[Mahamyoo Mahamyoo] on Tuesday, October 30, 2012 at 4:31am
2012 ဂျွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် အုပ်စုဖွဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုကြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဖြစ်ပွားခဲ့တာဆိုရင် ၄ လကျော်နေပြီ ဖြစ်ပါတယ်။ ဂျွန်လ ၃ ရက်နေ့ ညနေမှာ သံတွဲ-ရန်ကုန် ရိုးမသစ္စာ ခရီးသည်တင်ကားပေါ်မှာ အခြားခရီးသည်များ အပါအဝင် သူတော်ကောင်းတရား ပွားများသူ အစ္စလာမ်ဘာသာဝင် မြန်မာပြည်အလယ်ပိုင်း တောင်တွင်းကြီးမြို့မှ ၆ ဦး၊ ဧရာဝတီတိုင်း မြောင်းမြမြို့မှ ၂ ဦး၊ သံတွဲမြို့မှ ယာဉ်မောင်းနှင့် ယာဉ်တာဝန်ခံ ၂ ဦး တို့ဟာ တောင်ကုတ်မြို့ကို ဖြတ်သန်းနေစဉ် လူစုလူဝေး ၃၀၀ ကျော်က မင်းမဲ့စရိုက်ဆန်စွာ ကားကိုတား၍ လက်နက်မျိုးစုံနဲ့ ရက်ရက်စက်စက် ဝိုင်းဝန်းခုတ်ထစ် သတ်ဖြတ်ခဲ့ကြပါတယ်။ မှတ်ပုံတင်၊ ပုံစံ ၁၀ မူရင်း၊ ခရီးသွားသက်ဆိုင်ရာ အထောက်အထား ပြည့်ပြည့်စုံစုံရှိပြီး နေထိုင်ရာ အရပ်ဒေသ အမှန်တွေကို သိရဲ့သားနဲ့တောင် နိုင်ငံပိုင် သတင်းစာနှင့် အချို့သော သတင်းဂျာနယ်များက အသတ်ခံရသူတွေဟာ မြန်မာပြည်ကမဟုတ် အိန္ဒိယတောင်ပိုင်းက ခရီးသွားကုလားများဟု ဗြောင်လိမ်ခဲ့ပါတယ် ၊ ယခုချိန်ထိ အကြမ်းဖက်လူသတ်မှု မဖော်သေးပါဘူး၊ မျက်မြင်သက်သေ မရှိဘူးလိုလို ၊ ဖော်ထုတ်လိုက်ရင် ပြဿနာပိုကြီးထွားနိုင်တယ်လိုလို နဲ့ ဖျောက်ဖျက်ပြစ်ဖို့ ကြံစည်နေကြပါတယ်၊
တောင်ကုတ် အကြမ်းဖက်မှု ပြီးတော့ စစ်တွေ ဘူးသီးတောင် မောင်းတော မှာ အစ္စလာမ်ဘာသာဝင်တွေကို မောင်းထုတ်ဖို့ လုပ်ကြပြန်တယ်၊ မွတ်စလင် သောင်းနှင့်ချီပြီး အိမ်တွေ မီးရှို့ ဖျက်ဆီး ခံရတယ်၊ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်၊များစွာ အသက်ဆုံးရှုံးကြ အသတ်ခံရပြန်တယ်၊ မီဒီယာတွေက ဘက်လိုက် ဖော်ပြ ဝါဒဖြန့်ကြနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုဆီ ဦးတည်အောင် ရည်ရွယ်ချက်နဲ့ လုပ်ကြပြန်တယ်၊ ဘုရားသားတော် မေတ္တာဝါဒီ ဆိုသူတွေကလည်း ပေါ်ပေါ်တင်တင် လူသားချင်း စာနာမှုတွေကို ဘေးချိတ်ပြီး မွတ်စလင် ဆန့်ကျင်ရေးနှင့် ဗုဒ္ဒဘာသာမှ လွဲ၍ ကျန်လူမျိုး ဘာသာတွေကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ကိုယ်တိုင်ကျင့်သုံးပြီး အခြား ပြည်သူတွေကိုလဲ ဝါဒဆိုး မှိုင်းတိုက်ကြပြန်တယ်။ ဒုက္ခရောက် ခိုကိုးရာမဲ့နေသူတွေကို (မွတ်စလင်+ဗုဒ္ဒဘာသာ နှစ်ဖက်လုံး) အကူအညီပေးမယ့် OIC ကို အကြမ်းဖက်အဖွဲ့လိုလို ဘာလိုလို ဝါဒဖြန့် မှိုင်းတိုက်ပြီး OIC အလိုမရှိ ဆိုပြီး ဆန္ဒပြကြပြန်တယ်၊ တကယ်တော့ ကုလသမဂ္ဂ ပြီးရင် ကမ္ဘာမှာ OIC ဟာ ဒုတိယမြောက် အင်အားအကြီးဆုံး အကူညီ ပေးနိုင်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်ပေးနိုင်တဲ့ အဖွဲ့အစည်းကြီးတစ်ခုပါ။ ဒီအဖွဲ့ခင်ဗျာ ဗမာပြည်ရောက်မှပဲ အကြမ်းဖက်အဖွဲ့လိုလို ဘာလိုလို နာမည်တပ်ခံရတော့တယ်၊ မေတ္တာဝါဒီနာမည်ခံထားတဲ့ ဘုန်းတော်ကြီးတွေ ကရင်ပြည်နယ် နှင့် အချို့ဒေသများမှာ မွတ်စလင်တွေကို မဆက်ဆံရ၊ မွတ်စလင်ဆိုင် ဈေးမဝယ်ရ၊ မွတ်စလင်တွေနဲ့ အိမ် ခြံ လယ်ယာမြေ မရောင်း မဝယ်ရ လို့ စာထုတ်လိုက်တော့ တော်တော်လေး အံ့သြသွားရပါတယ်၊ ဂလိုဘယ်ဂျာနယ်မှာ တရားဝင် ဖော်ပြခဲ့တာပါ၊ အစိုးရကလဲ သိသိကြီးနဲ့ မျက်နှာလွဲ နေခဲ့ပါတယ်၊ ဒါ့ကြောင့် မွတ်စလင် ဆန့်ကျင်ရေးတွေဟာ နေရာဒေသ အတော်များများမှာ ပိုမို လုပ်ဆောင်လာကြပါတယ်။
မွတ်စလင်တွေကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ လုပ်ရပ်အပေါ်ဘာလို့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်ဆိုတာကို လက်မခံသလိုလို မသိသလိုလို လုပ်နေကြပြီး အခု သံရုံးတွေရှေ့မှာ ခပ်တည်တည်နဲ့ တိရိစ္ဆာန်ဝါဒ ရပ်တန့်ပါ၊ stop animism ပြောနေတဲ့သူတွေဟာ နားမလည်တာလား၊ မသိတာလား၊ အယောင်ဆောင်နေတာလား မေးချင်ပါတယ်၊ ဘင်္ဂလားဒေရှ့်မှာဖြစ်ခဲ့တာက အိမ်ခြေ လက်တစ်ဆုပ်လောက်နဲ့ ဘုန်းကြီးကျောင်း အနည်းငယ် ဖျက်ခံရတာပါ၊ လူမသတ်ခဲ့ လူမသေခဲ့ပါဘူး၊ သက်ဆိုင်ရာအစိုးရကလဲ ပြစ်မှုကျူးလွန်သူတွေကို ကျောသားရင်သား မခွဲခြားပဲ အရေးယူပါတယ်၊ ဝန်ကြီးချုပ် ကိုယ်တိုင် ဖြစ်တဲ့နေရာတွေကို ကိုယ်တိုင်သွားပြီး ပျက်ဆီးမှုတွေအတွက် တာဝန်ယူကြောင်း ခေါင်းဆောင်ကောင်းပီသစွာ ပြောခဲ့ပါတယ်၊ ယနေ့ သတင်းမှာ ဖျက်ဆီးခံရသော ဘုန်းကြီးကျောင်းများကို မူလပုံစံအတိုင်း ဗိသုကာ ပညာရှင်များဖြင့် အစိုးရက ငွေကြေးကုန်ကျခံကာ၊ စစ်တပ်မှကွပ်ကဲကာ ပြန်လည်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း (အစ္စလာမ်နိုင်ငံဖြစ်တဲ့) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်က ကိုယ်တိုင် ပြောကြားသွားခဲ့သည်ကို ကြားသိခဲ့ရပါတယ်။ ဗမာပြည်မှာက မြို့အချို့မှာ ဖျက်ဆီးခံရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အိမ်များ ဗလီများ ဟာ နှစ်တွေသာ ကြာလာပါတယ် အခုထိ အပျက်ဆီးတွေအတိုင်း ထားရတာပါ၊ ပြင်ဖို့ ခွင့်မပြုပါဘူး၊၊ ဗမာပြည်မှာ တိုင်းပြည်ခေါင်းဆောင်တွေက တာဝန်ယူပေးဖို့ နေနေသာသာ ကိုယ့်ငွေနဲ့ ကိုယ် ပြန်လည်ပြင်ဆင်မယ်ဆိုတာတောင် ခွင့်မပြုတာပါ။ နောက်ပြီး အဲဒီ ဖြစ်စဉ်တွေအတွင်း တောင်ငူမြို့ နှင့် ကျောက်ဆည်မြို့ တွေမှာ အစ္စလာမ်ဘာသာဝင် မိသားစုလိုက်တွေ အစုလိုက်အပြုံလိုက် အကြမ်းဖက် မီးရှို့ အသတ်ခံခဲ့ရတာပါ ၊ ဒီလို အစွန်းရောက် လူမျိုးကြီးဝါဒအခြေခံပြီး အကြမ်းဖက်မှုတွေ လုပ်နေကြသူတွေ၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာက လွဲရင် အခြားဘာသာဝင် တွေကို ရန်သူလို သဘောထားနေကြသူတွေကြောင့် တိုင်းပြည် ဂုဏ်သိက္ခာ ငြိုးနွမ်းနေပြီ ဖြစ်ပါတယ်။
အခု တပါတ်အတွင်း ဗုဒ္ဒဘာသာဝင်တွေမှ အစ္စလာမ်ဘာသာဝင်များကို အဆိုးဝါးဆုံး အကြမ်းဖက် မီးရှို့ သတ်ဖြတ်မှုတွေ ရခိုင်ပြည်နယ် မင်းပြား ကျောက်ဖြူ မြေပုံ နှင့် မြောက်ဦး အစရှိသည့် မြို့တွေမှာ အခု လောလောဆယ် ထပ်ဖြစ်ပြန်တယ်၊ အစိုးရက ထိထိရောက်ရောက် အကာကွယ် မပေးနိုင်ခဲ့တဲ့အတွက် ရွာလုံးကျွတ်၊ ရပ်ကွတ်လုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး သောင်းနှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး အသက်ဆုံးရှုံးရသူ ရာဂဏန်းထိ ရှိခဲ့ပါတယ်၊ စားနပ်ရိက္ခာ ပြတ်လတ်နေကြပြီး ခိုကိုးရာမဲ့ ဖြစ်နေကြရပါတယ်၊ အချို့မှာ ဘေးကင်းရန်အတွက် ပင်လယ်ထဲ လှေများဖြင့်၎င်း၊ တောင်ကုန်းများပေါ်သို့၎င်း တိမ်းရှောင်နေကြရပါတယ်၊
အစ္စလာမ်ဘာသာဝင်များအတွက် လုံခြုံရေး စိတ်မချရတဲ့အတွက် ယခုနှစ် ကုရ်ဘာနီ အီးဒ်ပွဲတော် ကို တစ်နိုင်ငံလုံး မလုပ်ခဲ့ရပါဘူး၊ အချို့ဒေသများတွင် ကုရ်ဘာနီကို ဆန့်ကျင် ကန့်ကွက်သော လှုံ့ဆော်မှုများ အစိုးရမဟုတ်သော အဖွဲ့များမှ ပြုလုပ်မှုများရှိနေခဲ့ပြီး ဥပဒေအရ ကုရ်ဘာနီ လုပ်ခွင့် ရှိသော်ငြားလည်း အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး ၅ ဖွဲ့မှ မလိုလားအပ်သော ပရိပက္ခများ မဖြစ်ပွားစေရန် ကုရ်ဘာနီ မလုပ်ကြရန် မေတ္တာရပ်ခံခဲ့သောကြောင့် တစ်တိုင်းပြည်လုံးက မွတ်စလင်များ ဝမ်းနည်းစွာဖြင့် ကုရ်ဘာနီကို စွန့်လွှတ် ကုရ်ဘာနီ လုပ်ခဲ့ကြပါတယ်၊
ဗမာပြည်မှာ တာဝန်ရှိသူတချို့နှင့် မီဒီယာများ၊ ရခိုင်ပါတီ အပါအဝင်၊ ဘုန်းတော်ကြီးအချို့ ပါဝင်ပါတ်သက်နေသော မွတ်စလင်များကို ဖိနှိပ်မှု၊ အကြမ်းဖက်မှု၊ လှုံ့ဆော်ဝါဒဖြန့်မှုများကြောင့် ဒီမိုကရေစီ ဟူသော လမ်းကြောင်းဟာ မှေးမှိန်ပျောက်ကွယ်စ ပြုလာနေပြီ ဖြစ်ပါတယ်။အဆိုးဆုံးမှာ အများ ထောက်ခံ အားကိုးကြသော ပါတီကြီးက ပါတီဝင်တချို့မှ မွတ်စလင် ဆန့်ကျင်ရေးဝါဒဖြန့် စာရွက်စာတမ်း ၊စီဒီခွေများ ကို ပြောင်ပင် ဖြန့်ဝေနေခြင်းပင် ဖြစ်ပါတယ်။ ပါတီခေါင်းဆောင် နိုဗယ်လ်ဆုရှင် ကိုယ်တိုင် မလုပ်သင့်တာ လုပ်နေကြသော မိမိပါတီဝင်များ အပေါ် တားဆီးခြင်း မပြုသည်ကို တွေ့နေရပါတယ်။ ရှေးဘုရင်များခေတ်မှ သစ္စာရှိစွာ တာဝန်ထမ်းဆောင်ခဲ့ကြသော မွတ်စလင်များ၊ အင်္ဂလိပ်လက်အောက်မှ လွပ်လပ်ရေးအတွက် ဗမာပြည်အတွက် သစ္စာရှိစွာ အသက်ပေး ကြိုးပမ်းခဲ့ကြသော မွတ်စလင်များ၊ အာဇာနည်များ ၊ယနေ့ခေတ်တွင် တိုင်းပြည် တိုးတက်ရေး ဒီမိုကရေစီအရေးအတွက် အနစ်နာခံ ဆောင်ရွက်ခဲ့ကြသော မွတ်စလင်များ ရှိနေသည်ဆိုတာကို လိမ်လို့ မရသည့် အမှန်တရားပင်ဖြစ်ပါသည်။
ခေတ်မှီဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာသော အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်နိုင်ရန် ဗမာပြည်တွင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ဝိုင်းဝန်း ကြိုးပမ်းသွားကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် လူမျိုးစွဲ ဝါဒစွဲများ၊ ဘာသာရေး အစွန်းရောက်ဝါဒများကို စွန့်လွှတ်ပြီး လူကို လူလို့ မြင်ပါ၊ ဘာသာတစ်ခုနှင့် တစ်ခု အပြန်အလှန် လေးစားကြပြီး၊ တရားမျှတမှု၊ မိမိယုံကြည်ရာကို ကိုးကွယ်ခွင့် နှင့် လူသားချင်း စာနာတဲ့ စိတ်ဓါတ်တွေကို မွေးမြူကြပါလို့ ပြောချင်ပါတယ် ။ POST BY MOHAMMAD ALLI ( 29 .10 . 2012 )
——————————————————————–
အခု တောင်ကုတ်မှာ အသတ်ခံရတဲ့ မွတ်စလင်တွေရဲ့ အသတ်မခံရခင် မိမိမြို့မှာ နေစဉ်က ရှားရှားပါးပါး ကျန်နေတဲ့ သူတို့ပုံလေးတွေ ရသလောက် ဝေမျှပေးလိုက်ပါတယ်၊ အသတ်ခံရသူတွေ ဘယ်သူဘယ်ဝါ ဆိုတာကို ခွဲခြားသိနိုင်ဖို့ အတွက် နေထိုင်ရာ အရပ်ဒေသ မိဘဆွေမျိုး အသိုင်းအဝိုင်း ၊ အလုပ်အကိုင် စသည်တို့ကို ရနိုင်သလောက် စုဆောင်းထားတာပါ၊ ကျန်နေသေးတဲ့သူတွေအတွက်လည်း ညီနောင်များ ဝိုင်းဝန်းဖော်ထုတ် ပေးစေလိုပါတယ်။ POST BY MOHAMMAD ALLI ( 29 .10 . 2012 )
——————————————————————–
တောင်ကုတ်မှာ အုပ်စုဖွဲ့ အကြမ်းဖက် သတ်ဖြတ်ခံလိုက်ရသော အစ္စလာမ်ဘာသာဝင် ရှဟ်ဒီ (၁၀)ဦး၏ မှတ်တမ်းအကျဉ်း
ဓါတ်ပုံများ တွင် အချက်အလက် အပြည့်အစုံ ဖော်ပြထားပါသည်။
အမည် – ဦးနီ / အနီကာ / ဟနိဖ်ဘိုင် မှတ်ပုံတင်အမှတ် – ၈/တတက (နိုင်) ၀၉၅၅၃၀ မွေးသက္ကရာဇ် – ၁၃၀၉ ၀ါဆိုလဆုတ် (၁၃) ရက် အသက် – ၆၅ နှစ် မိဘများ – ဦးစူဖီကာကာ+ဒေါ်ဇိန္ဒမာ ။ မွေးချင်း ၄ ယောက်အနက် အကြီးဆုံးဖြစ်သည်၊ အလုပ်အကိုင် – မွေးမြူရေးလုပ်ငန်း နေရပ် – အုန်းတော (၂) ရပ်ကွက်၊ ဘူတာပါတ်လမ်း၊ တောင်တွင်းကြီးမြို့၊ မကွေးတိုင်း။ ဦးနီ (အနီကာ) တွင် ဇနီး ဒေါ်ဇိန်ဘီ /ဒေါ်ခင်သန်းမြင့် နှင့် သားသမီး ရ ယောက် ကျန်ရစ်ခဲ့ပါတယ်၊ ယခုနှစ် ဟဂ်ျသွားရန် ပါစ်ပို့ကို သာသနာ့ခရီး မထွက်ခင်ကမှ တင်ထားခဲ့ပြီး တောင်ကုတ် ခရီးစဉ်မှ အပြန်တွင် ပါစ်ပို့ထုတ်ယူရန် စီစဉ်ထားခဲ့သူဖြစ်ပါတယ်။
——————————————————————–
အမည် – ဦးမောင်ကို / ဦးနီပွေး / မိုဟမ္မဒ်ရှရစ်ဖ် မှတ်ပုံတင်အမှတ် – ၈/တတက (နိုင်) ၀၉၅၅၄၈ မွေးသက္ကရာဇ် – 22 . 11 . 1954 အသက် – ၅၈ နှစ် မိဘများ – ဦးဆူဘန်း + ဒေါ်ဇိန္ဒမာ ။ မွေးချင်း ၂ ယောက်အနက် အကြီးဆုံးဖြစ်သည်၊ အလုပ်အကိုင် – ဈေးသည် နေရပ် – အုန်းတော (၂ ) ရပ်ကွက် ၊ ဘူတာပါတ်လမ်း ၊ တောင်တွင်းကြီးမြို့၊မကွေးတိုင်း။ ဦးမောင်ကို တွင် ဇနီး ဒေါ်ရင်ရင်/နာဆစ်ဘီ ( လွန်ခဲ့သော ၃ နှစ်က ကွယ်လွန် ) နှင့် သားသမီး ၄ ယောက် ၊ မြေး ၃ ယောက် ကျန်ရစ်ခဲ့ပါတယ်၊ ဦးမောင်ကိုသည် ကျန်းမာရေးမကောင်းသော အငယ်ဆုံးသား ( မကြာခဏ တက်သော ရောဂါရှိသည့် ) ဖွရ်ကန်းဘိုင် နှင့် အတူ နေထိုင်ခဲ့ပြီး ယခုအခါ ဖွရ်ကန်းဘိုင်သည် တယောက်တည်း နေထိုင်နေရပါသည်၊ကျန် သားသမီးများမှာ အိမ်ထောင်ခွဲများဖြစ်ပါသည်။
——————————————————————–
အမည် – ဦးတူးတူး / ဦးအေးလွင်/ ရှဖီးဘိုင် မှတ်ပုံတင်အမှတ် – ၈/တတက (နိုင်) ၀၉၃၅၇၃ မွေးသက္ကရာဇ် – ၁၃၁၉ ခုနှစ် ၀ါဆိုလဆန်း ၁၅ ရက် အသက် – ၅၅ နှစ် မိဘများ – ဦးအဖိုးကြီး + ဒေါ်ကရင်မ်ဘီ ။ မွေးချင်း ၄ ယောက်အနက် အငယ်ဆုံးဖြစ်သည်၊ အလုပ်အကိုင် – မွေးမြူရေး နေရပ် – ရွှေကြာအင်း (၁) ရပ်ကွက် ၊အပိုင်း (၂) ပန်ထွာလမ်း ၊ တောင်တွင်းကြီးမြို့၊မကွေးတိုင်း။ ဦးတူးတူး တွင် ဇနီး ဒေါ်ကြူကြူမြင့်/ရိုဇီမာဘီ နှင့် သားသမီး ၆ ယောက် ၊ မြေး ၂ ယောက် ကျန်ရစ်ခဲ့ပါတယ်၊ အငယ်ဆုံးသား အဘားစ်ဘိုင် သည် မော်လ၀ီကျောင်း တက်နေဆဲ ဖြစ်ပါသည်။ ဟဂ်ျသွားရန် ပါစ်ပို့ကို သာသနာ့ခရီး မထွက်ခင်ကမှ တင်ထားခဲ့ပြီး တောင်ကုတ် ခရီးစဉ်မှ အပြန်တွင် ပါစ်ပို့ထုတ်ယူရန် စီစဉ်ထားခဲ့သူဖြစ်ပါတယ်
——————————————————————–
အမည် – ကိုအောင်မြင့် /အစ္စလာမ်းခန်း မှတ်ပုံတင်အမှတ် – ၈/တတက (နိုင်) ၀၉၄၅၅၇ မွေးသက္ကရာဇ် – ၁၉၆၃ ဖေဖော်ဝါရီလ (၁၀) ရက် အသက် – ၄၉ နှစ် မိဘများ – ဦးလှမောင် + ဒေါ်လှရွှေ ။ မွေးချင်း ၇ ယောက်အနက် ဒုတိယမြောက်သား ဖြစ်သည်၊ ပညာအရည်အချင်း- သမိုင်းဘာသာဖြင့် ဘွဲ့ရ ။ အလုပ်အကိုင် – အလှကုန်ဆိုင် ။ နေရပ် – ရွှေကြာအင်း (၂) ရပ်ကွက် ၊ဒေါင့်ဆိုင်အိမ်လမ်း ၊ တောင်တွင်းကြီးမြို့၊မကွေးတိုင်း။ ကိုအောင်မြင့်တွင် ဇနီး မမိုးသူဇာခင်/ ဖရီဒါဘီ နှင့် တစ်နှစ်သားအရွယ် သားငယ်လေး သက်ပိုင်ဦး/ သွာရစ်ဖ်ဂျမီးရ် တို့ ကျန်ရစ်ခဲ့ပါသည်။
——————————————————————–
အမည် – ကိုတေဇာမြင့် /ဗေလားလ်ဘိုင် မှတ်ပုံတင်အမှတ် – ၈/တတက (နိုင်) ၁၈၈၉၈၁၅ မွေးသက္ကရာဇ် – ၁၀ . ၄ . ၁၉၈၄ အသက် – ၂၈ နှစ် မိဘများ – ဦးယာကွတ် + ဒေါ်မြင့်မြင့် ။ မွေးချင်း ၄ ယောက်အနက် အငယ်ဆုံးသား ဖြစ်သည်၊ ပညာအရည်အချင်း- အဌမတန်း အလုပ်အကိုင် – ရွှေမိသားစု လ္ဘက်ရည်ဆိုင် နေရပ် – အုန်းတော (၂) ရပ်ကွက်၊ အုန်းတော (၁) လမ်း ၊ တောင်တွင်းကြီးမြို့၊မကွေးတိုင်း။ ဗေလားလ်ဘိုင် တွင် ဇနီး မစုစုကြည်ထွေး/ ရိုကီယာဘီ သည် ကိုယ်ဝန်ဖြင့် ကျန်ရစ်ခဲ့ပါသည်။ ဗေလားဘိုင်၏ဇနီး ရိုကီယာဘီသည် မကွေးမြို့ ကောင်းမွန်ဆေးခန်း၌် သမီးရတနာလေး ကို ၂၅. ၉ .၂၀၁၂ တွင် မွေးဖွားခဲ့ပါတယ်။ ယခု ရိုကီယာဘီ သည် မိုဇိုင်ရ်နားဘီ / မတေဇာစုကြည် ဟု အမည်ပေးထားသော သမီးငယ်လေးနှင့် စလင်းမြို့ရှိ မိဘများနှင့် အတူ နေထိုင်လျက်ရှိနေပါတယ်။
——————————————————————–
အမည် – ကိုတင်မောင်ထွေး /ရှုအိုင်ဗ်ဘိုင် မှတ်ပုံတင်အမှတ် – ၈/တတက (နိုင်) ၂၁၁၀၈၄ မွေးသက္ကရာဇ် – ၁၆ . ၉ . ၁၉၉၁ အသက် – ၂၁ နှစ် မိဘများ – ဦးမော်စီ + ဒေါ်မွတ်နီး ။ မွေးချင်း ၇ ယောက်အနက် ၆ ယောက်မြောက်သား ဖြစ်သည်၊ ပညာအရည်အချင်း- အဌမတန်း အလုပ်အကိုင် – ‘ ရှမ်းကုန် ‘ (သစ်သီးဝလံ) ရောင်းဝယ်ရေး လုပ်ကိုင်သည်။ နေရပ် – အုန်းတော (၁) ရပ်ကွက်၊အပိုင်း (၄) ၊ အုန်းတော (၁) လမ်း ၊ တောင်တွင်းကြီးမြို့၊မကွေးတိုင်း။ ရှုအိုင်ဗ်ဘိုင်သည် မိဘများနှင့်အတူ နေထိုင်ပြီး လူလွတ် ဖြစ်သည်၊ မိဘများနှင့် အတူ သစ်သီးဝလံ ရောင်းဝယ်ရေး လုပ်ကိုင်သည်၊ ရှဟီးဒ် ဖြစ်ခဲ့ရသူများထဲတွင် အငယ်ဆုံးဖြစ်ပါသည်၊
——————————————————————–
မြောင်းမြမြို့ ( ဧရာဝတီတိုင်း ) မှ ရှဟီးဒ် ဖြစ်ခဲ့ရသူ (၂) ဦး
– ကိုအောင်ဘိုဘိုကျော် ၂၆ နှစ် မှတ်ပုံတင်အမှတ် – ၁၄/မမန (နိုင်) ၂၇၇၆၉၅ အဖအမည် – ဦးထွန်းထွန်းဇော်
– ကိုဇော်ညီညီထွဋ် ၃၃ နှစ် မှတ်ပုံတင်အမှတ် – ၁၄/မမန (နိုင်) ၁၄၈၁၃၃ အဖအမည် – ဦးအီဗရာဟင်
——————————————————————–
သံတွဲမြို့ ( ရခိုင်ပြည်နယ် ) မှ ရှဟီးဒ် ဖြစ်ခဲ့ရသူ (၂) ဦး
– ဦးအောင်ဇော်ဝင်း / ကိုမောင်မောင် ၄၅ နှစ်
– ဦးညီညီထွန်း ၄၂ နှစ်
—————————————————————————————–
အသတ်ခံခဲ့ရသူတွေဟာ မြန်မာပြည်သား အစ္စလာမ်ဘာသာဝင်များဆိုတာ သိစေရန်နှင့် ကျန်ရစ်သူ မိသားစုတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ အားလုံး လိုလားနေတာက တရားမဲ့ဝါဒီ လူစိတ်ကင်းမဲ့သူတွေက အရက်စက်ဆုံး သတ်ဖြတ်ခဲ့တဲ့အဖြစ်ကို ဓမ္မဓိဌာန်ကျကျအစွဲကင်းကင်း နဲ့ အမှန်တရားကို ဖော်ထုတ်ပေးဖို့၊ တရားမျှတစွာ ဥပဒေအရ ဆောင်ရွက်ပေးဖို့ပါ၊
Leave a Reply