အရှင်ရာဟုလာ (မစိုးရိမ်):”ဘာသာရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတာတွေကို သတိမူကြပါ။”
ဘာသာရေးပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ တိုက်ခိုက်နေတာတွေ ဖန်တီးနေတာတွေကို သတိမူကြပါ။
“လူတစ်ယောက်အနေနှင့် မိမိတစ်စုတစ်ဖွဲ့၏ အတွေးအခေါ်အယူအဆကို လေးစားကြည်ညိုယုံမျှနှင့် မပြီး။ အခြားတစ်ပါးသောသူများ၏ အတွေးအခေါ်အယူဆများကိုလည်း ကျိုးကြောင်းခိုင်လုံမှု မရှိပဲ ဝေဖန်နှိပ်နှယ်ခြင်း မပြုသင့်” ။ (အသောကကျောက်စာ) ။
“မတူသော အယူအဆများ ညှိနိုင်းဆွေးနွေးကြရာတွင်၊ အစဉ်အလာကြောင့် အယူများအပေါ်အားပြုသည်ထက်၊ ဆင်ခြင်တ…ုံတရားကို ရှေ့တန်းတင်သည်က လူမှုရေးသဟဇာတမျှမှုကို ပိုမိုဦးတည်စေနိုင်လိမ့်မယ်” ။ (အက္ကဗာနန်းရင်ပြင်တွင် ဘာသာပေါင်းစုံ နှီးနောဖလှယ်ပွဲကျင်းပပေးခဲ့သော အက္ကဗာမူဆလင် ဘုရင်ကြီး)။
အထက်ဖေါ်ပြပါ ကောက်နှုတ်ချက်စကားတွေကို ပြောကြားခဲ့တဲ့ ဒီဘုရင်နှစ်ပါးဟာ ကိုးကွယ်တဲ့ ဘာသာတရားတွေ မတူကြပါဘူး၊ တစ်ပါးက ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး၊ တစ်ပါးက မူဆလင်ဘာသာကို ကိုးကွယ်ကြတာပါ။ သို့သော်လည်း သူတို့ သဘောထားတွေကို ကြည့်ခြင်းအားဖြင့် အချင်းချင်း လေးလေးစားစား အတူယှဉ်တွဲနေနိုင်ရေးကို အထူးလိုလားကြတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။
ဦးဇင်းတို့ မြန်မာနိုင်ငံကတော့ ဘာသာတရားတွေ အချင်းချင်း မတဲ့အောင်၊ တစ်ဖွဲ့နဲ့  တစ်ဖွဲ့  မတည့်အောင် ပုံစံ အမျိုးမျိုးနဲ့ မီးမွေးနေကြတာပါ။ အာဏာရှင်တွေဟာ သူတို့ နိုင်ငံရေးအကြပ်တည်းဖြစ်တိုင်း မူဆလင်ဘာသာဝင်တွေ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရန်တိုက်ပေးတာပါ။ ဒါကို ထွက်ပေါက်အနေနဲ့ အာဏာရှင်တွေက လက်နှက်တစ်ခုသဖွယ် အသုံးပြုတတ်ပါတယ်။ အာဏာရှင်တွေက လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ပိုဖန်တီးလေ့ ရှိပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို အထူးဝိသေသပြုထားတာတောင်မှ နိုင်ငံတော်သံဃာ့မဟာနာယကလို အဖွဲ့မျိုးတွေဖွဲ့ပြီး သံဃာတော်အချင်းချင်း ဖိနှိပ်ချုပ်ချယ်ခိုင်းထားတာပါ၊ ယနေ့ သံဃာတွေ တိုင်းတပါးမှာ ထွက်ပြေးနေရတာတွေ၊ ထောင်တွေမှာ အကျဉ်းကျနေတာတွေ၊ ရဲဘက် အလုပ်စခန်းတွေမှာ အနှိက်စက်ခံနေရတာတွေ၊ အလုပ်ကြမ်းတွေ လုပ်နေရတာတွေ၊ စစ်ကြောရေးတွေမှာ လူမဆန်စွာ စနစ်တကျ နှိပ်စက်ခံနေတာတွေကို နိုင်ငံတော်သံဃာ့မဟာနာယကတွေ မသိဘဲ မရှိပါဘူး။ သိသိကြီးနဲ့  နှုတ်ငုံပိတ်နေတဲ့အပြင် အာဏာရှင်အလိုကျအောင်တောင် သံဃာတွေကို ဖိနှိပ်ချူပ်ချယ်နေတဲ့ သံဃာ့အာဏာရှင်အသွင်တောင် ပိုဖြစ်ပြနေပါတယ်။
အာဏာရူးအုပ်ချုပ်သူတွေရဲ့ အာဏာတည်မြဲရေးအတွက် ဖွဲ့ခဲ့တဲ့ မဟာသံဃာ့ အဖွဲ့စည်းကြီးဆိုတာ ဒီနေ့ သာမန်လူတွေတောင် နားလည်လာပါပြီ။ သံဃာထုရဲ့ ဘ၀တွေကို ဘာလုံခြုံမှုမှ မပေးနိုင်တော့ဘူးဆိုတာလည်း သိလာပါပြီ။ နယ်က တောက အဖိုးအဖွားတွေအတွက် မြို့ပေါ်တတ် စာသင်နေတဲ့ ကိုယ့်ရဲ့ မြေး ကိုရင်၊ ဦးဇင်းတွေ အန္ဒရာယ်ဖြစ်မှာ စိတ်မချရတဲ့ အနေအထားမှာ ရောက်နေပါပြီ။
အာဏာရူးတွေ မတရားအုပ်ချူပ်လာနေတဲ့ကာလတစ်လျှောက် မြန်မာနိုင်ငံသမိုင်းမှာ အာဏာရှင် မဆလ န၀တ နအဖတွ အကွက်ဆင် ဖန်တီးခဲ့လို့  တရုတ် – ဗမာ အဓိကရုဏ်းဖြစ်ကြလို့ ၊ ကုလား – ဗမာ အဓိကရုဏ်းဖြစ်ကြလို့  ပြည်သူတွေအချင်းချင်း သေကြေပျက်စီးခဲ့ရတာတွေ သာဓက ရှိပါတယ်။
အာဏာရူးတွေဟာ ဘာသာခြား လူမျိုးခြားအချင်းချင်း သွေးခွဲလှုံ့ ဆော် ပြဿနာဖြစ်အောင် လုပ်ရုံမက ဘာသာတူ လူမျိုးတူအချင်းချင်းလည်း တစ်ဦးနဲ့  တစ်ဦး ယုံကြည်မှုနည်းအောင် ပဋိပက္ခဖြစ်အောင် ယုတ်မာစွာ လုပ်ဆောင်တယ်ဆိုတာ ယနေ့  ပြည်သူတွေ သတိမူ ဂရုစိုက်ကြဖို့  လိုပါတယ်။ မူဆလင်နဲ့  ခရစ်ယာန်နဲ့  ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်းကြားထဲ လုပ်ကြံသွေးထိုး ပြည်သူတွေအနေနဲ့  အာဏာရူးတွေ ဆင်တဲ့ ထောင်ချောက်အကွက်ထဲ မ၀င်သွားအောင် တစ်ဦးချင်းစီတိုင်းက သတိ အတော့်ကို ထားရမှာပါ။
ဘယ်သူဘယ်ဝါ ဘယ်ကမှန်းမသိဘဲ မိမိဘာသာ မိမိလူမျိုးကို ဆန့် ကျင်စော်ကားတဲ့ အပြောတွေ စာတွေ ကြားရ မြင်ရ ဖတ်ရတာနဲ့  ချက်ချင်း ခံစားမှုတွေပေါ်လာပြီး အလျင်စလို တုန့် ပြန်မိတာတွေဟာ အာဏာရူးတွေ ဆင်ထားတဲ့ ထောင်ချောက်အကွက်ထဲ အလွယ်တကူ ၀င်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် သတိထားဖို့ ကတော့ ဒီလိုစော်ကားဆန့် ကျင်ပြောဆိုရေးသားသူတွေရဲ့  အပြောတွေ အရေးသားတွေကို ကြားရမြင်ရတဲ့အခါမှာ စိတ်ကို တည်ငြိမ်အောင်ထားပြီး ဒီလိုအပြောအဆိုအရေးအသားတွေ စတင်လာခဲ့တဲ့ မူလဇစ်မြစ်ကို စုံစမ်းရှာဖွေဖေါ်ထုတ်ရမှာ ဖြစ်ပါတယ်။ လူမှုရေးမှာ ဘာသာရေးမှာ ဦးဆောင်သူတွေအနေနဲ့ လည်း ဒီလိုကိစ္စမျိုးတွေမှာ မိမိတို့  လူမျိုး ဘာသာဝင်တွေကို စိတ်လိုက်မာန်ပါ မပြောဆိုကြဖို့  မလုပ်ကြဖို့  ထိန်းသိမ်းရင်း ပြဿနာရင်းမြစ်ကို ရှာဖွေပြီး လုပ်ကြံဖန်တီးမှုတွေကို ဖေါ်ထုတ်ကြရမှာပါ။
ဘာသာတရားတွေကို ဆန့် ကျင်စော်ကားတဲ့ ရေးသားမှုတွေ ရုတ်ချည်းပေါ်ထွက်လာတာဟာ မသင်္ကာဖွယ်ဆိုတာ သတိထားကြရပါမယ်။ ဘာသာရေး လူမျိုးရေးပဋိပက္ခ ဖြစ်အောင် ဖန်တီးတဲ့နေရာမှာ ဖန်တီးကြသူတွေဟာ သူတို့ အချင်းချင်း လက်ဝါးချင်းရိုက်ထားလေ့ ရှိပါတယ်။ ဒါဟာ သာမန်လိမ်လည်မှုတွေမှာ တွေ့ ရတဲ့ပုံစံနဲ့ လည်း တူပါတယ်။ တစ်ဦးက ဆန့် ကျင်ဘက်စကားပြောမယ် နောက် သူတို့ လူ တစ်ဦးက ပြန်ပြီးတုန့် ပြန်ပြမယ်၊ ဒီလိုနဲ့  ကျန်တဲ့ သတိမထားမိသူတွေ ခံစားမှုပြင်းတဲ့သူတွေ ပါလာအောင် ဆွဲခေါ်ပါတော့တယ်။ ဒီအတွက် သာမန် ခံစားမှုနဲ့ ပြောသူတွေပါ တဖြည်းဖြည်းနဲ့  များလာပြီး ကြီးမားတဲ့ အခြေအတင်စကားများရာကနေ နောက်ဆုံး အုပ်စုလိုက် ကိုယ်ထိလက်ရောက် ရိုက်ကြပုတ်ကြ သတ်ကြဖြတ်ကြတဲ့ ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတော့တယ်။
ဘာသာရေးဆန့် ကျင်စော်ကားမှုတွေကို ရေးသားမှုဟာ ပြဿနာဖန်တီးလိုသူတွေအတွက် အလွယ်တကူနေရာဖြစ်နေလို့  ဖတ်တဲ့သူတွေက ပိုသတိထားရပါမယ်။ မူလရေးသားသူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖေါ်သိရှိဖို့  ခက်ခဲသလိုဈ ဒီရေးသားမှုဟာ အလွယ်တကူ ပြန့် နှံ့ နိုင်ပါတယ်။ ဒီအတွက် ဖတ်မိသူတွေဟာ ကိုယ်ကိုတိုင်က ဒီလို ပြဿနာစာတွေ အရေးအသားတွေကို ထပ်မံဖြန့် ဖြူးပေးနေသလို ဖြစ်မှန်းမသိ ဖြစ်၊ ဆင်ထားတဲ့ပြဿနာထဲ ကိုယ်ကိုတိုင် ပါဝင်လို့  ပါဝင်မှန်း မသိနဲ့  ဖြစ်သွားနေတယ်ဆိုတာ သတိထားကြဖို့  သင့်ပါတယ်။
ထို့ အတူ အထက်မှာ ဖေါ်ပြရေးသားချက်ပါ သတိမူ ဂရုစိုက်ကြရမယ့် အာဏာရူးတွေရဲ့  ပြည်သူတွေအပေါ် နိုင်ငံရေးအဖြစ်အပျက်တွေကနေ အာရုံလွှဲရအောင်၊ ပြည်သူအချင်းချင်း အဖွဲ့ အစုအချင်းချင်း လူမျိုးအချင်းချင်း ဘာသာတရားတွေ အချင်းချင်း သွေးထိုးဖန်တီး အကွက်ဆင်ထောက်ချောက်လုပ်တာတွေကို မည်သို့ သော ဆန့် ကျင်ပြောဆိုမှု ရေးသားမှုကိုမဆို မစုံစမ်း မလေ့လာ ရင်းမြစ်ကို မရှာ အခြအနေအချိန်ကာလကို မကြည့်ဘဲ မိမိတို့ ရဲ့  ပကတိရိုးသားသော ခံစားမှုများဖြင့် လျင်မြန်စွာ တုန့် ပြန်ကြမယ် ဒီလို ဘသာသာတရားစော်ကားမှု လူမျိုးရေးစော်ကားမှုတွကို အခြားသူ သိစေလိုတဲ့ စေတနာအရိုးခံနဲ့  ဖြန့် ပေးကြမယ်ဆိုရင် အမှိုက် စ ပြသာဒ်မီးလောင်ဆိုတာလို လူမျိုးရေး အဓိကရုဏ်းကြီးတွေအထိ ဦးတည်သွားနိုင်မယ့် လမ်းကြောင်းထဲ မိမိကိုယ်တိုင် ပါမှန်းမသိ ပါသွားနိုင်တာကို၊ လုပ်ကြံဖန်တီးသူတွေ အကွက်ဆင်တဲ့ထဲ ၀င်သွားမှန်းမသိ ၀င်သွားနိုင်တာကို အထူးသတိထားကြပါလို့  ပြည်သူများအကျိုးကို ရှေ့ ထားပြီး မေတ္တာရပ်ခံလိုပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရူးတွေ အုပ်ချူပ်နေစဉ်အတွင်းမှာ ပြည်သူတွေအနေနဲ့  ဘာသာမတူ လူမျိုးမတူပေမယ့် တစ်နိုင်ငံထဲနေ တစ်ရေထဲသောက်ပြီး မိမိတို့  ချစ်မြတ်နိုးတဲ့ မြန်မာနိုင်ကြီးအတွက် အချင်းချင်း ပဋိပက္ခမဖြစ်ရကြလေအောင် အစစအရာရာမှာ ဆင်ခြင်သတိနဲ့  ပိုမို လက်တွဲစည်းလုံးကြဖို့ ၊ ဘာသာရေးအဓိကရုဏ်ဖြစ်နိုင်မယ့် လူမျိုးရေးအဓိကရုဏ်းဖြစ်နိုင်မယ့် မင်္သကာဖွယ်ဖန်တီးမှုများကို ကာကွယ်တွန်းလှန်ကြဖို့  ဖန်တီးသူတွေကို ရှာဖွေဖေါ်ထုတ်ကြဖို့  အလွန်ပင်အရေးကြီးလှပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
အရှင်ရာဟုလာ (မစိုးရိမ်) ။ SOURCE:Nik Nayman
Tags: , , , ,
3 Responses to “အရှင်ရာဟုလာ (မစိုးရိမ်):”ဘာသာရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတာတွေကို သတိမူကြပါ။””
  1. drkokogyi Says:
    Ko Lin Win Thu SHARED THIS:
    အခု ဒီစာမျက်နှာပေါ်မှာ ရေးတင်နေကြတဲ့ မျိုးချစ်စိတ်ရှိလှသော အမျိုးသားရေး စိတ်ဓါတ်ပြင်းထန်သူများသို့ တခုအသိပေးချင်ပါတယ် အခုအချိန်အခါဟာ မြန်မာ့ နိုင်ငံရေးရဲ့ အရေးကြီးတဲ့ အချိုးအကွေ့ လေးများကို ဖြတ်သန်းနေကြချိန်ဖြစ်ပါတယ် ။ မြန်မာနိုင်ငံရဲ့ ဖြတ်သန်းလာတဲ့ သမိုင်းတလျောက်မှာ နိုင်ငံရေး ကို ဘာသာရေး၊ လူမျိုးရေးတို့နဲ့ ခုတုံးလုပ်ပြီးအမြတ်ထုတ်ခဲ့ကြတဲ့ သာဓက တွေ မြောက်များစွာ တွေ့နိုင်ပါတယ် ။ သမိုင်းဆိုတာ သင်ခန်းစာယူဖို့ပါ ။ ဖြစ်လိုက်ကြတဲ့ အထိကရုံးတွေ လူမျိုးရေး သတ်ပွဲတွေ နောက်ဆုံးတော့ ခင်ဗျတို့ ဖြစ်ကြသတ်ကြတဲ့ တရုတ် ၊ကုလား အမြစ်ပြတ်သွားလို့လား ဘာတွေ ထူးခြားလာလဲ ။ ကြားထဲက ဘယ်သူတွေ နှစ်နာ သေကြေကြပြီး ဘယ်သူတွေ အမြတ်ထုတ်သွားပါသလဲ ။ ဒါတွေ ပြောနေလို မင်းက ဘာကောင်လဲ ဘာ ဘာသာလဲ လိုမေးရင်တော့ ရှင်းရှင်းပါဘဲ ကျွန်တော် ဗုဒ္ဓဘာသာစစ်စစ် မြန်မာလူမျိုးပါ။ ကျွန်တော် အဘိုး( နန်းတွင်း ပရိယယ် ဓါးသိုင်းအဖွဲ့ချုပ်) ဟာ ကုလား ဗမာ အထိကရုံးမှာ သွေးတွေနဲ့ ခဲနေလို့ ခွာမရတဲ့ ဓါးမြှောင်နှစ်ချောင်းကိုင်ထားတဲ့ သူ့လက်နှစ်ဖက်ကို ရေနွေးနဲ့ လောင်းပြီး ခွာယူခဲ့ရတဲ့အထိ သတ်ခဲ့ဖူးတယ် ။ သို့သော် ကျွန်တော် အရွယ်ရောက်လာတဲ့ အခါမှာတော့ ကျွန်တော့ရဲ့ အဖိုးဟာ ဘာသာတရားကိုလေ့လာတဲ့ နေရာမှာ မိမိ ကိုးကွယ်တဲ့ ဘာသာတရားတင်မဟုတ်ဘဲ တခြားဘာသာတရားတွေ ကိုပါလေ့လာစေတယ် ။ ဒါကြောင့် ဓမ္မသတ် ဓမ္မဟောင်း၊ ကိုရမ် သေသေချာချာ ဖတ်ဖူးသလို ၊ဟိန္ဒူ ၊ဂျိန်းနဲ့ ဂျူး ကိုလဲ လေ့လာဖူးပါတယ် ။ ခရစ်ယန် အများဆုံးတတ်တဲ့ ကျောင်းမှ အထက်တန်းအောင်ခဲ့ ပြီး ဘုရားကျောင်းကို စိတ်ညစ်ရင် ဘုရားစေတီဖုထိုး ကို မသွားနိုင်တဲ့ အခါ ကျွန်တော့ရဲ့ အစားထိုး စိတ်ငြိမ်ရာ အဖြစ် ရောက်သလို မူဆလင်တို့ရဲ့ ဗလီက ပေးဝေတဲ့ ဆမိုင်နဲ့ ပဲဟင်းလဲ မြည်းဖူးပါတယ် ။ ကျွန်တော့မှာ လည်ပင်းဖက် ပေါင်းလာတဲ့ ခရစ်ယန် သူငယ်ချင်းတွေ ရှိသလို မူဆလင် သူငယ်ချင်းတွေလဲ ရှိပါတယ် ။ မြန်မာပြည်မှ ကိုးကွယ်သူ လူ အားလုံးပေါင်းလို့ ၅၀ မကျော်တဲ့ ဂျူးဘာသာဝင်တွေ ထဲမှာလဲ ကျွန်တော့ရဲ့ မိတ်ဆွေရှိပါတယ် ။
    ဆိုလိုတာက လေ့လာပါ အတူယှဉ်တွဲ နေနိုင်အောင် ကြိုးစားပါ ။မျိုးချစ်စိတ်ဆိုတာ ကျုပ်တို့တဦးခြင်းဆီရဲ့ ရင်ထဲ အသွေးအသားထဲမှာ ရှိဖို့ပါ ကိုယ့်ရဲ့ မျိုးချစ်စိတ်က သူတပါးရဲ့ မျိုးချစ်စိတ်ကို သွားတိုက်ခိုက်ဖို့မဟုတ်ပါဝူး ။ လူမျိုးတိုင်း လူမျိုးတိုင်းဟာ သူ့အမျိုးသူချစ်ကြပါမယ် သူ့ဘာသာသူ အကောင်းဆုံးလို့ ယုံကြည်ပါမယ် ဒီလိုယုံကြည်လို့လဲ သူတို့ ကိုးကွယ်နေတာပါ။ ဘာသာရေး လူမျိုးရေးတွေ အစွန်းရောက် နေကြရင် ကျွန်တော်တို့ စိတ်တွေ လဲ မအေးချမ်းနိုင်သလို တိုင်းပြည်လဲ အေးချမ်းမှာ မဟုတ်ပါဝူး ။ ကိုယ်အမျိုးကို ကိုချစ်ပါ ။ ကိုယ့်ဘာသာတရားကို ကိုယ် ဂဃနဏ သိအောင်လုပ်ပါ၊ သူများဘာသာကိုလဲ လေ့လာပါ လေးစာပါ။ လူများကို လေးစားမှ ကိုယ် ကိုယ်တိုင်လဲ လေးစားမှုပြန်ရနိုင်ပါတယ် ။ စိတ်ကနေ လျံထွက်နေတဲ့ ခင်ဗျတို့ရဲ့ မျိုးချစ်စိတ် တွေကို ခင်ဗျတို့ရဲ့ အရိုးအကြော အသွေးအသားတွေထဲကို စိမ့်ဝင်ပြန့်နှံအောင် ကြိုးစားထည့်သွင်းထားပါ ။
    By:မင်း ဆရာ
  2. drkokogyi Says:
    ကိုမြအေး၊ ၈၈ မျိုးဆက် နှင့် ဘာသာရေးခုတုံးလုပ် နိုင်ငံရေးကစားခြင်း.
    by Nay Myo on Sunday, April 29, 2012 at 5:33pm
    ၂၀၀၇ ခုနှစ် နှောင်းပိုင်းခန့် ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ခေါင်းဆောင်တွေနဲ့ အတူ လုပ်ဖော်ကိုင်ဖက် အတော်များများ ၂၁.၈.၀၇ ညမှာ ဖမ်းဆီးခံရပြီးနောက် ကျွန်တော်လဲ နယ်မှာ ၂ လကျော် ခန့် ရှောင်တိမ်းနေခဲ့ရပါတယ်။ နိုဝင်ဘာလဆန်းပိုင်းမှာတော့ မိမိနဲ့ အနီးကပ်ဆုံး လက်တွဲခဲ့သူများကို စစ်ကြောရေးမှာ မထားတော့ဘဲ ထောင်ပို့လိုက်ပြီးတဲ့နောက်မှာ ကျွန်တော်လဲ ရန်ကုန်ပြန်ဆင်းလာခဲ့ပါတယ်။ အပြင်မှာ ကျန်ခဲ့တဲ့သူတွေထဲက ဆက်သွယ်လို့ရသလောက် ဆက်သွယ်ပြီး Range တွေ ပြန်ဆင်ရပါတယ်။ နိုဝင်ဘာလ အတွင်းမှာပဲ အဖမ်းခံရသူတချို့ ပြန်လွတ်လာကြပြီး တင်းကျပ် ဆိုးရွားတဲ့ လုံခြုံရေးအခြေအနေကြားကနေပဲ နောက်တစ်ပွဲ နွှဲနိုင်ဖို့အတွက် ကြိုးစားပြင်ဆင်ခဲ့ကြပါတယ်။
    ဒီဇင်ဘာ လဆန်းပိုင်းမှာ ၇၄ ရဲဘော်ဟောင်းတစ်ဦးမှ အလုပ်ကိစ္စနှင့် ပတ်သက်၍ တိုင်ပင်ဆွေးနွေးချင်ကြောင်း အကြောင်းကြားလာသည့်အတွက် သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ၄င်းနှင့် တွေ့သည့်အခါ တိုင်းသိပြည်သိ စာရေးဆရာ သံဃာတော်တစ်ပါး ရန်ကုန်ကြွလာသည့် အကြောင်းနှင့် ၄င်းကြွရောက်လာခြင်းမှာ ရွှေဝါရောင် တော်လှန်ရေးတွင် နအဖ စစ်အစိုးရမှ သံဃာတော်များအား အကြမ်းဖက်နှိမ်နှင်းခြင်းအပေါ် မခံမရပ်နိုင်၍ ဖြစ်ကြောင်း သိရှိရပါတယ်။ ၄င်းဆရာတော်အနေဖြင့် ၈၈ မျိုးဆက်ကျောင်းသားများမှ ဖမ်းဆီးထိန်းသိမ်းမခံရခင် ကာလများအတွင်း လုပ်ဆောင်ခဲ့သော White-Sunday Campaign ကဲ့သို့ ပြုလုပ်လိုကြောင်းနှင့် အဓိကအနေနှင့် ၈၈ မျိုးဆက်ကျောင်းသားများ၏ အိမ်များတွင် မိသားစုဝင်များအား နှစ်သိမ့်အားပေးခြင်း၊ တရားဟောခြင်းများ ဦးစွာပြုလုပ်လိုကြောင်း သိရပါတယ်။ ကျွန်တော့်အနေနဲ့ အခြားလုပ်ဖော်ကိုင်ဖက်များနှင့် တိုင်ပင်ပြီးလျှင် အကြောင်းပြန်မည်ဖြစ်ကြောင်း ပြန်လည်ပြောဆို၍ လမ်းခွဲခဲ့ပါတယ်။
    လုပ်ဖော်ကိုင်ဖက်များနှင့် တိုင်ပင်ပြီးသည့် အချိန်မှာတော့ Tempo ပြန်တင်ဖို့ အခွင့်အရေးကောင်းအဖြစ် သတ်မှတ်ပြီး လုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။ လုပ်ငန်းစဉ်ဆွေးနွေးရာမှာ ယခု ကမ်ပိန်းကို ဦးဆောင်ပြုလုပ်မယ့်သူဟာ တိုင်းသိပြည်သိ ဆရာတော်တစ်ပါး ဖြစ်နေတဲ့အပြင်၊ အဖမ်းဆီးခံ ၈၈ မျိုးဆက် အတော်များများရဲ့ အိမ်တွေကိုလဲ စောင့်ကြည့်မှုများ ရှိနေဆဲဖြစ်ခြင်းကြောင့် အာဏာပိုင်များဘက်က သိလျှင်သိချင်း ဟန့်တားနှောက်ယှက်မှုတွေ သေချာပေါက်ရှိလာနိုင်မှာ ဖြစ်သလို ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အခြေအနေထိ ဖြစ်သွားနိုင်တာကြောင့် ကိုမင်းကိုနိုင် အိမ်ကို ပထမဆုံး တရားဟောအိမ်အဖြစ် သတ်မှတ်ကြပါတယ်။ အဲဒီနောက် ကိုမင်းကိုနိုင် အိမ်နဲ့ တစ်ဆက်တည်း လမ်းကြောင်းသင့် အိမ်များဖြစ်တဲ့ ကိုပြုံးချို၊ ကိုမာကီး၊ ကိုမြအေး တို့အိမ်များမှာ ဆက်လက်တရားဟောဖို့ သတ်မှတ်ကြပါတယ်။ တရားဟောမယ့် အိမ်များအားလုံးကို အကြောင်းကြားတဲ့အခါမှာ အားလုံးက လိုလိုလားလားနဲ့ သဘောတူခွင့်ပြုကြပါတယ်။ လိုအပ်တာများ အားလုံးကို စီစဉ်ပြီးလို့ သတ်မှတ်ရက် နီးကပ်လာချိန်မှာတော့ မည်သည့်အကြောင်းပြချက်မျှ သေသေချာချာ မသိရဘဲနဲ့ ဆရာတော့်ဘက်မှ အဆက်အသွယ် ဖြတ်တောက်ခြင်းကို ခံလိုက်ရပါတယ်။ လုပ်ငန်းမအောင်မြင်ခဲ့ပေမယ့် ခြေလှမ်းကျွံနေပြီဖြစ်တဲ့ ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ယောက်နဲ့ကတော့ “ဗမာတစ်ပြည်လုံးကို ကိုယ့်အိမ်ကိုယ့်ယာ မှတ်ပါ” ဆိုတဲ့ ဒို့ဗမာ အစည်းအရုံးရဲ့ ဆောင်ပုဒ်အတိုင်း ရန်ကုန်မြေကို လနဲ့ချီ ခွဲခွာခဲ့ရပြန်ပါတော့တယ်။
    ကျွန်တော် အထက်ပါ အဖြစ်အပျက်ကို ပြန်လည်ရေးသားပြနေရခြင်းဟာ တိုင်းသိပြည်သိ ဆရာတော်ကို သိက္ခာကျစေလိုတဲ့ ဆန္ဒ စိုးစဉ်းမျှ မရှိသလို၊ ငါတို့ ဘာလုပ်ခဲ့တာကွ ဆိုပြီး စားမြုံ့ပြန် မာန်တက်ကာ ကိုယ့်ကိုယ်ကိုဖော် မသူတော် လုပ်နေခြင်းလဲ မဟုတ်ပါဘူး။ အဓိက အကြောင်းအရာကတော့ လတ်တလောကာလအတွင်း အင်တာနက် စာမျက်နှာများ ပေါ်မှာ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ (အထူးသဖြင့်) ဘာသာခြား မွစ္စလင်ဖြစ်တဲ့ ကိုမြအေး ကို ဦးတည်ကာ အပုပ်ချ တိုက်ခိုက်ခြင်းများကို တွေ့မြင်လာရလို့ပဲ ဖြစ်ပါတယ်။
    အထက်မှာ ရေးသားပြခဲ့တဲ့ တိုင်းသိပြည်သိ ဆရာတော်၏ ကန်ပိန်းအတွက် လုပ်ငန်းအစီအစဉ် ရေးဆွဲသတ်မှတ်ရာမှာ အချိန်ကိုလဲ မဖြစ်မနေ ထည့်သွင်း စဉ်းစားရပါတယ်။ ကန်ပိန်းကို အဓိက ဦးဆောင်လုပ်မယ့်သူဟာ သံဃာတစ်ပါး ဖြစ်နေတဲ့ အတွက် နေ့ဆွမ်းဘုဉ်းပေးရာမှာ အခက်အခဲမရှိအောင် စီစဉ်ရပါတယ်။
    ကမ်ပိန်းအတွက် လမ်းကြောင်းသတ်မှတ်ရာမှာ ကိုမင်းကိုနိုင် အိမ်ကို ပထမဆုံး တရားဟောအိမ်အဖြစ် သတ်မှတ်ပေမယ့် ကိုမြအေး အိမ်ကို ခန့်မှန်းရောက်ရှိချိန်ဟာ နေ့ဆွမ်းဘုဉ်းပေးချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် ခေါင်းခဲခဲ့ရပါတယ်။ ဒါပေမယ့် အားလုံးအတွက် အံ့သြ၀မ်းမြောက်စရာဖြစ်ခဲ့ရတာက မွစ္စလင်ဘာသာဝင်များဖြစ်တဲ့ ကိုမြအေး မိသားစုဝင်များဟာ ၄င်းတို့နေအိမ်မှာ ဆရာတော်အား တရားဟောခွင့် ပြုခဲ့ရုံသာမက နေ့ဆွမ်းဘုဉ်းပေးဖို့အတွက်ပါ တာဝန်ယူပေးခဲ့ခြင်းပါပဲ။
    ဒီအဖြစ်အပျက်ကိုဖတ်ပြီးခဲ့ရင် စဉ်းစားတွေးခေါ်တတ်တဲ့သူတွေအနေနဲ့ ကိုမြအေး တင်မက ၄င်းရဲ့မိသားစုဝင်များပါ မွစ္စလင်ဘာသာဝင်ဖြစ်ပေမယ့် ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားမြင်နိုင်သူများဖြစ်တာကို သိရှိနားလည်နိုင်လိမ့်မယ် ထင်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ နဲ့ပတ်သက်လို့တော့ အပုပ်ချစာပါ စွပ်စွဲချက်များကို အထူးတလည် ဖြေရှင်းချက် မပေးလိုပါဘူး။ မြန်မာ့နိုင်ငံရေးနဲ့ မျက်ခြည်မပြတ်ရှိသူမှန်ရင် ၈၈ မျိုးဆက် ဘာလဲ၊ ဘယ်လဲ ဆိုတာတော့ သိရှိပြီး ဖြစ်ပါလိမ့်မယ်။
    အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ အပုပ်ချစာကို ခွဲခြမ်းစိတ်ဖြာကြည့်ရာမှာ တွေ့ရတာကတော့ မြန်မာပြည်မှာ အဓိက အင်အားအကောင်းဆုံး အတိုက်အခံအဖွဲ့အစည်း နှစ်ခုဖြစ်တဲ့ အန်အယ်လ်ဒီ နဲ့ ၈၈ မျိုးဆက်ကို သွေးခွဲလိုခြင်း ရည်ရွယ်ချက်ကို တွေ့ရပါတယ်။ ဒီနေရာမှာ မွစ္စလင်ဘာသာဝင်ဖြစ်တဲ့ ကိုမြအေး နဲ့ ၈၈ မျိုးဆက်ရဲ့ အဓိကအကျဆုံး ခေါင်းဆောင်ဖြစ်တဲ့ ကိုမင်းကိုနိုင် ဟာ ဓားစာခံဖြစ်သွားရခြင်းပါပဲ။
    ကျွန်တော့်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ( မတ် ၃၀ ဖြစ်လိမ့်မယ် ထင်ပါတယ်) ကျောက်ပန်းတောင်းမှာ ဗလီဖျက်တဲ့ကိစ္စ ဖြစ်ကတည်းက ကြားဖြတ်ရွေးကောက်ပွဲကို ထိခိုက်အောင် အစိုးရအနေနဲ့ ဘာသာရေးခုတုံးလုပ်ပြီး နိုင်ငံရေးကစားပြန်ပြီဆိုတဲ့ သံသယ၀င်ခဲ့မိပါတယ်။ များမကြာမီအတွင်းမှာပဲ အခြားနယ်များမှာပါ ဘာသာရေးဆိုင်ရာ အရေးအခင်းငယ်များ ဆက်လက်ဖြစ်ပွားလာတဲ့အခါမှာတော့ သတိကြီးကြီးထားရမယ့်အချိန်ဖြစ်ကြောင်း နားလည်ခဲ့ပါတယ်။ စစ်အစိုးရ အဆက်ဆက်ကို လေ့လာကြည့်ရင် မြန်မာပြည်မှာ နိုင်ငံရေးဒီရေ မြင့်တက်နေတဲ့အချိန်တိုင်း အတိုက်အခံ အင်အားစုတွေနဲ့ ပြည်သူလူထုကို အာရုံစူးစိုက်မှုလွှဲမှားစေမယ့် နိုင်ငံရေးကစားမှုတွေ လုပ်လေ့ရှိတာကို သတိထားမိပါတယ်။ ၈၈ မျိုးဆက်နဲ့ ကိုမြအေး ကို အပုပ်ချထားတဲ့ ၀က်ဆိုက်ဖြစ်တဲ့ Myanmar Express ကို ၀င်ရောက်ပြီး တင်ထားတဲ့ ပို့စ်များကို ကြည့်မိရင်ပဲ ရွှေသမင် ဘယ်တာက ထွက်လာတယ်ဆိုတာ ရှင်းလင်းလှပါတယ်။ ဒီနေရာမှာ အခွင့်သင့်တုန်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အစိုးရရဲ့ ဘာသာရေး ခုတုံးလုပ် နိုင်ငံရေးကစားမှုတစ်ခုကို မျှဝေချင်ပါတယ်။
    ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲ မတိုင်ခင်ကာလ ဖြစ်ပါတယ်။ ကိစ္စတစ်ခုနဲ့ လှည်းတန်းဘက်ကို သွားရင်း လက်ထဲမှာ စာရွက်တွေ အများအပြား ပွေ့ပိုက်ထားသူတွေ အများပြည်သူ လမ်းသွားလမ်းလာတွေကို လိုက်လံဝေနေတာ တွေ့ရပါတယ်။ ကျွန်တော့်လက်ထဲကို ဝေနေတဲ့ စာရွက်ရောက်လာလို့ ကြည့်လိုက်မိတဲ့ အချိန်မှာတော့ မိုးပြာဂိုဏ်းနဲ့ ပတ်သက်ပြီး ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့ ကိုက်ညီမှု မရှိပုံ၊ မိုးပြာဂိုဏ်း၏ လှုပ်ရှားမှုများအား ယခုအတိုင်း လွှတ်ထားလျှင် မြန်မာ့မြေပေါ်မှ ထေရ၀ါဒ ဗုဒ္ဓဘာသာပင် ကွယ်ပျောက်သွားနိုင်ကြောင်း အစရှိသဖြင့် ပါရှိတာကို တွေ့ရပါတယ်။ စာရွက်ဝေနေသူများထဲမှာပဲ ဆင်ရေတွင်းနေ အသိတစ်ယောက်ကို တွေ့လိုက်ရတာကြောင့် သွားရောက်နှုတ်ဆက်ရင်း ညနေဘက်တွေ့ဖို့ ချိန်းဆိုခဲ့ပါတယ်။ ညနေဘက် တွေ့ဖြစ်တဲ့အခါ မနက်ပိုင်းဝေတဲ့ စာရွက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာတော့ ကြံ့ဖွံ့ မှ တစ်ယောက်လျှင် ၃၀၀၀ ပေး၍ ဝေခိုင်းသည့် အကြောင်းနှင့် လှည်းတန်း အတွက်တင် ရွက်ရေ ၂၀၀၀၀ အသုံးပြုခဲ့ကြောင်း သိလိုက်ရပါတယ်။ အာဏာပိုင်တွေ အနေနဲ့ မိုးပြာဂိုဏ်းကို ၄င်းတို့ကိုယ်တိုင် တားဆီးထိန်းသိမ်း နိုင်ရက်နဲ့ ပြည်သူလူထုနဲ့ ရန်တိုက်ပေးခြင်းဟာ ဘာသာရေးခုတုံးလုပ် နိုင်ငံရေးကစားခြင်းပါပဲ။
    လတ်တလော အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ အပုပ်ချစာနဲ့ ပတ်သက်ပြီးတော့လဲ နားမလည်နိုင်တာ ရှိပါတယ်။ ၄င်း အပုပ်ချစာ စတင်ထွက်ပေါ်လာရာ Mynmar Express ဆိုက်ကတော့ ဘာဆိုတာ ရှင်းရှင်းလင်းလင်း သိပြီးဖြစ်လို့ ၄င်းတို့အလုပ်ကို တာဝန်ကျေပွန်စွာ လုပ်ဆောင်နေခြင်း အဖြစ်သာ ရှုမြင်ပါတယ်။ အံ့သြမိတာကတော့ ၄င်းအပုပ်ချစာကို အွန်လိုင်းပေါ်မှာ ထပ်ဆင့်ဖြန့်ဝေနေသူတွေ ပါပဲ။ ထပ်ဆင့်ဖြန့်ဝေနေသူတွေ အနေနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာ ဆိုရင်တော့ မှတ်ချက်တစ်စုံတစ်ရာ မပေးလိုပါဘူး။ သို့ပေမယ့် စာပါအကြောင်းအရာ ကိုတောင် သေချာမဖတ်ဘဲ (သို့) ဖတ်မိရင်တောင် ဖြစ်နိုင်ချေ ရှိ၊ မရှိ မိမိကိုယ်ပိုင်ဥာဏ်နှင့် စဉ်းစားမှုမပြုဘဲ မိမိစာမျက်နှာပေါ်မှာ ပို့စ် များများ တင်ရရင်ပြီးရော ပုံစံမျိုးဖြစ်နေတဲ့ အွန်လိုင်းတော်လှန်ရေးသမားများကိုတော့ အံ့သြခြင်းကြီးစွာ ဖြစ်မိတာ အမှန်ပါ။ ၄င်းတို့အတွက် နပိုလီယန် ရဲ့ “ရန်သူနှစ်သက်စေမယ့် အရာကို ဘယ်တော့မှ မလုပ်ပါနဲ့” ဆိုတဲ့ စကားကို မျှဝေရင်းနဲ့ပဲ ဒီစာကို အဆုံးသတ်ပါတယ်။
  3. botay Says:
    ကျေးဇေူးတင်ပါတယ် အကိုတို့လို့လူမျိုးတွေရှိတာ မြန်မာပြည်အတွက် ရွှေထက်အဖိုးတန်ပါတယ်
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out /  Change )
Facebook photo
You are commenting using your Facebook account. Log Out /  Change )
Connecting to %s
%d bloggers like this: