သာကီဝင်နှင့် မျိုးဖျောက်ချင်သူများ “အမျိုးပျောက်မှာစိုးကြောက်တော်မူရင် ပေါက်ဖော်သာယူ”

Source:ရှိတ်ကားစ်ရွာ၊ သာကီဝင်နှင့် မျိုးဖျောက်ချင်သူများအကြောင်း

ဗိုလ်ခင်ညွန့် မိုးကောင်းတုန်းက သူ့နှုတ်ထွက်မိန့်တွေ ဗျာဒိတ်လိုလို နှင့် တမိုးလုံး ဖျောက်ဆိတ် ဖြစ်ခဲ့သည်ကို ပြန်အမှတ်ရမိနေ၏။ သူက ဓါးထက်သလောက် လက်သံလည်းပြောင်၏။

“မြန်မာ့အားကစားကမ္ဘာကိုလွှမ်းစေရမည်” ဆိုပြီး လုပ်တော့ ထောင်ထဲမှာ ကိုညွန့်ဇော်က

“ဘာလဲ.. ထုတ်ဆီးတိုးနဲ့ကြက်ဖခွပ်တမ်းလား” ဟု လှမ်းထေ့ဖူး၏။

“အမျိုးပျောက်မှာစိုးကြောက်ပါသည်” ဆိုတုန်း ကလည်း အပြင်ကသူငယ် ချင်းတယောက်က

“ကြောက်တော်မူရင် ပေါက်ဖော်သာယူလေ..မမညွန့်”  ဆိုပြီး အငေါ်တူးဖူး၏။

တချို့က ထိုကိစ္စကို ဒေါ်အောင်ဆန်းစုကြည် အား တဲ့(ဒဲ့)ချခြင်းသက်သက်ဟုမြင်ကြ၏။ မဖြစ်နိုင်စရာမရှိပါ။ နံမည်အရင်းတပ်ပြီးမပြောရုံတမယ် ပုဂ္ဂိုလ်ရေးထိုးနှက်မှုများ။ ထိုခေါင်းစဉ်အောက်က ရေးသမျှစာ ကို နိုင်ငံခြားသား ဆန့်ကျင်ရေး အကာသား နှင့် ဖုံးထားတာ ထင်ရှား၏။ စေ့စေ့တွေးလျှင်  သူတို့ တကယ်မပျောက်စေချင်တာ က စစ်မျိုးစစ်နွယ်မှန်း ပေါ်လွင်၏။ အာဏာ နှင့် စပ်လျှင် လူမျိုးကြီးဝါဒ ကိုကျင့်သုံးပြီးဘယ်ဘာသာ ဘယ်လူမျိုးကိုမဆို ခြွင်းချက်မထား နှိပ်ကွပ်မည့်လူမျိုးကို ဆိုလိုကြောင်းပေါ်၏

ဗမာ့တပ်မတော်တွင် စစ်ဗိုလ်စစ်သားများ နိုင်ငံခြားသူ နှင့် ယူလို့မဖြစ်။ မယူရဟု မပြော။ ယူလို့ မရအောင် လုပ်ထား၏။ တိုင်းခြားသူ ကိုယူဖို့ မဆိုနှင့် တပြည်ထဲ နေ လူမျိုးစုတွေ ထဲက ဗုဒ္ဓဘာသာ မဟုတ်သည့် စစ်ဗိုလ်များ စစ်ဘက်ရာထူးကြီးကြီး ကို မျှော်လင့်လို့မရတော့ သည်မှာ ကြာပြီ။ ထို့ကြောင့် စစ်ဗိုလ်တချို့  အာဏာ နှင့် ဘာသာလဲ ကြသည်လည်း ရှိ၏။  ဘာမှပြောစရာမရှိ။  သူတို့ကိစ္စ။  သာသနာပြုမင်း လို့ကြွေးကြော်၊ ခံယူ၊ အပြလည်း လုပ်သည့် ထိပ်သီးတွေ က ၂၀၀၇ တွင် ရတနာသုံးပါးမှတပါး လမ်းပေါ်ထွက်လာပြီး မေတ္တာပို့ရင်း သူတို့ကို ဆင်းခိုင်း၏။  ဒါကို “တိုက်ရိုက်အာဏာခြိမ်းခြောက်မှု” အဖြစ်ယူပြီး “အာဏာနှင့်သံသရာ” လဲလိုက်၏။ သည်တော့  အောက်က လူတွေ “အာဏာ နှင့် ဘာသာ” လဲခြင်း အား နားလည်ရ ပိုလွယ်သွား၏။  ထိုသူတို့နှုတ်ထွက် အမျိုးပျောက် မှာ စိုးကြောက်ခြင်းကို လည်း ပိုထင်ရှားလာစေသည်ဟု ယူဆမိ၏။

စဉ်းစားရမှာတွေ ရှိလာ၏။ သူတို့ အပြောအဆိုတွေ တွင် အမျိုးပျောက်ခြင်းသည် ကြောက်စရာဖြစ်သည်။ ထို့ကြောင့် အမျိုးမပျောက်ရေး လုပ်ရမည်။ မပျောက်ရေးအတွက် လူမျိုးတူသာယူ။ လူမျိုးမတူသူကိုမယူနှင့်။ မတူသည့်လူမျိုး ကို ယူလျှင်သွေးနှောပြီး မျိုးမစစ်တွေဖြစ် လာမည်။ မျိုးမစစ် တွေသည် မျိုးမချစ်ကြ။ မျိုးစစ် မှ မျိုးချစ်သည်။ ထို့ကြောင့် မျိုးချစ် ဖို့ မျိုးစစ် ရမည်။ မျိုးစစ်ပြီး မျိုးချစ်ရေး အတွက် အမျိုးတူ ကို သာ ယူဆိုသည့် လောဂျစ်တခု ကို အတိအလင်း ထူထောင်လိုက်၏။ ဗမာပြည် သည် နယ်ချဲ့နှင့်ဖက်ဆစ်အောက် တွင် နင်းပြား ဖြစ်ဖူးခဲ့၏။  တိုင်းတပါးသား တို့၏ ချယ်လှယ်မှု ကိုမချိမဆန် ခံခဲ့ရ၏။ အမျိုးသားရေးဝါဒ အခြေခံ ပဒေသရာဇ်ခေတ်လွန် ဗမာ့နိုင်ငံရေးစင်မြင့် သည် အမျိုး၊ ဘာသာ၊ သာသနာနှင့်ဖွင့်ရ၏။  နယ်ချဲ့သမား၊ အလိုတော်ရိ နှင့် လူကပြားတို့ ၏ သစ္စာဖေါက်မှု လည်းခံခဲ့ဖူး၏။ သို့ဖြင့် တိုင်းတပါးသား အား အယုံနည်းခြင်း နှင့် အတူ ဆက်ဆံရ မှာစိုးရွံ့စိတ် လည်း အထိုက်အလျှောက် အမြစ်တွယ် လာ၏။  ဂျပန်ဟုဆိုလျှင် ဖက်ဆစ်၊ အင်္ဂလိပ်ဟုဆိုလျှင် နယ်ချဲ့ဟု တွဲမြင်သူများ လည်း ရှိနေနိုင် သေး၏။ ဤတွင် ထိုသူတို့အကြား ၌ သူတို့တရား (လောဂျစ်) သည် အထိုက်အလျှောက် တာ သွား၏။ တိုင်းတပါးသား နှင့် ထိမ်းမြားခြင်း သည်အပြစ်လိုလို၊ အမျိုးကို သစ္စာဖေါက်တာ လိုလို၊ အမျိုးဂုဏ် မစောင့်တာလိုလို တွေ မြင်သူတွေမြင်လာ၏။

ဤတွင် ကျနော် ၂၀၀၉ ခု၊ ဒီဇင်ဘာထုတ် စတိုင်သစ်မဂ္ဂဇင်း အမှတ် (၁၃) မှ ဆောင်းပါးရှင်ကျော်လှိုင်-ဝိဇ္ဇာဂုဏ်ထူး၊ မဟာဝိဇ္ဇာ(သက္ကတ)၏ ဗုဒ္ဓ လောကသား တို့၏ အားထား ကိုးကွယ်ရာ (၁၂) ခေါင်းစဉ် နှင့် ဆောင်းပါးကို ပြန်အမှတ်ရမိ၏။

ဆောင်းပါးရှင်က-

ဗုဒ္ဓမြတ်စွာတို့သည် ဗုဒ္ဓတ္ထစရိယ ပြီးစေကာ မူ လောကတ္ထစရိယ နှင့် ဉာတ္ထစရိယ ကိုလည်း ကျင့်တော် မူရမြဲဖြစ်ကြောင်း ပြောပြပြီး ရောဟဏီမြစ်ရေကိစ္စအပေါ် ကပိလဝတ် နှင့် ကောလိယ မှသာကီဝင် တို့အချင်းချင်း စစ်ခင်းကြတော့မည့် ဆဲဆဲအခြေအနေ ၌ ဗုဒ္ဓမြတ်စွာ က ရန်ငြိမ်းကြောင်း တရားဟောပြီး စစ်ပွဲကို စဲစေ တော်မူကြောင်း ကို အသေးစိတ် ရေးထား၏။ ထို့နောက် သာကီဝင်တို ၏အမျိုးမာန်ကြီးမှု ကို – (သာကီဝင်တို့ သည် အမျိုးမာန်ကြီး၏။  မိမိတို့အမျိုးထဲ မှာ အခြားအမျိုးရော မှာ ကိုလက်မခံ။ အမျိုးမစပ် မြတ်သော မင်းမျိုး …အသမ္ဘိန္နခတ္တိယ ဟူသော ဂုဏ်ကို ထိန်းကြသည်။ ထို့ကြောင့် လည်း ဗုဒ္ဓနှင့် အမျိုးစပ် ချင်သော ကောသလမင်းက သာကီဝင်မင်းသမီးတပါးပေးပါ ဟု တောင်းလာသော အခါ အမျိုးချင်းမတူသည့် အတွက် မဟာနာမသာကီဝင် နှင့် ကျွန်မက မွေးသော ဝါသဘခတ္တိယာ ကို သာကီဝင်မင်းသမီး လုပ်၍ ပေးလိုက်ပါသည် ။ ဤ ဝါသဘခတ္တိယာ မှာ ဝိဋဋ္နူဘ ကို ဖွားပါသည်။ ဝိဋဋ္နူဘ အရွယ်ရောက်သော အခါ သာကီဝင် အဘိုးအဘွားတို့ ထံ အလည်သွားသည်။ သူ့ကို ကန်တော့ မည့်သူ တဦးမျှမရှိ။ သူကသာ သာကီဝင်တို့ကို ကန်တော့ ခဲ့ ရသည်။ သာဝတ္ထိသို့ အပြန် တွင် သူထိုင်သွားရာ နေရာကို“ကျွန်မသား ထိုင်သွားသောနေရာ” ဟု ကျွန်မ တယောက်က နို့ရည်နှင့် ဆေးနေသည်ကို အကြောင်း အားလျော် စွာ သိလိုက်ရသည်။  ဤတွင် သာကီဝင် တို့၏ သွေးဖြင့် သူထိုင်သောနေရာ  ကို ဆေးမည် ဟု ဆုံးဖြတ်ချက် ချလိုက်တော့ သည်။

ထို့ကြောင့် သူမင်းဖြစ်သော အခါ သာကီဝင်တို့ ကို သတ်အံ့ ဟု ကပိလဝတ်ပြည် သို့ စစ်ချီလေတော့ သည်။ ဗုဒ္ဓလည်း ကပိလဝတ်သာကီဝင်တို့ ကို ကာကွယ်ရန်အလို့ငှာ ကပိလဝတ်ပြည်တော် သို့ ကြွတော်မူ ၍ ကပိလဝတ်ပြည်အနီးအရိပ် ကျဲသောသစ်ပင်အောက်၌ ထိုင်နေတော်မူ၏။ ထိုအပင်နှင့်မနီးမဝေးသောအရပ် ဝိဋဋ္နူဘ၏နယ်စပ်၌ အရိပ်ကောင်း သော ညောင်ပင်တပင် ရှိ၏။ ဝိဋဋ္နူဘ သည် ဗုဒ္ဓကိုမြင်လျှင် လာရောက် ၍ ရိုသေမြတ်နိုးရှိခိုးပူဇော်ပြီး -“အရှင်ဘုရား အဘယ်ကြောင့် ဤအရပ်သို့ ကြွလာတော် မူပါသနည်း ။ တပည့်တော်၏ နယ်စပ် ၌ အရိပ်ကောင်းသော ညောင်ပင်ရှိပါသည်။ ထိုညောင်ပင်အောက် ၌ ထိုင်တော်မူပါ” ဟုလျှောက်၏။ ဗုဒ္ဓက “ရှိပါစေ မဟာရာဇ ..ဆွေမျိုးတို့၏ အရိပ်မည်သည် ကား အေးမြလှပါ၏။” ဟု မိန့်တော်မူ၏။ ဝိဋဋ္နူဘက “ဆွေမျိုးတို့ကိုစောင့်ရှောက် ရန် ဗုဒ္ဓကြွလာတော်မူခြင်းဖြစ်ပေလိမ့်မည်” ဟုသိ၍ ဗုဒ္ဓကို ရိုသေစွာရှိခိုးပြီး  မိမိ၏စစ်တပ်ကို ပြန်လည်ရုပ်သိမ်းသွားလေ၏။

ဝိဋဋ္နူဘသည် ကပိလဝတ်သို့ ၃ ကြိမ်တိုင် စစ်ချီ၏။ ဗုဒ္ဓကလည်း ၃ ကြိမ်တိုင်တိုင် ကာကွယ်စောင့်ရှောက်တော်မူ၏။ သာကီဝင်တို့အပေါ်အငြိုး ကြီးလှသော ဝိဋဋ္နူဘသည် သာကီဝင်တို့ကို မျိုးဖြုတ်ရန် အတွက် စတုတ္ထအကြိမ် စစ်ချီပြန်၏။ ဤ တကြိမ်တွင်မူကား ဗုဒ္ဓကြွတော်မူ၍ မတားတော့ချေ။ သာကီဝင်တို့ မလွဲမသွေပျက်စီးရတော့မည့်ကိန်း ဆိုက်ချေပြီဖြစ်ရကား  ဗုဒ္ဓကြွသွားကာ တား၍ ရတော့မည်မဟုတ်ချေ။ သာကီဝင်တို့သည် ဝိဋဋ္နူဘစစ်တပ်နှင့်ရင်ဆိုင်ရသောအခါ လေးအတတ် ၌ တဘက်ကမ်းခတ်တတ် သူများဖြစ်လင့်ကစား လူမသတ်သည့် မင်းများ ဖြစ်၍ ခြောက်ရုံလှန့်ရုံမျှသာ မြားကိုပစ်ပါသည်။ ဝိဋဋ္နူဘ စစ်သည်တဦးတယောက် မျှ မြားမခချေ။ သို့သော် သာကီဝင်အမျိုးဇာတ် ကို ဝိဋဋ္နူဘသည် သာကီဝင် မှန်က နို့စို့ကိုမျှ မကျန်ရစ်စေရ ဘဲ သတ်ဖြတ်ပါတော့သည်။ ဤနည်းဖြင့်သာကီဝင်တို့  ပြုတ်ပြုတ်ပြန်း၍ အမျိုးဇာတ် ပါ ဆိတ်သုဉ်းခဲ့ရပါတော့သည်။

ယနေ့ မျက်မှောက်ကာလ ၌  ဗုဒ္ဓဆွေတော်မျိုးတော် သာကီဝင် ကား ဤသူဤသူ ပင် တည်းဟု လက်ညှိုးထိုး၍ပြစရာတဦးတလေမျှ မကျန်တော့ချေ။ တဦးတလေ ကျန်သေးသည် ဆိုစေ၊ အချိန်တိုအတွင်း မှာ လုံးဝပျောက်ကွယ်ရချေတော့သည်။ အဘယ်ကြောင့်ဆို သော် တပါးအမျိုး နှင့် မနှောသော အသမ္ဘိန္နခတ္တိယဂုဏ် ကို ထိန်းသည်ဖြစ်ရာ အဘယ်မှာ မျိုးပွား နိုင် အံ့နည်း။ သိပ္ပံသဘော အရ လည်း ဆွေမျိုးရင်းချာ ချင်း အိမ်ထောင်ပြုသည်ဖြစ်ရာ အမျိုးဇာတ်ပျက်သုဉ်းဖို့ရာ ပို၍သေချာပါသည်။ အမျိုးပျောက်မှာ စိုးကြောက်စရာ ဟု တွေးကာ အမျိုးမပျောက် အောင် မည်မျှပင်ထိန်းထိန်း အမျိုးကတော့ ပျောက် မှာ သေချာသည်။ ဗုဒ္ဓ၏ သာကီဝင်အနွယ်တော် တို့ ဘယ်ရောက်ကုန်ပါသနည်း။ သံဝေဂရစရာ ပင် ဖြစ်သည်။ ငါတို့ မြန်မာရှေးဟောင်းပျူလူမျိုး တွေ ကော ဘယ်ရောက် ကုန်ပါ သနည်း။ လောက တွင် အမြတ်ဆုံး တန်ခိုးအကြီးဆုံး လူသားစွမ်းအားရှင် ဗုဒ္ဓကိုယ်တော် တိုင်ပင် မိမိ ၏  အသမ္ဘိန္နခတ္တိယနွယ်ရိုး သာကီဝင်မင်းမျိုးတို့ အမျိုးဇာတ်မပျက် သုဉ်းရေး ကို လုံ့လကြိုးကုတ် အားထုတ်၍  ရတော်မမူပါ။ ထို့ကြောင့် လောကတံထွာဓမ္မတာအရ အမျိုးက တော့ပျောက် ကိုပျောက်ရမည်။ သို့သော် ထိုအမျိုးတို့ ရာဇဝင်တွင်ထင်ရှားရှိခဲ့စဉ်က ဖြစ်ထွန်းခဲ့သည့် ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်ဖို့ကသာ အရေးကြီးပါသည်။

လောက၌ သာကိယဇာတ် ဗုဒ္ဓရှင်တော်မြတ် ပရိနိဗ္ဗန် စံတော်မူ သွားခဲ့ချေပြီ။ သို့သော် ဗုဒ္ဓဟောကြားတော်မူခဲ့သော ဒေသနာများထင်ရှား ရှိနေရကား လောကမှာ ဗုဒ္ဓပေါ်ထွန်း နေဆဲပင် ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့လူသား အားလုံး သည် ဗုဒ္ဓ၏ ဓမ္မရိပ် ၌ ခိုလှုံရင်း လောကီ လော ကုတ္တရာအကျိုးတရားများ ကို ခံစားနေကြရခြင်း ဖြစ်ပါသည်။ ငါတို့ မြန်မာနိုင်ငံ ၌ လည်း ငါတို့၏ရှေးဟောင်း ပျူလူမျိုးတို့သည် ရာဇဝင်တွင် အထင်အရှား ရှိခဲ့လင့်စကား ယခုအခါ ပျူဟူ ၍ တလူတယောက်မျှမရှိတော့ချေ။ သို့သော် ပျူစာပေ၊ ပျူယဉ်ကျေးမှုအမွေအနှစ်များ ကား မြန်မာ့ ရှေးဟောင်းအမွေအနှစ် အဖြစ် ကျန်ရစ်နေပေသေးသည်။ ထို့ကြောင့် ရှေးဟောင်းပျူလူတို့ ပျောက်သုဉ်းခဲ့ရလင့်စကား ပျူယဉ်ကျေးမှုများ ကို ကား တွေ့နေရဆဲပင်ဖြစ်ပါသည်။

အမျိုးပျောက်မှာစိုးကြောက်ပါသည် ဟူသော ဉာတတ္ထစရိယ ကို ဗုဒ္ဓတို့သော် မှ လက်မှိုင်ချရသည် ဖြစ်ရာ ယဉ်ကျေးမှုမပျောက်အောင် သာ ကြိုးပမ်းကြရမှာဖြစ်ပါသည်)

ကျနော် ထိုစာ ကို ဖတ်၍ ဆင်ခြင်တွေးဆစရာ တွေ တိုးလာ၏။ တကယ့်လူမျိုး ကြီး တမျိုးလုံး ပျောက်ကွယ် သွားခဲ့ရသည့် လူမျိုးတွေ အကြောင်း ဖတ်ဖူးမှတ်ဖူး၏။ သူတို့ ချန်ခဲ့သည့် ယဉ်ကျေးမှု လက်စလက်န များကို ထောက်၍သာ ဤသူတွေ ဤနေရာမှာ ဤသို့ကြီးကျယ်ခဲ့ဖူး ပါလားဟု ယုံရ၏။ ယုံချင်စရာပင် မရှိ။  ထိုအတိုင်းပင် ယုံချင်စရာ မကောင်း ဘဲ ယုံလိုက်ရသည့် အဖြစ်တခု ကို အမေရိကန်ပြည်ထောင်စု ကင်တပ်ကီပြည်နယ် မှ မောင့်ပလဲဆင်န့် ဆိုသည့် အရပ်က Shakers Village ရွာ ရောက်တော့ ထပ်ကြုံပြန် ၏ ။ သူတို့အဖြစ် က လူမျိုးတမျိုး ၏ အမျိုးဇာတ် ပျက်သုဉ်း သွားခြင်းမဟုတ်။ ဖျက်ဆီးခံ ရ၍  ပျက်ရသည့်အဖြစ်မဟုတ် ။ ကိုယ့်သဘော နှင့် ကိုယ် မျိုးဆက်ပြုတ်အောင်နေပြီး ရာချီ သည့် လူတွေ ကမ္ဘာမြေပေါ်မှ တစတစပျောက်ကွယ် သွားကြခြင်းဖြစ်၏။

 

ရှိတ်ကားစ်များ အကြောင်း ကိုပြောမည် ဆိုလျှင် ဓမ္မသစ်ကျမ်း “တမန်တော်ဝတ္ထု″ အခန်းကြီး၂၊ အခန်းငယ် ၃-၄ မှစရမည်ထင်၏။

ယခုကျနော်ပြောချင်သည်က ကင်တပ်ကီ မောင့်ပလဲဆင်န့်က ရှိတ်ကားစ်များကိစ္စဖြစ်သဖြင့် Ann Lee အန်းလီးအကြောင်းကစပါမည်။

Ann Lee (၁၇၃၆ - ၁၇၈၄)

Ann Lee (၁၇၃၆ – ၁၇၈၄)

သူ့ကို ဖေဖေါ်ဝါရီ ၂၉၊ ၁၇၃၆ တွင် အင်္ဂလန်မန်ချက်စတာမြို့၌မွေးပြီး စက်တင်ဘာ ၈၊ ၁၇၈၄ တွင်ကွယ်လွန်၏။။  အဖေကပန်းပဲဆရာ ဂျွန်လီးစ်။  အမေက ဘာသာရေး ကိုင်းရှိုင်းသူ ။ သူ ၆ နှစ်သမီး အရွယ်တွင် ဗတ္တိဇံခံ၏ ။ အပျိုဖော်ဝင်စ က စပြီး ချစ်မှုရေးရာ တွေ သိတ်မဝင်စား။ မိဘတွေ ဇွတ်နားချ ၍ အိမ်ထောင်ကျ ၏။ ကိုယ်ဝန် ၈ကြိမ် ဆောင် ကာ လေးယောက် အသေမွေးပြီး  ၄ ယောက်အဖတ်တင်သော် လည်း အားလုံး ၆ နှစ်ထက် ပိုမခံကြ။ လင်ယူသားမွေးမှု သည် လူလူချင်း  ကျား/မ ခွဲပြီး ချိုးနှိမ်သည့် ပင်ပမ်းဆင်းရဲ ဟုမြင်၏။ နဂိုအခံ ကလည်း ပုထုဇဉ် တို့ကို ကာမဘုံသားဆုံလည်နွား တွေလို့ ထင်ထား၏။ ဘုရားသ္ခင်အထံတော် တွင် ကျား/မ တန်းတူ၏ ဟုမြင်ပြီး လူတို့ပြုသမျှအပြစ်တွင် လိင်ဆက်ဆံခြင်း သည် အကြီးတကာ့အကြီးဆုံး ဟု ယုံ၏။

သို့ဖြင့် ဝိဉာဉ်၏စင်ကြယ်ရာကို ရှာရင်း ဝေါ့ဒ်လေးစ်ဇနီးမောင်နှံ နှင့် ၁၇၈၅ တွင်ချိတ်မိ၏။  ဤတွင် ရှိတ်ကားစ်အယူအဆ သန္ဓေတည်မိ၏။ ဝေါ့ဒ်လေးတို့က “လိင်မှုရှောင်ခြင်းဖြင့် ပြည့်စုံသော မြင့်မြတ်စင်ကြယ်မှု ကိုရ၏”  ထို့ပြင်  “ဓါတ်စီးပြီးတကိုယ်လုံးယိမ်းထိုးလာရခြင်း သည် လူတို့အား သန့်ရှင်းစင်ကြယ်စေရန် အလို့ငှာ ဆေးကြောတော်မူသော ဘုရားသ္ခင် ဝိဉာဉ်တော် စွမ်း ကြောင့်” ဟု ဆို၏။ ဝိဉာဉ်တော် ပူးဝင်ပြီး ထိုသို့ Shaking ဖြစ်လာသူ တို့ Shakers  များဟု ခေါ်၏။ အမေရိကားတွင် သူတို့ကို တရားဝင်သုံးသည့် အမည်ကွဲတွေ လည်းရှိသေး၏။ သူတို့ကျင့်စဉ် က  လိင်မှုရှောင်၊ တန်းတူလုပ်၊ တန်းတူစား၊ ဘုံပိုင်ဆိုင်မှုဖြင့်နေ၊ ဝိဉာဉ်ဓါတ်စီးပြီး ကိုယ့်ကိုယ်ကို စင်ကြယ်စေရေး။ ဤတွင် ကျောင်းတော်  Church of England  နှင့်  ရန်စပေါ်ပြီး၊  သူ ထောင်ထဲရောက်သွား၏။ ထောင်ထဲတွင် “လိင်ကိစ္စသည် ဒုစရိုက်မှုအပေါင်း ၏ သရဖူဖြစ်၏။ ထို့ကြောင့် ထိုကိစ္စ ကို ပြင်းစွာ ရှောင်ရမည်။ ခရစ်တော် ဒုတိယ အကြိမ်ပြန်ကြွတော်မူချိန် အတွက် ပြင်ဆင်ဘွယ်ရာ တို့ကို သူ့အနေ ဖြင့်ပြုရမည်။ လောကသစ်ကိုဆောင်ကျဉ်းဖို့ရာ အသင်၏ ဝတ္တရားဖြစ် ၏” စသည်ဖြင့် ဗျာဒိတ်များ ထောင်ထဲတွင်မြင်ခဲ့ရ၏။ သည်လို နှင့် ၁၇၇၄ ရောက်တော့ အန်းလီးနှင့်နောက်ပါ ၈ ဦးသား အမေရိကားသို့ ပေါက်ချလာ၏။ အချိန်က အမေရိကန် တို့ တော်လှန်ရေးစိတ် ထိပ်တက်နေစဉ် ကာလ။ စစ်နဲ့ဝေးဝေး အေးရာအေးကြောင်း နေခြင်း နှင့် ယင်းတို့၏ကျင့်စဉ်ကြောင့် အရိုက်အနှက်၊ အနှိပ်အစက်၊ အဖမ်းအဆီး နှင့် ထောင်အချတွေပါ ခံရ၏။  ၁၇၇၄ တွင် အမေရိကား၌ ထို ၈ ဦးမှစခဲ့သည့် အယူဝါဒသည် ၁၈၂ဝ လောက် ရောက်တော့ နူးအင်္ဂလန်၊ အိုဟိုင်းယိုး နှင့်ကင်တပ်ကီ တို့တွင်  သက်ဝင်သူ ၂ သောင်းကျော် ဖြင့် ရွာပေါင်း ၁၉ ရွာ အထိ တည်မိလာ၏။ ၁၈ဝ၅ တွင် ကင်တပ်ကီပြည်နယ် မာဆာခရိုင် မောင့်ပလဲဆင်န့်အရပ် ၌  မြေဧက ၇ဝဝဝ ထောင်ကျယ်၊ ရှိတ်ကားစ် ၅ဝဝ ဖြင့် ရွာတရွာ ၊ ၁၈ဝ၇ ခုတွင် လိုဂန်ခရိုင် ၌ မြေဧက ၆ဝဝဝ ကျယ်၊ ရှိတ်ကားစ် ၃၄၉ ဦးဖြင့်တရွာ ၂ ရွာတည်မိ၏။ ရှိတ်ကားစ်တို့ ၏ နိစ္စဓူဝပြုကျင့်ဖွယ်တွင် ဝိဉာဉ်တော် ၏ လှုပ်အနှိုး ကိုစောင့်ရင်း တိတ်ဆိတ်ငြိမ်သက်စွာ တရားမှတ်ခြင်း၊ ဝိဉာဉ်တော်ဝင်ပူးပြီး ဓါတ်စီးမိလျှင် အုပ်စုလိုက် ဝိုင်းပတ်ကခုန်သီဆိုခြင်း၊ ဘာသာစကား အမျိုးဖြင့် ပြောခြင်း၊ ရှေ့ဖြစ်နောက်ဖြစ် ဟောကိန်း ထုတ်ခြင်း၊ ရောဂါဝေဒနာများ ဘုရားကု ကုခြင်း၊ တန်ခိုးပြာဋိဟာပြခြင်း၊ စိတ်၏စင်ကြယ်ရာ၌ဈန်ဝင်စားခြင်း၊ တခါတရံတွင် ဗျာဒိတ်ရူပါရုံတို့  အား အတူတကွ ရှူမြင်ကြခြင်းတို့ လည်းပါ၏။

သူတို့က ကျား/မ၊ လူမျိုး၊ အသားရောင် ခွဲခြားခြင်း ကိုလက်မခံ။ အလုပ်သဘော အရ ယောင်္ကျားအလုပ်၊ မိန်းမသားအလုပ် ဟူ၍ခွဲခြင်း မှအပ အားလုံးတန်းတူခွင့် ကို ကျင့်သုံး၏။ လိင်မှုကိစ္စ ဝေရာမဏိ သိက္ခာပဒံ။ လုပ်ငန်းခွင် မှာ ဖြစ်ဖြစ် ရွာထဲမှာ ဖြစ်ဖြစ် မိန်းမက မိန်းမသတ်သတ် ယောင်္ကျားကယောင်္ကျားသတ်သတ်။  သူတို့အယူကိုယုံ၍ ဝင်လာသည့် လူများအား ဝိုင်းဝန်း ဆွေးနွေးတိုင်ပင်ပြီး မှ လက္ခံ၏။ ရှာတွေ့သမျှနှင့် ပို့လာသမျှ မိဘမဲ့ကလေးများ အား မွေးစားကြ၏။ မြို့နီးချုပ်စပ်တွေကလည်း သူတို့နှင့်အတူနေဖို့ မိဘမဲ့ကလေး တွေလာပို့ကြ၏။ ကလေးတွေ အသက် ၁၈ နှစ်ပြည့်လျှင်တော့ ကိုယ့်လမ်းကိုယ်ရွေး ကိုယ့်ဘဝ ကိုတွေးပေတော့။ သူတို့နဲ့ဆက်နေပြီး ရှိတ်ကားစ်လုပ်လိုကလုပ်။ မလုပ်လိုက သွားလို ရာသွား။ သည့်အရင်က မွေးခဲ့ပြီး  ရွာပြောင်းလာ၊ မိဘနှင့်အတူနေရင်း ဇာတ်ပြောင်းရှိတ်ကားစ်လေးများလည်းရှိ၏။ သူတို့မှာ ပုဂ္ဂလိပိုင် မရှိ။ လူတယောက် ရှိတ်ကားစ် ဖြစ်လာသည်နှင့် သူ့ပိုင်ဆိုင်မှု အားလုံး ဘုံကျေးရွာသို့အပ်လိုက်၏။ စိုက်ပျိုးရေးနှင့်မွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်ငန်းကို ဘုံသဘောလုပ်။ မျှဝေသုံးစွဲရာတွင်လည်း ဘုံသဘော။ သူတို့ဘုံစနစ်က လူတန်းစား အခြေခံဘုံစနစ်မဟုတ်။ ဘာသာရေး အကြောင်းပြုဘုံစနစ်။

သူတို့ချင်းချင်းအမျိုးဆိုသော်လည်း သွေးစပ်၍တော်ကြသည့်အမျိုးမဟုတ်။ အမျိုးသားမှန်သမျှ ဘရာသာ (ညီနောင်) များဖြစ်ပြီး အမျိုးသမီးမှန်သမျှ စစ္စတာ(ညီအစ်မ)တွေချည်းဖြစ်၏။ တယောက်ကိုတယောက် ဘရာသာ စစ္စတာဟုသာခေါ်ရ၏။ ရိုးရိုးကုပ်ကုပ် ဘဝ မှန်သော်လည်း တီထွင်ဖန်တီးကြသူများဖြစ်၏။ မီးဖိုချောင်သုံး၊ အိမ်သုံး ကိရိယာများ၊  ကြိုးလွှအဝိုင်း၊ တံမျက်စည်းပြား၊ အဦးဆုံးအဝတ်လျှော်စက်နှင့် ထွန်တုံးထယ်သွား စသည်များလည်းထွင်ခဲ့ကြ၏။ သူတို့လက်ရာသက်သက် အိမ်သုံးလက်မှု ပစ္စည်း တွေ လည်းထုတ်၏။ ကျန်းမာရေးလိုက်စားပြီး အနေအထိုင်လည်းသန့်ပြန့်၏။ သွေးလွန်တုတ်ကွေး၊ တီဘီ၊ ပလိပ်၊ ကာလဝမ်းလို ကပ်ရောဂါတွေတခါမှ မသင့်ခဲ့။ ပြည်တွင်းစစ်ကြီး ဖြစ်လာတော့ သူတို့အယူအတိုင်း အေးအေးလူလူနေကြ၏။ ဘယ်သူမှစစ်ထဲမလိုက် စစ်မတိုက်။ ဘယ်ဘက်မှလည်း မလိုက်။ တောင်ပိုင်းမြောက်ပိုင်း ဘယ်အပိုင်း က စစ်သည် တွေဖြစ်ဖြစ် ရိက္ခာပြတ် လာလျှင် ရှိတာထုတ်ပေးခဲ့ကြ၏။ စက်မှုတော်လှန်ရေးကြီးအပြီး မြို့တွေမှာစက်ရုံတွေမှိုလိုပေါက်လာတော့ ရွာပစ်ပြီးမြို့ပြေးသူတွေတရုံးရုံးဖြစ်လာ၏။ သံဝါသ နှင့် တဏှာရာဂကိုရှောင်တော့ မျိုးဆက်သစ်တွေလည်း မပြန့်ပွား။ လူသစ်တွေလည်းထပ်မတိုးသည့်ပြင် ရှိပြီးသူတွေကလစ်ကြဆိုတော့ ရှိတ်ကားစ်တို့အဖို့ ရှင်နည်းရာအဂ္ဂလူထွက် ဖြစ်လာတော့၏။ ဤတွင် ရှိတ်ကားစ်တို့ နိဋ္ဌိတံရန်အကြောင်းဖန်တော့၏။

သည်လိုနှင့် ၁၈ဝ၅ ခုနှစ်က စ စည်ပင်ခဲ့သည့် မောင့်ပလဲဆင်န့်က ရှိတ်ကားစ်ရွာလေး ၁၉၁ဝ လည်းကျရော ကျီးနှင့်ဖုတ်ဖုတ်။ ရှိတ်ကားစ်အစ အန်းလီကဟုဆိုလျှင် နောက်ဆုံးရှိတ်ကားစ် မှာ မေရီဆက်တယ်လ် (၁၈၃၆-၁၉၂၃) ဖြစ်မည်။ သူက သူတို့ဘုံလူ့အဖွဲ့အစည်းတွင်ကျား/မတန်းတူခွင့်ရှိမှုအားတန်ဖိုးထားသလို သူမသေခင်မှာ အမျိုးသမီး တွေ မဲပေးခွင့်ရသည် ကိုလည်း မြင်တွေ့သွားခဲ့၏။

သူတို့မရှိတော့သည့်နောက် နေသူမဲ့ပြင်သူမဲ့ အဆောက်အဦးတွေ ယိုယွင်းလိုက်လာ၏။ ပိုက်ဆံရှိသူ တွေကထိုမြေနေရာတွေ ကိုဝယ်ပြီး အဆောက်အဦးတချို့ကို စက်မှု ဇာတ်သွင်း ကာ ကားဝပ်ရှော့ တွေဖြစ်လာ၏။ ၁၉၆၁ ခုရောက်တော့ အစိုးရက “ဤနေသည်အမေရိကန်ပြည်ထောင်စု၏ သမိုင်းဝင်နေရာဖြစ်၏” ဟုသတ်မှတ်ကာ ပြုပြင်ထိမ်းသိန်း စောင့်ရှောက်တာတွေစလုပ်၏။ ကျနော်ရောက်တော့ မူလအဆောက်အဦး ၄ဝဝ ကျော်အနက်က ၄ဝ ခန့်သာအကောင်းပကတိ  ထိန်းထားသည်ကိုတွေ့ရ၏။ ထိုအထဲတွင် နဂိုရှိသည့် ရွာထဲက စားသောက်ဆိုင်၊ သိုးမွှေးညှပ်ရုံ၊ စိုက်ခင်းစိုက်ကွက်တချို့၊ ဘုံသုံးအဝတ်လျှော်စက်၊ အခြောက်ခံစက်နှင့်မီးပူတိုက်ရာနေရာ၊ မြင်းဆွဲဆီကြိတ်ဆုံ၊ စုပေါင်းဝတ်ပြုရာ ဘုံဘုရားကျောင်းကြီး၊ စုပေါင်းဆွေးနွေးတိုင်ပင်ဆုံးဖြတ်ရာဘုံရိပ်သာ၊ အမျိုးသမီးပစ္စည်းအရောင်းဆိုင်၊ အမျိုးသားပစ္စည်းအရောင်းဆိုင်၊ အမျိုးသားအိပ်ဆောင်၊ အမျိုးသမီအိပ်ဆောင်များ၊ ကလေးအိပ်ဆောင်များ၊ အိမ်တွင်းမှုပစ္စည်းများထုတ်သည့်အလုပ်ရုံ၊ ရွာ့နောက်ခြမ်း စုပေါင်းအိမ်ယာကြီးများ၊ သုဓမ္မာဇရပ်ကြီးများ၊ စုပေါင်းစားဖိုကြီးများ၊ စုပေါင်းစားသောက်ခန်းကြီးများ၊ ကျွဲ၊ နွား၊ မြင်းတင်းကုပ်များ၊ ကျောက်မီးသွေး သုံးသံရည်ကျိုဖိုများ စသည်ဖြင့်အတော်တော်များတွေ့ရ၏။ ရှိတ်ကားစ်တွေလိုဝတ်ထားသည့် ဧည့်လမ်းညွှန်တွေက လိုက်ရှင်းပြသရုပ်ဆောင်ပြကြ၏။ ပြန်ခါနီးတော့ ရွာထိမ်းသိန်းရေးတာဝန်ရှိသူတဦးက “လာရတာနှစ်သက်ပါသလား”ဟုမေးတော့ ကျနော်က နှစ်သက် ကြောင်း ပြောပြီး စိတ်ဝင်စားဘွယ် ဘဝနေနည်းတခုဟုထင်ကြောင်း” ပြန်ဖြေခဲ့၏။

အပြန်လမ်းမှာ တွေးစရာတွေတပုံကြီးပါလာ၏။ သာကီဝင်များနည်းတူ ရှိတ်ကားစ်တွေလည်း အမျိုးပျောက်ခဲ့ကြ၏။ သို့သော် ရှိတ်ကားစ်တို့က သာကီဝင်တို့လို လူမျိုးတမျိုး အနွယ်တနွယ်မဟုတ်။ လူမျိုးစုံနှင့်စုဖွဲ့ထားသည့် ဘုံလူ့အစုအပေါင်း။ ဦးကျော်လှိုင်၏ အမြင်အရ ဝိဋဋ္နူဘ၏ လက်စားချေစစ်နှင့် ဆွေမျိုးခြင်းပြန်ယူသည့်အလေ့ကြောင့် သာကီဝင် တို့ အမျိုးပျောက်ရခြင်း ဖြစ်၏။  စက်မှုအရင်းရှင်စနစ်နှင့်မြေယာအခြေခံစနစ်တိုက်ပွဲ၊ တသီးပုဂ္ဂလဘဝအနေနှင့်ဘုံသဘောကြား ကီးမကိုက်မှု၊ လိင်ကိစ္စကိုဒုစရိုက်မှုဟုယူကာ မျိုးဆက်ပြန့်ပွားရေး ကိုတားဆီးခြင်း တို့က ရှိတ်ကားစ်တွေကို ပျောက်စေခဲ့၏။ သို့သော် သူတို့ယဉ်ကျေးမှုနှင့် အနုလက်ရာတို့ကျန်ခဲ့၏။ နှောင်းလူတို့ သံဝေဂယူစရာတွေ ချန်ခဲ့၏။

ကျနော်တို့ဆီ တွင်လည်း အမျိုးပျောက်မှာစိုးကြောက်သူတွေ ရှိ၏။ သို့သော် သူတို့ပျောက်မှာစိုးသည်ကား လူမျိုးမဟုတ်။ စစ်မျိုးဖြစ်၏။ ဘယ်လောက်ကြောက်ကြောက် ထိုအမျိုးပျောက်ရ မည်ကား သေချာ၏။ စစ်မျိုးစစ်နွယ် အုပ်ချုပ်သူ လူတန်းစားတရပ် ထူထောင်လိုခြင်းကား ယင်းတို့၏ဆန္ဒသာဖြစ်၏။ လောကသဘောအရ ဆန္ဒရှိတိုင်း လုပ်မရ သည့်၊ လုပ်မဖြစ်သည့်၊ ဖြစ်မလာသည့်ကိစ္စတွေ အမြောက်အများရှိ၏။ ပျောက်ရခြင်းတွင်လည်း အကြောင်း၂မျိုး ခံလိမ့်မည်။ အတွင်းကလာသည့် အကြောင်း(သာကီဝင် နှင့်ရှိတ်ကားစ်တို့၏ ဥပမာနှင့်ဆိုသော် ဆွေမျိုးခြင်းပြန်ယူခြင်း နှင့် လိင်ကိစ္စကိုပိတ်ပင်ခြင်း)။ ပြင်ပကလာသည့်အကြောင်း (ထို ဥပမာနှင့်ဆိုသော် စစ်ပွဲနှင့်စနစ်ပြောင်းခြင်း)။

စစ်မျိုးပျောက်မှာ စိုးသူများ တွင်လည်း ပျောက်ရမည့်အတွင်းအပြင်အကြောင်း များစွာရှိ၏။ အတွင်းကအကြောင်းကရှိနေပြီးသား (အာဏာမက်မှုနှင့်စားခွက်လုခြင်း)။ အပြင်အကြောင်းက(လူထုအစိုးရနှင့်လွတ်လပ်ခွင့်လိုအပ်ချက်)။ အပြင်အကြောင်းက အပြင်သူတွေကြောင့်သာဖြစ်ရမည်။ ကျနော်တို့ကား အပြင်လူတွေဖြစ်ကြ၏။ စစ်မျိုးနွယ်အုပ်ချုပ်သူလူတန်းစားကို မနှစ်မြို့သူများဖြစ်ကြ၏။

အမျိုးပျောက်မှာစိုးကြောက်ပါသည်ဟု ကြွေးကြော်ခဲ့သူပင် ယခုစစ်ညွံ့တုံးဘဝရောက်နေရပြီ။ သို့သော် စစ်အာဏာနှင့်စစ်မျိုးကား မကန်းသေး။ မပျောက်သေး။ ကျနော်တို့ အားထုတ်ဖို့ လိုသေးကြောင်း သက်သေပင်ဖြစ်၏။

မျိုးမြင့်ချို (၉/၂၂/၂ဝ၁၁)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: