TQ Ludu U Sein Win for this: “မန္တလေးကိုချစ်တဲ့စိတ်၊ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်”

အမြင်ကျဉ်းပြီး ငါ့မြို့မှ ငါ့မြို့၊ ငါ့လူမျိုးမှ ငါ့လူမျိုးဆိုတဲ့သဘော မရှိဘူး။

မင်းတုန်းမင်းတရားကြီး မန္တလေးမြို့ကို စတည်ကတည်းက အလောင်းမင်းတရားလက်ထက်မှာ ဖမ်းဆီးခေါ်ဆောင်လာခြင်းခံရတဲ့ ယိုးဒယားလူမျိုး လက်မှုပညာသည်တွေနဲ့ သဘင်ပညာရှင်တွေကို ရပ်ကွက်တည်ပေးပြီး စုဝေးနေထိုင်စေခဲ့တဲ့အတွက် မြန်မာတွေနဲ့ ထွေးရောယှက်တင် နေခဲ့ကြတယ်။

ပသီမျိုးနွယ် အစ္စလာမ်ဘာသာဝင်များအတွက်လည်း ရပ်ကွက်တွေတည်ပေးပြီး ဗလီကျောင်းကြီး တွေ တခမ်းတနား ဆောက်လုပ်နေထိုင်စေခဲ့တယ်။

အမေရိကန်သာသနာပြုဆရာ ဒေါက်တာမတ်ကြီးကိုလည်း သာသနာပြုခွင့်ပေးရုံမက စာသင်ကျောင်းပါ ဆောက်ပေးပြီး စာသင်စေခဲ့ပါတယ်။အဲဒီကျောင်းမှာ သားတော်တွေကို အပ်နှံပညာသင်စေခဲ့တယ်။ 

ဆွေလိုမျိုးလိုနေကြ

မန္တလေးမှာ ရတနာပုံနေပြည်တော်သတင်းစာ ထုတ်ဝေတော့လည်း တရုတ်လူမျိုး ဦးအဟီးကို အယ်ဒီတာခန့်ပြီး ဖိုးဝဇီရနဲ့အတူ လုပ်ကိုင်စေခဲ့တယ်။

မြန်မာလူမျိုးများဟာ ရှေးအစဉ်အဆက် ကတည်းက ဘာသာခြားတွေ လူမျိုးခြားတွေနဲ့ လက်ပွန်းတတီး ရင်းရင်းနှီးနှီး နေခဲ့ကြတာ ဖြစ်တယ်။ဇာတ်ခွဲတာတွေ ခွဲခြားဆက်ဆံတာတွေ မရှိဘူး။ အားလုံးကို ဆွေမျိုးတွေလို ပေါင်းသင်းတယ်။ သဘာဝကိုက ခင်တတ်မင်တတ်တော့ ဘယ်သူ့ကိုမဆိုဖော်ဖော်ရွေရွေ ဆက်ဆံတယ်။ အဲဒီတော့ ဘာသာခြား လူမျိုးခြားတွေကလည်း တုန့် ပြန်ပြီး ခင်ခင်မင်မင်နဲ့ ဆွေလိုမျိုးလို ဆက်ဆံကြတယ်။

ကျွန်တော်တို့ ခပ်ငယ်ငယ်အချိန်ရောက်တော့ ဘာသာခြား လူမျိုးခြားရယ်လို့တောင် မသတ်မှတ်ကြတော့ဘူး။ အားလုံးရောရောနှောနှောနဲ့သူ့အိမ်ကိုယ်ဝင်စား၊ ကိုယ့်အိမ်သူဝင်စား ဖြစ်နေကြပြီ။ ကျွန်တော်တို့ အိမ်ရဲ့ ဘယ်ဘက်မှာ ဘောလုံးကန်ဖက် သူငယ်ချင်း နန်ဒူးတို့အိမ် ရှိတယ်။သူက ဟိန္ဒူလူမျိုးဖြစ်တယ်။ ညာဘက်ကတော့ တရုတ်လက်ဖက်ရည်ဆိုင်ဖြစ်တယ်။ အဖေတစ်ခု သမီးတစ်ခု နေကြတာမို့ ကျွန်တော်တို့ကိုပဲဆွေမျိုးလို့ မှတ်ယူထားကြတယ်။

ဗမာတွေ ဖြစ်ကုန်ကြ

အိမ်နောက်ဖက်မှာနေတဲ့ သူငယ်ချင်းထွန်းကြည်၊ ထွန်းလှ၊ ထွန်းအေးတို့ကျတော့ အစ္စလာမ်ဘာသာဝင်တွေ။ ဒါပေမယ့် ဘဘုန်းကျောင်းမှာအတူနေကြတာဆိုတော့ အမြဲတမ်း လည်ပင်းဖက်နေခဲ့ကြသူတွေ ဖြစ်တယ်။ တချို့များဆို တရုတ်ရယ်၊ ကုလားရယ်လို့ အခေါ်သာရှိတော့တယ်။ တရုတ်ကုလားစကားတောင် တတ်ကြတော့တာ မဟုတ်ဘူး။ အားလုံးဗမာစကားပြောပြီး ဗမာတွေ ဖြစ်ကုန်ကြတယ်။

သိပ်မကြာခင်က ဂျာနယ်တစ်စောင်က သတင်းတစ်ပုဒ် ဖတ်လိုက်ရတဲ့အတွက် ရက်ပေါင်းများစွာ

စိတ်ထဲမှာ ဖျောက်လို့မရအောင် စွဲထင်နေတယ်။စိတ်လက်မကြည်မသာလည်း ဖြစ်ရတယ်။

ပွဲသဘင်ပေါတဲ့မြို့

မန္တလေးမြို့မှာ ဒီနှစ်အငြိမ့်အဖွဲ့နှစ်ဖွဲ့သာ ရှိတော့တယ်ဆိုတဲ့ သတင်းပါ။ မယုံနိုင်လောက်အောင်ကို အံ့ဩမိတယ်။ဖြစ်နိုင်ပါ့မလားလို့ အထပ်ထပ် စဉ်းစားကြည့်တယ်။ မန္တလေးက လူတွေကို ကိုယ်တိုင်မေးကြည့်တော့မှ ဟုတ်တယ်ဆိုတာ မယုံချင်ဘဲ ယုံလိုက်ရတယ်။ရှေးက မန္တလေးဆိုတာ မြန်မာပြည်က ဘယ်မြို့နဲ့မှ မတူအောင် ပွဲလမ်းသဘင်တွေ ပေါများတဲ့မြို့ဖြစ်တယ်။ ဆယ့်နှစ်လရာသီ ပွဲပြတ်တယ်မရှိဘူး။ကိစ္စကြီးငယ်ရှိလို့ ညဖက် အသွားအလာလုပ်ရင် အငြိမ့်စင်တွေ၊ ဇာတ်စင်တွေနဲ့ ပိတ်မနေတဲ့လမ်းကို အတော်ရှာယူပြီး သွားရတယ်။မန္တလေးက ရပ်ကွက်တိုင်းမှာ ဘုရားတစ်ဆူ အနည်းဆုံးရှိတယ်။ တချို့ရပ်ကွက်ဆို သုံးဆူရှိတယ်။

ဘုရားပွဲ၊ ကထိန်ပွဲ ဘာပွဲဖြစ်ဖြစ် အငြိမ့်တစ်ခုနဲ့ ဇာတ်တစ်ခုပါမြဲပဲ။ ပြီးတော့ နှစ်ရက်ကျင်းပမြဲဖြစ်တယ်။တချို့ချမ်းသာတဲ့ ရပ်ကွက်ဆိုရင် အငြိမ့်နှစ်ခုလောက် ထည့်လေ့ရှိကြတယ်။

သဘင်တက္ကသိုလ်

ပွဲတွေများတော့ အငြိမ့်တွေ၊ ဇာတ်တွေလည်းများတယ်။ အငြိမ့်အဖွဲ့ပေါင်း နှစ်စဉ် လေးငါးခြောက်ဆယ်ရှိတယ်။ရုံနဲ့ကတဲ့ ဇာတ်ကြီးနဲ့ ကြည့်ချင်ပွဲကတဲ့ ဇာတ်ကလေးတွေလည်း အတော်များတယ်။ ရဟန်းသံဃာများ စာဝါလိုက်ကြရာမှာမန္တလေးမှာလာပြီး စာမသင်ဘူးသေးရင် စာတတ်ပြီလို့ မယူဆကြပါဘူး။အဲဒီလိုပဲ သဘင်သည်များလည်း မန္တလေးလာပြီးပညာမဆည်းပူးရသေးရင် ပညာစုံပြီ၊ သဘင်သည်လားမြောက်ပြီလို့ မယူဆဘူး။ ဒါကြောင့် သဘင်လောကမှာ မန္တလေးကိုသဘင်တက္ကသိုလ်လို့ ခေါ်လေ့ရှိတယ်။ ဒါတွေအပြင် တခြားထူးခြားချက်တွေလည်း ရှိသေးတယ်။ဥပမာ ဘုရားဆင်းတုတော်တွေ ထုလုပ်တဲ့ ကျောက်ဆစ်လုပ်ငန်းနဲ့ကြေးသွန်းလုပ်ငန်းနဲ့ နိဗ္ဗာန်ကုန်လို့ခေါ်တဲ့ ဘုရားထီးတော်၊ စိန်ဖူးတော်၊ ပလ္လင်တော်၊ မှန်စီရွှေချ လုပ်ငန်း စတဲ့ လုပ်ငန်းတွေ အကြီးအကျယ်လုပ်တာဆိုလို့လည်း မန္တလေးတစ်မြို့ပဲရှိတယ်။မန္တလေးမြို့မှာတောင် ဘုရားကြီးအရှေ့မုဒ်နဲ့အနောက်မုဒ် ကျောက်ဆစ်တန်းတို့မှာပဲ လုပ်ကြတယ်။

အနုပညာမြို့တော်

ဘုရားရွှေချတဲ့ ရွှေဆိုင်းလုပ်ငန်းဆိုရင်လည်း မြန်မာပြည် ဘယ်အရပ် ဘယ်ဒေသမှာမှ မရှိဘူး။ မန္တလေးက မျက်ပါးရက်တစ်ခုတည်းမှာပဲ လုပ်တယ်။မြန်မာပြည်အနှံ့က ဘုရားပုထိုးစေတီများ ရွှေချဖို့ မန္တလေးကပဲ မှာယူကြရတယ်။ ရှင်ပြု၊ နားသတွေမှာ ဝတ်ဆင်ကြတဲ့မောင်ရင်လောင်းဝတ်စုံ ဦးသျှောင်၊ မကိုဋ်၊ စလွယ်၊ ဟင်္သာခြေနင်းနဲ့ နားထွင်းတဲ့သူ ဝတ်ဆင်ရတဲ့ ဘယက်ဒွါဒယာနဲ့ စည်းပုံစတဲ့ ရွှေချည်ထိုးပစ္စည်းများလည်း မန္တလေးက ရွှေချည်ထိုးရပ်တစ်ခုတည်းမှာပဲ လုပ်တယ်။ ဒါတွေကြောင့် ရှေးအဆက်ဆက်ကပဲ မန္တလေးကို ယဉ်ကျေးမှု အနုပညာမြို့တော်လို့ ခေါ်ဆိုခဲ့ကြတယ်။

အလုပ်ကိုစွန့်တယ်၊ မန္တလေးကို မစွန့်ဘူး

မင်းနေပြည်တော်အဖြစ်ကနေ ဒုတိယမြို့တော်အဆင့်ကို လျှောကျသွားပေမယ့် မန္တလေးသားတွေက ဝမ်းမနည်းဘူး။မြန်မာ့ယဉ်ကျေးမှု အနုပညာမြို့တော်အဖြစ် ရှိနေရတာကို ပိုပြီး ဂုဏ်ယူကြတယ်။ ပိုပြီး မြတ်နိုးကြတယ်။ အစိုးရ ဝန်ထမ်းတွေ ရာထူးတက်ပြီး ရန်ကုန်ကို ပြောင်းရမယ်ဆိုရင်၊ ရာထူးမယူဘဲ မန္တလေးမှာပဲ တွယ်ကပ်ပြီး နေကြတယ်။ငြင်းမရဘူးဆိုမှ မန္တလေးက ခွာတယ်။ တချို့နောက်ခံတောင့်တင်းသူများဆိုရင် အလုပ်ကို စွန့်လိုက်တယ်။ မန္တလေးကို မစွန့်ဘူး။ မန္တလေးသားတွေ မန္တလေးကို ချစ်တာကို ရန်ကုန်က လူတွေက နားမလည်ကြဘူး။ အမြင်ကျဉ်းတယ်၊ ဒေသစွဲကြီးတယ်လို့ ဆိုကြတယ်။

ဒါပေမယ့် အခုကျတော့ အဲဒီလိုမဟုတ်ဘူး။ ကိုယ့်ရပ်ကွက်ထဲ ရောက်လာသူတွေက ဗမာစကားတစ်လုံးမှ မတတ်ကြလေတော့ ဘယ်သူနဲ့မှအပေါင်းအသင်း မလုပ်ဘူး။အုတ်တံတိုင်းအမြင့်ကြီးတွေ ကာရံပြီး သူတို့ဟာသူတို့ သီးခြားနေကြတယ်။လမ်းမှာတွေ့လို့ ကိုယ်က ဗမာထုံးတမ်းအတိုင်း ပြုံးပြရင်လည်း မျက်နှာထားတင်းတင်းနဲ့ မတူသလို၊ မတန်သလို ကြည့်ပြီး မျက်နှာလွှဲသွားကြတယ်။သူတို့က လာမရောသလို သူတို့ကို လာရောတာလည်း မကြိုက်ဘူး။

သူတို့က လူများစု

ဘယ်သူနဲ့မှ မရောဘဲ ခပ်တင်းတင်း နေနိုင်မှာပေါ့ သူတို့လို လူမျိုးတွေက နေရာတိုင်း ရပ်ကွက်တိုင်းမှာ လက်ညှိုးထိုးမလွဲ ရှိနေကြတာကိုး။တချို့ရပ်ကွက်တွေဆို သူတို့ကတောင် လူများစုဖြစ်နေကြသေးတယ်။မူလက သောင်းဂဏန်းလောက်သာ တန်ဖိုးရှိတဲ့အိမ်တွေ မြေတွေကိုသူတို့က သိန်းရာချီပေးပြီး ဝယ်ကြလေတော့ ရွာခံ မြို့ခံလူတွေက ရောင်းပြီး မြို့သစ်တွေဘက် ပြောင်းကုန်ကြတယ်။ နောက်တော့ ရာဂဏန်းက ထောင်ဂဏန်း၊ အခုဆို သောင်းဂဏန်းအထိတောင် ပေးပြီး ဝယ်ကြတော့ ဗမာတွေက မရောင်းဘဲ မနေနိုင်ကြဘူးလေ။

ဘုရားတွေ ကျီးနဲ့ဖုတ်ဖုတ်

ပိုက်ဆံတွေ ဘယ်လိုရလို့ ဘယ်လောက်ထိများ ပေါနေသလဲတော့ မသိဘူး။ ဒီလူတွေ အခုဆို မန္တလေးကနေပြီး ထားဝယ်တို့၊ ကျောက်ဖြူတို့အထိပါသွားပြီး ဝယ်နေကြတယ်တဲ့။ ဗမာစကားသာ ဘာတစ်လုံးမှ မတတ်တာ သူတို့က စီးပွါးရေးတော့ အကွက်သိပ်မြင်တယ်။ တဖြည်းဖြည်းချင်း နယ်ပယ်ချဲ့ထွင်နေလိုက်ကြတာ ဘယ်သူမှ လိုက်မမှီနိုင်တော့ဘူး။မြို့တွင်းအချက်အချာ နေရာတွေမှာ သူတို့က လူများစုလို ဖြစ်လာတော့ အစဉ်အလာမပျက် ကျင်းပတဲ့ ရပ်ကွက်ဘုရားပွဲတွေ၊ ကထိန်ပွဲတွေလည်းမကျင်းပနိုင်တော့ဘူး။ ဘုရားဒကာတွေက အဝေးကိုရောက်ကုန်ကြကုန်ကြပြီဆိုတော့ ဘုရားတွေဆိုတာလည်း ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေကြတော့တယ်။ဘုရားပွဲတွေ မကျင်းပနိုင်တော့ဘူးဆိုတော့ အငြိမ့်တွေ၊ ဇာတ်တွေလည်း ဘယ်ကရတော့မလဲ။ အစကတော့ ဇွဲမလျှော့ဘဲ တင်းခံသေးတယ်။ ကြာတော့ ဘာသားနဲ့ ထုထားလို့ ခံနိုင်တော့မှာလဲ။ အငြိမ့်တွေ၊ ဇာတ်တွေ တဖြုတ်ဖြုတ်နဲ့ ပြုတ်ကုန်ကြရပါတော့တယ်။

ဗမာစာပါ ပျောက်မှာစိုး

ယဉ်ကျေးမှုအနုပညာတွေ ပျောက်ဆုံးသွားရတာဟာ ဘာနဲ့မှကို မတူတဲ့ ဆုံးရှုံးမှုဖြစ်တယ်။ ယဉ်ကျေးမှုပျောက်ရင် လူမျိုးပါပျောက်တယ်ဆိုတဲ့ဆိုရိုးစကားအတိုင်း အင်မတန် ကြောက်စရာကောင်းတယ်။ ယဉ်ကျေးမှုအနုပညာ ပျောက်ပြီးတဲ့နောက်ထပ်ပျောက်မှာက ဗမာစကားဖြစ်တယ်။အခုတောင် မြို့ထဲမှာဆိုင်းဘုတ်တွေမှာ ဗမာစာနဲ့ရေးတဲ့ ဆိုင်းဘုတ်အတွေ့ရနည်းပြီး အင်္ဂလိပ်စာနဲ့ တရုတ်စာ ဆိုင်းဘုတ်တွေချည်း တွေ့ရတော့တယ်။မူကြိုကျောင်းနဲ့ ကလေးထိန်းကျောင်းတွေဆိုရင်လည်း တရုတ်စာပါ သင်ပေးမှ မိဘတွေက အပ်ချင်ကြတယ်။ အဲဒါကြောင့် မန္တလေးသားက မန္တလေးကိုကာကွယ်စောင့်ရှောက်ကြဖို့ အခွင့်ရတိုင်း ပြောနေရေးနေကြတာဖြစ်တယ်။ ဒေသစွဲကြီးလို့ အမြင်ကျဉ်းလို့ လုံးဝ မဟုတ်ပါဘူး။ မန္တလေးကို ကာကွယ်စောင့်ရှောက်တာဟာ ကိုယ့်လူမျိုးနဲ့ကိုယ့်နိုင်ငံကို ကာကွယ်စောင့်ရှောက်တာနဲ့အတူတူပဲ ဖြစ်ပါတယ်။

ဆရာ လူထုစိန်ဝင်း

၅-၉-၂၀၁၀

ပြည်သူတစ်ရပ်လုံး မျှော်လင့်နေကြတယ် နှင့် လက်ရွေးစင် ဆောင်းပါးများ မှ ကောက်နုတ်ချက်စာမျက်နှာ ၁၁၁-၁၁၅

Tags: , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: