ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး

Taken from FB of Min Kyaw Khine by Ko Kyaw Moe Aung TQ Kay for the link.

“ကိုဖေခင်-ခင်ဗျားကို ကျွန်တော်ပြောစရာရှိတယ်။ တော်လှန်ရေးသမားဆိုတာ သုံးမျိုးသုံးစား ရှိတယ်။ ခင်ဗျား သိလား။

  1. ပထမတစ်မျိုးက လက်နက်ကိုင်ပြီးတိုက်ရဲတယ်။ သတ်ရဲဖြတ်ရဲ အသေခံရဲတယ်။
  2. ဒုတိယ အမျိုးအစားက မတိုက်ရဲမခိုက်ရဲ ၊ မသတ်ရဲမဖြတ်ရဲဘူး ၊ အသေလည်းမခံရဲဘူး ၊ ဒါပေမယ့် တစ်ရွာဝင် တစ်ရွာထွက်အပင်ပန်းခံ အဆင်းရဲခံပြီး စည်းရုံးရေးလုပ်နိုင်တယ်၊ စားစရာရရင်စား မရရင်မစားဘဲ ဇွဲနပဲနှင့်အငတ်ခံနှိင်တယ်။
  3. တတိယအမျိုးအစားက တိုက်လည်းမတိုက်ရဲ အသေလည်းမခံရဲ အဆင်းရဲ အငတ် အပြတ်လည်း မခံနှိင်ဘူး၊ ခပ်ကြောကြောလေး ၀တ်စားပြီး ဦးနှောက်သုံးပြီး တိုင်းပြည် အကျိုးအတွက် ဘာလုပ်ပေးရမလဲ လုပ်ပေးနိုင်တယ် ဆိုတဲ့လူစားမျိုးဖြစ်တယ်။

ခင်ဗျားက အဲဒီအမျိုးအစားထဲပါတယ်။ ခင်ဗျာကို ကျုပ်တာဝန်ပေးစရာရှိတယ်”

အထက်ပါစကားကို ရွှေတိဂုံအလယ်ပစ္စယံ လူထုညီလာခံသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်ကွန်ဂရက် (ဗမက) ဒုတိယ ဥက္ကဌ၊ ညီလာခံကိုယ်စားလှယ်အဖြစ် တက်ရောက်ကာ “ညီလာခံအဆိုအမှတ်(၇) တောင်တန်းနယ်ဒေသနှင့် ပြည်မ ပူးတွဲလွတ်လပ်ရေး ရယူသင့်ကြောင်း အဆို” တင်သွင်းခဲ့သူ ဦးဖေခင်အား မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ခေါ်တွေ့ကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဦးဖေခင်နှင့် ဗိုလ်ချုပ်တို့သည် တက်္ကသိုလ်ကျောင်းသားဘ၀ကပင် သိကျွမ်းကြသူများ ဖြစ်သည်။ ၁၉၃၀ပြည့်နှစ်တစ်ဝိုက်က ပဲခူးဆောင်တွင် အတူနေခဲ့ကြသူများ၊ အဆောင်သဟာယ နှင့် စာဖတ်သင်း အမှုဆောင် မဂ္ဂဇင်းအယ်ဒီတာနေရာအတွက် မဲပြိုင်ခဲ့ကြဖူးသူများဖြစ်သည်။ ထိုစဉ်ကတည်းကပင် ဗိုလ်ချုပ်အနေဖြင့် ဦးဖေခင်၏ စည်းရုံးရေးစွမ်းရည်ကို ကိုယ်တွေ့ သိရှိခဲ့သည်။

ကျောင်းကထွက်ကြသောအခါ ဗိုလ်ချုပ်က နိုင်ငံရေးနယ်ပယ်ထဲရောက်သွားပြီး ဦးဆောင်နေစဉ် ဂျပန်ခေတ်ကာလအထိ သူတို့နှစ်ဦးပြန်လည်မဆုံဖြစ်ကြ။ ဦးဖေခင်ကလည်း ယင်းကာလ တစ်လျှောက် တောင်ကြီးမြို့တွင်နေထိုင်ကာ တောင်တန်းဒေသတိုင်းရင်းသားများနှင့် အစဉ်တွေ့ဆုံပြီး တိုင်းရင်းသားများနောင်ရေးကို စိုးရိမ်စိတ်ထားနေမိသည်။ နိုင်ငံရေးလုပ်ရန် မူလကရည်ရွယ်ချက် မရှိသော်လည်း စိတ်ဝင်စားမှုရှိသူဖြစ်ရာ

ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးနယ်ပယ်ထဲ ဆွဲသွင်း၍ ဖဆပလအဖွဲ့ချုပ်အလုပ်အမှုဆောင် ဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နယ်ခြားဒေသဌာနခွဲ အတွင်းရေးမှူးအဖြစ်လည်းကောင်း ရွေးချယ်တာဝန်ပေးခန့်အပ်ခဲ့သည်။

ထိုခေတ်အခြေအနေကို သိမြင်နိုင်ရန်အနည်းငယ်ဖော်ပြလိုပါသည်။ ညီလာခံကျင်းပချိန် (၁၉၄၆ ဖေဖော်ဝါရီလ) သည် ဗြိတိသျှဘုရင်ခံ ဆာဒေါ်မန်စမစ်လက်ထက် ဗြိတိသျှအလိုတော်ရိ “ဆာပေါ်ထွန်း”အစိုးရခေတ်ဖြစ်ပြီး ဗြိတိသျှနယ်ချဲ့တို့က တိုင်းရင်းသားပြည်သူများအား သွေးခွဲအုပ် ချုပ်သည့် “Divide and Rule” စနစ် တည်တံ့ရေးအတွက် အစွမ်းကုန်ဖိနှိပ်ချုပ်ခြယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ၊ အရှိန်အဟုန်ပြင်းစွာ ဆောင်ရွက်နေချိန်ဖြစ်ပြီး ရှမ်းပြည်နယ်မှ တိုင်းရင်းသားကိုယ်စားလှယ်များ ပြောင်ပြောင်တင်းတင်း ထင်ထင်ပေါ်ပေါ် ညီလာခံမတက်ရောက်ဝံ့ကြသည့် ကာလဖြစ်သည်။ ထိုအခြေအနေမျိုးတွင် တာဝန်ခံပြောဆိုပေးသည့် ဦးဖေခင် အား ဗိုလ်ချုပ်အနေဖြင့် ယုံကြည်စွာတာဝန်ပေးခဲ့ ခြင်းပင် ဖြစ်ပါသည်။

ယင်းသို့ တာဝန်ပေးခဲ့ပြီး တစ်နှစ်ခန့်အကြာ ၁၉၄၇ ဇန်န၀ါရီလ ၆ ရက်နေ့တွင် ဗိုလ်ချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်သို့ သွားရောက်ကာ နန်းရင်းဝန်မစ္စတာ အက်တလီနှင့် တွေ့ဆုံပြီး မြန်မာ့လွတ်လပ်ရေးရယူရာတွင် တောင်တန်းနှင့်ပြည်မပူးတွဲရယူမည် ဖြစ်ကြောင်း ပြတ်သားစွာတောင်းဆိုခဲ့ကြသည်။ နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေး နေကြစဉ်တွင် ရှမ်းပြည်နယ်မှ စော်ဘွားနှစ်ဦးအမည်ဖြင့် “အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားမပြု၊ ပြည်မမှ မြန်မာခေါင်းဆောင်တစ်ဦးသာဖြစ်ကြောင်း ” ကြေးနန်းစာတစ်စောင် ဗြိတိသျှအစိုးရထံသို့ ရောက်လာသည်။ တောင်တန်းဒေသလွတ်လပ်ရေးအတွက် ရတက်မအေးဖွယ် အခြေအနေပင်။

ထိုအချိန်တွင် ဦးဖေခင်၏ ဦးဆောင်စည်းရုံးမှု၊ စွမ်းစွမ်းတမံ စည်းရုံးကြိုးပမ်းဆောင်ရွက်မှုကြောင့် တောင်ကြီးမြို့၌ကျင်းပသည့် လူထုအစည်းအဝေး၏ တစ်ခဲနက် ထောက်ခံဆုံးဖြတ်ချက်အရ ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်အပါအ၀င် တောင်တန်းဒေသအားလုံးကို ကိုယ်စားပြုသော ခေါင်းဆောင်ဖြစ်ကြောင်းနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားပြည်သူများအတွက် အရေးဆိုရန် အကြွင်းမဲ့ထောက်ခံကြောင်း ကြေးးနန်းတစ်စောင် လန်ဒန်သို့ နောက်နှစ်ရက်ခန့်အကြာတွင် ပြတ်သားစွာ ပေးပို့ရေးသားဖော်ပြနိုင်ခဲ့သည်။

အဆိုပါကြေးနန်းကြောင့်လည်း ဆွေးနွေးပွဲပြေလည်ချောမောကာ မြန်မာ့လွတ်လပ်ရေးအာမခံ ချက်ပေးသည့် ““ အောင်ဆန်း-အက်တလီ စာချုပ် ” ကို (၂၇-၁-၁၉၄၇)တွင် အောင်မြင်စွာ ချုပ်ဆိုနိုင် ခဲ့ခြင်းဖြစ်သည်။

ထိုစာချုပ် ချုပ်ဆိုပြီးနောက် မြန်မာပြည်သို့ ဗိုလ်ချုပ်တို့ပြန်လာကြကာ ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့သို့ ညီလာခံတက်ရောက်ကြကာ ဆက်လက်ဆွေးနွေးကြသည်။ ဖေဖော်ဝါရီလ (၁၁)ရက်နေ့အထိ ကိုယ်စားလှယ်အားလုံးလက်မှတ်ရေးထိုးရန် မသေချာဘဲ လိပ်ခဲတည်းလည်း ဖြစ်နေကြရသည်။

ဗိုလ်ချုပ်ကိုယ်တိုင် စိတ်ပျက်လာရာမှ သူ၏အပါးတော်မြဲ ဗိုလ်ထွန်းလှအား ရန်ကုန်ပြန်တော့မည် ဆိုကာ လက်မှတ်ဝယ်ခိုင်းခဲ့သည်။ ဗိုလ်ထွန်းလှက ဦးဖေခင်နှင့်တိုင်ပင်ကာ လက်မှတ်မ၀ယ်သေးဘဲ နှစ်ဦးသား တစ်ဖက်မှ လူမျိုးစုခေါင်းဆောင်ကြီးများအား ကြိုးစားစည်းရုံးရင်း တစ်ဖက်မှလည်း ဗိုလ်ချုပ်အား ရန်ကုန်မပြန်ရန် ဖျောင်းဖျပြောဆိုခဲ့ခြင်းသာ နောက်တစ်နေ့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် “ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် ” ဟူ၍ ဖြစ်ပေါ်လာခဲ့သည်။ “ ပင်လုံစာချုပ် ” ကိုအောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

လွတ်လပ်ရေးအတွက် အရေးဆိုသည့် ထိုအချိန်ထိုကာလက နိုင်ငံရေးအခြေအနေသည် အလွန် ပါးနပ်စွာ ကိုင်တွယ်ခြင်းမပြုပါက လွတ်လပ်ရေးနှင့် အလှမ်းဝေးသွားနိုင်သည့် အခြေအနေမျိုးပင်။ ဗြိတိသျှတို့၏ သွေးခွဲမှုအောက်တွင် တစ်ဦးနှင့်တစ်ဦး စိမ်းကားလျက်ရှိပြီး နက်ရှိုင်းစွာသံသယ၀င်နေ ကြသည့်အချိန်အခါတွင် “ ပြည်ထောင်စု ” တစ်ခုအောင်မြင်စွာ ပေါ်ထွန်းလာရေးအတွက် အဓိက အကျဆုံးလက်မှတ်ရေးထိုးနိုင်ခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုသည့် ထိုနေ့ကို “ ပြည်ထောင်စုနေ့ ” အဖြစ် သတ်မှတ်ခဲ့ပါသည်။ တိုင်းပြည်အတွက် အလွန်အရေးကြီးသည့် “ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ” အတွက် ဗိုလ်ချုပ်ကိုယ်တိုင် လုထုခေါင်းဆောင် တစ်ဦးအဖြစ် ရွေးချယ်ပေးခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ် ကွန်ဂရက်(ဗမက) ၏ ဒု-ဥက္ကဋ္ဌ ဦးဖေခင် တာဝန်ကျေပွန်ခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်ပါသည်။

နောင် ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးသည့်နောက်တွင် ဦးဖေခင် သည် ၀န်ကြီးတစ်ဦးအဖြစ် လည်းကောင်း၊ ပါကစ္စတန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယား၊ ကမ္ဘာ့ကုလသမဂ္ဂ (နယူးယောက်)၊ အီဂျစ်၊ ဆီးရီးယား၊ ရုရှ၊ ချက်ကိုစလိုဗက်ကီးယား၊ ပိုလန်၊ မလေးရှား၊ စင်္ကာပူနိုင်ငံတို့တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်းကောင်း၊ နှစ်ပေါင်း ၂၅ နှစ်ကာလတာမျှ တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင် ခဲ့ပြီး နိုင်ငံတော်မှ မဟာသရေစည်သူဘွဲ့နှင့် နိုင်ငံဂုဏ်ရည်ပထမအဆင့်ဘွဲ့များ ချီးမြှင့်ခံယူခဲ့ရကာ ရန်ကုန်မြို့၌ပင် အလ္လာဟ်အရှင်မြတ်အမိန့်တော် ခံယူသွားပြီဖြစ်ပါသည်။

( ကိုးကား – ဦးဖေခင်ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၌ ရေးသားခဲ့သော အခန်းဆက်ဆောင်းပါးကို ရဲခေါင်မောင်မောင် ဘာသာပြန်သည့် ကိုယ်တွေ့ပင်လုံ စာအုပ် ဆဋ္ဌမအကြိမ်၊ ၁၉၉၀ ပြည့်နှစ်ထုတ် )

————————————————————————————-

ဗိုလ်ချုပ်ကိုယ်တိုင် ရွေးချယ်သည့် လူထုခေါင်းဆောင်နောက်တစ်ဦးအဖြစ် တင်ပြလိုသူမှာ ဦးရာရှစ် ဖြစ်ပါသည်။ ဦးရာရှစ်သည်လည်း ဗိုလ်ချုပ် (ထိုစဉ်ကသခင်အောင်ဆန်း)၊ သခင်နုတို့နှင့်ကျောင်းနေဖက်တစ်ဦးဖြစ်သည်။ ဗမာ့အမျိုးသားရေးလှုပ်ရှားမှုတွင် ကနဦးအစ ကတည်းက ပါဝင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ ပထမဆုံးအထွေထွေ အတွင်းရေးမှုးချုပ်အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူ။

သခင်အောင်ဆန်း အယ်ဒီတာအဖြစ် ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတွင် “ ငရဲခွေးကြီး လွတ်နေပြီ ” အမည်ရှိ ဆောင်းပါးဖော်ပြခဲ့မှုအတွက် သခင်အောင်ဆန်း ဖမ်းဆီးခံထားရချိန်တွင် သခင်နု နှင့်အတူ တစ်နိုင်ငံလုံးတွင် ဒုတိယကျောင်သားသပိတ် ပေါပေါက်ရေးအတွက် အဓိကတာဝန်ယူဦးဆောင်ခဲ့သော (ထိုစဉ်က)

ကျောင်းသားသမဂ္ဂ ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သည်။

၁၉၃၆ ခုနှစ်တွင် ဖွဲ့စည်းသော ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌလည်း ဖြစ်၏။ တကသ ကိုယ်စားလှယ် ကောင်စီလူကြီး အဖြစ် ပထမဆုံး တာဝန်ယူလုပ်ဆောင်ခဲ့သည်။

ဗိုလ်အောင်ကျော်ကျဆုံးသည့်အမှုတွင် ကျောင်းသားများဘက်မှ ရှေ့နေ လိုက်ခဲ့သူလည်း ဖြစ်သည်။ ဝတ်လုံတော်ရရှေ့နေ တစ်ဦးဖြစ်သည်။ ဒုတိယကမ္ဘာစစ် ဖြစ်သည်တွင် မိဘများက အိန္ဒိယသို့ ထွက်ပြေးခဲ့ရာ ဂျပန်ခေတ်တစ်လျှောက်လုံး အိနိ္ဒယနိုင်ငံ၌ ရှိနေစဉ် သခင်သိန်းဖေ ( စာရေးဆရာ တက်ဘုန်းကြီး သိန်းဖေမြင့် ) နှင့် အခြားမြေအောက်နိုင်ငံရေးသမားများအား မိမိအိမ်၌ အခမဲ့တည်းခိုနေထိုင်စားသောက်စေ၍ ဂျပန်ကို ပြန်လည်တော်လှန်မည့် မဟာမိတ်အင်္ဂလိပ်တို့နှင့် ဆက်သွယ်ရန် ကူညီပေးခဲ့သည်။

ဗိုလ်ချုပ်တို့ မဟာမိတ်တို့နှင့်ပူးပေါင်းကာ ဂျပန်ကိုမောင်းထုတ်နိုင်ပြီးသည့်နောက် အင်္ဂလိပ်ထံမှ မြန်မာ့လွတ်လပ်ရေးအရယူရန် ပြင်ဆင်နေချိန်တွင် ဗိုလ်ချုပ်ကိုယ်တိုင်က ဦးရာရှစ်ကို ဆက်သွယ်၍ “ဗမာပြည်ပြန်လာပါ။ ခင်ဗျားအကူအညီ ကျုပ်တို့လိုတယ် ” ဟုဆိုကာ တိုင်းပြည်တည်ထောင်ရေးအတွက် ပြန်လည်ခေါ်ယူခဲ့သည်။ လေဆိပ်သို့ပင် ဗိုလ်ချုပ်ကိုယ်တိုင် ကြိုဆိုခဲ့သည်။

ဖဆပလ အဖွဲ့၌ ပါဝင်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီဝင်၊ အလုပ်သမား ဥပဒေပြုကော်မတီတွင် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ပြည်သူ့ လွှတ်တော် တွင်၎င်း၊ လူမျိုးစု လွှတ်တော်တွင်လည်းကောင်း အမတ်အဖြစ် ပါလီမန်ဒီမိုကရေစီခေတ်တွင် အဆက်မပြတ် ရွေးချယ် တင်မြှောက်ခြင်းခံရသည်။ နိုင်ငံတော်အစိုးရအဖွဲ့များတွင် ပြည်သူ့အိုးအိမ်၊ဆောက်လုပ်ရေးနှင့် အလုပ်သမားဌာနဝန်ကြီး(၁၉၅၂)၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် အလုပ်သမားဝန်ကြီး (၁၉၅၄)၊ သတ္တုတွင်းဌာနဝန်ကြီး (၁၉၅၆ – ၅၈)၊ အမျိုးသားစီမံကိန်းဝန်ကြီးနှင့် စက်မှု၊သတ္တုနှင့်အလုပ်သမားဝန်ကြီး (၁၉၆၀) စသည့်တာဝန်များ ထမ်းရွက်ခဲ့သည်။ အလုပ်သမားနှင့် စပ်ဆိုင်သော ဘုတ်အဖွဲ့ အသီးသီး၊ စုံစမ်းရေး ကော်မတီ အမျိုးမျိုးတွင် သဘာပတိ အဖြစ်လည်းကောင်း၊ ပြည်ထောင်စုအလုပ်သမားအဖွဲ့၊ လူမှုဖူလုံရေးအဖွဲ့၊ အမျိုးသားအိုးအိမ်အဖွဲ့၊ လူမှုဝန်ထမ်းအဖွဲ့နှင့် အမျိုးသားလူငယ်ကောင်စီ များတွင်ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပြည်ပသို့ သွားရောက်သော ကိုယ်စားလှယ်အဖွဲ့အမျိုးမျိုးတွင် ခေါင်းဆောင်အဖြစ် ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်အဖြစ်ဖြင့်လည်းကောင်း လိုက်ပါခဲ့ဖူးသည်။ ၁၉၅၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ သရဖူဆု ချီးမြှင့်ခြင်းခံရသည်။ ၁၉၆၀ ခုနှစ်တွင် ဗမာ့ စက်မှုလက်မှုကောင်စီ သဘာပတိ အဖြစ်လည်းကောင်း၊ တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီ တွင်လည်းကောင်း တာဝန် ထမ်းရွက်ခဲ့သည်။ ဖဆပလနှစ်ခြမ်းမကွဲခင် ၁၉၅၈ ခုနှစ်တွင် သူသည် TUCB (Trade Union Council of Burma – ဗမာ့ကုန်သွယ်ရေးသမဂ္ဂကောင်စီ ) တွင် ဒုဥက္ကဌ ဖြစ်ခဲ့သေးသည်။ အိန္ဒိယသွေးပါသူဦးရာရှစ်အား နေရာပေးမှုအပေါ် သြဇာအကြီးဆုံး အသိုင်းအ၀ိုင်းကအပြင်းအထန်ဖိအားပေးလင့် ကစား သူ၏မဆုတ်မနစ် ခေါင်းဆောင်မှုကြောင့် အရာမကျခဲ့ပေ။ ဦးနုက (အတိုက်အခံများနှင့်ရန်ရှင်းသွားအောင်) သူ့နာမည်အား ဦးရန်ရှင်းဟု ပြောင်းရန်တိုက်တွန်းခဲ့ရာ အမာခံမွတ်စလင်မ်ဖြစ်သူ ဦးရာရှစ်က လက်မခံပဲပယ်ချခဲ့ပြီး သူ့နာမည်ရှေ့တွင် “ဦး” ကိုသာတပ်ခဲ့သည်။ ဦးရာရှစ်၏အစ်ကိုဖြစ်သူ ဒေါက်တာအမ်၊အေ၊ရအူးဖ်မှာ အိန္ဒိယနိုင်ငံခြားရေးဌာနတွင် သံအမတ်တစ်ဦး ဖြစ်ခဲ့သည်။ ငါးဆယ်ပြည့်နှစ်စောစောပိုင်းကာလများတုံးက ဗမာနိုင်ငံတွင် သူ့နိုင်ငံကို ကိုယ်စားပြုပြီးတာဝန် ထမ်းဆောင်သွားခဲ့သည်။

ဤနေရာတွင် ဦးရာရှစ်နှင့် ပတ်သက်သော တိမ်မြုပ်နေသည့် ဖြစ်ရပ်တစ်ခုကို ပြန်လည်မျှဝေ လိုပါသည်။ သမိုင်းကို မှတ်တမ်းတင်ရာတွင် အထောက်အထား၊ အတိအကျကိုးကားဖော်ပြနိုင်ခြင်း မရှိသည့်အချက်သည် မော်ကွန်းတင်ထိုက်စရာ၊ မှတ်ကျောက်တင်ခံနိုင်စရာ အထောက်အထားမဟုတ် နိုင်ကြောင်း ကောင်းစွာနားလည်ပါသည်။ သို့သော် မိမိဖတ်မှတ်ကြားသိထားသည့်အချက်ကို မဖော်ထုတ်ဘဲ ထိန်ချန်ခြင်းသည်လည်း သမိုင်းကို သစ္စာဖောက်ခြင်းဖြစ်သည်ဟု ခံယူမိသည့်အတွက် ဤအချက်ကို ရေးသားဖော်ထုတ်ပါမည်။ ၁၉၈၀ ပြည့်လွန်နှစ်များက သခင် အောင်ကြီး(ပေါင်းတည်) ပေဖူးလွှာမဂ္ဂဇင်းတွင် အခန်းဆက်ရေးသားခဲ့သော “ ကျွန်တော်အညာသားပါခင်ဗျား” ဆောင်းပါး ရှည်တစ်နေရာတွင် ဤဖြစ်ရပ်ကို ဖော်ပြခဲ့ဖူးပါသည်။ သိမီသူများ ဖြည့်စွက်ဆွေးနွေးအတည်ပြုစေလိုပါသည်။

ဦးနု ဦးဆောင်သည့် ဖဆပလ အစိုးရတိုင်းပြည်အုပ်ချုပ်စဉ်ကာလက ဖြစ်ပါသည်။ တစ်တိုင်း ပြည်လုံး ရောင်စုံသူပုန်များနှင့် တိုင်းရင်းသားခွဲထွက်ရေးသူပုန်များ ထကြွနေချိန်ဖြစ်သဖြင့် အစိုးရ၏ အာဏာစက်နယ်ပယ်ကျဉ်းမြောင်းနေချိန် “ရန်ကုန်အစိုးရ” ဟူ၍ပင် သမုတ်ခံနေရစဉ် ကာလအချိန် ဖြစ်သည်။ အစိုးရအနေဖြင့် တစ်တိုင်းပြည်လုံးရှိ သူပုန်အနေအထားကို စိုးရိမ်နေရချိန်၊ တပ်မတော် တွင်း၌လည်း လက်နက်အင်အားနည်းပါးသဖြင့် ဒုက္ခကြုံလျက်ရှိပါသည်။ ။ ဦးရာရှစ်က အိန္ဒိယ၀န်ကြီးချုပ်နေရူးထံ လျှို့ဝှက်ဆက်သွယ်ပေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးအတွက် တစ်တပ်တစ်အား ကူညီခဲ့ရဖူးပါသည်။ ဘာသာရေးကိုအသုံးချတတ်သော ဦးနုသည် အိနိ္ဒယနိုင်ငံမှ ဗုဒ္ဓစွယ်တော်နှင့်ဗောဓိပင် ပင့်ဆောင်သည်ဟု အကြောင်းပြကာ အိနိ္ဒယမှ သဘောင်္များ ရန်ကုန်ဆိပ်ကမ်းသို့ လာရောက်စေပြီး အတိုက်အခံနိုင်ငံရေးသမားများ၊ သူပုန်များမသိစေဘဲ အိနိ္ဒယမှ တပ်ရင်းသုံးခုစာမျှစစ်လက်နက်များ ပြည်တွင်းအစိုးရထံသို့ လျှို့ဝှက်တင်သွင်းခဲ့ရဖူးပါသည်။ သခင်အောင်ကြီးသည် ဤလျှို့ဝှက်စစ်ဆင်ရေး၏ အခန်းကဏ္ဍတစ်ခုတွင် ပါဝင်ခဲ့ရပြီး နောက်တစ်ခေတ်တွင် ပြန်လည် ရေးသားဖော်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။

————————————————————————————-

ဗိုလ်ချုပ်ကိုယ်တိုင် ရွေးချယ်ခဲ့သော အမျိုးသားခေါင်းဆောင်နောက်တစ်ဦးမှာ ဗိုလ်ချုပ်တို့နှင့်အတူ ကျဆုံးသွားသော မြန်မာ့အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ်ဖြစ်ပါသည်။

(ဆရာကြီး၏ အတ္ထုပ္ပတိ္တအကျဉ်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)

http://www.facebook.com/note.php?note_id=206873919365409

ဆရာကြီးသည် ဗိုလ်ချုပ်တို့ထက် နှစ်နှစ်ဆယ်နီးပါး အသက်ကြီးသည်။ ထို့ကြောင့် မြန်မာ့အရေးလှုပ်ရှားခဲ့ရာတွင်လည်း ဗိုလ်ချုပ်တို့ထက်စောသည်။ အမျိုးသားကျောင်းအုပ်ဆရာကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာလည်း မန်္တလေးမြို့တွင်ဖြစ်သဖြင့် ဗိုလ်ချုပ်နှင့် အနီးကပ်လက်တွဲ မလုပ်ကိုင်ခဲ့ရပါ။

ဂျပန်ခေတ် ဂျပန်ကိုတော်လှန်ရန် ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်မြောက်ရေး (ဖတပလ)ဖွဲ့စည်းစဉ်က မန္တလေးမြို့တွင် (ရက်စက်ကြမ်းကြုတ်လှသော ဖက်ဆစ်ဂျပန်၏ အန္တရာယ်ကို ကြောက်၍) မည်သူမျှ ဥက္ကဋ္ဌအဖြစ် တာဝန်မယူဝံဖြစ်နေစဉ်တွင် ဆရာကြီးက ရဲရဲဝံ့ဝံ့ခေါင်းခံကာ မန္တလေးခရိုင်ဥက္ကဋ္ဌတာဝန်ယူခဲ့သည်။ နောင်ဂျပန်ကိုအောင်မြင်စွာ တိုက်ထုတ်နိုင်ပြီးနောက် ဖက်ဆစ် ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေး(ဖဆပလ) ပြန်လည်ဖွဲ့စည်းချိန်တွင် အများစုက ဆရာကြီးအား ဥက္ကဋ္ဌအဖြစ် ပြန်လည်အဆိုပြုကြချိန်တွင်မူ ပုဂ်္ဂိုလ်အချို့က မြန်မာမင်းနောက်ဆုံးစံခဲ့ရာမင်းနေပြည်တော် မန္တလေးမြို့မှာ ကပြားသွေးနှောတစ်ဦးက ဥက္ကဋ္ဌဖြစ်ထိုက်ပါ့မလားဟု ကန့်ကွက်ကြရာ ရဟန်းတော်များ ကပင် “တခြားဘယ်သူမှ တာဝန်မယူရဲတဲ့အချိန်မှာ ရဲရဲဝံ့ဝံ့တာဝန်ခံခဲ့တဲ့ ဒကာကြီး ရာဇတ်ပင် ဥက္ကဋ္ဌဖြစ်ထိုက်ကြောင်း” ပြတ်သားစွာထောက်ခံခြင်းကြောင့် မန္တလေးခရိုင်ဖဆပလဥက္ကဋ္ဌတာဝန်ယူခဲ့သည်။

၁၉၄၇ ခုနှစ် မတ်လတွင်မန္တလေးမြို့မှ ကျော်ကြားထင်ရှားပြီး မျိုးချစ်စိတ်ဓာတ်ရင့်သန်သည့် ကျောင်းထိုင်ဆရာတော်ကြီးများ ဦးဆောင်ကာ လက်မှတ်ရေးထိုးကြပြီး ဖဆပလအစိုးရအဖွဲ့တွင် ဆရာကြီးဦးရာဇတ်အား ၀န်ကြီးတစ်နေရာခန့်အပ်ပေးရန် ဗိုလ်ချုပ်အောင်ဆန်းထံသို့ တောင်းဆိုခဲ့ရာ ယင်းစာကို လက်ခံရရှိပြီးသည့်နေ့ နံနက်(၁၁)နာရီတွင် ကျင်းပသည့် ဖဆပလ အစည်းအဝေးမှာပင် ဆရာကြီးအား ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

ဖဆပလ၀န်ကြီးအဖြစ် ဗိုလ်ချုပ်တို့နှင့်အတူ အနီးကပ်လက်တွဲလုပ်ဆောင်စဉ်အတွင်း ဗိုလ်ချုပ်သည် ဆရာကြီး၏ ခံယူချက်သဘောထား၊ မျိုးချစ်စိတ်နှင့် စွမ်းရည်တို့ကို လက်တွေ့ပိုမိုသိမြင်လာခဲ့ရာ မကြာမီပင် “အမျိုးသားစီမံကိန်း ” ၀န်ကြီးအဖြစ်ပါ ပူးတွဲခန့်ထား ယုံကြည်စွာတာဝန်ပေးခဲ့ပါသည်။

“အမျိုးသားစီမံကိန်းဆိုတာ အင်မတန်ကျယ်ဝန်းတယ်။ အရေးလည်းကြီးတယ်။ တိုင်းပြည်တစ်ခုလုံးရဲ့ တိုးတက်ရေးကို ရှေးရှုပြီး ကြီးပွားရေး၊ စီမံရေး၊ လူမှုရေး အကုန်လုံး ခြုံပြီး အုတ်မြစ်ချတဲ့ ဌာနကြီးတစ်ခု ဖြစ်တယ်။ ဒီဌာနမှ ကိုင်ရတာ ဆရာကြီးအဖို့ တာဝန်လည်းကြီး အပင်ပန်းလည်းအခံရဆုံးပဲ။ သူမပြောနဲ့ဗျာ ဒီဌာနကြောင့် ကျွန်တော်တောင် ထမင်းလွတ်၊ ဟင်းလွတ် ရုံးတက်ရတဲ့အခါလည်းရှိ၊ ည(၉)နာရီ (၁၀)နာရီမှ ရုံးဆင်းရတဲ့ အခါတွေလည်းရှိပုံတွေ စာရေးရင် မျက်လုံးထဲပေါ်နေတယ်။ ဗိုလ်ချုပ် အောင်ဆန်း ဟာ ဆရာကြီးအပေါ် ဘယ်လောက်အထင်ကြီးခဲ့တယ်၊ ဘယ်လောက်ယုံကြည်ကိုးစားခဲ့တယ်ဆိုတာ ဒီအမျိုးသားစီမံကိန်းဌာနကို လွှဲအပ် အကိုင်ခိုင်းတာသာ ကြည့်ပေတော့။ ဒါကြောင့် ဆရာကြီး ဦးရာဇတ် သည် ပညာရေးဝန်ကြီးဖြစ်တဲ့အပြင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ၀န်ကြီးဖြစ်ကြောင်းကို ကြေညာမောင်းခတ်ပေးပါဗျာ ”

(ဆရာကြီး ဦးရာဇတ် ၏ အတွင်းရေးအတွင်းဝန် အမျိုးသားကျောင်းသားဟောင်း တစ်ဦးဖြစ်သူ ဦးချစ်ဆွေ ၏ မျိုးချစ်စိတ်ဓာတ်အပြည့်ရှိတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် ဆောင်းပါး၊ ဗဟိုစည်သတင်းစာ ၊ ၁၉ ဇူလိုင်၊ ၁၉၆၄ မှ)

————————————————————————————-

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တိုင်းပြည်အရေးအတွက် ယုံကြည်စွာ ရွေးချယ်ခဲ့သော အထက်ပါ လူထုခေါင်းဆောင်များသည် အစ္စလာမ်ဘာသာဝင်များဖြစ်ကြပါသည်။ ဗိုလ်ချုပ်အနေနှင့် ထိုခေါင်းဆောင်ကြီးများနှင့် အတူတကွလက်တွဲကာ တိုင်းပြည်ထူထောင်ရေး၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေစဉ်ကာလတစ်လျှောက် သူတို့၏ တိုင်းပြည်အပေါ်ထားသည့် မျိုးချစ်စိတ်ကို ပိုမိုနားလည်လာမိသည်။ ရံဖန်ရံခါ ဘာသာရေးနှင့်ပတ်သက်၍ပင် မိမိသိလိုသည်ကို မေးမြန်းဆွေးနွေးလေ့ရှိခဲ့သည်။

ထို့ကြောင့် ရွေးချယ်ပိုင်ခွင့်မရှိသော မွေးရာပါအနေအထားအရ “သွေးနှော” ဖြစ်ကောင်းဖြစ်နေကြသော်လည်း

မိမိတို့ရွေးချယ်ပိုင်ခွင့်ရှိသော ကိုယ်ကျိုးစီးပွားနှင့် အများအကျိုးတိုင်းပြည်အကျိုးတွင်မူ အများအကျိုးကိုရွေးချယ်ကြသည့် မြန်မာမွတ်စလင်မ်များ၏ အခန်းကဏ္ဍကို သတိပြုမိလာသည်။ မြန်မာမွတ်စလင်မ်တို့ကလည်း မိမိတို့သာသနာ၏ အဆုံးအမဖြစ်သော

““ဇာတိ မြေကို ချစ်မြတ်နိုးခြင်းသည် သာသနာ့ယုံကြည်မှု၏ အစိတ်အပိုင်းဖြစ်သည် ”

“ သင်တို့ထဲမှ အကောင်းဆုံးသူသည် ဝေနေယျတို့အကျိုး သယ်ပိုးသူများဖြစ်သည် ” အစရှိသည့် တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းပါစေ)၏ ဆုံးမသြ၀ါဒများကို ဖ၀ါးခြေထပ်လိုက်နာလျက် တိုင်းပြည်ရေးအတွက် ကဏ္ဍအသီးသီးမှ တက်ကြွစွာ တစ်တပ်တစ်အားပါဝင်ခဲ့ကြသည်။ ယင်းအချက်ကို ကောင်းစွာ သိနားလည်ခဲ့သော ဗိုလ်ချုပ်၏ လူမျိုးရေးရာသဘောထားအမြင်ကို ရွှေတိဂုံစေတီ အလယ်ပစ္စယံ ဖစပလ ညီလာခံသဘင်ကြီးတွင် မိန့်ကြားခဲ့သော အောက်ပါ မိန်.ခွန်းက ထင်ဟပ်ပေါ်လွင်နေပါလိမ့်မည်။

“လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ် ကိုးကွယ်သည့် ဘာသာတရား ပြောဆိုသည့် ဘာသာစကားတို့ကို အရေးထားရမည်ဖြစ်သော်လည်း စင်စစ်မှာ အေးအတူ ပူအမျှ ကောင်းတူဆိုးဖက် ပူးပေါင်းလျက် နေလိုသော အစဉ်အလာ ဆန္ဒပေါ်တွင် ဝံသာနု ရက္ခိတ တရားသည် တည်နေပေသည်။”

ဒီးဒုတ်သတင်းစာ ဧက ဒသမတွဲ နံပါတ် ၄၁ ဇူလိုင်လ ၂၇ ရက်၊ ၁၉၃၅၊ စာမျက်နှာ ၅၊ ၆ တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းက အမျိုးသားစိတ်ဓာတ်နှင့် ပတ်သက်၍ “သွေးတူခြင်းထက် စိတ်ကူးတူခြင်း ရှေးဟောင်းနှောင်းခေတ်တွင် ဒိုးတူဘောင်ဘက် ပြုဖူးသည်များကို မှတ်မိခြင်းတို့က အမျိုးသားစိတ်ကို ပိုမိုဖန်တီးလေသည်။” ဟု ရေးသားခဲ့ပါသည်။

ထို့အတွက်ကြောင့်ပင်လျှင် ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ကျင်းပခဲ့သော ရွှေတိဂုံအလယ်ပစ္စယံ လူထုအစည်းအဝေးပွဲကြီး၌ဖဆပလအဖွဲ့မှ ဆရာကြီး ဒီးဒုတ် ဦးဘချိုမှ အဆိုအမှတ်(၆) တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆိုတင်သွင်းရာတွင်

“ ဗမာမွတ်စလင်မ်များသည် မိမိတို့သည် ဗမာလူမျိုးများပင်ဖြစ်သည်ဟု အမြင်မှန်ထားကြသည့်အတိုင်း ကျွန်တော်တို့ကလည်း မြန်မာလူမျိုးတို့၏ အခွင့်အရေးများကို ပေးမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားသွားခဲ့ပါသည်။

(အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၏ တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆို အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)

http://www.facebook.com/note.php?note_id=225990574120410

အိနိ္ဒယနိုင်ငံသို့ ဆရာကြီးဦးရာဇတ် မြန်မာ့ကိုယ်စားလှယ်ပညာရေး ၀န်ကြီးအဖြစ် သွားရောက်စဉ် အိနိ္ဒယနိုင်ငံမှ “မြန်မာနိုင်ငံတွင် အစ်္စလာမ်ဘာသာဝင်လူနည်းစု အခန်း ကဏ္ဍဘယ်လိုရှိပါသလဲ ” ဟု မေးမြန်းသည်ကို ဆရာကြီးက “We don’t regard ourselves as minority; we merge with the majority… ကျွန်တော်တို့ကိုယ့်ကိုယ်ကို လူနည်းစုလို့ သဘောမထား လူများစုနဲ့ ပေါင်းလိုက်တယ် …” ဟု ပြန်ဖြေခဲ့ခြင်းသည် ဗမာမွတ်စလင်မ်တို့၏ ရပ်တည်မှုပင်ဖြစ်ပါသည်။

တိုင်းပြည်အပေါ် သစ္စာစောင့်သိသောအခြားဘာသာဝင် လူနည်းစုများအပေါ်တွင် ထားရှိသည့် ဗိုလ်ချုပ်၏ သာတူညီမျှ အခွင့်အရေးပေးလိုမှုကို ဖော်ညွှန်းသည့် အခြားမိန့်ခွန်းတစ်ခု ကိုလည်း ဖော်ပြလိုပါသည်။ ၁၉၄၇ ခုနှစ်၊ မေလတွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် ဖဆပလပဏာမပြင်ဆင်မှုညီလာခံကို ကျင်းပခဲ့ပါသည်။ ထိုညီလာခံတွင် ဘာသာရေးကိုင်းရှိုင်းသည့် ဒီးဒုတ်ဦးဘချိုက လွတ်လပ်ရေးရသည့်အခါတွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းရန်သင့်ကြောင်း အဆိုတင်သွင်းသည်။ ဤအဆိုနှင့်ပတ်သက်၍ ဆွေးနွေးကြသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းက ဦးဘချိုကို အောက်ပါအတိုင်း ချေပပြောဆိုခဲ့ပါသည်။

“… သည်မှာ ဆရာ ၊ ကျွန်တော်တို့က လူကြိုက်အောင် လုပ်နေတာမဟုတ်ဘူး။ သည်လို မဟုတ်မဟတ်ကိုယ်ထင်ရာတွေ လျှောက်လုပ်နေကြမည်ဆိုလျှင် ကျွန်တော်တို့တိုင်းပြည်ဟာ မကြာမီ ပျက်စီးပြိုကွဲပြီး ကျွန်သားပေါက်ဖြစ်သွားမှာဘဲ။ ကျွန်တော်တို့တိုင်းပြည်မှာ အလောင်းဘုရား လက်ထက်ကတည်းက မူဆလင်တွေရှိတယ်။ ဘရင်ဂျီတွေရှိတယ်။ အစတုန်းက ရှိလာကြတဲ့ နတ်ကိုးကွယ်တဲ့ တောင်းတန်းသားတွေရှိတယ်။ အဲသည်တောင်တန်းသားတွေဟာ အင်္ဂလိပ်လက်အောက်တုန်းက တချို့ ခရစ်ယာန်တွေဖြစ်ပြီး အရိုးစွဲနေကြတာရှိတယ်။ သူတို့တစ်တွေဟာအားလုံးနိုင်ငံသားတွေပဲ၊ တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင် တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ချည်းမဟုတ်ဘူး။ သူတို့တတွေ ပါကြတယ်။ ယခု ကျွန်တွင်းကလွတ်မည်မကြံသေးဘူး သူတို့တွေအပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့လူများစုရဲ့ဘာသာကို နိုင်ငံတော်ဘာသာဖြစ်ရမည်လို့လုပ်လိုက်လျှင် ကျွန်တော်တို့ဟာ ခွေးလောက်တောင် သောက်သုံးမကျတဲ့အကောင်တွေ ဖြစ်သွားကြမှာပေါ့ဆရာ။ တိုင်းပြည်ကို တိုင်းပြည်ရေးလို တွေးစမ်းပါ။ ဘာသာရေးတွေ ဘာတွေညာတွေ လုပ်မနေစမ်းပါနှင့်။ ကျွန်တော်တို့ဟာ တိုင်းပြည်တစ်ခုလုံး စည်းလုံးကြဖို့လိုတယ်၊ … ယခုအချိန်မှာလိုချင်တာက ပြည်ထောင်စုထဲမှာရှိနေကြတဲ့ လူမျိုးအားလုံး ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ ခွဲထွက်သွားမည့်လူတွေ ပေါ်မလာစေဘဲ နိုင်ငံရေးစိတ်ဓာတ် တစ်ခုတည်းရှိအောင်သွင်းပြီး စည်းလုံးဖို့လိုတယ်။ နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာလုပ်ချင်ရင် ဗုဒ္ဓဘာသာနိုင်ငံတော်လို့ ဆရာဘာသာ ဆရာကြေညာ၊ ကျွန်တော် မပါဘူး။”

( ပြည်ထောင်စုမြန်မာနိုင်ငံတော် (ပါလီမန်)တတိယပြည်သူလွှတ်တော်ညီလာခံမှတ်တမ်း၊ စာတွဲ ၅၊ အစည်းအဝေးအမှတ်-၃၊ ရန်ကုန်၊ အစိုးရပုံနှိပ်တိုက်၊၁၉၆၂၊ စာ ၃၇၀- ၃၇၁ ။)

(မှတ်ချက်။ ။ ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ ဗိုလ်ချုပ်၏ သာတူညီမျှစိတ်ဓာတ်ကို ဖော်ညွှန်းလို ခြင်းသာဖြစ်ပြီး နိုင်ငံတော်ဘာသာပြဋ္ဌာန်းခြင်း ကောင်း၏ဆိုး၏သုံးသပ်ချက် မဟုတ်သည့်အတွက် ထိုအကြောင်းအရာကို မဆွေးနွေးလိုပါ။ )

ကြာခဲ့ပါပြီ …ဗုဒ္ဓဘာသာဝင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချိုတို့၏သွေးများ၊ အစ္စလာမ်ဘာသာဝင်ဆရာကြီး ဦးရာဇတ်၊ ခရစ်ယာန်ဘာသာဝင် မန်းဘခိုင်တို့၏ သွေးများ စုစည်း၍ သွေးချောင်းစီးခဲ့ရသည်ပင်လျှင် နှစ်ပေါင်း (၆၀)ကျော်ခဲ့ပါပြီ။ ခေတ်စနစ်အလီလီလည်း ပြောင်းခဲ့ရပြီးပါပြီ …။

ထင်သာမြင်သာရှိလှသော နိုင်ငံရေးအပြောင်းအလဲများစွာဖြင့် အမျိုးသားရင်ကြားစေ့ရေး သာတူညီမျှလူ့အခွင့်အရေးအများအတွက် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေသည့် မြန်မာ့ဒီမိုကရေစီခေတ်သစ်ကာလတွင် …

ဗိုလ်ချုပ်တို့ ပေးချင်ခဲ့သည့် သာတူညီမျှအခွင့်အရေး၏ အငွေ့အသက်မျှဖြစ်ဖြစ်တော့ ခံစားလိုပါသည်။ အနည်းဆုံးအဆင့် ဒီမြေမှာမွေး၊ ဒီမြေမှာပင်ကြီးကာ ဒီမြေတွင်ပင်သေကြရမည့် ကျွန်တော်တို့အတွက် နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိစေ၇န်အထူးလိုအပ်ချက်တစ်ခုဖြစ်သည့် နိုင်ငံသား စိစစ်ရေးကတ်များ ယခုထက်လွယ်ကူစွာ ချပေးခံကြရလိုပါသည်။ နိုင်ငံသားမဖြစ်ထိုက်သူများ နိုင်ငံသားကတ်ထုတ်မပေးမိစေရန် စစ်ဆေးရမည်မှာ အမှန်ပါ။ သို့သော် ဘိုးဘေးဘီဘင် ဒီမြေမှာ နေလာကြသူတို့အဖို့မူ “ယခင်က ရှိခဲ့သော၊ ယခုရှိမရှိ မသေချာလှသေးသော” မလိုအပ်သည့် ကြန့်ကြာမှု၊အခက်အခဲများ၊ လျော့နည်းသွားစေလိုလှပါသည်။ ဘိုးဘေးအဆက်ဆက် နှစ်ပေါင်းရာကျော်အတွင်း နိုင်ငံခြားသွေးနှောမှု တိုက်ရိုက်မည်သို့မျှ ရှာမတွေ့နိုင်သည့် သူများအားလည်း မိဘဘိုးဘွားအားလုံး၏ မှတ်ပုံတင်တွင် လူမျိုးဗမာ ကိုးကွယ်ရာဘာသာအစ္စလာမ်အဖြစ် ဖော်ပြခံခဲ့ကြရာမှ မိမိတို့လက်ထက်ရောက်ကာမှ အစ္စလာမ်ဘာသာသက်ဝင်ယုံကြည်မိသည့်အတွက် နိုင်ငံသား စိစစ်ရေးကတ်တွင် အိနိ္ဒယ သို့မဟုတ် ပါကစ္စတန်လူမျိုး၊ သွေးနှောအဖြစ် ဇွတ်အဓမ္မအထည့်ခံရသည့်ဝဋ်ဒုက္ခမှလည်း ကင်းဝေးလိုပါသည်။ (ဤအကြောင်းကိုယ်တွေ့ကြုံခဲ့ရသည်ကိုလည်း သီးခြားထပ်မံ၍ မျှဝေပါဦးမည်။)

ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင် မြန်မာနိုင်ငံသား၊ မြန်မာမွတ်စလင်များအနေနှင့် လည်း ရှေးအထက်ထက်က မိမိတို့ဘိုးဘေးများ တိုင်းပြည်အပေါ် တာဝန်ကျေခဲ့သည့်နည်းတူ တာဝန်ကျေရန် ကြိုးပမ်းကြရပါဦးမည်။ သူတို့ကိုပေးခဲ့သော အခွင့်အရေးမျိုး ကျွန်တော်တို့ လက်ထက်တွင် ခံစားလိုပါက သူတို့ကဲ့သို့ စိတ်မျိုးထားကာ ကိုယ်ကျရာကဏ္ဍမှာ အကောင်းဆုံး တာဝန်ကျေပွန်ကြရပါမည်။ ကျွန်တော်တို့အမြဲနှလုံးသွင်း၊ ဆင်ခြင်အပ်သည့် တမန်တော်မြတ်၏ သြ၀ါဒတစ်ခုဖြစ်သည့် “အထက်လက်သည် အောက်လက်ထက်မြတ်သည် ” ဆိုသည့် သြ၀ါဒကို မျှဝေလိုပါသည်။ စာလုံးနည်းနည်းနှင့် အဓိပ္ပါယ်အလွန်လေးနက်လှသည့် သွန်သင်ချက်ဖြစ်ပါသည်။ ကိုယ့်ဘက်က ရယူသူသက်သက်မဟုတ်ဘဲ၊ ပေးဆပ်သူ၊ မွတ်စလင်မ်ဟူသော ဂုဏ်ပုဒ်နှင့်အညီ ငြိမ်းချမ်းရေးကို လက်တွေ့ဖော်ကြူးသူ၊ မုဟ်စင်န် ခေါ် လောကကို အလှဆင်သူများ အမှန်တကယ် ဖြစ်လာစေရန် ကျွန်တော်တို့၏ တာဝန်ဖြစ်ပါသည်။

ပတ်ဝန်းကျင်တွင်လူပိုများမဖြစ်စေရန် ကြိုးစားကြရပါမည်။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်အကျိုး၊ ရပ်ရွာအကျိုး၊ ဒေသအကျိုးအတွက် အများနှင့်သဟဇာတဖြစ်ကာ စံပြလက်တွဲ၍ ဦးဆောင်ကြရပါမည်။ အစ္စလာမ့်အဆုံးအမနှင့် လားလားမျှ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော တိုင်းတပါး အိမ်နီးချင်းနိုင်ငံမှ လူမျိုးရေး ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းများအား ပုံတူကူးချ ကျင့်သုံးခြင်းသည်လည်း မိမိတို့ကို နားလည်မှု ပိုမိုလွဲမှားစေရာဘက်သို့ ဦးတည်နိုင်ကြောင်းကိုလည်း သတိပြုသင့်ပါသည်။ အစ္စလာမ့်အဆုံးအမအရ မိမိကြမ္မာကို မိမိသာလျှင် ဖန်တီးရမည်ဖြစ်ကြောင်းကိုလည်း သတိပြုစေလိုပါသည်။

“မုချဧကန် လူ့အစုအဝေးတစ်ရပ်သည် မိမိကိုယ်မိမိ မပြုပြင် မပြောင်းလဲသမျှ ကာလပတ်လုံး အလ္လာအရှင်မြတ်ကလည်း ပြုပြင်ပြောင်းလဲပေးမည်မဟုတ်” (ကျမ်းမြတ်ကုရ်အာန်၊ ၁၃း၁၁)

အချို့ကလည်း ဆိုကြပါသည်။ တို့ဘိုးဘေးများလက်ထက်ကလည်း ဤအရေးအတွက် ကြိုးပမ်းခဲ့ကြပြီး ကြိုးပမ်းခဲ့သမျှလည်း သဲထဲရေသွန်ဖြစ်ခဲ့ရပြီး ဒုံရင်းဒုံရင်းပင်ဖြစ်သည့်အတွက် ကြိုးပမ်းလိုစိတ်မရှိတော့ပါ။ ရှိသလိုပင် လက်ခံလိုက်ကာ ခပ်ဝေးဝေးနေကြရုံပေါ့ဟု ပြောကြပါသည်။ ဖတ်မှတ်ခဲ့ဖူးသော အသုံးအနှုန်းလေးကိုပင် ပြန်လည်ဝေမျှလိုပါသည်။ ကျွန်တော်တို့သည်လည်း “ချောတိုင်တက်” နေကြခြင်းပင်ဖြစ်ပါသည်။ ပန်းတိုင်ရောက်လုနီးပါးဖြစ်ပြီးမှ ပြုတ်ကျခဲ့ရဖူးသော်လည်း အကြိမ်ကြိမ် မဆုတ်မနစ်ကြိုးပမ်းက တစ်ချိန်ချိန်တွင်တော့ အရောက်လှမ်းနိုင်ပါလိမ့်မည်။ သေချာသည်ကတော့ ကျွန်တော်တို့အားလုံးယခုထက်ပိုကြိုးစားကြရပါဦးမည်။

(ကို Kyawmoe Aung ဆီကနေကူးယူဖေါ်ပြပါတ

About these ads

Tags: , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


Follow

Get every new post delivered to your Inbox.

Join 3,309 other followers

%d bloggers like this: