“ရိုဟင်ဂျာ/ဘင်္ဂါလီမဟုတ်ဘူး ကျနော်တို့ ကမန်တွေပါ” ကျောက်နီမော်ရွာသားနှင့် RFA Interview

“ရိုဟင်ဂျာ/ဘင်္ဂါလီမဟုတ်ဘူး ကျနော်တို့ ကမန်တွေပါ” ကျောက်နီမော်ရွာသားနှင့် RFA Interview

အောက်တိုဘာ၊ ၃၀ ၊၂၀၁၂
M-Media

ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာ အား ရခိုင် အကြမ်းဖက်သမားများမှ ဖျက်ဆီးရန် ကြိုးစားနေမှု့အခြေအနေနှင့် စပ်လျဉ်းပြီး RFA မှာ ကျောက်နီမော်ရွာသားတဦးကို (၃၀.၁၀.၂၀၁၂) တွင်ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

“ရိုဟင်ဂျာ/ဘင်္ဂလီမဟုတ်ဘူး ကျနော်တို့ ကမန်တွေပါ” ကျောက်နီမော်ရွာသားနှင့် RFA အင်တာဗျူး (30,10.2012) by M-Media

RFA –  ဟုတ်ကဲ့ ခင်ဗျ အခု ဘယ်ကပြောနေတာပါလဲခင်ဗျာ?
ဖြေ – အင်း… ကျွန်တော်အခု ကျောက်နီမော်ကျေးရွာအလယ်ပိုင်းပြောနေတာပါခင်ဗျာ။

RFA- ဟုတ်ကဲ့ အဲ့ဒီမှာဘယ်လိုဖြစ်သလဲ ကျွန်တော့် နည်းနည်း ရှင်းပြပါလားခင်ဗျာ?
ဖြေ – ဒီနေ့ ၃၀.၁၀.၂၀၁၂ရက်နေ့မှာပေါ့နော် ရခိုင်ကျေးရွာတွေ ပါတ်ပါတ်လည်ဝိုင်းနေတဲ့ ကျွန်တော်တို့ ဒီ အစ္စလာမ်တိုင်းရင်းသားတွေနေထိုင်တဲ့ ဒီ ကျေးရွာကို ရခိုင်တိုင်းရင်းသားတွေက ၀ိုင်းပြီးတော့ မီးရှို့မယ်ဆိုပြီးတော့ ပါတ်ပါတ်လည်မှာ ၀ိုင်းရံထားတဲ့အနေအထားရှိပါတယ်ခင်ဗျ။

RFA – ဘာကြောင့်သူတို့က ဒီလိုဝိုင်းရံထားတာလဲခင်ဗျ?ဘာကြောင့်မီးရှို့ချင်တာလဲ?
ဖြေ- သူတို့တွေရဲ့ပြောကြားချက်အရ ကျွန်တော်တို့တစ်တွေကို သူတို့ရခိုင်ပြည်နယ်မှာ ဒီမွတ်စလင်တွေ မရှိရဘူးဆိုတဲ့ သူတို့တွေရဲ့ ဟို မျိုးချစ်စိတ်ဓာတ်လို့ ပြောရမလား၊ ဘယ်လိုပြောရမလဲတော့ မသိဘူးခင်ဗျ။ သူတို့တွေက အခု လက်ရှိအနေအထားမှာလည်း ဒီက ဟို ရမ်းဗြဲကျွန်းမှာဆိုလို့ရှိရင်လည်း ရမ်းဗြဲမြို့နယ်အတွင်းမှာဘဲဖြစ်ဖြစ် ဒီ.. ရခိုင်မွတ်စလင်ကျေးရွာတွေဆိုလို့ရှိရင် မရှိသလောက်ဖြစ်သွားပါပြီခင်ဗျ။ သူတို့မီးတိုက်ဖျက်ဆီးတာတို့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတယ်ခင်ဗျ။

RFA- ခင်ဗျားတို့ရွာကို ပတ်ပတ်လည်ဝိုင်းထားတယ်ဆိုတာ ဘယ်ကနေ၀ိုင်းထားတာလဲ?
ဖြေ- ကျွန်တော်တို့ရွာက ပင်လယ်ပြင်ကို ကျောခိုင်းပြီးတော့ ဒီ တောင်ခြေမှာရှိနေတဲ့ ကျေးရွာလေးပါခင်ဗျာ။ ကျောက်နီမော်ကျေးရွာရဲ့ပတ်ပတ်လည်မှာဆိုလို့ရှိရင်ခင်ဗျာ ဒီပတ်ဝန်းကျင် ကျေးရွာအားလုံးဟာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေနေထိုင်တဲ့ ကျေးရွာတွေဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီပတ်ပတ်လည်ကျေးရွာတွေကနေ လူစုပြီးတော့ ကျွန်တော်တို့ရွာရဲ့ဝင်ပေါက်ထွက်ပေါက်တွေအားလုံးမှာ သူတို့ အပြင်ဘက်ကနေပြီးတော့ ၀ိုင်းရံပိတ်ဆို့ထားပါတယ်ခင်ဗျ။

RFA- အဲ့ဒီတော့ဝိုင်းရံပိတ်ဆို့ထားတဲ့ရခိုင်တိုင်းရင်းသားအင်အားက ဘယ်လောက်လောက်ရှိလဲခင်ဗျ?
ဖြေ- ရွာအစွန်အဖျားမှာရှိနေတဲ့လူတွေပြောပြချက်အရဆိုရင် အင်အားသုံးထောင်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်ခင်ဗျ။

RFA- သုံးထောင်လို့ပြောတာလား?
ဖြေ- ဟုတ်ပါတယ်ခင်ဗျ။

RFA- ဘေးပတ်ပတ်လည်ရွာတွေက ဒီ ကျောက်နီမော်ရွာနဲ့ အရင်က ဒီလို ရွာနီးချင်းတွေပဲ ခင်ဗျားတို့ အတူတူနေခဲ့ကြတာပဲမဟုတ်ဘူးလား?
ဖြေ- ဟုတ်ပါတယ်ခင်ဗျ အရင်တုန်းကအတူတကွ ချစ်ချစ်ခင်ခင်ပဲနေခဲ့ကြတာပါခင်ဗျ။ တစ်ယောက်နဲ့တစ်ယောက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလိုပေါ့ဗျာ ဒေသခံ မွတ်စလင်တွေက ရေလုပ်ငန်းကို လုပ်ကိုင်တယ် သူတို့ကနေပြီးတော့ ဟို ဆန်ရေစပါးစိုက်ပျိုးတယ် အဲ့ဒီအပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလို နေထိုင်လာခဲ့တာ နှစ်ပေါင်း ရှစ်ရာ တစ်ထောင်နီးပါးလောက် ရှိပါပြီခင်ဗျ။
ကျောက်နီမော်ကျေးရွာဟာ သဘာဝဘေး အန္တရာယ်အလျောက် အလိုလျောက် မီးလောင်ကျွမ်းခဲ့တာ နှစ်ကြိမ်တိုင်တိုင် ခံခဲ့ရပါတယ်။ အဲ့ဒီအကြိမ်တွေမှာဆိုလို့ရှိရင်လည်း ၉၈ခုနှစ်တစ်ကြိမ်ပါ၊ ၂၀၁၁ ခုနှစ်က တစ်ကြိမ်ပါ မီးလောင်ကျွမ်းခြင်းခံခဲ့ရပါတယ်။ အဲ့ဒီအကြိမ်တွေမှာဆိုလို့ရှိရင်လည်းခင်ဗျာ ကျွန်တော်တို့ ဒီ ဒေသခံရခိုင်ဗုဒ္ဓဘာသာဝင် အနီးအနားကျေးရွာတွေကပဲ အကူအညီပေးပြီးတော့ မီးငြိမ်းသတ်တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်ခင်ဗျ။

RFA- ဟုတ်ကဲ့ ခင်ဗျားတို့ ဒီ မွတ်စလင်တွေကရော ပြန်ပြီး အဲ့ဒီ ဘေးကကျေးရွာတွေကို ဘာတွေ ကူညီဖူးလဲခင်ဗျ?
ဖြေ- ဘေးကကျေးရွာတွေဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ဟို ဘယ်ဘုရားပွဲ၊ ဘယ်ဘုန်းကြီးပျံပွဲပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီမှာရှိနေတဲ့ ဒေသခံမွတ်စလင်တွေက ဥပမာ ရခိုင်ရိုးရာကျင်ပွဲချတာမျိုးမှာဘဲဖြစ်ဖြစ် ဗုဒ္ဓပူဇနိယပွဲတွေမှာဘဲဖြစ်ဖြစ် သာသာနာရေးဖိတ်ကြားချက်အရ သွားရောက်ပြီးတော့ အလှူငွေထည့်ဝင်တာမျိုးတို့ ရွှေမောင်းငွေမောင်းချီးမြှင့်တာမျိုးတို့ အပြန်အလှန်ဆက်နွှယ်မှုတွေ ရှိခဲ့ပါတယ်ခင်ဗျ။

RFA- ဟုတ်ကဲ့ အဲ့ဒါဆိုရင် အခုကျခါမှ ခင်ဗျားတို့ ဒီ မွတ်စလင်နဲ့ဗုဒ္ဓဘာသာတွေကြား အခုလိုပဋိပက္ခတွေဖြစ်လာရတယ်ဆိုတာ ဘာကြောင့်လဲခင်ဗျ?
ဖြေ- ဘေးပတ်ဝန်းကျင်ရဲ့သွေးထိုးလှုံ့ဆော်မှုတွေ ကြိုးကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေရဲ့ အားပေးကူညီမှုတွေရဲ့ မီးစလို့ ထင်ပါတယ်ခင်ဗျ။ ကျောက်နီမော်ကျေးရွာမှာဖြစ်ပွားခဲ့တဲ့ မသီတာထွေး အမှုအခင်းကိစ္စနဲ့ပါတ်သက်ပြီးတော့လည်း ဆက်နွယ်မှုရှိမယ်လို့ ထင်ပါတယ်ခင်ဗျ။

RFA- အစိုးရသက်ဆိုင်ရာအာဏာပိုင်တွေက ဘာများဆောင်ရွက်ပေးနေတာ ရှိပါသလဲ ခင်ဗျ?
ဖြေ- ခလ၇ ၃၄၆ နဲ့ ခလရ ၅၆၂ က တာဝန်ရှိ ကျွန်တော်တို့ ဟို အကြီးအကဲတွေ၊ မြန်မာ့တပ်မတော်မှ တာဝန်ရှိရဲဘော်တွေဟာဆိုလို့ရှိရင် ကျွန်တော်တို့ကျေးရွာကို ၀ိုင်းဝန်းပြီးတော့ အကာအကွယ်ပေးထားတဲ့ အနေအထားမှာ ရှိပါတယ်ခင်ဗျ။ ပစ်တာခတ်တာ မနက်ပိုင်းကတော့ သေနတ်သံ လေးငါးချက်လောက်တော့ ကြားမိပါတယ်ခင်ဗျ။ မနက်က သေဆုံးသူ ၁ဦးရှိတယ်၊ ထိခိုက်ဒဏ်ရာရရှိသူ ၂ဦးရှိတယ် ဆိုတဲ့ သတင်းတော့ ရပါတယ်ခင်ဗျ။

RFA- ခင်ဗျားတို့ရွာသားတွေကို အစဉ်အလာအားဖြင့် ဘယ်လိုခေါ်ကြလဲဗျ။ ခင်ဗျားတို့က ရိုဟင်ဂျာတွေလား?
ဖြေ- ကျွန်တော်တို့ရိုဟင်ဂျာမဟုတ်ဘူးခင်ဗျ။ ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ ကျော် ၉၀၀ လောက်ကတည်းကပဲ အင်း AD ၈၀၀ လောက်ကတည်းပဲ အခြေချပြီး နေထိုင်လာခဲ့ကြတာ။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ အက်ဥပဒေအရလည်း ကျွန်တော်တို့ ဒီမှာ ကျွန်တော်တို့ လက်ရှိဒီမှာနေထိုင်တဲ့တွေသူ အားလုံးဟာ နိုင်ငံသားစီစစ်ရေး ကတ်ပြား ကိုင်ဆောင်ထားတဲ့သူတွေချည်းဖြစ်ပါတယ်ခင်ဗျ။

RFA- ဟုတ်ကဲ့ အဲ့တော့ ခင်ဗျားတို့ ရိုဟင်ဂျာမဟုတ်ဘူး။ ခင်ဗျားတို့ကို နောက် ဘင်္ဂါလီလို့ခေါ်တာရော ဟုတ်လား?
ဖြေ- ကျွန်တော်တို့ ဘင်္ဂါလီမဟုတ်ဘူးခင်ဗျ။ ကျွန်တော်တို့ နိုင်ငံသားစီစစ်ရေးကတ်ပြားမှာကိုယ်တိုင်ကိုယ်က လူမျိုး ကမန်၊ ကိုးကွယ်သည့်ဘာသာ အစ္စလာမ်ဆိုတာ အတိအလင်း သူတို့ နိုင်ငံတော်က ဖော်ပြထားပြီးသား ရှိပါတယ်ခင်ဗျ။ ကျွန်တော်တို့က ကမန်တိုင်းရင်းသားတွေပါခင်ဗျ။ အဓိကကျွန်တော်တို့လိုချင်တာကတော့ ငြိမ်းချမ်းရေးပါပဲခင်ဗျ။ ကျွန်တော်တို့က အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးချမ်းချမ်းဖြစ်သွားဖို့ပဲ လိုချင်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ ဘယ်ကိစ္စကိုမှ ကျွန်တော်တို့ အကြမ်းဖက်မှု ဆောင်ရွက်မှု လုပ်ငန်းကို စိတ်မ၀င်စားပါဘူးခင်ဗျ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: