Davis Cup ပြိုင်ပွဲကျင်းပမည့် အကြိုသတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော မြန်မာနိုင်ငံ တင်းနစ် အဖွဲ့ချုပ် တာဝန်ရှိသူများ
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Davis Cup Asia Oceania Zone Group(IV) 2013 တင်းနစ်ပြိုင်ပွဲကို လုံခြုံရေး အခြေအနေကြောင့် ပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။
ပြိုင်ပွဲကို ဧပြီလ (၂၂) ရက်မှ (၂၈) ရက်အထိ ရန်ကုန်မြို့ရှိ သိမ်ဖြူတင်းနစ်ကွင်းတွင် ကျင်းပရန် စီစဉ်ထားခဲ့ပြီး အိမ်ရှင်မြန်မာအသင်း အပါအ၀င် ဘာရိန်း၊ ကာဇက်စတန်၊ အီရတ်၊ ကာဂျစ္စတန်၊ ကာတာ၊ ဆော်ဒီ၊ တာမင်နစ္စတန်၊ ဂျော်ဒန်၊ စင်ကာပူနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်း ထားခဲ့သည်။
မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးလေးနိုင်က “အခုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း အများစုက အရှေ့အလယ်ပိုင်းက အသင်းတွေ ပါဝင်တာကြောင့် ဒီပြိုင်ပွဲကို ရွှေ့ဆိုင်းဖို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ပါတယ်။ ပြိုင်ပွဲကို ရွှေ့ဆိုင်းဖို့ကိုလည်း နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ် (ITF) ကိုလည်း အကြောင်းကြားခဲ့ပါတယ်။ ပြိုင်ပွဲရွှေ့ဆိုင်းဖို့ကို ITF က လက်ခံပေမယ့် လုံခြုံရေးစိတ်ချရမယ့် အချိန်မှာ အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပခွင့် ရရှိဖို့ကတော့ မသေချာတော့ပါဘူး။ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နိုင်ငံကို ITF ကပဲ ထပ်မံရွေးချယ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
ယင်းပြိုင်ပွဲကို ပြီးခဲ့သည့်ဧပြီလ (၁၃) ရက်နေ့က ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ပါဝင်ယှဉ်ပြိုင်မည့် အသင်းများ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ထို့အပြင် ဧပြီလ(၂၉)ရက်မှ မေလ(၅)ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Davis Cup ပြိုင်ပွဲ Group(III) ကိုလည်း အလားတူ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။
Leave a Reply