
ကမ္ဘာ့အလင်းမဂ္ဂဇင်း လေးနှစ်ပြည့်အထိမ်းအမှတ်သို့ ပေးပို့သော စာရေးဆရာကြီး မြန်မာ့ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း၏ သ၀ဏ်လွှာ
မြန်မာနိုင်ငံပြည်ထောင်စုအတွင်း နေထိုင်ကြကုန်သော မွတ်စလင်မ်တို့ထုတ်ဝေသော ကမ္ဘာ့အလင်းသို့ မင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသော ဤသ၀ဏ်လွှာကို ၀မ်းမြောက်ဝမ်းသာစွာနှင့် ဆရာက ကမ်းလှမ်းလိုက်ရပေသည်။
အကြောင်းသော်ကား ပြည်ထောင်စုအတွင်းနေထိုင်ကြကုန်သော တိုင်းရင်းသားအပေါင်းတို့အား အမျိုးဘာသာမရွေး မိမိတို့ အားထားကိုးကွယ်သော ဘာသာတရား အလိုက်ကိုးကွယ်ကြသည့် ပြည်ထောင်စုအတွင်းမှာ နေသောသူ အကျိုးတူခံစားခွင့်ရှိကြရမည်။မိမိတို့ ကြိုက်နှစ်သက်သော ဘာသာတရားတော်ကို လွတ်လပ်စွာ ကိုးကွယ်ကြရသည်။
ပြည်ထောင်စု တိုင်းရင်းသားမွတ်စလင်မ်အပေါင်းတို့သည် အမျိုးဘာသာစိတ်ထက် ပြည်ထောင်စုကြီးရဲ့ တည်မြဲမှု – ပြည်ထောင်စုကြီးရဲ့ ခိုင်မြဲမှု – ပြည်ထောင်စုကြီးရဲ့ ၀ပြောမှုတို့ကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေဟု တိုက်တွန်းရေးသားလိုက်ရပေသည်။
မွတ်စလင်မ်တို့၏ လေးနှစ်မြောက်ဖြစ်သော ကမ္ဘာ့အလင်းသို့ စိတ္တသုခနှင့်ပြည့်စုံ၍ တိုင်းပြည်၏ အကျိုးရှိရာရှိကြောင်း တိုးတက်၍ ထုတ်ဝေနိုင်ပါစေသတည်းဟု ဆရာ ဆုမွန်တောင်းလိုက်ပါသည်။
သခင်ကိုယ်တော်မှိုင်း
Leave a Reply