“ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လာနိုင်မလား” ၏ အခြားတဘက်

Source: “ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လာနိုင်မလား” ၏ အခြားတဘက်”

 ဒေါက်တာနေလင်းအောင်

Weekly Eleven News No. 42, Vol: 7, Page No 25&28 July 25 2012 တွင် ဖော်ပြခဲ့သော “ရခိုင် မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗိုဖြစ်လာမလား” ဆောင်းပါး ရခိုင်အရေးနှင့်ပတ်သက်၍ အတွေးရှုထောင့်တစ်ခုရရှိစေရန် ရည်ရွယ်ပြီး ပြန်လည်မျှဝေ ဖော်ပြပါသည်ဟုဆိုကာ Weekly Eleven News No. 42, Vol: 7, July 25 2012  တွင် ဖော်ပြခဲ့သော “ရခိုင် မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗိုဖြစ်လာမလား” ဆောင်းပါးကို ဖတ်ရှုပြီးသည့်နောက် ရခိုင်အရေးနှင့် ပတ်သက်၍ အခြားအတွေးရှုထောင့်တစ်ခုကို ထပ်မံရရှိစေရန်လည်းကောင်း၊ ဆောင်းပါးရှင် ကိုအောင်ဇင်လတ်၏ ပြည်တွင်းမြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များကို မေးမြန်းထားသော မေးခွန်း တစ်ခုအား မြန်မာမွတ်စလင်မ် တစ်ဦးအနေဖြင့် ပြန်လည်ဖြေကြားလိုသည်ကတစ်ကြောင်းကြောင့် ရေးသား လိုက်ရပါသည်။ စာဖတ်ပရိတ်သတ်များ ဖတ်ရှုနိုင်အောင် ဖော်ပြလိုခြင်း (သို့) ဖော်ပြနိုင်ခြင်း မရှိပါကလည်း ပြည်တွင်းမီဒီယာမိသားစုများ ယခုတင်ပြသည့် ရှုထောင့်တစ်ခုအား ဖတ်ရှုနိုင်ကြပါလျှင် ကျွန်တော်အနေနှင့် တင်ပြရကျိုးနပ်သည်ဟု ယူဆမိပါသည်။

မီဒီယာနှင့် ဘက်လိုက်မှု

ကျွန်တော်သည် မီဒီယာသမားတစ်ဦး မဟုတ်သော်လည်း မီဒီယာလောကနှင့် စိမ်းသူမဟုတ်ပါ။ လွန်ခဲ့သော သုံးလေးနှစ်ခန့်မှစ၍ ရန်ကုန်၊ အမေရိကန်စင်တာတွင် ဖွင့်လှစ်သော မီဒီယာသင်တန်းတစ်ခုကို တက်ရောက်ခဲ့စဉ်မှစ၍ မီဒီယာလောကနှင့် ထိတွေ့ခွင့်ရရှိခဲ့သလို မီဒီယာအလုပ်ရုံဆွေးနွေးပွဲအချို့ တို့ကိုလည်း တက်ရောက် ခွင့်ရရှိခဲ့ပါသည်။ ပြည်တွင်း မီဒီယာလောကသားများ၏ မီဒီယာဆိုင်ရာအတွေး အမြင်များ၊ ပညာများကို လေ့လာမှတ်သားဘူး၍ ယနေ့ပြည်တွင်းဂျာနယ်အချို့မှ အယ်ဒီတာများနှင့် သတင်း ထောက်တို့မှာ ကျွန်တော်၏ ဆရာများဖြစ်သည်ဟု မှတ်ယူထားပါသည်။

 

ကျွန်တော် မီဒီယာလောကနှင့် စတင်ကျွမ်းဝင်ခဲ့ချိန်ကတည်းက ယိုင်နဲ့နေပြီးဖြစ်သော “မီဒီယာသည် ဘက်လိုက်မှုကင်းရမည်” ဟူသော အယူအဆအား ကျွန်တော် သဘောမတွေ့ခဲ့ပါ။ လူသားသည် ခံစားချက် ရှိသည်။ တွေးခေါ်မြော်မြင်ဆင်ခြင်နိုင်သော အသိဉဏ်ရှိသည်။ ထို့ကြောင့် လူသားတစ်ဦးဖြစ်သော သတင်း သမားသည်လည်း ထိုခံစားချက်၊ အသိဉာဏ်တို့ကို ဘေးဖယ်၍ သတင်းတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ရေးသား ရန်မှာ လက်တွေ့၌ မဖြစ်နိုင်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် ဘယ်ဘက်ကိုမှ မလိုက်ဘဲ ရေးသားထားသော သတင်းဟူ၍ မရှိနိုင်ဟု ရိုးသားစွာ ယုံကြည်မိပါသည်။ သို့သော် အရေးကြီးသော သတင်းကျင့်ဝတ်တစ်ခုဖြစ် သည့် “မျှတမှု” ရှိရန်ကိုမူ သတိထားသင့်သည်ဟု ယူဆမိပါသည်။

 

အုပ်စုနှစ်ခု (သို့) လူနှစ်ဦးအကြား ဖြစ်ပွား သော ကိစ်္စများ၌ နှစ်ဘက်အမြင်ကိုဖော်ပြပြီးကာမှ သတင်းသမား၏ အမြင်၊ အယူအဆ၊ ဝေဖန်မှုတို့ကို ပြုလုပ်သင့်ပါသည်။ သို့မှသာ သတင်းဖတ်သူတို့မှလည်း နှစ်ဘက်အမြင်ကို သိမြင်နိုင်ပြီး ဝေဖန်သုံးသပ်နိုင် ပေမည်။ ရခိုင်အရေးနှင့် ပတ်သက်၍ ပဋိပက္ခအရှိန်မြင့်နေစဉ်တွင် နှစ်ဘက်အမြင်ကို ဖော်ပြရန် ခက်ခဲနိုင် သော်လည်း ယခုအေးချမ်းစပြုသော အချိန်၌ပင်လျှင် အချို့မီဒီယာတို့မှာ နှစ်ဘက်အမြင်ကို တင်ပြရန် ပျက်ကွက်ခဲ့သည်ကို ၀မ်းနည်းစွာ တွေ့မြင်နေရပါသည်။

 

ရခိုင်အရေးနှင့် ပတ်သက်၍ တွေ့မြင်ရသော နောက်မီဒီယာပြဿနာတစ်ခုမှာ အမြင်နှစ်ခုနှင့် နေရာ ပြဿနာဟု ဆိုရပေမည်။ ပြင်ပမီဒီယာအချို့က ဘက်လိုက်ရေးသားသည်ဟုဆိုကာ ပြည်တွင်းမီဒီယာအချို့က အခြားတဘက်သို့ ဘက်လိုက်ရေးသားခြင်းဖြင့် ချိန်ခွင်လျှာညှိရန် ကြိုးစားခဲ့ကြသည်။ သို့သော် ထိုမီဒီယာ တို့မှ ဖော်ပြသောနေရာမှာ မတူပေ။ ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်ကို ပြင်ပစာဖတ်သူတို့က လက်လှမ်း မမီသလို ပြည်တွင်း စာဖတ် ပရိသတ်တို့ကလည်း ပြင်ပမီဒီယာများမှ ဖော်ပြချက်တို့ကို မသိကြပါ။ ထို့ကြောင့် အစွန်းထွက်မူ နှစ်ခုကြားမှ ကွာခြားချက်က ပိုမိုကြီးမားလာခဲ့သည်။ အထူးသဖြင့် မရင့်ကျက်သေးသော ပြည်တွင်းမီဒီယာနှင့် ပြည်တွင်းစာဖတ်သူတို့၏ အစွန်းရောက်မှုကြောင့် ပြဿနာအချို့စတင်ခံစားနေရပြီ ဖြစ်သည်။ ထိုပြဿနာကို နောက်မှ ဆွေးနွေးပါမည်။

 

ရခိုင်ပဋိပက္ခ

 

ရခိုင်ပဋိပက်္ခနှင့်ပတ်သက်၍ အမြင်အမျိုးမျိုးရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သမ္မတကြီး၏ မိန့်ခွန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ချက်၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဌ ဆရာတော်၏ သြ၀ါဒကထာ၊ အစ္စလာမ်အဖွဲ့အစည်းကြီးများမှ တာဝန်ရှိ ပုဂိ္ဂုလ်တို့၏ ဖော်ပြချက်တို့၌ ထိုဖြစ်ရပ်တို့သည် လူတစ်စု၏ တရားလက်လွတ်ပြုလုပ်မှု၊ တရားဥပဒေချိုးဖောက်မှု၊ အကြမ်းဖက်မှုတို့ကြောင့် ဖြစ်ပေါ်လာရသည် ဟုသုံးသပ်ခဲ့ကြသည်။

 

မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တို့ကလည်း ဤပဋိပက္ခကို အကြမ်းဖက်သူနှင့် အကြမ်းဖက်ခံရသူတို့အကြားမှ ပြဿနာအဖြစ် ရှုမြင်ကြသည်။ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်မဆို မုဒိမ်းကျင့်၊ လူသတ်၊ လူအုပ်စုဖွဲ့လူသတ်၊ အပြစ်မဲ့ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီး၊ ဘုန်းကြီးကျောင်း၊ ဗလီစသည့် သာသနိကအဆောက်အအုံများကို ဖျက်လိုဖျက်ဆီးပြုကြသည့် အကြမ်းဖက် သမားများသည် ယဉ်ကျေးသည့် လူအစုအဝေး၏ ဘုံရန်သူဖြစ်ပြီး၊ တရားဥပဒေနှင့်အညီ အရေးယူရပေမည်။ ထို့အတူ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ပင်ဖြစ်စေ အကြမ်းဖက်ခံရပါမူ မေတ္တာ၊ ဂရုဏာရှေ့ထား၍ ကူညီစောင့်ရှောက်ကာကွယ်ကြရမည်သာဖြစ်သည်။

 

ထို့ကြောင့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်အများစုသည် ကျောက်နီမော်အမူမှစ၍ နောက်ဆုံး အကြမ်းဖက်မှုများ အထိ ဖြစ်ရပ်တို့သည် လူမျိုးရေးပြဿနာလည်း မဟုတ်၊ ဘာသာရေးပြဿနာလည်းမဟုတ်၊ အကြမ်းဖက်သူနှင့် အကြမ်းဖက်ခံရသူတို့၏ ပြဿနာဖြစ်ကြောင်း ခံယူလိုကြသည်။ မြန်မာနိုင်ငံ အစ္စလာမ်အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိ ပုဂ်္ဂိုလ်များကလည်း ဤကဲ့သို့ပင် ကြေငြာချက်များ ထုတ်ပြန်ခြင်း၊ သတင်းမီဒီယာများသို့ ပြောကြားခြင်းများ ပြုခဲ့ပြီး ဖြစ်သည်။

 

လူမျိုးရေးပဋိပက္ခ

 

သို့သော် ရခိုင်အရေးကို လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခများအဖြစ် ပုံဖော်ရန် ကြိုးပမ်းမှု များရှိသည်မှာ ငြင်းမရသော အချက်ပင်ဖြစ်သည်။ ထိုကြိုးပမ်းမှုများ၌ လူမျိုးရေး ပဋိပက္ခအဖြစ် ပုံဖော်မှုမှာ အောင်မြင်ခဲ့သည်ဟုဆိုရမည်။ ထိုကဲ့သို့ လူမျိုးရေးပဋိပက္ခအဖြစ် ပုံဖော်မှုနှင့် ပြည်တွင်းမီဒီယာအချို့တို့၏ “တန်ပြန်” ဘက်လိုက်ရေးသားမှုတို့၏ အကျိုးဆက်ကြောင့် အကြမ်းဖက်လူမျိုးစုနှင့် အကြမ်းဖက်ခံလူမျိုးစု ဟူ၍ ပေါ်ပေါက်လာတော့သည်။

 

အကြမ်းဖက်ခံလူမျိုးစု အဖြစ် ဖော်ပြခြင်းခံရသူတို့အနက်မှ အကြမ်းဖက် မှုကျူးလွန်းခဲ့သူများကို အမျိုးဘာသာ၊ သာသနာကို ကာကွယ်ကြသူများအဖြစ် ချီးမွမ်းဂုဏ်ပြုကာ တရားဝင် လက်နက်တပ်ဆင်ပေးရန် ကြိုးပမ်းလာကြသည်။ အကြမ်းဖက်လူမျိုးစု အဖြစ် ဖော်ပြသတ်မှတ်ခံရ သူတို့အနက် မှ အကြမ်းဖက်ခံရသူတို့မှာမူ ပြည်တွင်းစေတနာရှင်များ၏ ရွံရှာမုန်းတီးခြင်းခံရ၍ မည်သည့်အကူအညီမှ မရရှိကြဘဲ ကြီးမားသော ဘေးဒုက္ခဖြင့် ကြုံတွေ့နေကြရတော့သည်။ ဤအခြေအနေမှတဆင့် အလွန် အန္တရာယ်ကြီးသော အခြေအနေများ ပေါ်ပေါက်လာနိုင်သော အရိပ်အခြေတို့ကို တွေ့မြင်နေရပြီ ဖြစ်သည်။ ထိုသို့ဖြစ်ပေါ်လာခဲ့ပါမူ မည်သူကို အပြစ်တင်ရမည်ကို မဝေခွဲတတ်တော့ပေ။

 

ဘာသာရေးပဋိပက္ခ

 

အာဏာပိုင်အဖွဲ့အစည်းများ၊ ဘာသာရေးပုဂိ္ဂုလ်များ၊ သတင်းမီဒီယာများ၊ လူမှုအဖွဲ့အစည်းများမှ ရခိုင်အရေးကို ဘာသာရေး ပဋိပက္ခအသွင်မဆောင်ရန် ကြိုးပမ်းဆောင်ရွက်မှုများခဲ့ပါသော်လည်း ဘာသာရေး ပဋိပက္ခ အသွင်ဆောင်စေသော အချက်များရှိနေသည်ကို တွေ့ရသည်။

 

ကျောက်နီမော်အမှု၌ ကျူးလွန်ခဲ့သူ တရားခံများနှင့် တောင်ကုတ်တွင် အကြမ်းဖက်အသတ်ခံရသူ ဆယ်ဦးတို့၏ ဆက်စပ်မှုကို လေ့လာကြည့်ပါက ထိုသူတို့သည် ဆွေမျိုးသားချင်းများလည်း မဟုတ်၊ လူမျိုးချင်းတူသူများလည်းမဟုတ်၊ နေထိုင်ရာ အရပ်ဒေသ တူသူများလည်းမဟုတ်ဘဲ ဘာသာရေးအရသာ ဆက်စပ်မှုရှိသည်ကို တွေ့မြင်ရသည်။ တဖန် အကြမ်းဖက် လူမျိုးများဟု ဖယ်ကြဉ်ခံရ၍ အတိဒုက္ခကြီးစွာရောက်နေကြသူများ အထဲတွင် အခြားနိုင်ငံမှ တရားမ၀င် ခိုးဝင်လာသူဆိုသူများအပြင် မြန်မာနိုင်ငံအတွင်းပိုင်းမှ ရခိုင်ဒေသသို့ သွားရောက်အခြေချကြသူများ၊ မိဘ ဘိုးဘွားဘီဘင်လက်ထက်ကတည်းက မြန်မာမြေပေါ်တွင် နေထိုင်ခဲ့ကြသော နိုင်ငံသားစစ်စစ်များ၊ နှစ်ပေါင်းထောင်ချီကတည်းက ရခိုင်မြေပေါ်တွင် အခြေချခဲ့၍ နိုင်ငံတော်အစိုးရအဆက်ဆက်က ရခိုင် မျိုးနွယ်ဝင်အဖြစ် အသိအမှတ်ပြုခဲ့သော၊ ယခုတိုင် အသိအမှတ်ပြုထားသော ကမန်အမျိုးသားများ ပါဝင်နေသည်ကို ကြည့်ခြင်းအားဖြင့်လည်း ဘာသာရေး ခွဲခြားမှုအသွင်ဆောင်နေသည်ကို တွေ့မြင်နိုင်ပေ မည်။

 

ကိုအောင်ဇင်လတ်၏ ဆောင်းပါး၌ပင် ဘာသာရေး ပဋိပက္ခမဟုတ်ပါဟု ဆိုသော်လည်း အစ္စလာမ်ဘာသာဝင်၊ မွတ်ဆလင်မ်ဟု အကြိမ်ကြိမ် သုံးစွဲဖော်ပြထား ချက်တို့က ဘာသာရေး အသွင်ယူလိုသည်မှာ ထင်ရှားလှပါသည်။

 

ထို့ကြောင့်လည်း မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များက ဘာသာရေးပြဿနာ မဟုတ်ဟု တထစ်ချ မယုံရဲကြခြင်းဖြစ်ပါသည်။

 

အဆင့်သုံးဆင့်

 

မည်သို့ပင်ဖြစ်စေ၊ ယခုဖြစ်ပေါ်လာခဲ့သော ရခိုင်အရေးကို ဖြေရှင်းပြီး နောက်ထပ် ဤကဲ့သို့ ဖြစ်ရပ် မျိုးထပ်မံမပေါ်ပေါက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျွန်တော်အနေဖြင့် အဆင့်သုံးဆင့်နှင့် ပြုလုပ်သင့်သည်ဟု ယူဆပါသည်။

 

၁။ အပြစ်ရှိသူ အပြစ်ပေးရေးနှင့် အပြစ်မဲ့သူ ကာကွယ်ရေး

 

အထက်က ဖော်ပြခဲ့သလို တရားဥပဒေချိုးဖောက်ပြီး မုဒိမ်းကျင့်လူသတ်၊ အုပ်စုဖွဲ့လူသတ်၊ အပြစ်မဲ့ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ဖျက်ဆီးသူ၊ အကြမ်းဖက်သမားများကို မည်သည့်လူမျိုး၊ မည်သည့် ဘာသာဝင်၊ မည်သည့်နိုင်ငံသားပင်ဖြစ်ပါစေ ထိရောက်သော အရေးယူမှုများ ပြုလုပ်သင့်ပါသည်။ သို့မှသာ နောက်နောင် ဤကဲ့သို့ အကြမ်းဖက်မှုမျိုး မကျူးလွန်ရဲကြမည်ဖြစ်သည်။ ထို့အတူ အပြစ်မဲ့ အကြမ်းဖက်ခံ လူသားအားလုံးကိုလည်း မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်၊ မည်သည့်နိုင်ငံသား ပင်ဖြစ်ပါစေ ကာကွယ် စောင့်ရှောက်ပေးရန် လူ့ဂုဏ်သိက္ခာနှင့် အညီ ဆက်ဆံရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံသားမဟုတ်သူများကို ပင် ဤအခြေအနေမျိုး၌ လူသားချင်းစာနာစွာ ကာကွယ်စောင့်ရှောက်ပေးပြီး လုံခြုံစိတ်ချဘေးကင်းသော အချိန်ကျမှ နိုင်ငံတကာ မိသားစုများနှင့် တိုင်ပင်၍ အကောင်းဆုံးနည်းလမ်း ရှာဖွေဖြေရှင်းသင့်ပါသည်။

 

၂။ မျှတသော ဥပဒေနှင့် ဥပဒေစိုးမိုးရေး

 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်အရေးနှင့် ပတ်သက်၍ အကြိမ်ကြိမ်ပြောကြား ခဲ့သော အချက်ပင်ဖြစ်ပါသည်။ မျှတမှုရှိသော နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ပြည့်စုံသော ဥပဒေတစ်ရပ်ရှိရန် လိုအပ်ပါသည်။ မျှတမှုမရှိလျှင် အေးချမ်းမှုလည်းရှိမည် မဟုတ်ပါ။ မျှတမှုမရှိသော ဥပဒေကို လက်တွေ့ အကောင်အထည်ဖော်ရန်လည်း ခက်ခဲမည်ဖြစ်၍ ဥပဒေစိုးမိုးရေးလည်း ရှိနိုင်မည်မဟုတ်ပါ။ ထိုသို့ မျှတသော ဥပဒေတစ်ရပ်ပေါ်ပေါက်လာပါက ထိုဥပဒေအသက်ဝင်စိုးမိုးပြီး အကျင့်ပျက်ခြစားမှုများ ပပျောက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

 

၃။ လူမျိုး၊ ဘာသာ၊ နိုင်ငံသား

 

လူမျိုး၊ ဘာသာ၊ နိုင်ငံသားဆိုသည့် ပင်ကိုယ်အမှတ်သညာ  (Identity) သုံးခုကို မြန်မာတိုင်းရှင်းရှင်း လင်းလင်းသိမြင့်လက်ခံနိုင်ဖို့ ရေရှည်လုပ်ငန်းစဉ်အဖြစ် ကြိုးပမ်းသင့်ပါသည်။

 

လူမျိုးဆိုသည်မှာ လူအစုအဝေးတစ်ရပ်သည် နှစ်ပရိစေ်္ဆဒကြာမြင့်စွာ အတူတကွနေထိုင်ကြပြီးနောက် တူညီသော ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို လက်ခံထားကြသူများကို ဆိုလိုသည်။ လူမျိုးစု တစ်စုဝင် မိဘနှစ်ပါးမှ မွေးဖွားလာသူတစ်ဦးသည် နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ထိုလူမျိုးကို ဆက်ခံရမည်သာဖြစ်သည်။ ဥပမာအားဖြင့် ဗမာလူမျိုး မိဘနှစ်ပါးမှ မွေးဖွားလာသူသည် ဗမာလူမျိုးသာဖြစ် ပေမည်။ ကချင်လူမျိုးဖြစ်ချင်၍လည်းမရ၊ ကိုးရီးယားလူမျိုးဖြစ်ချင်၍လည်းမရပေ။

 

ဘာသာတရားဟူသည်မှာ နှလုံးသား၏ ယုံကြည်မှု၊ ဦးနှောက်၏ လက်ခံမှုတို့ဖြင့် ယုံကြည်လက်ခံ ရခြင်းဖြစ်သည်။ မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံသား၊ မည်သည့် ဘာသာဝင်မိဘနှစ်ပါးမှ မွေးဖွားလာသည် ဖြစ်စေ ထိုလူသားတစ်ဦးသည် မိမိ၏ ဦးနှောက်နှင့် နှလုံးသားမှ ယုံကြည်လက်ခံသော ဘာသာတရားကို လက်ခံနိုင် သည်။ မိဘနှစ်ပါးယုံကြည်သော မိရိုးဖလာယုံကြည်မှုကို ဆက်လက်လက်ခံယုံကြည်နိုင်သလို နှစ်သက်ရာ ဘာသာတရားတစ်ခုကိုလည်း ပြောင်းလဲယုံကြည်နိုင်ပေသည်။

နိုင်ငံသားဆိုသည်မှာ – သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ပြဋ္ဌာန်းထားသော နိုင်ငံသားဥပဒေနှင့် အညီ သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံ၍ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရပါက ထိုသက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံသားဖြစ်ပေမည်။ နိုင်ငံတစ်ခု၏ နိုင်ငံသားသည် အခြားနိုင်ငံ၏ နိုင်ငံသား အဖြစ်ပြောင်းလဲ ခံယူနိုင်သည်။

 

ထို့အတူ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်မဆို သက်ဆိုင်ရာနိုင်ငံ၏ သတ်မှတ်ပြဋ္ဌာန်း ထားသော အရည်အချင်းများနှင့် ပြည့်စုံပါက ထိုနိုင်ငံ၏ နိုင်ငံသားဖြစ်ပေမည်။ မြန်မာနိုင်ငံ၏ လက်ရှိ တည်ဆဲဥပဒေအရ နိုင်ငံသားဖြစ်ခွင့်၌ ဘာသာရေးသတ်မှတ်ချက်မရှိသဖြင့် မည်သည့် ဘာသာကို သက်ဝင် ယုံကြည်သူမဆို သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံပါက မြန်မာနိုင်ငံသားအဖြစ် အသိအမှတ် ပြုရမည်ဖြစ်သည်။

 

လူမျိုး၊ ဘာသာနှင့် နိုင်ငံသားဟူသော ပင်ကိုယ်အမှတ်သညာ (Identity) သုံးခုကို လူအများစုသည် ရောယှက်၍ ခွဲခြားနိုင်ခြင်းမရှိသည်ကို တွေ့မြင်ရသည်။ “ဗမာမွတ်ဆလင်မ်၊ ဘင်္ဂါလီဗုဒ္ဓဘာသာဝင်၊ ဂျူးခရစ်ယာန်၊ တိဘက်ဘာသာမဲ့” စသည့် အသုံးအနှုန်းများသည် မြန်မာအများစုနား၌ ယုတိ္တမရှိ၊ ရယ်စရာ စကားများ သဖွယ်ထင်မြင်မှတ်ယူနေကြသည်။ ဧကန်စင်စစ် မည်သည့်လူမျိုးပင်ဖြစ်စေ မိမိနှစ်သက်ရာ ဘာသာတရားကို လက်ခံယုံကြည်ကိုးကွယ်ခွင့်ရှိလေရာ ထိုအခေါ်အဝေါ်ဖြင့် ခေါ်ဆိုနိုင်သော ပုဂိ္ဂုလ်များ သည် ယခင်ကလဲရှိခဲ့သည်။ ယခုလည်းရှိသည်၊ နောင်တွင်လည်းရှိနေဦးမည်ဖြစ်သည်။

 

ထို့အတူ ယခုလတ် တလောကြားနေရသော “ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်များ”ဟူသော အသုံးအနှုန်းသည်လည်း ဘာသာရေးနှင့် နိုင်ငံသားဖြစ်ရေးအပေါ်တွင် ရောထွေးကာ ပြဿနာ ပေါ်ပေါက်လာမည်ကို စိုးရိမ်ဖွယ်ရာ ဖြစ်ပေသည်။ လူမျိုးဘာသာနှင့် နိုင်ငံသားကို ခွဲခြားသိမြင်လက်ခံနိုင်မှသာလျှင် မြန်မာနိုင်ငံသားတိုင်း တက်ညီ လက်ညီနိုင်ငံထူထောင်နိုင်မည် ဖြစ်ပေသည်။

 

မြန်မာ့မြေမှာနေ၊ မြန်မာ့ရေကိုသောက်၊ မြန်မာနိုင်ငံတော်အပေါ် သစ်္စာစောင့်သိရိုသေကြသည့် လူမျိုးကွဲပြား ဘာသာခြား မြန်မာနိုင်ငံသားအားလုံး “ဒါဒို့ပြည်၊ ဒါဒို့မြေ၊ ဒို့ပိုင်တဲ့မြေ”ဟုသံပြိုင်ဟစ်ကြွေးရင်း ငြိမ်းချမ်းသာယာခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်မည့်အချိန်ကာလကို မျှော်မှန်းရင်းနိဂုံးချုပ်လိုက်ပါသည်။

 

ငြိမ်းချမ်းသာယာမှုအပေါင်း ခညောင်းပါစေ။

 

ဒေါက်တာနေလင်းအောင်၏  FB စာမျက်နာမှ ဆောင်းပါးကို ပြန်လည်ကူးယူဖော်ပြပါသည်။

 

WebSite တွင် ဖတ်ရန်။ http://news.mmsy.info/news/4609

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: