ကျိုက်မရောနယ်ရဲ့  အလှကို အကျည်းတန် စေခဲ့တဲ့ သမိုင်းဖြစ်ရပ် (101 ကျော်ဝင်းမောင်) ဆောင်းပါး
ကျိုက်မရောနယ်ရဲ့  အလှကို အကျည်းတန် စေခဲ့တဲ့ သမိုင်းဖြစ်ရပ် (101 ကျော်ဝင်းမောင်)
နိုဝင်ဘာ ၂၃၊ ၂၀၁၂ M-Media တင်မင်းထွဋ်
ဒုတိယကမ္ဘာစစ်အပြီး ဂျပန်အဆုတ်တွင် ဖြစ်ပွားခဲ့သော မြန်မာ့သမိုင်းတွင် တိမ်မြုတ်နေတဲ့ စစ်ရာဇ၀တ်မှုတစ်ခု ဖြစ်သည်။ ဗမာ့မျိုးချစ် တပ်မတော်သားများနဲ့  မဟာမိတ်လေထီးသမားများကို ကူညီဆောင်ရွက်ပေးခဲ့တဲ့အတွက် အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ မွတ်စ်လင်မ် ရွာသူရွာသား ကလေးသူငယ်များအပါအ၀င် ၇၆၉ယောက်ကို ဖက်ဆစ်ဂျပန်များက လူမဆန်စွာ ရွာလုံးကျွတ် သတ်ဖြတ်ခဲ့သည့် သမိုင်းဆိုးဖြစ်ရပ် တစ်ခုဖြစ်ပါသည်။
စစ်ပွဲဖြစ်ပွားတဲ့ အချိန်ဒေသတွေမှာ စစ်ရာဇ၀တ်မှုတွေ ဖြစ်တာတွေကတော့ သမိုင်းမှာ မဆန်းတော့ပါ။ သို့ သော် ယနေ့  အချိန်တွင် မြန်မာနိုင်ငံ၌ ကိုးကွယ်သည့် ဘာသာနဲ့  ပတ်သက်၍ လူမျိုးခွဲခြားနေကြသည်။ မြန်မာ့သမိုင်းတွင် တိုင်းပြည်လွတ် မြောက်ရေးအတွက် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ သူသာတယ် ငါပိုတယ် စိတ်မထားဘဲ အသက်သွေးချွေး ဘ၀တွေ များစွာ စတေးခဲ့ရ ပေးဆပ်ခဲ့ရသည်ကို တန်ဖိုးထား သိသင့်ပါသည်။ ထိုအတွက်ကြောင့် ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် ရေးသားပြုစုတဲ့ ကျိုက်မရောနယ်ရဲ့  အလှကို အကျည်းတန်စေခဲ့တဲ့ သမိုင်းဖြစ်ရပ် ကိုအကျဉ်းချုံး ဖော်ပြလိုက်ပါသည်။ အကျည်းချုံးဖော်ပြ သည့်အတွက် တစ်စုံတစ်ရာ အမှားများ လိုအပ်ချက်များရှိပါက မူရင်း ရေးသားသူ၏ အမှားများမဟုတ်ဘဲ ကျွန်တော်၏ အမှားများသာ ဖြစ်ပါကြောင်း နားလည်စေလိုပါသည်
ကျိုက်မရောနယ်ရဲ့ အလှကိုအကျည်းတန်စေခဲ့တဲ့ သမိုင်းဖြစ်ရပ် (၀မ်းအိုဝမ်းကျော်ဝင်းမောင်)
နိဒါန်း
ဖက်ဆစ်ဂျပန်တို့ ရဲ့  လူသတ်ပွဲသတင်း
မွန်ပြည်နယ်၊ ကျိုက်မရောမြို့ နယ် ၊ ကုလားကုန်းကျေးရွာရှိ ရွာသူရွာသားကလေးလူကြီး ၇၆၉ယောက်ကို ဖက်ဆစ်ဂျပန်များက ဓါးနဲ့ ခုတ်၊ လှံစွပ်နဲ့ ထိုး၊ အရှင်လတ်လတ် ရွာရှိရေတွင်း၂၂တွင်းထဲ ပစ်ချသတ်ဖြတ်ခဲ့တဲ့ သတင်းကို အစ္စလာမ့်အလင်းမဂ္ဂဇင်း အမှတ်စဉ်(၁၉)၊ ၁၉၈၀ပြည့်နှစ်၊မတ်လထုတ် စာစောင်မှာ ပါခဲ့ပါတယ်။
ယင်းမဂ္ဂဇင်းထွက်ပြီး တစ်ပတ်အတွင်းမှာ ၎င်းလူသတ်မှုကြီးသတင်းကို စာရေးသူ ဖတ်ရပါတယ်။ အချင်းဖြစ်ပွားခဲ့ရာ နေရာသို့  ကိုယ်တိုင် သွားရောက်စုံစမ်းလိုစိတ်တဖွားဖွား ပေါ်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် စာရေးသူဟာ ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ရပ်များကို အပတ်တကုတ် တစိုက်မက်မက် စုဆောင်းရေးသားနေသူမို့ ပါ။
စာရေးသူရေးတဲ့ ၀မ်းအိုဝမ်းနဲ့ မြန်မာ့မြေအောက်တော်လှန်ရေး၊ ဆရာကြီး ဦးရာဇတ် ၊ ဂျပန်သုံ့ ပန်းမဂိုကပြားမလေး ၊ မန္တလေး ၁၃၀၀ပြည့်အရေးတော်ပုံမှသည် နယ်ချဲ့ တော်လှန်ရေးသို့  ၊ နယ်ချဲ့ ကိုဒူးမထောက်တဲ့ သခင်နက်ဖေ နှင့် ဂျပန်ဖက်ဆစ်တော်လှန်ရေး လေထီးသမားများ၊ ယင်းစာအုပ်များဟာ ဒုတိယကမ္ဘာစစ်အတွင်းက တကယ့်ဖြစ်ရပ် ပုံရိပ်များကို အဓိကထား ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့တာ အခုနှစ်ပေါင်း (၅၀) ပင်ပြည့်ခဲ့ ပါပြီ။ (ထိုစာရေးချိန် တုန်းက ဖြစ်ပါသည်။) အခုဆိုရင် ဒီဖြစ်ရပ်ဟာ သမိုင်းဖြစ်နေပါပြီ။ အင်္ဂလိပ်နယ်ချဲ့  ကျူးလွန်ခဲ့တဲ့ မလှိုင်လူသတ်ပွဲဟာ ကုလားကုန်းရွာ(ကျိုက်မရော) မှာ ဂျပန်တွေသတ်ခဲ့တဲ့ သတ်ပွဲနဲ့ နှိုင်းယှဉ်ရှင် ဆင်နဲ့ ကြွက် ၊ အလွန်ဆုံး ဆင်နဲ့ ဆိတ်လို ကွာခြားမှုရှိမယ်လို့  စာရေးသူ ထင်မြင်မိပါတယ်။
(၁) ၄-၄-၁၉၅၈ ခုနှစ်ထုတ် “ဒေါ်ရေဂျဒီဒ်” (အူရဒူနေ့ စဉ်) မှာတော့ ကုလားကုန်း လူသတ်ပွဲအကြောင်းကို ယင်းလူသတ်ပွဲမှ အသက်မသေ သီသီကလေး လွတ်မြောက်လာခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပြောပြချက်ကို ရေးသား ဖေါ်ပြထားတာ ရှိပါသတဲ့။
(၂) အစ္စလာမ့်အလင်းမဂ္ဂဇင်း အမှတ်(၁၉)၊ ၁၉၈၀ပြည့်နှစ်၊ မတ်လထုတ်တွင် ကုလားကုန်းလူသတ်မှုသတင်းကို အကျဉ်းချုံးပြီး သတင်းဆောင်းပါး ရေးသားထားတယ်။
(၃) စစ်ကြီးပြီးတော့ လူ့ အသက်တစ်ချောင်းကို ပုရွက်ဆိတ်လောက်မှ သဘောမထားဘဲ လူလူချင်းစာနာထောက်ထားမှု၊ လုံးဝမရှိ ၊ ရက်ရက်စက်စက်သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ တော်တွင် ရုံးထိုင်ကာ မဟာမိတ်စစ်ခုံရုံးက ဂျပန်စစ်ဗိုလ်ကြီး အီရှီကာဝါနဲ့  အပေါင်းအပါ ဂျပန်စစ်ဗိုလ်တို့ ကို သေဒဏ်ပေးခဲ့ပါတယ်။ အဲဒီအချိန်က သတင်းစာများတွင် ယင်းအမှုစစ်ဆေးတာကို အသာပေးရေးသားထားပါတယ်။
(၄) ဒါပင်မဲ့ သမိုင်းမှာ အကျည်းတန်အရုပ်ဆိုးတဲ့ ဒီသတင်းဟာ မလှိုင်လူသတ်ပွဲလောက် လူသိများမယ်မထင်။
(၅) မွန်ပြည်နယ်၊ ကျိုက်မရောမြို့ နယ်၊ ကုလားကုန်းကျေးရွာသူရွာသား အားလုံးနီးပါး ရွာလုံးကျွတ် အမယ်အိုကစပြီး ရင်နှစ်သည်းချာ ကလေးတွေအထိ အရှင်လတ်လတ် ရက်စက်မှု သရဖူဆောင်းခဲ့တဲ့ လူသတ်ပွဲကြီးကိုတော့ မသိလို့  ပေပဲလား၊ ပလူပျံအောင် ထုတ်ဝေဖြန့် ချီကြခြင်းကို မတွေ့ ရပါ။
(၆) ၁၉၉၄ခုနှစ်၊ ဇူလိုင်လထုတ် သုတပဒေသာစာစောင် အတွဲ(၂၁) ၊ အမှတ်(၃)မှာတော့ စာရေးဆရာ ခင်ကြီးအောင်က “ဘုရှိဒိုသူရဲကောင်းတို့ ၏ စစ်ရာဇ၀တ်မှု” ဆိုတဲ့ ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးခဲ့တာကို တွေ့ ရပါတယ်။ ယင်းဆောင်းပါးထဲမှာတော့ ကျိုက်မရောမြို့ နယ်၊ ကုလားကုန်းကျေးရွာ လူသတ်မှုသတင်းကို အကျယ်တ၀င့် ဖေါ်ပြမထားပါ။ ဒုတိယကမ္ဘာစစ်အတွင်း အရှေ့ နိုင်ငံများတွင် ဂျပန်များ ဘယ်လိုညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းတွေနဲ့  အတူ ပူးတွဲဖေါ်ပြထားပါတယ်။
စာရေးသူအနေနဲ့  ဒီသတင်းကို တိုင်းပြည်မှာ စာတစ်အုပ် ပေတဖွဲ့ အနေနဲ့  ရှိနေရန်လိုတယ်ဟု ခံယူလိုက်ပါတယ် ထို့ ကြောင့် မိမိအနေနဲ့  မသွားဖူး မရောက်ဖူးသေးတဲ့ ကျိုက်မရောနယ်က ကုလားကုန်းရွာကို သွားဖို့ ဆုံးဖြတ် လိုက်ပါတယ်။ အသက်ကို ဖက်နဲ့ ထုပ်ပြီး သွားရတယ်လို့  ရေးသားချက်အပေါ်ကြီးကျယ်လွန်း လိုက်တာလို့  ဝေဖန်ကြပါလိမ့်မယ်။ (ထိုအချိန်တုန်းက အခြေအနေများကို သိသူများ ဆရာကြီးရဲ့  စေတနာကို နားလည်နိုင်ပါလိမ့်မယ်)
၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၂၂ရက် စနေနေ့ မော်လမြိုင်မြို့။ စစ်ကာလ အတွင်း မော်လမြိုင်မြို့အနီး ကုလားကုန်းရွာသား များအား ဂျပန် ကင်ပေတိုင် တပ်မှ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှူတွင် လွတ်မြောက်လာသူ ရွာသား ငါးယောက်အနက်မှ တယောက်အား ကျူးလွန်ခဲ့သူ ကင်ပေတိုင်တို့အား ရွေးထုတ်ခိုင်းနေစဉ်။ အဆိုပါ လွတ်မြောက်လာသူငါးဦးတွင် ၁၅နှစ်အရွယ် မိန်းကလေးတဦးအပါအဝင် အားလုံးမှာ သေလုမျောပါး ဒဏ်ရာ ဗရပွနှင့်ပင်ဖြစ်ကြောင်းသိရသည်။ (ဓါတ်ပုံနှင့် စာညွှန်း ဝါလုံးရှည် အတီး FB)
အစ္စလာမ့်အလင်းမဂ္ဂဇင်းရဲ့  သတင်းဆောင်းပါး
အစ္စလာမ့်အလင်းမဂ္ဂဇင်းထဲမှာပါတဲ့ သမိုင်းဖြစ်ရပ်ဟာ စာရေးသူအား ဆွဲဆောင်စေပါတယ်။ သမိုင်းဖြစ်ရပ်နေရာသို့  မရောက်ရောက်အောင် သွားပြီး မှတ်တမ်းများ ရေးမှတ်ရန် စာရေးသူရဲ့  စိတ်ကို စေ့ဆော် တိုက်တွန်းခဲ့ပါတယ်။ ဒီတော့ အစ္စလာမ့်အလင်း မဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာဦးမောင်ကိုဂဖာရီ ထံ ချဉ်းကပ်ပါတယ်။ ဒီခရီးကို ဘယ်သူ့ အကူအညီနဲ့  ဘယ်လိုသွားရမလဲဆိုတာ မေးခဲ့ပါတယ်။
မော်လမြိုင်သို့ 
၁၉၈၀ပြည့်နှစ်၊ ဧပြီလ ၂၁ရက်နေ့  မနက်၎နာရီတွင် စာရေးသူဟာ ရန်ကုန်မှ မနက်အစောဆုံးထွက်တဲ့ ရထားနဲ့ မော်လမြိုင်သို့  လိုက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မော်လမြိုင်သွား မီးရထားကြီးမှာ ခရီးသွားများနဲ့ ပြည့်ညှပ် နေပါတယ်။ အများစုကတော့ မှောင်ခိုကုန်များကို ကယ်ရီ(ခေါ်) ပစ္စည်းသယ်သူများ ဖြစ်ပါတယ်။
မနက်၁၁နာရီလောက်မှာ ရထားဟာ မုတ္တမဘူတာထဲ အရှိန်လျှော့ဝင်ကတည်းက ရထားပေါ်ပါ လူအများစုက မုတ္တမ ဆိပ်ကမ်းရှိ ဇက်ပေါ် သူ့ ထက်ငါဦးအောင် ပြေးလွှားနေသလိုပဲ။ ဇက်ပေါ်မှာ လူတွေ လျှံဖိတ်နေတယ်။ မိနစ်၃၀-၅၀ခန့်  အကြာမှာ မော်လမြိုင်ဆိပ်ကမ်းကို ရောက်ပါတယ်။
မှောင်ခိုမြို့ ကြီး
မော်လမြိုင်ရောက်ပြီပဲ စာရေးသူအတွက် လောစရာ ပျာစရာမရှိပါ။ ဒီည မော်လမြိုင် ဘယ်ပြေးမလဲ။ ဆရာဦးမောင်ကို ဂဖာရီ ဆက်သွယ်ပေးလိုက်တဲ့ ကမ်းနားလမ်းရှိ ရုပ်ရှင်ရုံအနီး လမ်းမကြေီးပေါ်က ဦးတင်ရွှေထံ သွားတွေ့  ပါတယ်။ စာရေးသူက လာရင်းကိစ္စကို ပြောပြလိုက်တယ်။ သူ့ အနေနဲ့  မအားလို့  လိုက်မပို့ နိုင်၍ ၀မ်းနည်းကြောင်း ပြောဆိုတောင်းပန်ပါတယ်။ ဒါပင်မဲ့ အစီအစဉ်လုပ်ပေးမယ် လို့ ပြောပါတယ်။
မော်လမြိုင်ဈေးကြီးနားက ကားဂိတ်
နောက်တစ်နေ့  မနက်စာစားပြီးအချိန်ထိ ကုလားကုန်း၊ ရေတွင်းကုန်းဘက်ကလာတဲ့ မိတ်ဆွေတစ်ဦးတစ်လေကို မှ မတွေ့ ။ “ ဘယ်လိုလုပ်မလဲ” လို့ ကိုတင်ရွှေက မေးပါတယ်။ “ကိစ္စမရှိကြောင်း ခရီးစဉ်လမ်းကြောင်းကိုသာ ညွှန်ပေးပါ။လမ်းမှာ ဆက်သွယ်နိုင်မယ့် မိတ်ဆွေများရဲ့  လိပ်စာကိုသာ ပေးပါ” လို့ တောင်းပြီး ကျိုက်မရော ဆက်သွားမယ့် လိုင်းကားထိ ကိုတင်ရွှေ လိုက်ပို့ ပေးပါတယ်။
မနက်၁၀နာရီလောက်ကျတော့မော်လမြိုင်ဈေးကြီးထဲက အရောင်းအ၀ယ်သမားတွေ တစ်စတစ်စ ဘတ်စကားပေါ် ရောက်လာတယ်။ နောက်ကားဆရာတွေလည်း သူတို့ မျှော်မှန်းထားတဲ့ လူရပြီး တွက်ခြေကိုက်တော့မှ စတင်ထွက်ပါတော့တယ်။
ကျိုက်မရောဆိပ်ကနေ ဇီးပင်ဆိပ်ကို ပဲ့ချိတ်နဲ့  သွားပါတယ်။ ပဲ့ချိတ်စက်တစ်ဖက်ကမ်းမှာ မွန်ရွာရှိပါတယ်။ နွေဆိုရင် ဇီးပင်ဆိပ်အထိ ပဲ့ချိတ်နဲ့  သွားရတယ်တဲ့။ ဇီးပင်ဆိပ် မျက်နှာချင်းဆိုင်မှာ ကျောက်တောင်ကြီး ရှိတယ်။ တောင်ထိပ်မှာ စေတီတစ်ဆူရှိတယ်။ မိုးတွင်း ညောင်ပင်ဆိပ်မှာ လှည်းဂိတ်ရှိတယ်။ ညောင်ပင်ဆိပ်ရောက်လို့  လှေပေါ်က ဆင်းတဲ့အခါ ညာဘက်ခြမ်း မနီးမဝေးမှာ ကျောက်တောင်ကြီးရှိတယ်။ အဲဒီမှာလည်း စေတီတည်ထားပါတယ်။ ပဲချိတ်ခ နှစ်ကျပ်ပေးရ ပါတယ်။
ကုလားကုန်း၊ ဖားဖျောက်စတဲ့ ရွာတွေဘက်သွားမယ့် လှည်းတွေကို တွေ့ ရတယ်။ နွားမောင်းသူတွေဟာ ဘင်္ဂါလီနွယ်ဖွား မွတ်စလင်တွေက အများစုပါ။ စာရေးသူက ဖားဖျောက်ကို သွားမယ့်လှည်းနဲ့  လိုက်ပါလာတယ်။ ဖားဖျောက်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့ နယ်ထဲက ရွာကလေးတစ်ရွာပါ။ ပဲ့ချိတ်ဆိပ်နဲ့  ဖားဖျောက်ရွာဟာ ငါးမိုင်ခန့်  ဝေးပါတယ်။ ဖားဖျောက်ကို သွားမယ့်လူဆိုလို့  စာရေးသူပဲ ရှိတယ်ပေါ့။ စာရေးသူ ဖားဖျောက်မှာ တွေ့ ရမယ်ဆိုတဲ့  ဦးဇာလီရဲ့  နာမည်ကို ပြောပြလိုက်တယ်ဆိုပဲ စာရေးသူကိုပါ အလိုလို ရင်းရင်းနှီးနှီးရှိသွားပါတယ်။ လှည်းမောင်းသူနဲ့ ။
လှည်းနဲ့ ထွက်လာတော့ နေကပူဆဲပဲ။ လယ်ကွင်းများကို ဖြတ်မောင်း ခဲ့ကြတယ်။ မွန်ရွာဖြစ်တဲ့ ကော့ဒူးရွာကို ရောက်ပါတယ်။ ဒီရွာရှိ အိမ်တွေက အင်ဖက်မိုး အင်ဖက်ကာနဲ့  အလုပ်ကတော့ တောင်သူ၊ သစ်တိုက်၊ မီးသွေးဖုတ်စတဲ့ လုပ်ငန်းသမားတွေ ဖြစ်ပါတယ်။
ကော့ဒူးက ဆက်ထွက်တော့ လယ်ကွင်းကြီးကို ဖြတ်ပြီး ကော့ပနှော ရောက်တယ်။ အင်တိုင်းတောကြီးကို ဖြတ်ရပါတယ်။ အင်တိုင်းတောက ၄-၅မိုင်ရှည်ပါတယ်။အင်တိုင်းတော ဆုံးတော့ ဗမာနှင့်မွန် တို့ နေထိုင်တဲ့ အန်ဂလဲရွာ ကို ရောက်တယ်။ ရွာထဲကဖြတ်ပြီးပြန်တော့ အင်တိုင်းတောထဲ ၀င်ပြန်တယ်။အင်တိုင်းတောထဲကို ၄-၅ မိုင် ဆက်မောင်းရတယ်။ အင်တိုင်းတောက ထွက်တော့ ဖားဖျောက်ရွာကို ရောက်ပါတယ်။ နွားရိုင်းသွင်းချိန်ပေါ့။
ဦးဇာလီအိမ်အထိ လိုက်ပို့ ပေးတယ်။ ပြည်သူ့ စစ်ခေါင်းဆောင်ဖြစ်တဲ့ ဦးဇာလီနဲ့ အသင့်တွေ့ ရတယ်။ ဦးဇာလီကလည်း လှိုက်လှိုက်လှဲလှဲ ဆီးကြိုပါတယ်။သူက ကုလားကုန်းဟာ သိပ်မဝေးကြောင်း၊ပြောပါတယ်။သူ့ ဆီက နယ်မြေအခြေအနေ မေးမြန်းလို့  သိရတာက ကျိုက်မရောနယ်မြေဟာ လုံခြုံမှု လုံးဝမရှိကြောင်း၊ ဓါးပြကလည်း မကြာမကြာတိုက်ကြောင်း၊ ပြီးတော့ လူမျိုးစု လက်နက်ကိုင်များလည်း မကြာခဏရောက်လာတတ်ကြောင်း၊ သူတို့  ကတော့ ရွာသူရွာသားများအား အန္တရာယ်တစ်စုံတစ်ရာ မပေးကြောင်း ၊ လိုအပ်တဲ့ အကူအညီများ တောင်းရမ်းသွားကြောင်း ၊ ဒါပင်မဲ့ ရွာသူရွာသားများကတော့ ကြောက်ရွံ့ နေရကြောင်း။ ဒီနယ်တစ်ခုလုံး လိုလိုရှိ ရွာသူရွာသားများဟာ လူစိမ်းတစ်ယောက် ၀င်လာရင် အမျိုးသမီးများနဲ့  ကလေးများ ပုန်းကြလျှိုးကြနဲ့ ၊ ဒီရွာတွေက ဘင်္ဂါလီနွယ်ဖွား မွတ်စလင်များ နေထိုင်တဲ့ ရွာဖြစ်ကြောင်း၊ ဘင်္ဂါလီစကားဟာ တခြားနယ်က ပြောလေ့ပြောထရှိတဲ့ ဘင်္ဂါလီ စကားနဲ့ ထပ်တူထပ်မျှ မဟုတ်ကြောင်း စိတ်ရှည်လက်ရှည် ရှင်းလင်းပြပါတယ်။
ဖက်ဆစ်ဂျပန်သို့  စစ်ကြေညာချက်
၁၉၄၅ခုနှစ်၊ မတ်လ ၂၇ရက်နေ့ ညတွင် ဗိုလ်ချုပ်အောင်ဆန်းဦးစီးတဲ့ ဗမာ့ကာကွယ်ရေးတပ်မတော်ဟာ မျိုးချစ်ပြည်သူ့ တပ်မတော်ဆိုတဲ့ အမည်ကိုခံယူပြီး ဖက်ဆစ်ဂျပန်တို့ ကို စစ်ကြေညာခဲ့ပါတယ်။ ယင်းစစ်ကြေညာချက် မူရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
ဤသို့ တပ်ထွက်ပြီးနောက် မြန်မာပြည်အနှံ့ အပြား မိမိတို့ တာဝန်ကျရာသို့ ချီတက်ခဲ့ကြတယ်။ မိမိတို့  သတ်မှတ်ထားသော နယ်အသီးသီးကို ရောက်ရှိတဲ့အခါ တပ်တွေဖျောက်လိုက်ကြ။ လူထုနဲ့ ကွင်းဆက်အများဆုံး ရယူပြီး ဂျပန်ကို တော်လှန်ရန်အတွက် အမြန်ဆုံး စီစဉ်ကြပါ။
ကြိုတင်သတ်မှတ်ထားတဲ့အတိုင်း ၁၉၄၅ခုနှစ်၊ မတ်လ၂၇ရက်နေ့ တွင် ဂျပန်ဖက်ဆစ်တို့ ကို စစ်ကြေညာခဲ့ပါတယ်။ အဲဒီလို တိုင်းပြည်ကိုကြေညာခဲ့တဲ့ ညွှန်ကြားချက်အတိုင်း ပြည်သူများဟာ တပ်မတော်နှင့်ပူပေါင်းကာ ဖက်ဆစ်ဂျပန်များကို ရရာနည်းမျိုးစုံဖြင့် တော်လှန်ခဲ့ကြတယ်။ အခြအနေပေးလို့  မဟာမိတ်တွေနဲ့  ဆက်သွယ်မှုရတဲ့ နယ်မြေဒေသတွေမှာလည်း မဟာမိတ်တပ်တွေကို ကူညီခြင်း၊ လေထီးတပ်သားတွေကို ဂျပန်လက်ထဲ မရောက်အောင် ၀ှက်တန်ဝှက်ထား၊ လိုအပ်တဲ့အကူအညီများပေး၊ ဂျပန်စစ်သတင်းများကို ထောက်လှမ်းပြီး ပိုတန်ပို စတဲ့ လုပ်ဆောင်ချက်များနဲ့  ဖက်ဆစ်ဂျပန် တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ကြပါတယ်။
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့ နယ်ရှိ ကုလားကုန်း ၊ ဖားဖျောက်၊ ကော့ဒူး စတဲ့ ရွာတွေကလည်း မဟာမိတ်တပ် အထူးသဖြင့် ဗြိတိသျှဖို့ ဒ် (၁၃၆) တပ်ဖွဲ့ မှ လေထီးတပ်သားများကို အကူအညီပေးကြပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး စာရေးဆရာ ခင်ကြီးအောင်က သူရဲ့  “ဘူရှိဒို သူရဲကောင်းတို့ ၏ စစ်ရာဇ၀တ်မှုများ” ဆိုတဲ့ ဆောင်းပါး ၁၉၉၄ခုနှစ်၊ ဇူလိုင်လထုတ် သုတပဒေသာ စာစောင်၊ အတွဲ(၂၁) အမှတ်(၃)မှာ ရေးသားဖော်ပြထားပါတယ်။ မွန်ပြည်နယ် လူထုက ဂျပန်ကို ဆန့် ကျင်တဲ့ အပိုင်နဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ရေးသားထားသည်။
“၁၉၄၅ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံအတွင်းရှိ ဂျပန်တပ်များ၏ အခြေအနေမှာ အကျပ်အတည်းနှင့် ကြီးစွာကြုံရတော့သည်။ ဂျပန်တပ်များ နောက်ဆွယ်ရှိ တနင်္သာရီတိုင်း၊ မော်လမြိုင်နှင့် ဗလီသစ်တောအတွင်း ကျေးလက်ဒေသ၌ မြန်မာ့မျိုးချစ်တော်လှန်ရေး ပြောက်ကျားတပ်များနှင့် ဗြိတိသျှ လေထီးတပ်သားများ ပူးတွဲလှုပ်ရှားလျက် ရှိသည်။”
“ဂျပန် ခေတ်တစ်လျှောက်လုံး မြန်မာတိုင်းရင်းသားတွေဟာ မသေရုံ စားခဲ့ နေခဲ့ကြရတယ်။ အရှက်ဖုံးရုံ အ၀တ်များ ၀တ်နေရပါတယ်။ တချို့  ဂုန်နီစများကိုပင် ပတ်ခဲ့ကြရတယ်။ အင်္ဂလိပ်လေထီး အဖွဲ့ တွေဆင်းတော့ ရွာသားတွေကို လေထီးတွေပေးတယ်။ အဲဒီလေထီးစတွေနဲ့  အင်္ကျီချုပ်ဝတ်ကြတယ်။ လေထီးကြိုးကိုလည်း ဂျပန်မသိအောင် လိုသလို သုံးစွဲခဲ့ကြတယ်။ဒါပင်မဲ့ အချို့ သုံးစွဲရာမှာ လျှို့ ဝှက်သိပ်သည်းမှု၊ ကျစ်လစ်မှုမရှိကြတော့ လေထီးကြိုးတွေကနေ ဂျပန်တွေ သဲလွန်စ ရသွားပါတယ်။’’
ကုလားကုန်းလူသတ်မှုအတွက် ဂျပန်တွေ ဘယ်လိုဆောင်ရွက်ခဲ့ကြသလဲဆိုတာကိုလည်း စာရေးဆရာခင်ကြီးအောင်က သူ့ ဆောင်းပါးတွင် အောက်ပါအတိုင်း ရေးထားသည်။
“ဂျပန်တပ်မဟာ(၃၃)မှ တပ်မှူးက ထိုဒေသကို သုတ်သင်ရှင်းလင်းရန် အတွက် တိုက်ခိုက်ချေမှုန်ရေး တပ်စိတ်တစ်စိတ်ကို စေလွှတ်ခဲ့သည်။ ထိုဒေသသို့  ရောက်လျှင် ရောက်ခြင်း ဂျပန်တပ်ရင်း (၂၁၅)မှ တတိယ ဘတ်တလျံတပ်က ပဏာမ ရှင်းလင်းရေး လုပ်ငန်းများ စတင်ခဲ့သည်။
မြန်မာ့ မျိုးချစ်တော်လှန်ရေးတပ်များ၏ လှုပ်ရှားသွားလာမှုကို နယ်မြေခံ ရွာသူရွာသားများအား စစ်ဆေး မေးမြန်းပါသော်လည်း သတင်းပြည့်ပြည့်စုံစုံမရဘဲ ဖြစ်နေပါသည်။ မြန်မာ့မျိုးချစ်တပ်သားများ ခိုအောင်းလျက်ရှိသည်ဟု သင်္ကာမကင်း ဖြစ်သော ကုလားကုန်းရွာကို ဂျပန်တပ်မှူးက မြေလှန်ဖျက်ဆီး ပစ်ရန် ဆုံးဖြတ် ခဲ့သည်။
စစ်ဆင်ရေး မစမီ တပ်တွင်းစည်းဝေးပွဲတွင် ဂျပန်တပ်မှူးက တတိယဘတ်တလျံတပ်မှ ဦးစီးမှူးဗိုလ်အား လိုအပ်လျှင် ကုလားကုန်း ရွာသူရွာသားများအား သတ်ဖြတ်နိုင်ကြောင်း ခွင့်ပြုမိန့် ပေးခဲ့သည်။ တတိယဘတ်တလျံတပ်နှင့်အတူ မော်လမြိုင်ရှိ ကင်ပေတိုင် စစ်ပုလိပ်ဋ္ဌာနချုပ် တပ်မှူးအဖြစ် ကင်ပေတိုင် အရာခံဗိုလ်သုံးယောက်လည်း စစ်ကြောင်းနှင့် လိုက်ပါသွားခဲ့၏။
၁၉၄၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ တွင် ဂျပန်တပ်များ ကုလားကုန်းရွာ သို့ ရောက်သွားကြသည်။ ညနေ၄နာရီတွင် ရွာသူရွာသားများ အားလုံးကို သိမ်းကျုံးဖမ်းမိထားပြီး ဖြစ်သည်။
ယောင်္ကျားများကို ကျေးရွာရှိ ဗလီထဲတွင် ပိတ်လှောင်ထားပြီး မိန်းမများနှင့် ကလေးများကို ဗလီနှင့်ဆက်လျက် အဆောက်အအုံများတွင် ထည့်ထားသည်။ ရွာသားများကို ကင်ပေတိုင်တို့ က သူတို့ ၏ လက်သုံးညှဉ်းပန်းနှိပ်စက်မှု နည်းပေါင်းစုံဖြင့် တော်လှန်ရေးပြောက်ကျားများ ရှိမည့်နေရာနှင့် လှုပ်ရှားမှုကို စစ်ဆေးမေးမြန်းကြသည်။
နောက်တစ်နေ့  နံနက်တွင် စစ်ကြောင်းမှူးဘတ်တလျံတပ်မှူးက ဂျပန်အရာရှိများအား ဆင့်ခေါ်စည်းဝေးပြီး ကုလားကုန်းကျေးရွာကို မြေလှန်မီးရို့ ဖျက်ဆီးပစ်ရမည်။ ရွာသူရွာသားအားလုံးကို မိန်းမနှင့် ကလေးများပါမကျန် အစုလိုက် အပြုံလိုက် သတ်ဖြတ်ကွပ်မျက်ပစ်ရမည်ဟု အမိန့် ပေးခဲ့သည်။
ထိုနေ့  မွန်းလွှဲချိန်တွင် ခြောက်စုခန့် ရှိသော ရွာသူရွာသားများကို ငါးယောက်တစ်တွဲ၊ ဆယ်ယောက်တစ်တွဲ စသည်ဖြင့် ကြိုးတုပ်၍ ရေတွင်းများရှိရာသို့  ခေါ်သွားသည်။ ရေတွင်းဘေးအရောက်တွင် ကြိုးများကို ဖြေပေးပြီး တစ်ယောက်ချင်း ကြိုးတုပ်သည်၊ မျက်နှာကို အ၀တ်စည်းသည်၊ပြီးတော့မှ လှံစွပ်နဲ့  ထိုးသည်။ သေသည်ရှင်သည်ကို မကြည့်တော့ဘဲ လှံစွပ်နှင့်ထိုးပြီးသမျှ လူတွေကို ရေတွင်းထဲသို့  ပစ်ချသည်။
ရေတွင်းများထဲတွင် အလောင်းများ ပြည့်ကျပ်နေအောင် ဂျပန်စစ်သားများက ၀ါးလုံးရှည်များဖြင့် ထိုးသိပ်သည်။ အသတ်ခံရပြီး ရေတွင်းထဲသို့ ပစ်ချခံရသူများထဲမှ လူနှစ်ယောက်မှာ အသက်မသေ လွတ်မြောက်ခဲ့ပြီး မြန်မာပြည်တွင် ကျင်းပသော ဗြိတိသျှစစ်ခုံရုံးတွင ယင်းအဖြစ်အပျက်ကို သက်သေအဖြစ်ထွက်ဆိုခဲ့သည်။
ဇူလိုင်၉ရက်နေ့ တွင် ဂျပန်တပ်များသည် ကုလားကုန်းရွာမှ ထွက်ခွာပြီး ဒလိသစ်တောအတွင်း မြန်မာ့တော်လှန်ရေး တပ်သားများကို ရှာဖွေကြသေး၏။ နှစ်ရက်အကြာတွင် ဂျပန်တပ်များ ပြန်လာကြပြီး ရွာထဲမှအဖိုးတန်ပစ္စည်းမှန်သမျှကို ရှာဖွေယူကြပြီး ရွာကြီးတစ်ရွာလုံးကို မီးရှို့ ဖျက်စီးပစ်ကြ၏။
ဇူလိုင်၁၂ရက်တွင် သူတို့ ဖယ်ထားသော ကျေးရွာသူဆယ်ယောက် ကိုခေါ်ကာ ထွက်သွားကြသည်။ ၎င်းအမျိုးသမီးများကို နောက်တစ်ကြိမ် ဘယ်သောအခါမျှ ပြန်၍ မတွေ့ ရတော့ပါ’’
ဒါတွေဟာ ကုလားကုန်းရွာက ဂျပန်တွေရဲ့  ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခဲ့တဲ့ အနိဋ္ဌာရုံကို စာရေးဆရာ ခင်ကြီးအောင် က အထက်ပါခေါင်းစဉ်နဲ့  သုတပဒေသာစာစောင်မှာ ရေးသားချက်များကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။
ဒါက- မဟာမိတ်တပ်တွေ ကျိုက်မရောနယ်ကို သိမ်းသွားပြီးတဲ့နောက် ကုလားကုန်းက ဂျပန်ဓားသွား လှံစွပ်ကြားတို့ ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ကုလားကုန်းရွာသူရွာသားများကို စစ်ရိက္ခာတွေ၊ ငွေတွေကို အင်္ဂလိပ်တပ်က ထောက်ပံ့ခဲ့တယ်။ လွတ်လပ်ရေး ပြီးစထိပါတဲ့။ ဒါ့အပြင် ကရုဏာကြေးပေးမယ်လို့  လုပ်ခဲ့သေးတယ်။ သေသူများနဲ့  ပတ်သက်တဲ့ ပုံစံတွင် ထည့်သွင်းဖော်ပြဖို့  စာရွက်စာတမ်းများ ပေးခဲ့ပါတယ်။ ဒါပင်မဲ့ လွတ်လပ်ရေးရပြီး အင်္ဂလိပ်တွေက ကရုဏာကြေးပေးမယ်လို့  စီစဉ်ခဲ့တာတွေဟာလည်း အကောင်အထည်ပေါ်မလာတော့ဘူးတဲ့။
သေကံမရောက် အသက်မပျောက်တဲ့သူ
ဦးဇာလီဟာ အသက်(၄၃)နှစ်ပဲ ရှိပါသေးတယ်။ ညီအစ်ကိုမောင်နှမ ခြောက်ယောက်ရှိပါတယ်။ ဦးမူန၊ ဒေါ်ဇလီမာ၊ ဦးဇာကီ၊ ဦးအာမင်နုရီ နဲ့ မေဆင် (ခေါ်) စိုးသိမ်း တို့ ဖြစ်ကြပါတယ်။ ၁၉၈၀ ပြည့်နှစ်ထဲ စာရေးသူ ဦးဇာလီနဲ့  တွေ့  ဆုံစဉ်မှာတော့ ဦးအာမင်တစ်ယောက်ကဖြင့် ဆုံးသွားပြီဖြစ်ပါတယ်။
တောင်သူလယ်လုပ် မိသားစုပါ။ မူလကဦးဇာလီတို့  ညီကိုမောင်နှမနဲ့  မိဘများဟာ ဂျပန်ဝင်လာပြန်တော့ ဖားဖျောက်ရွာမှာပဲ နေကြပါတယ်။ ဖားဖျောက်ရွာကို ဂျပန်အရင်ဝင်သိမ်းပြီးတော့မှ မော်လမြိုင်ကို ၀င်သိမ်းပါတယ်။ နောက် ကရင်လက်နက်ကိုင်တွေကလည်း ရွာတွေမီးရှို့ လို့  တစ်ရွာလုံးပြာပုံဘ၀ ရောက်သွားတယ်။ ဗလီတစ်လုံးပဲကျန်ခဲ့တယ်။ ဒီမယ် ဦးဇာလီတို့ လည်း ကုလားကုန်းကို ပြောင်းသွားတယ်။ ဖားဖျောက်ဟာ ကုလားကုန်းရဲ့ မြောက်ဘက်မှာပါ။ ၃မိုင်လောက်ဝေးပြီး လမ်းလျှောက်ရင် ၄၅မိနစ်လောက် လျှောက်ရတယ်။
တကယ်က တစ်ရွာတည်းပါ။ သူကြီးကတော့ မုဆိုးကျွန်းမှာနေတယ်။ မုဆိုးကျွန်းကတော့ အိမ်ခြေရာခြေ ပစ်ပြေးရာကနေ တဖြည်းဖြည်းရွာ ပျက်သွားပြီး ကုလားကုန်းပဲ ကျန်တယ်။ မုဆိုးကျွန်းမှာ ဗမာလူမျိုးတွေ အနေများပြီး ကုလားကုန်းမှာတော့ ဘဂီါလီလူမျိုး အနွယ်တွေ နေတယ်။ မွန်၊ ကရင်၊ ဗမာလူမျိုးတွေနဲ့  သွေးနှောမှုရှိတယ်။ ကုလားကုန်းရွာက ရွာသူရွာသားတွေဟာ ဗမာစကားနှင့် ဘင်္ဂါလီစကားကို ပြောတယ်။
မြန်မာပြည်အရပ်ရပ်မှာ အများအားဖြင့် နွေခေါင်ခေါင်မှာ ရေတွင်းရေကန်တွေ ရေခမ်းကြတာ ဓမ္မတာလို ဖြစ်ပါတယ်။ ဒါပင်မဲ့ ကုလားကုန်းမှာတော့ ရေမခမ်းပါ ရေတွင်းတူးရတာလည်း လွယ်ပါတယ်။ တွင်းအနက်ကြီး တူးစရာမလို ၊ ၁၀ပေ ၁၅ပေ လောက် တူးရုံနဲ့  ရေရပါတယ်။
ဝါဆိုလမှာ ဂျပန်တပ်တွေ ၀င်လာတယ်။ အင်္ဂလိပ်စပိုင်တွေကို ၀ှက်ထားပြီး ကျွေးမွေးတယ်၊ အကူအညီပေးတယ်၊ အထောကအပံ့တွေ ပေးတယ်ဆိုပြီး အမျိုးမျိုး စစ်ဆေးမေးမြန်းကြတယ်။ နောက်ဆုံး စွပ်စွဲချက်အမျိုးမျိုးနဲ့  တစ်ရွာလုံးကို ရက်ရက်စက်စက်သတ်ဖြတ်ပါတော့တယ်။ အရှင်လတ်လတ်ရေတွင်းထဲ ထိုးချပစ်ချပြီး သုတ်သင် ပစ်တယ်။  ရွာရှိရေတွင်းထဲ သတ်ပြီးပစ်ထည့် ကန်ကျောက်ပြီးထည့်။ ဒီလောက် ရက်ရက်စက်စက် ကြမ်းကြုတ်စွာနဲ့  သတ်တာဖြတ်တာတွေကို သူ(ကိုဇာကီ)က သူ့ မျက်လုံးထဲက နှစ်ပေါင်းဘယ်လောက်ကြာကြာ ထွက်မှာ မဟုတ်ဘူးလို့  ၀မ်းနည်းကြေကွဲစွာ ပြောရှာတယ်။ အဲဒီအချိန် ကိုဇာကီဟာ ကျောင်းသားအရွယ် အသက်(၁၂) (၁၃)နှစ်သား ပဲ ရှိပါသေးတယ်။
ကိုအီစမန်အင်တို့  မိသားစုရဲ့ ရိုး၊ အ ပုံအဖြစ်ကိုပဲကြည့်ပါ။ ဂျပန်တွေက ရေပူကန်ဘက်က ဆင်းလာတယ်။ လူကြီးလူငယ်တွေ လူငယ်တွေ ပြေးကြတယ်။ သုံးချိုးတစ်ချိုးလောက် ရှိပါမယ်။ ကိုအီစမန်အင်တို့ ရဲ့ အမေတို့ လည်း ပြေးကြတယ်။  ကိုအီစမန်အင်က ကလေးပဲရှိသေးတယ်။ သူ့ ကိုခေါ်တယ်။ အပါက အိမ်စောင့်နေတယ်၊ မပြေးဘူး ဆိုပြီး သူလည်း ဖခင်နဲ့ အိမ်မှာပဲ နေလိုက်တယ်။ နောက်တော့ ဖခင်က အခြေအနေတွေ တစေ့တစောင်း သွားကြည့်အုံးမယ်၊ နောက်မှ မင်းလိုက်ခဲ့ပါဆိုပြီး ထွက်သွားတယ်။ သူ့ ဖခင်ပြန်မလာတော့ သူ့ အဖေနောက် ကိုအီစမန်အင် လိုက်သွားတယ်။ အဲဒီမယ် သူပါအဖမ်းခံလိုက်ရတယ်။
ဂျပန်တပ်တွေက အိမ်ပေါက်စေ့ဝင်ပြီး အိမ်ရှိလူအကုန် ဗလီဝတ်ကျောင်းထဲမှာစုဖို့  လှံစွပ်ပြပြီး အော်ငေါက်ဆဲဆိုပါသတဲ့။ လူကြီးလူငယ်၊ အဘွားအို၊ အဘိုးအိုတွေကိုပါမကျန် ပြောစရာရှိတယ်ဆိုပြီး နွားအုပ်၊ ဆိတ်အုပ်တွေ သားသတ်ရုံထဲ ရိုက်နှက်ဆဲဆို သွင်းသလို ဗလီဝတ်ကျောင်းထဲမှာ စုရုံးစေခဲ့တယ်။
ရွာသူရွာသားတွေကလည်း ရင်ထဲထိတ်ထိတ်၊ ကြောက်ကြောက်လန့် လန့် နဲ့ ပဲ အစည်းအဝေးလုပ်မယ်ဆိုတဲ့ ဗလီဝတ်ကျောင်းတော်ထဲ ၀င်ရောက်စုရုံးကြတယ်။ တကယ်ပဲ အစည်းအဝေးလုပ်မယ်လို့  ထင်ကြတယ်ဆိုပဲ။ အိမ်စောင့်ရယ်လို့  အိမ်တွေမှာ တစ်ယောက်မှ မကျန်တော့ဘူး။
အဲဒီမှာ ဂျပန်တွေတွေအတွက် အကောင်းဆုံးနဲ့ အလွတ်လပ်ဆုံး အခွင့်အရေးရသွားပါတော့တယ်။ ဂျပန်စစ်သားတွေဟာ တစ်အိမ်တက်ဆင်း အိမ်ပေါ်မှာရှိတဲ့ အဖိုးတန်ရွှေ ၊ငွေ ပစ္စည်းတွေကို သိမ်းကျုံးယူပါတော့တယ်။ တစ်နည်းဆိုရရင် အေးဓါးပြတိုက်ပါတော့တယ်။ ဂျပန်စစ်ဘက်ထောက်လှမ်းရေး စစ်ရဲတွေက ရွာလူကြီးတွေကို အင်္ဂလိပ်စပိုင် ဘယ်မှာ ၀ှက်ထားသလဲဆိုတာကိုသာ ထပ်တလဲလဲ ပြန်မေးလိုက်၊ ရိုက်လိုက်နဲ့ ။ ဒါပင်မဲ့ ဘယ်သူတစ်ဦးတစ်ယောက်မှ မဖော်ကြဘူး။ အနှိပ်စက်သာ ခံကြတယ်။
ဗလီဝတ်ကျောင်းထဲမှာတော့ ရွာသားအားလုံးကို မေးလည်းမေး၊ စစ်လည်းစစ်၊ ရိုက်လည်းရိုက် ရက်ရက်စက်စက် နှိပ်စက်ကြတော့တယ်။ ဂျပန်က မေးမြန်းနှိပ်စက်ရုံ နှိပ်စက်သလားဆိုရင် မဟုတ်သေးဘူး။ အစာရေစာပါ ဖြတ်ထားတယ်။ အဲဒီတုန်းက လူတွေကလည်း တကယ်ရိုးတယ်။ ဂျပန်က သူတို့ ကို မေးရုံမေးမြန်းပြီး လွှတ်လိမ့်မယ်လို့  ထင်ကြတယ်။ ဂျပန်တွေဟာ သူတို့ ကို အစုလိုက်အပြုံလိုက် အရှင်လတ်လတ် မရဏသင်္ချိုင်းထဲ သွင်းလိမ့်မယ်လို့  မထင်ကြဘူး။
ခြင်းခြင်းနီတဲ့သွေးတွေ မြေခကုန်ပြီ
တချို့  ဒီလိုဖမ်းထားတဲ့အပေါ် မယုံသင်္ကာဖြစ်ပြီး နောက်ဖေးသွားမယ်ဆိုပြီး မပေါ်လာတော့ဘူး။ ထွက်ပြေးလို့  လွတ်မြောက်သွားကြပါသတဲ့။ မိခင်တစ်ယောက်ဟာ သူ့ ကလေးငယ်ကို ထားခဲ့ပြီး ကိုယ်လွတ်ရုန်းပြေးတယ်။ ကလေးချီပြေးရင် ဘယ်လွတ်ပါ့မလဲ။ ကမ္ဘာမီးလောင် သားကောင် ချနင်းရတဲ့ အဖြစ်ပါပဲ။
လူတွေ လျော့လျော့သွားတော့ ဂျပန်တွေ မသင်္ကာလာကြတော့ဘူး။ ဒီတော့ နောက်ဘယ်သူ့ ကိုမဆို အိမ်သာတက်မယ် ဆိုတာနဲ့  ဂျပန်တွေက လှံစွပ်တပ်ထားတဲ့ သေနတ်ကိုင်ပြီး လိုက်ပို့ ပါသတဲ့။ ၂ရက်လောက် ဖမ်းချုပ်ထားပြီး   ၁၉၄၅ခုနှစ်၊ဇူလိုင်လ ၁၁ရက်နေ့ မှာ ဒုတိယကမ္ဘာစစ်ကြီးရဲ့ သမိုင်းဝင်လူသတ်ပွဲကြီးကို ဂျပန်တွေက မြိန်ရေယှက်ရေ ဆင်နွှဲပါတော့တယ်။
၁၉၄၅ခုနှစ်၊ ဇူလိုင်လ ၁၁ရက်ဟာ သမိုင်းရက်များကို ခြင်းခြင်းနီတဲ့ သွေးစွန်းတဲ့နေ့ ပါ။ သမိုင်းရက်များကို ခြင်းခြင်းနီတဲ့ သွေးစွန်းတဲ့နေ့ ပါ။သမိုင်းရက်များကို မည်းမှောင်ညစ်ညမ်းသွားအောင် အပြစ်ကင်းမဲ့တဲ့ အဘိုးအို၊ အဘွားအို၊ လူကြီးလူငယ်နှင့် ရင်သွေးများပါမကျန် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့လို့  ကျတဲ့သွေးတွေနဲ့  ခြယ်မှုန်းလိုက်တဲ့ ရက်စက်မှုပါပဲ။
ရေတွင်းတွေဆီ လူကြီးတွေကို မျက်နှာအ၀တ်နဲ့ စည်း၊ လက်နောက်ပြန်ကြိုးချည်ပြီး လူစုခွဲသွားပါတယ်။ ကလေးတွေ၊ အဘိုးကြီးတွေကို လှံစွပ်ထောက် ဟိန်းဟောက် ဆဲဆိုပြီး ခေါ်သွားတယ်။  ရွာသားယောကျာ်း၊ မိန်းမကလေးတွေရဲ့ “ကယ်တော်မူကြပါ” ဆိုတာတောင် ဟစ်အော်ကြွေးကြော်သံ မအော်ဟစ်ဝံ့လောက်အောင် လူသတ်ကောင် ဘီလူးသဘက်တွေရဲ့  အော်ဟစ်ကြိမ်းမောင်းသံတွေဟာ လွှမ်းခြုံလျက်ရှိနေတယ်။
ထွက်ပြေးလွတ်မြောက်သူ အချို့
ရေတွင်းထဲကနေ ထွက်ပြေးလွတ်မြောက်လာသူက ခြောက်ယောက်ပါ။ တောင်ပိုင်းရေတွင်းထဲကနေ ကိုဇာလီရယ်၊ သူ့  အဘွား ဆိုင်မွန်ဘီ၊ တခြားအဘွား တစ်ယောက်။ ဒေါ်ဆိုင်မွန်ကတော့ တစ်ခဏတာခံပြီး ဒဏ်ရာများကြောင့် သေဆုံးခဲ့ပါတယ်။ အခြားအဘွားတစ်ယောက်လဲ ၁၀ရက်လောက်ပဲ ခံကာ ကွယ်လွန်ခဲ့တယ်။
နောက်အခြားရေတွင်းက ထွက်ပြေးလွတ်မြောက်သူ သုံးဦးမှာ ဆော်ဖာခါတွန် ဆုံးသွားပြီး ဦးရှာကာမောက်နဲ့  ဒေါ်ယာရာဘီတို့  နှစ်ယောက်ပဲ ကျန်ရစ်တယ်။
ဗမာ့မျိုးချစ်တပ်မတော်သားများနဲ့  မဟာမိတ်လေထီးသမားများကို ကူညီလိုတဲ့
အဖြစ်ကိုပြောရမယ်ဆိုရင် အပြစ်ကင်းစင်တဲ့ နှလုံးသားပိုင်ရှင်တွေအနေနဲ့  တစ်ဖက်တစ်လမ်းက ဂျပန်ကို တိုက်ခိုက်နေတဲ့ လေထီးသမားတွေနဲ့  ဗမာ့မျိုးချစ်တပ်မတော်သားတွေရဲ့ အသက်တွေကို မိမိတို့ အသက်နဲ့  ရက်ရောစွာလဲခဲ့တဲ့ ကိုယ်ကျိုးစွန့် တော်လှန်ရေးသမားတွေရဲ့ ထုံးစံအတိုင်း အစတေးခံသွားကြရပါပြီတကား။
အုတ်ဘောင်ခတ်ထားတဲ့ ကာဘရ် သင်္ချိုင်းများ
ကိုဇာလီနဲ့ အတူ ယခင် ဂျပန်ဖက်ဆစ်တွေ မညှာမတာ မိုက်မဲဆိုးရွားစွာ ရက်ရက်စက်စက်သတ်ပြီး ရေတွင်းထဲ ပစ်ချ ကန်ချ ခံရလို့  ဆန့် ငင်ဆန့် ငင် ယက်ကန်ကန်နဲ့  အသက်ပျောက်ခဲ့ရသောသူတွေရဲ့ ကာဘရ်သင်္ချိုင်းရေတွင်းဟောင်း များကို ရောက်ခဲ့ပါတယ်။ ရေတွင်းဟောင်းများကို အုတ်ဖြင့် ၀ိုင်းထားပါတယ်။
ရေတွင်းသင်္ချိုင်း ကဘရ်များနေရာတွင် တစ်ပေတစ်မိုက်မြင့်တဲ့ အုတ်များကို စီရီ၍ပင် ဘောင်ခတ်ထားခြင်း မရှိပါ။ တစ်ဦးတစ်ယောက်က ပြောမပြရင် ကာဘရ်သင်္ချိုင်းဆိုတာ အမှတ်တမဲ့မို့  သိရန်ခက်ခဲပါလိမ့်မယ်။
(မှတ်ချက်။   ။ ရှေးနယ်များရှိ ရေတွင်းများသည် မြေကြီးနဲ့  တစ်ပြေညီနီးပါး ရှိပြီး ၊ ရေတွင်း အ၀ တွင်းနှုတ်ခမ်းများကို ယခုကျေးရွာများတွင် ရှိသကဲ့သို့  အကာအရံ နှစ်ပေသုံးပေခန့်  ဘိလပ်မြေဖြင့် ချောကိုင်ကာ ကာရံထားခြင်း မရှိသးပါ။ ကုလားကုန်း ရွာရှိ ရေတွင်းများသည် ထိုကဲ့သို့  တစ်ပြေးညီရေတွင်းများ ဖြစ်သဖြင့်အချိန်ကြာညောင်းလာသောကြောင့် အုတ်များနဲ့  ၀ိုင်းထား၍သာ သိလိုက်သည်ဟု ဆရာကြီးဆိုလိုခြင်း ဖြစ်ဟန်တူပါတယ်။)
အစ္စလာမ့်အလင်းမဂ္ဂဇင်း အမှတ်စဉ်(၁၉) ၊ ၁၉၈၀ ပြည့်နှစ်၊ မတ်လ စာစောင်တွင်-
အာဇာနည် ရှဟီဒီတို့ ၏ သင်္ချိုင်းကဘာရ်များ ဖြစ်နေသော အထက်ဖော်ပြပါ ရေတွင်းဟောင်းများသို့  ဇေယာရတ် မေတ္တာဆုမွန်ပို့ ရန် လာရောက်သူ များပြားလှပေသည်။
ဟူ၍ရေးသားထားသည်ကို တွေ့ ရပါသော်လည်း ဤကဘရ်သင်္ချိုင်းမျာကို ကဘရ်သင်္ချိုင်းများ (သို့ မဟုတ်) အာဇာနည်ဗိမာန်များနဲ့  တူအောင် ထည်ထည်ဝါ၀ါကြီးမဟုတ်သည့်တိုင်အောင် အသင့်တင့်တော့ရှိဖို့  ရန်ပုံငွေများ လှူဒါန်းသင့်တယ်လို့  စိတ်ထဲတွင်အောက်မေ့နေမိပြန်တယ်။
လူကြီးလူငယ်၊ အဘိုးအို၊ အမယ်အိုကစပြီး အိမ်စေ့ လူကုန်လာရမယ်၊ အစည်အဝေးလုပ်မယ်၊ ဗလီထဲမှာ စုရမယ်ဆိုတာနဲ့  ကျွန်မတို့ လည်း ဖလာတူ-ဗလီဝင်းထဲမှာ သွားစုကြရပါတယ်။ ယောင်္ကျားတွေကိုတော့ ဗလီထဲမှာ လှောင်ထားတယ်၊ ရွာကိုတော့ ဂျပန်စစ်တပ်တွေ ၀ိုင်းထားပါတယ်။ နောက်တော့ အစည်းအ၀းလုပ်ဖို့  ခေါ်တာမဟုတ်ဘူး ဆိုတာ တဖြည်းဖြည်းနဲ့  ရိပ်စားမိလာတယ်၊ ဗလီဝင်းထဲကနေ ဘယ်သူမှ အပြင်မထွက်ရဘူး။ တို့ ကိုများ ဗလီထဲမှာ အစုလိုက်အပြုံလိုက် ပစ်သတ်မှာလား၊ မီးလောင်တိုက်သွင်းမှာလားဆိုပြီး အမျိုးမျိုးတွေးတောမိကြပါတော့တယ်။ လှောင်ပိတ်နေတော့ ကလေးတွေလည်း ပူလို့ မနေနိုင်လို့  ငိုကြတယ်၊
အဲဒီတော့ ဂျပန်က လှံစွပ်နဲ့  ထိုးမယ် တကဲကဲလုပ်လာတယ်၊ ကလေးတွေ မငိုစေနဲ့ ဆိုပြီး လှံစွပ်နဲ့  ခြိမ်းခြောက်တယ်။ ထမင်းမကျွေး၊ ရေကလည်းပြတ်၊ အစာရေစာဖြတ်ထားတယ်၊ အငတ်ထားတယ်၊ သုံးရက်လုံးပဲ။ ကလေးတွေလည်း ငိုလိုက်၊ ငိုလွန်းတော့မော၊ မောတော့ အိပ်ပျောသွား၊ ငတ်လိုက်နဲ့ ။
တစ်ချို့ ကတော့ အိမ်သာသွားတက်မယ်ဆိုပြီး ဂျပန်တွေအလစ်ထွက်ပြေးတယ်။ ဒီလို ထွက်ပြေးလို့  လွတ်သွားတဲ့သူတွေလည်း ရှိပါတယ်။ နောက် အဲဒီလိုထွက်ပြေးမှန်းသိတော့ အိမ်သာတက်မယ်ဆိုရင် ဂျပန်က သေနတ်လှံစွပ်တပ်ပြီး လိုက်ပို့ တယ်။ မပြေးသာတော့ဘူးပေါ့။
ကုလားကုန်းကျေးရွာမှာက တစ်အိမ်ရေတွင်းနှစ်တွင်းလောက် ရှိတယ်၊ ဗလီဘက်က သွားရင် ရေတွင်းတွေပဲ တွေ့ ရမယ်၊   ရေတွင်းကို ခေါ်မသွားခင် အိမ်တစ်အိမ်မှာ ပိတ်လှောင်ထားတယ်၊   နောက်လက်ပြန်ကြိုးတုပ်ပြီး နှစ်ယောက်တစ်တွဲ ရေတွင်းဘက်ဆီ ခေါ်သွားတယ်။ မျက်နှာကို အ၀တ်စည်းပြီး ရေတွင်းကို ကျောခိုင်းထားလိုက်တယ်၊ နောက်လှံစွပ်နဲ့ ထိုးပြီး ရေတွင်းထဲ ကန်ချလိုက်တယ်၊ပြန်မထနိုင်အောင် အပေါ်က သစ်တုံးတွေနဲ့  ဖိလိုက်ကြသေးတယ်။ ယောင်္ကျားတွေ ကုန်တော့ မိန်းမတွေကို ဒီတိုင်းပဲ နှစ်ယောက်တစ်တွဲ ကြိုးချည်ခေါ်သွားပြီး လှံစွပ်နဲ့  ထိုးသတ်တယ်။
မိန်းမတွေ၊ ကလေး၊ လူကြီးတွေ ကုန်သလောက်ရှိသွားတော့မှ ကျွန်မတို့  မိန်းမငယ်(၁၁)ယောက်ကိုခေါ်၊ အိမ်တစ်အိမ်မှာ လှောင်ထားတယ်။ မုန့် အမျိုးမျိုးလုပ်ခိုင်းတယ်။ ရွာသူရွာသားတွေ သတ်ပြီးလို့  ၃ရက်လောက်အကြာမှာတော့ ကျွန်မတို့  ညီအစ်မသုံးယောက်က အကြံတစ်ခုရတယ်။ အိမ်မှာ ပစ္စည်းသွာယူမယ် ဆိုပြီးပြောမယ်၊ ဂျပန်က ခွင့်ပေးရင်သွားယူမယ်။ လစ်ရင် လစ်သလို ထွက်ပြေးမယ်ပေါ့။
အကြံအစည်အတိုင်း ဂျပန်ကိုပြောတော့ အစောင့်သုံးယောက်က လှံစွပ်သေနတ်ကိုင်ပြီး လိုက်ပို့ တယ်။ အိမ်မှာ ပစ္စည်းတွေ ရှာတော့ ဘာပစ္စည်းမှ မရှိတော့ဘူး၊ ဂျပန်တွေ လူမရှိတုန်း ဓါးပြတိုက်ယူလိုက်ပြီပဲကိုး ၊ ဒီတော့ဘာပစ္စည်းမှ မရဘဲ ကျွန်မတို့ ကို ဖမ်းထားတဲ့ အိမ်ကို ပြန်ကြရတယ်။
နောက် မုန့် ညက်တွေထောင်းခိုင်းပြီး၊ မုန့် လုပ်ခိုင်းတယ်၊ ကျွန်မတို့ က ဂျပန်အလစ်မှာ ထွက်ပြေးဖို့ ပဲ ကြိုးစားတယ်၊ ဒါပင်မဲ့ ထွက်ပေါက်မရှိဘူး၊ ဂျပန်တွေက မပြတ်စောင့်နေတယ်၊ အစ်မက မုန့် ညက်တွေ ထောင်းရင်း ကျွန်မတို့ ကို ထွက်ပြေးဖို့  တိုင်ပင်တယ်၊ ကျွန်မက ငါထွက်ပြေးလို့  ပြန်မရောက်ရင် နင်တို့ ဆက်ပြီး ထွက်ပြေးလို့  မှာခဲ့တယ်။ အဲဒီလိုပြောဆိုပြီး မနက်(၇)နာရီမှာ ထွက်ပြေးဖို့ ကြိုးစားတယ်။
ကျွန်မမှာ ကလေးကိုလည်း ရင်မှာပိုက်ထားရတယ်၊ ကလေးကလည်း အခါလည်ပဲရှိသေးတဲ့ သမီးလေး၊ ကလေးကို ထားမပစ်ရက်ဘဲ ပိုက်ပြီး ထွက်ပြေးခဲ့တယ်။ ဂျပန်တွေက ကင်းစောင့်နေတယ်၊ ထွက်ပြေးခွင့် အခွင့်မသာလို့  ပြန်ဝင်လာရတယ်။
၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၂၂ရက် စနေနေ့ မော်လမြိုင်မြို့။ စစ်ကာလ အတွင်း မော်လမြိုင်မြို့အနီး ကုလားကုန်းရွာသား များအား ဂျပန် ကင်ပေတိုင် တပ်မှ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှူတွင် လွတ်မြောက်လာသူ ရွာသား ငါးယောက်အနက်မှ တယောက်အား ကျူးလွန်ခဲ့သူ ကင်ပေတိုင်တို့အား ရွေးထုတ်ခိုင်းနေစဉ်။ အဆိုပါ လွတ်မြောက်လာသူငါးဦးတွင် ၁၅နှစ်အရွယ် မိန်းကလေးတဦးအပါအဝင် အားလုံးမှာ သေလုမျောပါး ဒဏ်ရာ ဗရပွနှင့်ပင်ဖြစ်ကြောင်းသိရသည်။ (ဓါတ်ပုံနှင့် စာညွှန်း ဝါလုံးရှည် အတီး FB)
အနွန်းနဲ့ မိကျားတို့ ကလည်း အိမ်ထောင်သည်တွေပဲ ဖြစ်တယ်။ ကလေးကိုယ်စီနဲ့ ၊ ကလေးတွေလည်း အခါလည်ပဲ၊  သူတို့ ကိုကို ပြောလိုက်တယ်၊ ငါတော့ ပြေးတော့မယ်လို့ ။
တစ်ချိန်လုံး ကိုယ့်ကို ရင်ကိုစည်း အံကြိတ်ပြီးလာခဲ့တဲ့ မာနတွေဟာ သူ့ ကိုတွေ့ လိုက်တော့မှ အားရှိရမယ့်အစား တစ်ခါတည်း ကျဆင်း ပျော့ ခွေသွားတယ်။ ကျွန်မတို့ အင်အားချည့်နဲ့ နေလို့  ငိုအားပင်မရှိတော့သလားဘဲ၊ ကလေးကို သူက ကောက်ချီလိုက်တယ်။ ဓားကို ကိုင်ရင်း ဖားဖျောက်ရွာကို လိုက်ပို့ မယ်လို့  ပြောတယ်၊ ဒီတောဆုံးတော့  ကျွန်မမတ်နဲ့  မောင်ပါခွေးတို့ ကို တွေ့ တယ်။
ဖားဖျောက်ရွာ မြောက်ဘက် လယ်တောထဲခေါ်သွားကြတယ်၊ ကျွန်မဦးလေး ဦးရွှေလီနဲ့  ဆုံတယ်။ ဖတ်တလဲကင်း နှုတ်ဆက်တယ်၊ ကျွန်မက အကျိုးအကြောင်း ပြောပြတော့ နှစ်ယောက်သား ငိုကြပါတော့တယ်၊ ဂျပန်တွေက အားလုံးကို သတ်လိုက်ကုန်ပြီ၊ ညီအစ်မနှစ်ယောက်နဲ့  ကလေးမလေးတွေ ကျန်တယ်၊ သူတို့ ကို သတ်လိုက်ပြီးလား မသိဘူးလို့  ပြောပြလိုက်တယ်၊  အဲဒီလို ပြောနေတဲ့အချိန်မှာ ကုလားကုန်းရွာဘက်က သေနတ်သံတွေကြားရတယ်။ ဘယ်သူတွေ ထပ်သတ်ခံရပြီလဲ။ ကျွန်မ ညီမတွေလား မိကျားတို့ ကို နင့်အစ်မ ဘယ်သွားသလဲဆိုတာ မေးမေးပြီး ရိုက်လေမလား၊ မေးမရလို့  သေနတ်နဲ့  ပစ်သတ်လေရော့သလားဆိုပြီး စိုးရိမ်စိတ်တွေ တဖွားဖွား တိုးလာပြန်တယ်။
အဲဒီတောထဲမှာ ယာယီတဲထိုးပြီး ဦးလေးကထားပေးတယ်၊ ရွာထဲဝင်မယ်လုပ်တော့ နင်ဒီမှာ နေဦးဆိုပြီး ထားခဲ့တယ်။ ရွာထဲကို ၀င်သွားပြီး ကျွန်မတို့ သားအမိစားဖို့  ထမင်းဟင်းချက်ပြီး ယူလာတယ်။ ကျွန်မတို့  အစာရေစာငတ်တော့ အားရပါးရ ပလုတ်ပလောင်း စားတယ်။ ဒါပင်မဲ့ ထမင်းဟင်းမစားရတာ သုံးလေးရက်ရှိပြီမို့  လည်ချောင်းကများ ကျဉ်းနေလို့ လား ။ ရုတ်တရက် မျိုမကျဘူး၊ နည်းနည်းချင်း စားရတော့တယ်။ ထမင်းစားပြီး ခရီးဆက်တယ်။
မနက်မိုးမလင်းတလင်းမှာ ဗမာရွာဖြစ်တဲ့ အန်ဂလဲရွာကို ရောက်တယ်။ ရွာသားတွေက ကျွန်မတို့ ကို လက်မခံဘူး။ အဲဒါကြောင့် မွန်ရွာဖြစ်တဲ့ ကောမနှောရွာကို ဆက်သွားတယ်။ အဲဒီမှာလည်း လက်မခံပြန်ဘူး။
နောက် ကော့မနှောကျေးရွာကနေ ကောဗွီရွာကို ပြန်လှည့်ခေါ်သွားတယ်။အဲဒီရွာကတော့ ဘင်္ဂါလီမွတ်စလင်ရွာ ဖြစ်ပါတယ်။ ရွာမှာ ကျွန်မအမျိုးတွေ ရှိပါတယ်။ အမျိုးတွေအိမ်မှာပဲ တစ်ညအိပ်ပါတယ်။ နောက်နေ့ မှာ ပိန္ဒဲကုန်းကျေးရွာ ဘက် ဆက်သွားတယ်။ဘင်္ဂါလီမွတ်စလင် လူကြီးတွေကို ကျွန်မ ကုလားကုန်းက အမျိုးသမီးပါလို့  ပြောပြတယ်။ သူတို့ က ကုလားကုန်းရွာသားတွေကို လက်မခံရဘူးလို့  ဂျပန်က အမိန့် ထုတ်ထားတယ်ဆိုတာနဲ့  ရွာထဲမှာ မနေရဘူး။ ပိန္ဒဲကုန်းကွင်းထဲမှာ သွားနေရတယ်။ ဘကြီးတို့ က ထမင်းလာပို့ ပေးတယ်။
ကျွန်မရွာရောက်လို့  သတင်းရလိုက်တာက  ကျွန်မတို့ (၁၁)ယောက် အုပ်စုထဲက ကျွန်မညီမ အနွန်နဲ့  မိကျားတို့  နှစ်ယောက်ပါ ထွက်ပြေးလွတ်မြောက်သွားတယ်၊ နောက်ကျန် အမျိုးသမီး ရှစ်ယောက်ကို အလယ်တံခွန်တိုင် (သံဖြူဇရပ်လမ်း) ထိ ခေါ်သွားတယ်။ ဂျပန်တွေက အဲဒီအမျိုးသမီးတွေကို အဓမ္မကျင့်ခဲ့တယ်။ အဲဒီမှာ မိန်းကလေးနှစ်ယောက် ထပ်မံထွက်ပြေးလွတ်မြောက်သွားတယ်၊ ကျန်တဲ့ အမျိုးသမီးတွေကို ဂျပန်တွေ ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်၊ လူကိုလည်း အဓမ္မကျင့်၊ အသက်ကိုလည်းသတ်၊ ဘက်စုံ ရိုင်းစိုင်းတဲ့ ဖက်ဆစ်ရဲ့ သရုပ်သကန်ပါပဲ။
(ဒေါ်စကီမာဘီ(ခေါ်) ဒေါ်အုန်းကြည် ၏ ပြောပြချက်များဖြစ်ပါတယ်။)
ထိုနည်းတူ စာရေးဆရာခင်ကြီးအောင်ရေးတဲ့ ဘူရှိဒိုသူရဲကောင်းတို့ ၏ စစ်ရာဇ၀တ်မှုများ (သုတပဒေသာ စာစောင် ၂၁၊ အမှတ်(၃) ၊ ဇူလိုင်လ ၁၉၉၄) ဆောင်းပါး စာမျက်နှာ ၁၅၀၊ တတိယကော်လံ၊ တတိယပိုဒ် နောက်ဆုံးကြောင်းမှာ အခုလို ရေးသားထားပါတယ်။
          “ဇူလိုင်လ ၁၂ရက်တွင် သူတို့ ဖယ်ထားသော ကျေးရွာသူ ၁၀ယောက်ကို ခေါ်ကာ ထွက်ပြေးသွားကြသည်။ ၎င်းအမျိုးသမီးများကို နောက်တစ်ကြိမ် ဘယ်သောအခါမျှ ပြန်၍ မတွေ့ ရတော့ပါ။’’
ကွဲလွဲချက်အနည်းငယ်
ဆရာကြီး ၀မ်းအိုဝမ်းကျော်ဝင်းမောင် ၁၉၈၀ပြည့်နှစ် ဧပြီလ ၂၂ရက်နေ့ မှာ တွေ့ ဆုံမေးမြန်းခဲ့သော ကုလားကုန်း ကျေးရွာက အသက်(၆၅)ရှိပြီဖြစ်တဲ့ ဒေါ်စကီမာဘီ (ခေါ်) ဒေါ်အုန်းကြိုင် ပြောပြရာတွင် အမျိုးသမီး(၁၁)ယောက် ရွေးဖယ်ထားပြီး ဂျပန်တွေအတွက် သရေစာတွေ လုပ်ပေးရတယ်။ ဖမ်းထားရာကနေ ဒေါ်အုန်းကြိုင် အရင်ဆုံး ထွက်ပြေး လွတ်မြောက်ခဲ့တယ်။
ထို့ အတွက်ကြောင့် အလယ်တံခွန်တိုင်(သံဖြူဇရပ်) တွင် ထွက်ပြေးလွတ်မြောက်မှု မရှိခဲ့ဘူးဆိုရင်လည်း ဒေါ်အုန်းကြိုင်၏ ညီမ နှစ်ယောက်ကတော့ ကုလားကုန်းကျေးရွာမှာ ကတည်းက လွတ်မြောက်ခဲ့တယ်ဆိုတော့ အလယ်တံခွန်တိုင် (သံဖြူဇရပ်)တွင် အမျိုးသမီး ၈ဦးတော့ သတ်ဖြတ်ခံခဲ့ရကြောင်း ယူဆရပါသည်။
စာရေးဆရာခင်ကြီးအောင် ရေးသားချက်ထဲမှာ (၁၀) ယောက်ဆိုတာ ကလေးနဲ့ ဆို (၁၁)ယောက် ၊ (၁၅နှစ် မိန်းကလေးနဲ့  သူ့ အဒေါ်ကလေး)အဲဒီလိုကွာခြားချက်ရယ်၊ ဂျပန်တွေ ခေါ်သွားတဲ့ အဲဒီ(၁၀)ယောက်ကို နောက်တစ်ကြိမ် ဘယ်သောအခါမျှ ပြန်၍ မတွေ့  ရတော့ပါလို့  ဖော်ပြထားပါတယ်။ အမှန်က အဲဒီလို ခေါ်သွားတဲ့ အမျိုးသမီးတွေ ရဲ့ သတင်းဟာ ပျောက်ကွယ် မသွားခဲ့ပါ။ သူတို့ တစ်တွေကို ဂျပန်တွေက ရက်စက်စွာ သတ်ထားခဲ့ကြောင်း၊ သူတို့ ကို မြှပ်နှံရာသင်္ချိုင်းကို ကုလားမသင်္ချိုင်းဆိုပြီး သမိုင်း မှတ်တိုင်တွင် ကျန်ရစ်ခဲ့တယ်။
အထောက်အထားတစ်ချို့
အင်္ဂလိပ်တွေက ၀င်လာတော့ အဲဒီကရွာသားတွေကို စစ်ရိက္ခာတွေ ဖြန့် ဖြူးပေးတယ်။ လွတ်လပ်ရေးရပြီးစထိ ထောက်ပံ့ငွေတွေ ရိက္ခာတွ ပို့ ပေးတယ်လို့  ပြောပြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ အင်္ဂလိပ်အစိုးရက ဒီလို ကုလားကုန်းက ကလေးလူကြီး မိန်းမယောက်ျား ၇၆၉ယောက်တို့ အား ဂျပန်ဖက်ဆစ်တွေက ရက်ရက်စက်စက် သတ်ဖြတ်ပြီး ရွာရှိရေတွင်း ၂၂တွင်းထဲ အရှင်လတ်လတ် သွေးစိမ်းရှင်ရှင်နဲ့  မရူမလှ သေဆုံးရတဲ့အတွက် ‘ကရုဏာကြေးပေးမယ်’ ဆိုပြီးလုပ်ခဲ့တယ်။
သေသူများနဲ့  ပတ်သတ်တဲ့ ပုံစံတွင် ထည့်သွင်းဖေါ်ပြရန် စာရွက်စာတမ်းများတောင် ပေးခဲ့ပါတယ်။ ဒါပင်မဲ့ မြန်မာပြည်လွတ်လပ်ရေး ရပြီးတဲ့အခါမှာ စစ်လျောကြေးပေးမယ်ဆိုတဲ့ အစီအစဉ်တွေ အကောင်အထည် မပေါ်တော့ပါ။
စစ်ခုံရုံး
ဒီအမှုစစ်ဆေးစဉ် တရားလိုဘက်မှ သက်သေအဖြစ်
အီရှစ်အာမတ် (ဒီဆိပ်ဖူးဟန် အသက်၈၀)
ဦးမာမက်ဒူလာ – ကုလားကုန်း
ဦးရာရှစ်         -  ဖားဖျောက်
ဦးရှစ်အာမက်  -  ကုလားကုန်း
ဒေါ်ဆာရာဘီ   -
အခြားအမျိုးသမီးကြီး  -           တို့ ဖြစ်ပါတယ်။
ဂျပန်တွေကို မဟာမိတ်စစ်အရာရှိတွေက စစ်ခုံရုံးတင်တဲ့အခါ ဂျပန်တွေက ဘာတွေ ဆင်ခြင်ပေး လျှောက်လဲကြသလဲဆိုတာ စာရေးဆရာ ခင်ကြီးအောင်၏ ဘူရှိဒိုသူရဲကောင်းတို့ ၏ စစ်ရာဇ၀တ်မှုများဆောင်းပါး (ဇူလိုင်လ ၁၉၉၄ထုတ်၊ သုတပဒေသာစာစောင်) အတွဲ ၂၁၊ အမှတ်(၂၃)မှာ ယခုလို ရေးသားထားပါသည်။
စစ်ခုံရုံးတွင် ရာဇ၀တ်မှု ကျူးလွန်ခဲ့သူ ဂျပန်စစ်ဗိုလ်များက ခုခံကာကွယ် လျှောက်လဲကြပုံ
“ကုလားကုန်းရွာများသည် ထိုဒေသတွင် လှုပ်ရှားသော မြန်မာ့တော်လှန်ရေးတပ်သားများနှင့် ဗြိတိသျှ လေထီးတပ်သားများကို အကူအညီပေးခဲ့ကြသူများဖြစ်၍ ၎င်းတို့ သတ်ဖြတ်နှိပ်ကွပ်ခြင်းမှာ တရားသောဆောင်ရွက်မှု ဖြစ်သည်။ ထိုဒေသရှိ ရန်ပြုသူများအား ရှင်းလင်းရာတွင် ဤကိစ္စမှာ စစ်ဆေးလိုအပ်ချက်အရ လုပ်ဆောင်ရခြင်းဖြစ်၍ အပြစ်မရှိကြောင်း။
မည်သို့ ပင်ဖြစ်စေ စစ်ရာဇ၀တ်ကောင်များ ဆင်ခြင်ပေး လျှောက်လဲကြသည်ဖြစ်စေ လက်နက်မဲ့ ရွာသူရွာသား ၇၆၉ယောက်ကို အစုလိုက်အပြုံလိုက် သွေးအေးအေးနှင့် စိမ်ပြေနပြေသတ်ဖြတ်ခဲ့ခြင်းမှာ စစ်ရာဇ၀တ်မှုကြီး မဟုတ်ဟူ၍ မည်သူမျှ ငြင်း၍မရနိုင်ပါ။
လက်တွေ့ ကျူးလွန်သည့် ဂျပန်စစ်ရာဇ၀တ်ကောင်တို့ က အထက်အမိန့် အရ ဆောင်ရွက်ရပါသည်ဟု ဆင်ခြေပေး လျှောက်လဲကြခြင်းမှာလည်း ပေးသောအမိန့် သည်ပင်လျှင် အပြည်ပြည်ဆိုင်ရာ စစ်ခင်းမှုဥပဒေနှင့် မညီမညွတ်သဖြင့် မည်သည့်နည်းနဲ့ မျှ ကုလားကုန်းရွာ လူသတ်ပွဲကြီးကို စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်း မဟုတ်ပါဟုယူဆရန် ခက်ခဲလှပေသည်။
မဟာမိတ်စစ်ခုံးရုံးက ကုလားကုန်း ရွာသူရွာသားများကို သတ်ရန် အမိန့် ပေးပြီး ကိုယ်တိုင်လည်း ပါဝင်ခဲ့တဲ့ ဖက်ဆစ်ဂျပန် ဗိုလ်ကြီး အဆင့်ရှိတဲ့ ဗိုလ်ကြီးအီရှီကာဝါနဲ့  တခြားစစ်ဗိုလ်များကို သက်သေများရဲ့ ထွက်ဆိုချက်အရ အမှုကျူးလွန်ခဲ့ကြောင်း ထင်ရှားတဲ့အတွင် သေဒဏ်ပေးလိုက်ပါတယ်။
ကျေးဇူးတင်ရှိခြင်း
စာရေးသူအား အခုလို စိတ်ရှည်လက်ရှည် ဂျပန်လှံစွပ်ဓါးသွားအောက်က အသက်ကို လုပြီး ထွက်ပြေး လွတ်မြောက်လာခဲ့တဲ့ ဒေါ်စကီမာဘီ(ခေါ်) ဒေါ်အုန်းကြိုင်အား အထူးကျေးဇူးတင် ဂုဏ်ပြုချီးကျူး ပါတယ်။ အစအစအရာရာ အကူအညီပေးခြင်း ၊ ကိုယ်တွေ့ သမိုင်းများ ပြောပြပေးတဲ့ ဦးဇာလီနဲ့ မိသားစု၊ ဦးဒေ၀ါနာလီ ၊ ဒေါ်မိကျား၊ ဒေါ်အီကျွတ်ဘီ၊ မော်လ၀ီ ယာကွတ်( ရန်ကုန် ဆူဖီယာကျောင်းဆရာ) နှင့်တကွ ဖားဖျောက်၊ ကုလားကုန်းရွာတို့ မှ အစစအရာရာ ကူညီပေးခဲ့ကြသူများ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
ရန်ကုန်သို့ အပြန်
ဦးဇာလီက စာရေးသူအား ကုလားကုန်းရွာမှ လှည်းကြုံရှိတဲ့အတွက် ၁၄-၄-၁၉၈၀ ရက်နေ့  မနက်လှည်းကြုံနှင့် ကျိုက်မရောလှည်းဆိပ်ကို လိုက်ပို့ စေခဲ့ပါတယ်။ ကျိုက်မရောက ဆက်လာပြီး မော်လမြိုင် ဈေးကြီး ဗလီဝင်းမှာပဲ တည်းခိုအိပ်စက် ပါတယ်။ နောက်တစ်နေ့  ၂၅-၄-၁၉၈၀ ရက် မနက် ရန်ကုန်သွားမယ့် ရထားနဲ့ လိုက်ခဲ့ပါတယ်။
ဂျပန်စစ်လျော်ကြေးကိစ္စ
ဒုတိယကမ္ဘာစစ်အတွင်းက တရုတ်ပြည်၊ ကိုရီးယား၊ ဖော်မိုဆာ၊ စင်င်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် အစရှိတဲ့ နိုင်ငံများကို ကျူးကျော်မှုတွေ လုပ်ခဲ့တဲ့အတွက် ယနေ့ သက်ဆိုင်ရာ ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ထံ ၀န်းချတောင်းပန်တာ တွေကြားရပါတယ်။
စစ်တွင်းက ကိုရီးယား အမျိုးသမီးတွေကို ဂျပန်တပ်မတော်သားများအတွက် ပြည့်တန်ဆာများအဖြစ်၊ ဆောင်ကြာမြိုင်မယ်များ အဖြစ် အတင်းအဓမ္မစေခိုင်းခဲ့တဲ့အတွက် အဲဒီတုန်းက ပါဝင်အသုံးတော်ခံခဲ့ရတဲ့ အသက်ထင်ရှား ရှိတဲ့ ကိုရီးယား အမျိုးသမီးကြီးများက လက်ရှိ ဂျပန်အစိုးရထံ လျောကြေးတောင်းခံခဲ့ပါတယ်။
အလယ်တံခွန်တိုင် (သံဖြူဇရပ်လမ်း)မှာ အမျိုးသမီးတွေကို မုဒိမ်းဝအောင် ကျင့်ပြီး သတ်ခဲ့တယ်။ ယခုတိုင် ကုလားမသင်္ချိုင်းလို့  သမိုင်းမှာ အထင်ကရ ရှိခဲ့တယ်။
ဒုတိယကမ္ဘာစစ်ပြီးစကတော့ ဂျပန်က မြန်မာပြည်ကို စစ်လျော်ကြေးပေးတယ်ဆိုတာ ကြားရပါတယ်။ ဒါပင်မဲ့ ဒီလို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ရွာသူရွာသားတွေကို ၀မ်းနည်းစကား တစ်ခွန်းတစ်လေမှ ဒီနေ့ ထိလည်း လာမပြော၊ လျော်ကြေးလည်း တစ်ပြားတစ်ချပ်မှ မပေး။ ဒီလို ဥပေက္ခာပြုထားခြင်း ခံရတာဟာ အရုပ်ဆိုး အကျည်းတန်လှပါတယ်။ ဒီလို လျစ်လျူရူထားတဲ့အတွက်လည်း ၀မ်းနည်းစရာပါ။
ဝမ်းအိုဝမ်း ကျော်ဝင်းမောင်
မူရင်းစာအုပ် အစအဆုံးဖတ်လိုလျှင်
ပြန်လည်ဝေမျှသူ
တင်မင်းထွဋ်
About these ads
Tags: , , , , ,
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
Follow
Get every new post delivered to your Inbox.
Join 3,357 other followers
%d bloggers like this: