ရခိုင်မှာ မွတ်စလင်လူနည်းစုကို ပစ်မှတ်ထား ဟု Amnesty သတင်းထုတ်ပြန်

Source: ရခိုင်မှာ မွတ်စလင်လူနည်းစုကို ပစ်မှတ်ထား ဟု Amnesty သတင်းထုတ်ပြန်

မြန်မာပြည် အနောက်ဘက် ရခိုင်ပြည်နယ်မှာ အစိုးရက မာရှယ်လောထုတ်ထားတာ ခြောက်ပတ်ကျော် ကြာခဲ့ပြီဖြစ်သော်လည်း မွတ်စလင်လူနည်းစုအပေါ် ပစ်မှတ်ထား ရိုက်နှက်၊ သတ်ဖြတ်၊ အဓမ္မကျင့်မှုများ အမြောက်အများဖြစ်ပေါ်နေတယ်လို့ Amnesty International အဖွဲ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူများလို့ စွပ်စွဲခံထားရပြီး နိုင်ငံသားဖြစ်ခွင့်မရှိတဲ့ အဖိနှိပ်ခံ မွတ်စလင်လူနည်းစုကို အာဏာပိုင်များကသာမက ဒေသခံ ရခိုင်ဗုဒ္ဓဘာသာဝင်များကပါ အကြမ်းဖက်တိုက်ခိုက်နေကြောင်းလည်း  Amnesty International အဖွဲ့က စွဲချက်တင်လိုက်ပါတယ်။

မေလ နှောင်းပိုင်းက စတင်ဖြစ်ပွါးခဲ့တဲ့ ဥပဒေဘောင်မဲ့ သတ်ဖြတ်မှုကတဆင့် ရခိုင်ပြည်နယ် ကမ်းရိုးတမ်းဒေသတလျောက် ဒီသွေးထွက်သံယိုမှုကြီးက တမုဟုတ်ချဉ်း ကူးဆက်ခဲ့ပါတယ်။

ဇွန်လ ၁၀ ရက်မှာ အစိုးရက အရေးပေါ်အခြေအနေကြေညာပြီး အဓိကရုန်းအားဖြေရှင်းရန်နဲ့ ဘုန်းကြီးကြောင်းများ၊ ဗလီဝတ်ကျောင်းများကို ကာကွယ်စောင့်ရှောက်ဖို့ဆိုပြီး စစ်တပ်စေလွှတ်လိုက်ပါတယ်။ အစိုးရ အာဏာပိုင်များရဲ့ ပြောကြားချက်အရ အနည်းဆုံး လူ ၇၈-ဦး သေဆုံးပြီး အိုးအိမ် ထောင်ချီ မီးရှို့ပျက်ဆီးခဲ့ပါတယ်။

တင်းမာမှုများ လျော့ကျသွားပေမဲ့ အဓိကရုန်းက ဆက်လက်ဖြစ်ပွါးနေဆဲပါ။ Amnesty International အဖွဲ့ရဲ့ ပြောကြားချက်အရ အကြမ်းဖက်မှုများ တိုက်ခိုက်မှုများဟာ မွတ်စလင်လူနည်းစုကို ပစ်မှတ်ထား ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဘန်ကောက်အခြေစိုက် Amnesty အဖွဲ့ရဲ့ သုတေသီ Benjamin Zawacki က ပြီးခဲ့တဲ့ ခြောက်ပတ်အတွင်း အကြမ်းဖက်မှုများဟာ ယေဘုယအားဖြင့် မွတ်စလင်များနဲ့ အဓိကအားဖြင့် ရိုဟင်ဂျာလို့ခေါ်တဲ့ မွတ်စလင်လူနည်းစုကို ပစ်မှတ်ထား ပြုလုပ်နေကြောင်း Associated Press သတင်းဌာနသို့ ပြောပါတယ်။ အချို့ကို အာဏာပိုင်တပ်ဖွဲ့တွေကပြုလုပ်တယ်၊ အချို့ကို ရခိုင်ဗုဒ္ဓဘာသာဝင်များကပြုလုပ်ပြီး အာဏာပိုင်တွေက မျက်ကွယ်ပြုထားတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

အစိုးရအရာရှိများကို ဒီကိစ္စမေးမြန်းစုံစမ်းဖို့ရာ ဆက်သွယ်လို့ မရပါဘူး။

ရဲတပ်ဖွဲ့အပါအဝင် စစ်တပ်က ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာမွတ်စလင်များ ရာပေါင်းများစွာရှိတယ်လို့ Amnesty အဖွဲ့က ထပ်မံပြောကြားပါတယ်။

Amnesty အဖွဲ့က သတင်းထုတ်ပြန်ရာမှာ ငြိမ်ဝပ်ပိပြားရေး၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် အရေးကြီးသော်လည်း ဖမ်းဆီးချုပ်နှောင်မှုများဟာ လူမျိုးခွဲခြား၊ တဖက်သတ်ပြုလုပ်နေတာ တွေ့ရကြောင်း၊ ဒါဟာ ယုံကြည်ကိုးကွယ်မှုနဲ့ လွတ်လပ်မှု အခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်ကြောင်းများ ပါဝင်ပါတယ်။

ဒီအကြမ်းဖက်မှုဟာ ဇွန်လအလယ်မှာ အဆိုးရွားဆုံး သွေးထွက်သံယိုဖြစ်ခဲ့ပြီး နှစ်ပေါင်းများစွာအတွင်း အသေအပျောက်အများဆုံး လူမျိုးရေးအဓိကရုန်းဖြစ်တဲ့အပြင် မြန်မာနိုင်ငံတွင်းမှာ ရိုဟင်ဂျာမွတ်စလင်လူနည်းစုရဲ့ ကံကြမ္မာအခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းကတောင် စိုးရိမ်မှု မြင့်မားခဲ့ပါတယ်။

ယခုလ အစောပိုင်း UNHCR နဲ့ တွေ့ဆုံမှုမှာ မြန်မာသမ္မတ ဦးသိန်းစိန်က ရိုဟင်ဂျာမွတ်စလင်လူနည်းစုကို တတိယနိုင်ငံများသို့ပို့ဆောင်ခြင်း သို့မဟုတ် ကမ္ဘာ့ ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် လက်ခံစောင့်ရှောက်ခြင်းပြုရမယ်လို့ အဆိုပြု ပြောကြားခဲ့ပါတယ်။ သို့သော် UNHCR အကြီးအကဲ Antonio Guterres က ရိုဟင်ဂျာမွတ်စလင် လူနည်းစုကို ပြန်လည်နေရာချထားဖို့ရာ အဖွဲ့အစည်းရဲ့ တာဝန်မဟုတ်ကြောင်း ဦးသိန်းစိန်ရဲ့ အဆိုကို ပယ်ချခဲ့ပါတယ်။

၁၉-ရာစု ဗြိတိသျှကိုလိုနီခေတ် ကတည်းက မြန်မာပြည်မှာ အခြေချနေထိုင်ခဲ့သော်လည်း မြန်မာလူမျိုးအများစုက ရိုဟင်ဂျာမွတ်စလင် လူနည်းစုကို တရားဝင်နိုင်ငံသားအဖြစ် အသိအမှတ်မပြုကြပါ။ ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်ကာလများမှာ ရိုဟင်ဂျာမွတ်စလင်အများအပြား ဖီနှိပ်ညှင်းပန်းမှုများမှ လွတ်မြောက်ဖို့ရန် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံခဲ့ကြရတာဖြစ်ပြီး နောက်ပိုင်းပြန်လာတဲ့အခါ တရားမဝင် ခိုးကူးဝင်ရောက်လာသူတွေလို့ စွပ်စွဲသတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း သူတို့ကို နိုင်ငံသားအဖြစ် လက်မခံဘဲ မြန်မာနိုင်ငံမှာ ရာစုပေါင်းများစွာ နေထိုင်လာခဲ့ကြတဲ့အတွက် မြန်မာနိုင်ငံက နိုင်ငံသားများအဖြစ် အသိအမှတ်ပြုသင့်ကြောင်း သာအစဉ်တစိုက် ၄င်းတို့ ပြောဆိုနေခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင် ဦးရေ ၈-သိန်းရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ ရိုဟင်ဂျာမွတ်စလင်များဟာ နှစ်စဉ်နှစ်တိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မလေးရှားနိုင်ငံများသို့ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးပမ်းကြပါတယ်။ လူ့အခွင့်အရေးအဖွဲ့အစည်းများက ရိုဟင်ဂျာမွတ်စလင်များဟာ အဓမ္မခိုင်းစေခြင်းများခံရပြီး အမျိုးသမီးများဟာလည်း အကြမ်းဖက်ခံရခြင်းအပြင် လက်ထပ်ခွင့်၊ ကလေးမွေးဖွားခွင့်၊ ခရီးသွားလာခွင့်များ ထိန်းချုပ် ပိတ်ပင်ခံထားရကြောင်း ပြောကြပါတယ်။

Amnesty အဖွဲ့က မြန်မာနိုင်ငံသို့ ရိုဟင်ဂျာမွတ်စလင်များကို နိုင်ငံသားအဖြစ် လက်ခံဖို့ တောင်းဆိုထားပါတယ်။ ဒီကိစ္စကို  မြန်မာအစိုးရက ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး ရိုဟင်ဂျာမွတ်စလင်များဟာ မြန်မာပြည်ရဲ့ ဌာနေဇာတိဖွားတွေ မဟုတ်ဘူးလို့ လို့သာ တောက်လျောက်သုံးစွဲခဲ့ပါတယ်။

Amnesty အဖွဲ့ရဲ့ သုတေသီ Benjamin Zawacki က နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့ စံနှုန်းများအရ မည်သူတစ်ဦးတစ်ယောက်မှာ နိုင်ငံမဲ့အဖြစ် လစ်ကျန်မနေရလို့ ပြောပါတယ်။ ရိုဟင်ဂျာမွတ်စလင်များကို နိုင်ငံသားဖြစ်ခွင့် မပေးခြင်း၊ သူတို့အား နည်းလမ်းပေါင်းများစွာဖြင့် နှိပ်ကွပ်ထားခြင်းများနဲ့  မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းဟာ အတော်ကို ကြာညောင်းခဲ့ပြီလို့ Zawacki က ပြောလိုက်ပါတယ်။

မောင်စီမံ (မဟာသိပ္ပံ) ဘာသာပြန်သည်။

Tags: , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: