အစိုးရ ထုတ်ပြန်သော ရခိုင် အပျက်အစီး အသေအပျောက်စာရင်း အလွန်နည်းနေဟု HRW ဆို
ဂြိုဟ်တုမှ စောင့်ကြည့် လေ့လာရေး အစီစဉ်အရ ရခိုင်ပြည်နယ်၌ လတ်တလော ဖြစ်ပွားနေသာ ဆူပူ အကြမ်းဖက် မှုများ၌ အစိုးရ ထုတ်ထားသော စရင်းထက် ပျက်စီးမှု ပိုမို ဖြစ်ပွား နေသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (Human Right Watch) အာရှ ဒေသ လက်ထောက် ဒါရိုက်တာ မစ္စတာ ဖီးလ်ရောဘတ်ဆန် က ဆိုပါသည်။
“ ဘယ်နည်းနဲ့ ကျနော်တို့ စောင့်ကြည့်နေသလဲ ဆိုတာ ကတော့ မပြောချင်ပါဘူး။ အထောက်အထားတွေအရ ပြောရ ရင်တော့ အစိုးရ စရင်းဟာ အလွန် နည်းနေပါတယ်။ ကျနော်တို့က (၂၁) ရက်နေ့ကနေ စတင် စောင့်ကြည့် နေတာပါ” ဟု ဆိုပါသည်။
အစိုးရသည် အောက်တိုဘာလ ၂၄ ရက်နေ့ အထိ ပျက်စီး သေဆုံးမှု စရင်းများ ထုတ်ပြန် ထားပါသည်။ ထိုစာရင်းထဲ၌ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး မြို့နယ်များတွင် သေဆုံးသူပေါင်း ၁၂ ဦး၊ ဒဏ်ရာ ရသူ ၅ဝ ဦးနှင့် လူနေအိမ် ၁၉၄၈ ဆောင်၊ ဘာသာရေး အဆောက်အဦး ၈ ခု မီးလောင်၍ ပျက်စီး ဆုံးရှုံး ခဲ့ရသည်ဟု သမ္မတ ရုံးမှ အောက်တို ဘာလ (၂၅) ရက်နေ့၌ ထုတ်ပြန် ထားပါသည်။
အစိုးရသည် အခြေအနေမှန်ကို သိရှိစေရန် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ နယ်စပ်ရေးရာ ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှ မောင် တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်တို့ကို ကွင်းဆင်း စေပါသည်။
ထို့အပြင် ကုလသမဂ္ဂ အဖွဲ့အစည်းမှ ဌာန ကိုယ်စားလှယ် Mr. Ashok Nigam နှင့် လက်အောက်ခံ ကုလ သမဂ္ဂအဖွဲ့ အစည်းများ ဖြစ်သော WEP, UNOCHA, UNHCR အဖွဲ့အစည်း များသည် ရခိုင် ပြည်နယ်ရှိ မြေပုံ မြို့သို့ သွားရောက် လေ့လာ နေပါသည်။
အစိုးရသည် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည့် နှစ်ဖက် ဒုက္ခသည် များအတွက် လတ်တလော၌ စားနပ် ရိက္ခာနှင့် ဆေးဝါး အကူ အညီများ လိုအပ်လျက် ရှိကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူး ဇော်ဌေးက ဆိုပါသည်။
Tags: Ashok Nigam, Burma, Human Rights Watch, Office for the Coordination of Humanitarian Affairs, Rakhine State, Rohingya people, United Nations, United Nations High Commissioner for Refugees
Leave a Reply