူရဲကောင်းတွေ ကောင်းရာ သုဂတိလားပါစေ။
    Trust story is Spoken. Justice Prevails!

  2. drkokogyi Says:

    Udp Myanmar
    အသေးစိတ် သိရလေ ပိုပြီး စိတ်ခြောက်ခြားစရာတွေပဲ။ ဒါတွေကလဲ အမှန်တွေ ဖြစ်နေပြန်တယ်။သတ်တာကလဲ တကယ် ကို ရက်ရက် စက်စက်နဲ. လက်ဖြတ် ခြေဖြတ် ခေါင်းဖြတ် ပေါင်းသား ကပ်လှီးပြီး အရက်နဲ. မြီးကျနဲ.။ တကယ့် သားသတ်တဲ့ပွဲတွေပါလား။ ပန်းထွက်တဲ့ သွေးစိမ်းရှင်ရှင် တွေကို သောက်ခို်င်း။ မြိုချ ခိုင်းတာ။ သတ်လို. ခေါင်းပြတ်နေတဲ့အလောင်းကို​ နောက်ထပ် အသတ်ခံ ရမည့်သူ အမျိုးသမီးကျောင်းသူ ကိုပါ ယောင်္ကျာXXXကိုပါ လူရှေ.သူရှေ. စုပ်ခိုင်းပြီးတော့မှ အဲဒီ ကလေးမ ကိုပါ သတ်ပစ်တယ်ဆိုတာ မြန်မာနိုင်ငံသားတွေမှ ဟုတ်ရဲ့လား။ လူတွေမှာ ဟုတ်ရဲ့လား။ အခုတော့ ဒီမိုကရေစီနဲ. လူ.အခွင့်အရေးအတွက် တိုက်ပွဲဝင်နေပါတယ်ဆိုတဲ့​ ခွပ်ဒေါင်းကျောင်းသားတွေ ကျောင်းသားတပ်ဖွဲ.၏ ခေါင်းဆောင်တွေ ဖြစ်နေတော့——- အတော် လန်.စရာ ခြောက်ခြားစရာ တွေပါ။

    အနားမှာ ရှိနေတဲ့ ကျန်တဲ့သူတွေကရော ဒီလောက်အထိ ပက်ပက်စက်စက်နဲ. ရက်စက်မှုတွေ ဖြစ်နေ တာ ဒီလိုတော့ မလုပ်ပါနဲ.လို. ၀င်မပြောရဲတာလဲ။ KIA ၏ ဌာနချုပ်အတွင်းမှာ ဒီလောက်အထိ လူသတ်မှုတွေ ဖြစ်နေတာ KIA ခေါင်းဆောင်တွေရော ဒီသတင်းတွေ မကြားဖူးလား။ မသိကြဘူးတဲ့ လား။ မေးစရာပါ။

    ကျောင်းသားတွေဟာ လူတွေကို ခေါင်းဖြတ်သတ် သွေးအေးအေးနဲ. သတ်တဲ့အပြင် တကယ်ကို လူသားပါ စားတဲ့သူတွေ ဆိုတာအမှန်ကို အမှန်တိုင်းပဲ လက်ခံပြီး ဘက်လိုက်မှု မရှိပဲ နိုင်ငံရေး အစွဲ မထားပဲ လူထု မျက်နှာနဲ. လူထုကို ရေရှည် အကျိုးပြုမည့် အရာကိုပဲ အားပေးရမည်။ ကိုယ့်နဲ.
    မတွေ.လို. ၀င်ပြီး ဗျင်းတာမျိုး ကိုယ်မကြိုက်လို. အဆင်း ဘီးလိမ့်တာမျိုးလဲ မဖြစ်သင့်သလိုဘာကြောင့် ညာကြောင့်ဆိုပြီး အမှန်တရားတွေကို ဖုံးကွယ်တာ ထိန်ချန်တာမျိုးလဲ မဖြစ်သင့်ဘူးဘယ်လိုနေရာမှာ​ပဲဖြစ်ဖြစ် စစ်တပ်ထဲ။ ထောင်ထဲမှာပဲ ဖြစ်ဖြစ် တောထဲမှာပဲ ဖြစ်ဖြစ် လူတွေကို အကျဉ်းချုံးသတ်တဲ့ ရာဇ၀တ်မှုတွေ အဓမ္မ ကျင့်မှုတွေဟာ တချိန်ချိန်မှာတော့ စိတ်ကွယ်ရာမရှိ ပြန်ပေါ်လာမယ်ဒီအသိတွေ များများရှိလေ တဦးချင်းစီကဒါမျိုး ပြစ်မှုတွေကို မလုပ်မိအောင် မမှားမိအောင် ဆင်ခြင် စိတ်တွေ ဖြစ်မယ်ဆိုရင် နောက်ထပ် လူပေါင်းများစွာ အသက်တွေလဲ ကယ်ဆယ်ရာ ကာကွယ်ရ ရမယ်လေ။ Know your Rights, Use whatever resource you have or available, Keep all record.

  3. drkokogyi Says:

    Thein Htike Aung
    ဒီလို လူမဆန်တဲ့ လုပ်ရပ်တွေ ဖတ်လိုက်ရတော့ …. တော်တော် အံ့သြ တုန်လှုပ် ခြောက်ခြားမိသွားတယ် … အဲဒီကောင်တွေဟာ လူစိတ်ပျောက်နေတဲ့ သွေးဆာနေတဲ့ အရိုင်းအစိုင်း တွေပါလားလို့ … ဒါတောင် အဲဒီအဖြစ်အပျက် အကုန်လုံး အသေးစိတ် မသိရသေးဘူး … တစိတ်တပိုင်းလောက်တင် အဲဒီလောက်ဆိုးဝါးနေတာ တခုလုံးဆိုရင်တော့ … မတွေးရဲစရာဘဲ … ဒီ အဖြစ်မှန်ကို သိသူ မြင်သူတွေ ဖေါ်ထုတ်ရေးကြပါ … ဒါဖျောက်ဖျက်ပစ်လို့ မရတဲ့ သမိုင်းတခုပဲ …. မှားယွင်းတာ မဟုတ်တာ လုပ်ခဲ့လို့ ဖုံးကွယ်လို့ မရပါဘူး … ညှင်းပမ်း စွတ်ဆွဲပြီး စတေးခံရတဲ့ ရဲဘော်တွေ အရိုးတွန်ချိန်ရောက်ပါပြီ …. ဖမ်းဆီး နှိပ်စက်ခံခဲ့ရတဲ့သူတွေ အဲဒီအဖြစ်အပျက်မှာ တိုက်ရိုက်မပတ်သက်ပေမဲ့ မျက်မြင်အနေနဲ့ ဖြစ်ဖြစ် အဲဒီစခန်း နယ်မြေမှာရှိကြတဲ့ မြောက်ပိုင်းအဖွဲ့ဝင်ဟောင်း​ သက်ရှိထင်ရှား ရှိနေကြပါတယ် ဖေါ်ထုတ်ကြပါလို့ တိုက်တွန်းပါတယ် …. ဒေါက်တာနိုင်အောင် … ရော်နယ်အောင်နိုင် ဆိုတဲ့ အောင်နိုင်လေး … နောက် အဲဒီ လူမဆန်စွာ သတ်ဖြတ်မှုမှာ ပါခဲ့တဲ့ကောင်တွေ မင်းတို့ …. ဘယ်လိုပြန်ဖြေရှင်းမလဲ … သိချင်တယ် … သမိုင်းကို လိမ်လို့မရဘူး … အဲဒီ အတွက် ထိုက်တန်တဲ့ ပြန်ပေးဆပ်မှုတခုကို ကျူးလွန်ခံသူတွေ ခံကြရလိမ့်မယ် …. ရန်သူစပိုင် အမှန်တကယ် ဟုတ်ခဲ့ရင်တောင် ဖြစ်နေခဲ့ရင်တောင် … အဲဒီလို လူမဆန်စွာ ညှင်းပမ်းဖို့ သင့်လားဆိုတာ ဦးနှောက်အသိဥာဏ် ရှိတဲ့ လူသားပီသစွာ စာနာတတ်တဲ့ လူတိုင်းသိတယ် ……

  4. drkokogyi Says:

    Udp Myanmar
    ကချင်ပြည်နယ်ထဲ ABSDF (မြောက်ပိုင်း)က ခေါင်းဆောင်တွေ၏ အချင်းချင်း သတ်ဖြတ်တဲ့ လူသတ်မှု ခေါင်းဖြတ်မှုတွေဟာ သာမန် ရာဇ၀တ်မှုတခုမဟုတ်ပဲ ဒီမိုကရေစီဘက်တော်သားတွေ ကျောင်းသားတွေ တော်လှန်ရေးသမား နိုင်ငံရေးသမား နဲ. အမှန်တရားကို လေးစားမြတ်နိုးပါတယ်ဆိုတဲ့ လူအခွင့်အရေးကို တန်ဘိုးထားပါတယ်ဆိုတဲ့ အဖွဲ.တိုင်း။ လူတိုင်း တဦးချင်းစီအတွက်ပါ ဘယ်လောက်အထိ လက်တွေ.မှာ အမှန်တရားကို လေးစားတန်ဘိုးထားသလဲ Justice နဲ. တရားဥပဒေစိုးမိုးမှုအပေါ် တကယ် ယုံကြည်လက်ခံသူဖြစ်သလဲဆို​တာ မှတ်ကျောက်တင် စစ်ဆေးမည့် Honest Testing ဖြစ်ပါသည်။ မြန်မာပြည်မက တကမ္ဘာလုံးကို လည့်ပတ်နေပြီး အမှန်တရား၏ ဘက်တော်သားတွေ တရားမျှတမှုအတွက် တိုက်ပွဲဝင်သူတွေ လူအခွင့်ရေးနှင့် ဥပဒေစိုးမိုးရေး၏ ဘက်တော်သားတွေအဖြစ် ကိုယ့်ကိုယ်ကို နာမည်ခံပြီး အသံကျယ်ကျယ်နဲ. အော်ခဲ့သူတိုင်း အခု ကချင်က ကျောင်းသားတွေကို သတ်တဲ့ လူသတ်မှု ခေါင်းဖြတ်မှုဟာ တဦးချင်းစီအတွက် မေးခွန်းထုတ် စစ်ဆေးပြီး သင် ဘယ်သူလဲ ဘယ် ဘက်မှာ တကယ် ရပ်တည်သူ ယုံကြည်သူ ဖြစ်သလဲဆိုတာ စမ်းသတ်တဲ့ ပွဲပါ။ ဒီမိုကရေစီနှုင့် အမှန်တရားတို. တရားမျှတမှုတို.အတွက် လုပ်နေသူ တို်က်ပွဲဝင်နေသူဆိုတဲ့ အဖွဲ.တွေ နိုင်ငံသမားတဦးချင်းစီ၏ အရေခြုံထားမှုတွေကို ခွာချပြမည့် အဖြစ်အပျက်တွေပါ။ တကယ်ပဲ အမှန်တရားဖက်က ရပ်တည်သူတွေလား သို.မဟုတ် သူတို. ပြောပြောနေတဲ့ အာဏာရှင်တွေ စစ်ခေါင်းဆောင်တွေ စစ်ထောက်လှမ်းရေးတွေလိုပဲ ရက်စက် ယုတ်မာတဲ့ လူရမ်းကားတွေနဲ. တစ်တန်းစားပဲ အတူတူပဲဆိုတာ ပေါ်လာမည် ဖြစ်ပါသည်။ ဒီမိုကရေစီ အာရုံဦးမှာ အခုလို ဒီလူသတ်မှုကြီး လူသိထင်းရှား ဖြစ်လာခြင်းကြောင့် ပြည်သူတွေ အမှန်တရားကို သိပြီး ဘယ် ဒီမိုကရေစီ အဖွဲ.တွေ ဘယ်နိုင်ငံရေးသမားတွေဟာ တကယ့် အမှန်တရားနဲ. တရားမျှတမှု၏ Agent of Justice or Agent of true ဆိုတာ လက်တွေ. သိခွင့် ရလိုက်မည် ဖြစ်ပါသည်။ ဒါဟာ ကချင်းပြည်နယ်မှာ လူမသိ သူမသိ ကျဆုံးသွားတဲ့ အညတရ သူရဲကောင်းတွေက သူတို.ဘ၀နဲ.ရင်းပြီး ပြည်သူတွေကို ထပ်ပြီး ပေးလိုက်တဲ့ အသိတရားတွေပါ။ မဟုတ်ရင် အုတ်ရောရော ကျောက်ရောရောနဲ. အားလုံးက အမှန်တရားနဲ. တရားမျှတမှုရဲ့ သူရဲခေါင်းတွေအဖြစ် မျက်နှာဖုံးတွေ ဖုံးထားမည် ဖြစ်ပါသည်။ အခုတော့ ကချင်ပြည်နယ်က ကျဆုံးသွားသူ အညတရ သူရဲကောင်းတွေက ထပ်ပြီးတော့ ဘယ်သူတွေဟာ တကယ့် အမှန်တရား မြတ်နိုးသူ။ ဘယ်သူတွေက တကယ့် တရားမျှတမှု၏ ခေါင်းဆောင် အတုနဲ.အစစ်ကို ပြည်သူတွေ သိဖို. ထပ်ပြီး မျက်နှာဖုံးတွေ ချွတ်ပြ ပေးလိုက်သလိုပါ။ ကျဆုံးတာ အနှစ် ၂၀ ရှိနေတာတောင် အခုအထိ ပြည်သူတွေအတွက် ကြီးမားတဲ့ အဖိုးမဖြတ်နိုင်တဲ့ အသိတွေ သတိတွေရှိဖို. ပေးဆပ်နေသူတွေပါ။ အမှန်တရားနဲ. တရားမျှတမှုကို အော်နေတဲ့သူတွေ ဒီလူသတ်မှုမှာ ဘယ်လို အော်မလို ဘယ်လို ရပ်တည်မလဲ ပိုပြီး ကွဲပြားလာမည် ဖြစ်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: