ဦးအောင်သောင်း(ခ) ဦးအောင်တောင်း(ခ) ကုန်အောင်တောင်း (ကိုအောင်သောင်း)

အပိုင်း(၅)မှာ လူလည်ကြီးများရဲ့ ဘုရင်အကြောင်း ရေးသားမယ်လို့ ကြိုတင်ကြေညာထားလို့ စာဖတ်ပရိသတ်တွေ လည်ပင်းရှည်စွာ စောင့်မျှော်နေရတာကိုလည်း တောင်းပန်ချင်ပါတယ်။ သိထားတဲ့အတိုင်း သုံးမည်ရခြကြီး ဘွဲ့ရထားပြီး အမည်သုံးမျိုးနဲ့ ကျော်ကြားသူ ဦးအောင်သောင်း(ခ) ဦးအောင်တောင်း(ခ) ကုန်အောင်တောင်း (ကိုအောင်သောင်း)ဟာ မီဒီယာလောကမှာ ထင်ပေါ်သူတစ်ဦးဖြစ်လို့ မီဒီယာမှာ မရှိသေးတဲ့ အချက်အလက်များ သိစေချင်တာကြောင့် အချိန်ယူခဲ့ရတာပါ။
လူလည်များရဲ့ဘုရင် ဦးအောင်သောင်းဟာ လူမသိ သူမသိ ကျောင်းဆရာဘ၀ကနေ န၀တ၊ နယက လက်ထက် သြဇာအာဏာ ရှိပါတယ်ဆိုတဲ့သူတွေကို ကျော်ခွလှည့်ပတ်ပြီး အရောင်အမျိုးမျိုး ပြောင်းလဲကာ ယနေ့အထိ ပန်းပန်လျက်ပါလို့ ဆိုနိုင်သူ တစ်ယောက်ပါ။ ယခင်အပိုင်းများမှာ ရေးခဲ့တဲ့ လူလည်ကြီးများထက် အဆပေါင်းများစွာ သာတဲ့သူလို့ ဆိုနိုင်ပါတယ်။ န၀တ၊ နယကလက်ထက်မှာ အရောင်အမျိုးမျိုး ပြောင်းလဲမွှေနှောက်ကာ ၀န်ကြီးဌာနနဲ့ ၀န်ကြီးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ကို အခွင့်ကောင်းယူ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေကို ခိုးယူပြီး မြန်မာပြည်ရဲ့ ထိပ်တန်း ချမ်းသာကြွယ်ဝမှုစာရင်း ၀င်လာတဲ့သူဖြစ်ပါတယ်။သူ့ရဲ့ဘ၀ အစကတော့ မျက်စိသူငယ်၊ နားသူငယ်နဲ့ ၀ဲလောင်ရွာမှာ မွေးတဲ့ ၀ဲလောင် ရွာသားလေး ဖြစ်ခဲ့ပြီးတော့ အလွန်ပဲ ဆင်းရဲချို့တဲ့ခဲ့တဲ့ ကျောင်းဆရာ တစ်ယောက်ဖြစ်ပါတယ်။ မှော်ဘီ ဗိုလ်သင်တန်းကျောင်း အပတ်စဉ်(၃၁)မှာ ဗိုလ်သင်တန်းတတ်ခဲ့ပြီး စစ်တပ်ထဲမှာ အမှတ်(ရ) တပ်ရင်းမှူး၊ နမခ စစ်တိုင်းမုံရွာမှာ စစ်ဗျူဟာမှူးနဲ့ န၀တ လက်ထက်မှာ မကွေးတိုင်း တ၀တ ဥက္ကဌ တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက နမခ တိုင်းမှုး ဗိုလ်ချုပ်ထွန်းကြည်ဟာ သူ့ဆရာ အရင်းဖြစ်ပါတယ်။

ဗိုလ်ချုပ်ထွန်းကြည် ကုန်သွယ်ရေးဝန်ကြီး ဖြစ်လာချိန်မှာ လက်အောက်က ကိုယ့်တပည့်ရဲ့ စိတ်ရင်းအမှန်ကို မသိတဲ့ ဦးထွန်းကြည်ဟာ တပည့်လေး ဦးအောင်သောင်းကို သူနဲ့အတူ လိုက်ခဲ့ဖို့ ခေါ်ခဲ့ပါတယ်။ မလိုက်ချင်လိုက်ချင်နဲ့ ဖြစ်နေတဲ့ သူတပည့် ဦးအောင်သောင်းကို ဦးထွန်းကြည်က ကုန်သွယ်ရေး ဒုဝန်ကြီး ရာထူးပေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု လုပ်ငန်းတွေနဲ့ ဂွင်တွေကိုနားလည်လာတဲ့ လူလည်ကြီးဟာ ဒုဝန်ကြီးဘ၀နဲ့ မကျေနပ်နိုင်တဲ့ အတွက် သူ့ရဲ့ပင်ကိုဗီဇအတိုင်း အရောင်ပြောင်းလဲ ကျော်ခွတဲ့အလုပ်ကို စတင်ခဲ့ပါတော့တယ်။ ဦးအောင်သောင်းဟာ သူ့ကို ကုန်သွယ်ရေး ဒုဝန်ကြီးအဖြစ် နေရာပေးခဲ့တဲ့ ဆရာသမားရဲ့ မျက်နှာကိုမထောက်ပဲ ကကလှမ်း (ယခင်စစ်ထောက်လှမ်းရေး) သတင်းပေး လုပ်ခဲ့ပါတယ်။ ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ အတွင်းရေးသတင်တွေ၊ အားနည်းချက်တွေ၊ ၀န်ကြီးနဲ့ သူ့တပည့်သားသမီး တွေရဲ့ စီးပွားရေးဂွင် ဖန်တီးမှုသတင်းတွေ ပေးပြီး ကျေးဇူးရှင် ဆရာသမားကို ကျေးဇူးဆပ်ခဲ့တဲ့သူ တစ်ယောက်ပါ။

ဒီလိုလုပ်ရတဲ့ အကြောင်းကလည်း ဦးခင်ညွှန့်နဲ့ သူ့ဆရာ ဦးထွန်းကြည်ဟာ အဆင်မပြေဘူးဆိုတာ သိနေတာကြောင့် ကုန်သွယ်ရေး ၀န်ကြီးဌာန အတွင်းရေး သတင်းတွေ ပျော့ကွက်ဟာကွက်တွေကို ကကလှမ်းကို ဖော်ကောင်လုပ်ခဲ့ပြီး ဦးခင်ညွှန့်ကို ဆရာမွေးခဲ့ခြင်လို့ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ဦးအောင်သောင်းရဲ့ဖော်ကောင် လုပ်မှုများကြောင့် စစ်ထောက်လှမ်းရေးများဟာ ဦးထွန်းကြည်ကို လာဘ်စားမှု ပုဒ်မများနဲ့ အရေးယူနိုင်ခဲ့ပါတယ်။

လူလည်ကြီး ဦးအောင်သောင်းကတော့ လာဘ်စားမှုတွေမှာ ပတ်သက်ခဲ့ပေမဲ့လည်း အစိုးရ သက်သေ ဖြစ်သွားတဲ့အတွက် အရေးယူ မခံရတဲ့အပြင် ဘုန်းတန်ခိုး တက်နေတဲ့ ဦးခင်ညွှန့်ရဲ့ပစားပေးမှုကြောင့် ကုန်သွယ်ရေး ဒုဝန်ကြီးဘ၀ကနေ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးအဖြစ် ချီးမြှောက်ခံခဲ့ရပါတယ်။ မွေး/ရေ၀န်ကြီးဘ၀မှာ နိုင်ငံတော်ရဲ့ ရေပြင်ပိုင်နက်ကို ထိုင်းငါးဖမ်းကုမ္ပဏီတွေကို တရားမ၀င် လုပ်ကိုင်ခွင့်ပေးပြီး ရရှိတဲ့ နိုင်ငံခြားငွေများကို စာရင်း လိမ်လည်ပြခဲ့ပါတယ်။ အဲဒီအချိန်က နိုင်ငံခြားငွေရှားပါးနေတဲ့ န၀တ အစိုးရဟာ ဦးအောင်သောင်း ရှာပေးတဲ့ဒေါ်လာကို အဓိက၀င်ငွေ အဖြစ်အားထား နေရချိန်ဖြစ်ပါတယ်။ ဒီလိုစစ်အစိုးရ အဖွဲ့အားနည်း ချက်ကိုသိတဲ့ ဦးအောင်သောင်းက မွေးရေ၀န်ကြီးဌာနရဲ့ နိုင်ငံခြားဝင်ငွေ ၁၀ ကျပ်ရရင် ၅ ကျပ်အိပ်ထဲထည့်ပြီး စာရွက်ပေါ်မှာ နိုင်ငံခြားဝင်ငွေ အများဆုံးရှာပေးနိုင်တဲ့ ၀န်ကြီးဌာနဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ န၀တ ကနေ နယက အမည် ပြောင်းလဲချိန်မှာတော့ စာရင်းလိမ် ကျွမ်းကျင်တဲ့ ဦးအောင်တောင်းကို စက်မှု(၁)၀န်ကြီး အဖြစ်ပြောင်းလဲ ခန့်အပ်ခဲ့ပါတယ်။

မွေး/ရေ၀န်ကြီး ဘ၀ကနေ စက်မှု(၁) ၀န်ကြီးဖြစ်လာချိန်မှာတော့ ဦးအောင်သောင်းဟာ နယက ဥက္ကဌကြီး ဦးသန်းရွှေကိုတောင် အကွက်ကျကျ မျက်စိလည်အောင် စက်မှု(၁)လက်အောက်က စက်ရုံများကို စာရင်းလိမ်လည် ပြသခဲ့ပါတယ်။ စက်မှု(၁) စက်ရုံတွေဟာ ဘာတိုးတတ်မှု ဘာလည်ပတ်မှုမရှိဘဲ ဆွေမျိုးကုမ္ပဏီတွေကို ပစ္စည်းဝယ်ယူခွင့်တွေ ချပေးပြီး ကော်မရှင်ခ မတန်တဆ ယူပြီး နိုင်ငံတော် ဘဏ္ဍာတွေကို အလွှဲသုံးစား လုပ်ခဲ့တာ စက်မှု(၁)က ၀န်ထမ်းတိုင်းသိကြပါတယ်။

စက်မှု(၁)စက်ရုံတွေအတွက် နိုင်ငံခြားက အရည်အသွေးမြင့် ကုန်ကြမ်းတွေကို တင်သွင်းခဲ့ပြီး ပြည်တွင်းကို ရောက်လာတဲ့အချိန်မှာ အရည်အသွေးမြင့်တဲ့ ကုန်ကြမ်းတွေကိုရောင်း၊ ပြည်တွင်းဖြစ် အမျိုးအစားမကောင်း ဈေးနှုန်းသက်သာတဲ့ ကုန်ကြမ်းတွေကို အစားထိုး ရောသုံးပါတယ်။ ကုန်ကြမ်းရောင်းလို့ရတဲ့အမြတ်နဲ့ နိုင်ငံခြားက တင်သွင်းခွင့် ပါမစ်တွေကို ရောင်းလို့ရတဲ့ အမြတ်ထဲက အနည်းငယ်ကိုသာ စက်ရုံအမြတ်ဆိုပြီး ပေးသွင်းခဲ့တဲ့အထိ စာရင်းလိမ်ပြရာမှာ ကျွမ်းကျင်သူ တစ်ဦးဖြစ်ပါတယ်။ မွေးရေးဝန်ကြီး လုပ်ခဲ့တုန်းက အောင်မြင်ခဲ့တဲ့ နည်းလမ်းအတိုင်း စက်မှု(၁)စက်ရုံတွေကိုလည်း စက်ရုံမလည်ပဲ အမြတ်ရအောင် လုပ်နိုင်တာ ဦးအောင်သောင်းရဲ့ အရည်အချင်းဖြစ်ပါတယ်။

ကျော်သာ၊ ရတနာသိင်္ဂီ၊ အောင်ရည်ဖြိုး၊ မားသားထရေးဒင်း ကုမ္ပဏီတွေဟာ နိုင်ငံခြားက ကုန်ကြမ်းတွေကို စက်မှု(၁)အနေနဲ့ မလိမ့်တပတ် လူလည်ကျပြီး တင်သွင်းခဲ့ကြပါတယ်။ ဒီကုမ္ပဏီတွေကလည်း ဦးအောင်သောင်းရဲ့ တပည့်သားသမီး ဆွေမျိုးတွေကို နာမည်အမျိုးမျိုးနဲ့ လုပ်စားဖို့အတွက် ဖွင့်ခိုင်းထားတဲ့ ကုမ္ပဏီတွေပါ။ တကယ်တမ်းတော့ အားလုံးကို ဦးအောင်သောင်း ကပိုင်တာဖြစ်ပြီး အဲဒီအချိန်တုန်းက စက်မှု(၁)က တည်ဆောက်ခဲ့တဲ့ စက်ရုံများရဲ့ ဆောက်လုပ်မှု ကုန်ကျစရိတ်နဲ့ ပစ္စည်းတင်သွင်းမှုများကို ပြန်စစ်ဆေးကြည့်ရင် အခြေအနေမှန်ကို သိနိုင်ပါတယ်။ ထင်ထင်ရှားရှား စက်ရုံကြီးများကို ထုတ်နှုတ် ပြောပြရမယ်ဆိုရင်-

စက်မှု(၁)ရဲ့ သာပေါင်းစက္ကူစက်ရုံဟာ ကြိတ်စွမ်းအား မြင့်မားပြီး ကြီးမားတဲ့ စက်ရုံကြီးဖြစ်ပါတယ်။ ဒီလိုစက်ရုံကြီးမှာ ကုန်ကြမ်းသယ်ဖို့အတွက် စက်သုံးဆီမရှိလို့ အခက်အခဲ ဖြစ်ခဲ့ရတယ်ဆိုတာ အမှန်တော့ စက်ရုံရဲ့ပို့ဆောင်ရေးအတွက် စက်သုံးဆီ တွေကို စက်ရုံကို ချမပေးဘဲ ၀န်ကြီး ဦးအောင်တောင်းက သိသိသာသာ ဘုမ်းခဲ့တာပါ။

ကုန်ကြမ်း အမှန်တကယ် သယ်မယ်ဆိုရင် တစ်နေ့ကို ကားအစီး ၁၀၀ တိုက်နှုန်း သယ်ရတဲ့စရိတ်ကို ဘတ်ဂျတ်ထဲမှာ ထည့်ဆွဲဖို့ ကျန်သွားသလိုလိုနဲ့ အိပ်ထဲကိုအကုန် ထည့်သွားခဲ့ပါတယ်။ စက်ရုံလည်ပတ်ဖို့ ကုန်ကြမ်း သယ်ယူစရိတ်ကိုတော့ စက်ရုံမှုးအစီအစဉ်နဲ့ ကုန်ကြမ်းဈေးနှုန်းမှာ ထည့်ပြခဲ့လို့ ထုတ်လုပ်မှု ကုန်ကျစားရိတ် မြင့်တတ်ပြီး ကုန်ချောဖြစ်တဲ့ စက္ကူတွေ အရည်အသွေး မပြည့်မှီတာ လူတိုင်းသိပါတယ်။

သာပေါင်းပျော့ဖတ် စက်ရုံကြီးကို တည်ဆောက်ခဲ့တဲ့ တရုတ်နိုင်ငံက ကုမ္ပဏီဟာဆိုရင် ၀န်ကြီးဦးအောင်သောင်းကို ဒေါ်လာ (၁) သန်း ကော်မရှင်ခ ပေးရတယ်ဆိုတာ ရန်ကုန်မှာရှိတဲ့ တရုတ်သံတမန် အသိုင်းအ၀ိုင်းမှာ နာမည်ကြီးခဲ့ပြီး အစိုးရကတော့ မသိခဲ့ပါဘူး။ ဒေါ်လာ ၁ သန်းအပြင် မှော်ဘီမြို့က ကိုအောင်တောင်းပိုင် Star Flower တစ်ရှူးစက်ရုံဟာလည်း သာပေါင်းစက်ရုံကို ဆောက် ပေးခဲ့တဲ့ တရုတ်ကုမ္ပဏီက လက်ဆောင် ပေးခဲ့တယ်ဆိုတာလည်း ငြင်းလို့မရတဲ့ သက်သေတွေဖြစ်ပါတယ်။

နောက်ထပ် လည်ပြီးတော့ပတ်ခဲ့တဲ့ စက်ရုံတစ်ခုကတော့ ကျောက်ဆည်က စွပ်ကျယ်စက်ရုံဖြစ်ပါတယ်။ စက်ရုံကမလည် ပတ်နိုင်ဘဲ လူတွေဘဲလည်ပတ်နိုင်တဲ့ လူလည်စက်ရုံကြီးပါ။ စက်ရုံဖွင့်ပွဲနေ့က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လာတဲ့အခါမှာ တရုတ်နယ်စပ် ကနေ စွယ်ကျယ်တွေကို ကားတွေနဲ့ အမြန်သယ်ယူပါတယ်။ တရုတ်နယ်စပ်က ၀ယ်လာတဲ့ စွပ်ကျယ်တွေကို စက်မှု(၁)စက်ရုံတံဆိပ် တပ်ပြီး စွပ်ကျယ်စက်ရုံက ထုတ်သလိုလိုနဲ့ လာစစ်တဲ့ ဦးသန်းရွှေကို လှည့်စားခဲ့တာ ဦးသန်းရွှေ တစ်ယောက် မသိလိုက်ပါဘူး။

စက်ရုံဖွင့်ပွဲနေ့က မှင်နဲ့မောင်းနဲ့ ကျောက်ဆည် စွပ်ကျယ်စက်ရုံထုတ် အဆင့်အတန်းမှီ စွပ်ကျယ်တွေကို ဘယ်လို သက်သာအောင် ထုတ်လုပ်ပြီး ၀င်းသူဇာ အရောင်းဆိုင်များကနေ အမြတ်ငွေတွေ ရအောင် ဘယ်လို လုပ်ထားပါတယ်ဆိုတာ ရှင်းပြနေချိန်မှာ ဦးသန်းရွှေက အိပ်ငိုက်နေပါတယ်။ ကျောင်းဆရာပီပီ အာဘောင် အာရင်းသန်သန်နဲ့ တရုတ်နယ်စပ်က၀ယ်လာတဲ့ စွပ်ကျယ်တွေကို စက်ရုံထုတ်အဖြစ် အရောင်ပြောင်းနိုင်ခဲ့သူ အဘ၀န်ကြီးကို စက်ရုံဝန်ထမ်းတွေက ကြိတ်ပြီးရယ်ခဲ့ကြပါသေးတယ်။ စက်ရုံမလည်ပဲ ကျောက်ဆည်က ဦးသန်းရွှေအမျိုးတွေကို ၀န်ထမ်းခန့်အပ်ထားတဲ့ ကျောက်ဆည်စွပ်ကျယ်စက်ရုံကြီးကလည်း ဦးအောင်သောင်း အောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်။

နောက်စက်ရုံ တစ်ခုကတော့ စက်မှု(၁) လက်အောက်က ဂျုံလုပ်ငန်းလုပ်တဲ့ စက်ရုံတွေ အကြောင်းဖြစ်ပါတယ်။ ဒီစက်ရုံ တွေရဲ့အမြတ် ရရှိမှုဟာလည်း ထူးဆန်းအံ့သြဘွယ်ဖြစ်ပါတယ်။ စက်မှု(၁)ထုတ် ခေါက်ဆွဲတွေနဲ့ မုန့်တွေဟာ အရည်အသွေးမမှီ ဆီချေးစော်နံနေလို့ ဘယ်သူမှ မ၀ယ်တဲ့အတွက် စက်ရုံတွေ ရပ်ထားပြီး ဂျုံကုန်ကြမ်းတွေကိုသာ နှစ်စဉ်ဈေးတက်တဲ့ အချိန်ရောက်ရင် အမြတ်ရဖို့ ထုတ်ရောင်းခဲ့ရတဲ့အထိ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ရပါတယ်။

ဒီ့ထက်ဆိုးဝါးတာက နိုင်ငံပိုင်စက်ရုံကြီးများကို အရပ်သား လက်ထဲထိုးအပ်ပြီး အသားတင်အမြတ်ကို တစ်ယောက်တစ်ဝက် ယူတဲ့စနစ်နဲ့ လုပ်ခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံတော်က ပုဂ္ဂလိကမလုပ်ခင် သူ့ကိုယ်ကျိုးစီးပွား အတွက် အရပ်သားတွေကို ထိုးအပ်တာ ဦးအောင်သောင်းရဲ့ အမျှော်အမြင်ကြီးမှုပါဘဲ။ အမှန်တကယ်တော့ အဲဒီလိုဖြစ်စဉ်ဖြစ်တဲ့ စက်ရုံမှူးကို ၀န်ထမ်းဘ၀ကနေ ထုတ်ပစ်ပြီးအရေးယူရမှာပါ။ ဒါပေမဲ့ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ၀န်ကြီးလာဘ်စား ထားတာတွေကို စက်ရုံမှူးကသိနေတော့ အဲဒီစက်ရုံမှူးကို ပြင်းပြင်းထန်ထန်အရေးမယူရဲတာ စက်မှု(၁)က၀န်ထမ်းတိုင်းသိကြပါတယ်။

နောက်ထပ် စက်ရုံကမလည်ဘဲ လူလည်နေတဲ့ စက်ရုံကတော့ ရန်ကုန်က စက်ဘီးစက်ရုံပါ။ ဒီစက်ဘီး စက်ရုံကတော့ စက်မှု(၁)စက်ရုံတွေထဲမှာ အရှုးံအများဆုံးဖြစ်ပြီး စက်ရုံက ပစ္စည်း မထုတ်နိုင်ဘဲ သန်းရှစ်ထောင်ဖိုးလောက် ပစ္စည်းအထုတ်ပြထားလို့ ကျောက်ဆည်က အမှတ်(၂)စက်ဘီးနဲ့ ပေါင်းမယ်ဆိုပြီး လုပ်ခဲ့ရပါတယ်။ ဆိုလိုတာကတော့ အမှတ်(၁)စက်ရုံက သန်းရှစ်ထောင်ကို အမှတ်(၂)စက်ရုံက မတည် အရင်းပြပြီး စက်ရုံကြီး တစ်ခုလုံးကို ဖျောက်ဖျက်ပြစ်လိုက်တဲ့ နည်းလမ်းပါဘဲ။ အမှတ်(၁) စက်ဘီးစက်ရုံ တစ်ခုလုံးက ပစ္စည်းတွေကို အုတ်ကျင်း ကြွေရည်သုတ်စက်ရုံ အမှတ်(၂)ဂိုဒေါင်ဟောင်း တွေမှာ ဖွက်ထားခဲ့ပြီး စက်ရုံတစ်ခုလုံးဖျောက် ဖျက်ခဲ့တာကို လက်ရှိနိုင်ငံတော် သမ္မတကြီး ၀န်ကြီးချုပ် ဖြစ်ခဲ့တုန်းက လုပ်ခဲ့တာပါ။

ဒီလိုမျိုး ခြစားမှုတွေကို သိနေတဲ့ အဲဒီအချိန်တုန်းက စက်မှု(၁)ရဲ့ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဝင်းက မလည်မ၀ယ်နဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို သာပေါင်းစက္ကူစက်ရုံရဲ့ အဂတိလိုက်စားပြီး ပျက်စီးနေတာကို စာနဲ့တိုင်ကြား ခဲ့ပါသေးတယ်။ လူလည်ကြီးက သူ့ကို တိုင်ထားတဲ့သတင်းကို နယကရုံးက သူ့မယား ညီအစ်ကိုကနေ တစ်ဆင့် သိသွားပြီး ဗိုလ်မှူးချုပ် ကျော်ဝင်းကို လက်ဦးမှုယူကာ ဖြုတ်ချ နိုင်ခဲ့ပါတယ်။

လူလည်ဘုရင်ကြီးရဲ့ အကျင့်ပျက် ခြစားတာတွေကို ၀န်ကြီးချုပ်၊ စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး ခင်ညွန့်က သိသွားပြီးတော့ သာပေါင်း စက္ကူစက်ရုံကို အသေးစိတ် စစ်ဆေးမှုတွေ လုပ်ခဲ့တဲ့အချိန်မှာ ခြေမကိုင်မိ လက်မကိုင်မိ မျောက်မီးခဲ ကိုင်သလို ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုမျိုးဖြစ်နေချိန်မှာ သားတော်မောင် ဗိုလ်ပြည့်အောင်ကို နိုင်ငံရဲ့ဒုတိယသြဇာ အရှိဆုံးလို့ ဆိုနိုင်တဲ့ ဗိုလ်ချုပ်ကြီး မောင်အေးရဲ့သမီး နန္ဒာအေးနဲ့ ပေးစားခဲ့ပြီး ဗိုလ်ချုပ်ကြီး မောင်အေးရဲ့ အကာအကွယ်နဲ့ ဦးခင်ညွှန့်ရန်ကို ရှောင်တိမ်းနိုင်ခဲ့ပါတယ်။ တနည်းအားဖြင့် အရောင်ပြောင်း တော်သူကြီးက ဦးထွန်းကြည် အပြီး၊ ဦးခင်ညွှန့်ကို ဆရာမွေးခဲ့ပြီး၊ ဦးခင်ညွှန့်နဲ့ အဆင်မပြေဖြစ်လာချိန်မှာ ဦးမောင်အေးကို ဆရာတင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဦးအောင်သောင်းဟာ ရှေ့ကဆရာသမားများကိုနမူနာယူပြီး သူ့ရဲ့မတရား အဂတိလိုက်စားတဲ့ အကြောင်းတွေကို သိနေတဲ့ ထောက်လှမ်းရေး တပ်မှူးတွေကို မျက်နှာလုပ်ကာ ပါမစ်များချပေးရင်း စည်းရုံးထားနိုင်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်ချုပ်ခင်ညွှန့်က တစ်ချိန်ချိန်မှာ သူ့ရဲ့ကိုယ်ကျိုးစီးပွားကို အန္တရာယ် ပေးလာမယ်လို့ တွက်ထား ခဲ့တာကြောင့် ဦးမောင်အေးရဲ့ အကာအကွယ်အပြင် ဦးသန်းရွှေရဲ့အကာအကွယ်ရဖို့ နည်းလမ်းရခဲ့ပါတယ်။ သူတွေ့ခဲ့တဲ့ နည်းလမ်းအသစ်ကတော့ သူ့ရဲ့တပည့် စစ်ကိုင်းချည်မျှင် အထည်စက်ရုံမှူးကို အိမ်တော်ကြီး (ဦးသန်ရွှေအိမ်) မီးဖိုချောင်ကိစ္စကို လုပ်ပေးဖို့စေခိုင်းခဲ့ပြီး အိမ်တော်ကြီးမိသားစုက သူပြောသမျှ ယုံကြည် လက်ခံလာအောင် လုပ်နိုင်ခဲ့တဲ့ အောက်လမ်းနည်းဖြစ်ပါတယ်။ အောက်လမ်းနည်းဆိုပေမဲ့ လူလည်ကြီးရဲ့ အကြံအစည်တွေ အောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ်။

ဦးသန်းရွှေရဲ့ အကာအကွယ် ရရှိလာတဲ့ အချိန်မှာတော့ ဗိုလ်ချုပ်ထွန်းကြည်ကို ဖြုတ်ခဲ့တဲ့ ဒုတိယဆရာ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ဖြုတ်ချဖို့ ကြံစည်ခဲ့ပါတော့တယ်။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို အာဏာရယူဖို့ ကြိုးစားနေကြောင်း၊ ဗိုလ်ချုပ်ကြီးနေ၀င်း၊ မြေးတွေ ကိစ္စကိုလည်း သိလျက်နဲ့ လွှတ်ထားခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာလည်း သဘောထား ပျော့ပြောင်းခဲ့သည့် ကိစ္စများအား ဦးသန်းရွှေကို နားပေါက်အောင် သွေးထိုးပြောဆို နိုင်ခဲ့တဲ့အထိ ဦးမောင်အေး၊ ဦးသန်းရွှေတို့ရဲ့ လူယုံတစ်ဦးဖြစ်လာခဲ့ ပါတယ်။

သူ့ရဲ့နာမည်ကောင်း ရရေးအတွက် ဒီပဲယင်း အရေးအခင်းကို နောက်ကွယ်ကနေ စီမံကြိုးကိုင်ခဲ့တဲ့သူဖြစ်ပြီး ဒေသခံစစ် တိုင်းမှုး စစ်တိုင်းမှုး ဗိုလ်ချုပ် စိုးဝင်းက လုပ်ခဲ့သလိုမျိုး လွှဲချနိုင်ခဲ့ပါတယ်။

ဒီလိုအရှောင်အတိမ်း ကောင်းကောင်းနဲ့ အရောင်ပြောင်း လဲလာခဲ့တဲ့ ဦးအောင်သောင်းဟာ ဒီပဲယင်း အရေးအခင်းကြောင့် စက်မှု(၁)၀န်ကြီးအပြင် ကြံ့ဖွံ့အသင်းမှာ ဗဟိုအတွင်းရေးမှုး ရာထူးရရှိခဲ့ပါတယ်။ ကြံ့ဖွံ့အတွင်းရေးမှုးဖြစ်လို့ စက်မှု(၁)က ၀န်ထမ်းအားလုံးဟာ ၀န်ကြီးဌာနက အလုပ်များအပြင် ကြံ့ဖွံ့ကိစ္စများကိုပါ မလုပ်ချင်ပဲ လုပ်ခဲ့ကြရပါတယ်။

ဒါကိုသိတဲ့ သမ္မတကြီးက အစိုးရအဖွဲ့သစ် ဖွဲ့စည်းချိန်မှာ ဦးအောင်သောင်းကို နေရာမပေးတော့ပဲ စက်မှု(၁)၀န်ကြီး အဖြစ်ကနေ အနားပေးခဲ့ပါတယ်။ အစိုးရသစ် လက်ထက်မှာတော့ ဦးအောင်သောင်း ဆိုးမွေကြောင့် စက်ရုံတစ်ဝက်ကျော် မလည်ပတ်ခြင်း၊ အရှုံးလွန်စွာ ကြီးမားနေခြင်းတို့ကြောင့် စက်မှု(၁)၀န်ကြီးဌာနကို ဖျက်သိမ်းလိုက်ရတဲ့ အဆင့်ရောက်သွားတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။ စက်မှု(၁)ကရှုံးပေမဲ့ စက်မှု(၁)နဲ့ ပတ်သက်ခဲ့တဲ့ လူလည်ကြီးသားများ ကုမ္ပဏီတွေက အချိန်တို ကာလအတွင်းမှာ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ဖြစ်လာခဲ့ပါတယ်။ သူတို့ပိုင်ဆိုင်မှုတွေကို သိသလောက်ဖော်ပြရရင်—

– ရန်ကုန် လှိုင်ရတနာမွန်အိမ်ရာမှ နန်းတော်တမျှခမ်းနားတဲ့ အိမ်ကြီး

– နေပြည်တော် ဥတ္တသီရိမှ ဧရာမအိမ်ကြီး

– ပြင်ဦးလွင်၊ကန်တော်ကြီး ဥယျာဉ်အနီး ၀န်ကြီးရပ်ကွက်ရှိ အိမ်ကြီး

– ပုပ္ပါးတောင်ကလပ်မှ အနားယူရန်ဆောက်လုပ်ထားသော အိမ်ကြီး

– ပုလဲမြို့သစ် ရွှေနံ့သာရပ်ကွက်က အိမ်ကြီး

– မှော်ဘီမှ Star Flower တစ်ရှုးစက်ရုံ

– စစ်တောင်းစက်ရုံအနီးရှိ နောက်ထပ်တစ်ရှုးစက်ရုံ

– ပုလဲမြို့သစ်က သစ်ခွဥပေါင်းစက်ရုံ

– ပန်းတောင်းက ဧက(၁၀၀)ခန့်ရှိ ဇီးတော်သီးခြံ

– ပလိပ်က စိန်တလုံးသရက်ခြံ

– လှည်းကူးက ဧကများစွာကျယ်ဝန်းသော ကိုယ်ပိုင်အပန်းဖြေဥယျာဉ်ကြီး

– နေပြည်တော်မင်းကုန်း အုတ်စက်အနီး ၃၈ ဧက ကျယ်သည့် ခြံကြီး

– United Amara ဘဏ်လုပ်ငန်း

– အမရာ ဟိုတယ်(နေပြည်တော် ဟိုတယ်ဇုံ)

– စက်သုံးဆီဆိုင်လုပ်ငန်းများ

– ဆက်သွယ်ရေး(ဖုန်း)လုပ်ငန်း

– IGE ပိုင် မန္တလေး စကျင် ကျောက်ပြားစက်ရုံ (ယခင် စက်မှု(၁)စက်ရုံကို သက်သာသော နှုန်းထားဖြင့် ၅ နှစ် ဌားရမ်းထား)

– ရန်ကုန် သမ္မတ၊ စထရင်း၊ အင်းလျားလိပ် ဟိုတယ်ကြီး(၃)ခု IGE က လုပ်ကိုင်ခွင့်ရ

-အောင်ရည်ဖြိုး၊ IGE၊ MRT စသည့် အမည်အမျိုးမျိုးဖြင့် ရွှေတူးဖော်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အကြီးစား လျှပ်စစ်ကြိုးခွေများ တင်သွင်းခြင်းလုပ်ငန်း

ဒီလိုမျိုး ပိုင်ဆိုင်မှုတွေအပြင် နိုင်ငံခြားဘဏ်တွေမှာလည်း ပိုင်ဆိုင်မှုတွေကို ဒေါ်ခင်ရီရီ၊ ဦးနေအောင်၊ မခင်မိုးညွှန့်၊ မခင်ငုရည်ဖြိုး၊ နာမည်များနှင့် BANK OF AUSTRALIA ၊ BANK OF ENGLAND ၊ OCBC ဘဏ်များမှာ အပ်နှံထား ကြောင်းသိရပါတယ်။ အစပိုင်းမှာ ဒေါ်ခင်ရီရီနာမည်နဲ့ အပ်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာ BANK OF AUSTRALIA မှာအပ်ထားတဲ့ ဘဏ်အကောင့်ကို ဒေါ်ခင်ဝင်းနွယ်၊ BANK OF ENGLAND မှာအပ်ထားတဲ့ ဘဏ်အကောင့်ကို ဒေါ်ခင်ဖြူလှ အမည်များသို့ ပြောင်းလဲ အပ်နှံခဲ့တာကို အမေရိကန် နိုင်ငံခြား အရင်းအနှီးများ ထိန်းချုပ်ရေးရုံး (OFAC)က စောင့်ကြည့်လျက်ရှိပါတယ်။ ပြည်တွင်းမှာ ရှိတဲ့ ကျပ်ငွေတွေကိုတော့ ယူနိုက်တက် အမရာဘဏ်ကို တည်ထောင်ခဲ့ပြီး ဘဏ်လုပ်ငန်း လည်ပတ်ရာမှာ သုံးထားပါတယ်။

အစိုးရသစ် တက်လာတဲ့အချိန်မှာ ဦးအောင်သောင်းကို ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှာ ဥက္ကဌနဲ့ ငြိမ်းချမ်းရေး ကောင်စီဝင်ရာထူးကို ပေးထားပေမဲ့လည်း ငြိမ်းချမ်းရေးကိစ္စမှာ ပုဂ္ဂိုလ်ရေးအရ ယုံကြည်မှု မရှိတာကြောင့် အဆင်မပြေကြောင်း သိရပါတယ်။ လက်ရှိ အစိုးရအဖွဲ့မှာ နေရာမရခဲ့တဲ့ ၀ါရင့်ဝန်ကြီးဟောင်း ဦးအောင်သောင်းဟာ ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးတွေကို သူ့လောက် အရည်အချင်း မရှိဘူး၊ နိုင်ငံရေးပါးမ၀ဘူး ဆိုပြီး မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ ရှိပါတယ်။ လက်ရှိ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ အထူးသဖြင့် အရပ်သားဝန်ကြီးတွေရဲ့ အားနည်းချက် ပျော့ကွက်တွေကို မီဒီယာပေါ်မှာ တက်လာ အောင်လုပ်နေသူဟာ လူလည်ကြီး ဦးအောင်သောင်းရဲ့ ကောက်ကျစ်တဲ့ နိုင်ငံရေးတိုက်ကွက်တွေဖြစ်တယ်လို့ နေပြည်တော်ကလာတဲ့ သတင်းများအရ သိရပါတယ်။

လက်ရှိအစိုးရ အဖွဲ့အတွင်း အပျော့ဂိုဏ်း၊ အမာဂိုဏ်း ဖြစ်နေတာလည်း ဦးအောင်သောင်းတို့လို အာဏာကို မက်မောပြီး ဓနဥစ္စာကို လိုချင်တပ်မက် အားကြီးတဲ့ သူတွေကြောင့်ဖြစ်ပါတယ်။ ဦးထွန်းကြည်၊ ဦးခင်ညွှန့် တို့ကို ဖြုတ်ချနိုင်ခဲ့သူ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာလုပ်ကြံခဲ့တဲ့ ဦးအောင်သောင်းဟာ လက်ရှိ သမ္မတကြီးအပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများကို အထင်မကြီးတာ သိပ်တော့မဆန်းပါဘူး။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေကိုတောင် လှည့်စားနိုင်ခဲ့တဲ့ ၀ါရင့်သက်တော်ရှည် ၀န်ကြီးဟောင်း တစ်ယောက်ရဲ့ ပိုင်ဆိုင်မှု တွေကို လွှတ်တော်မှာ မေးခွန်းများ မေးမြန်းသင့်ပါတယ်။

ဦးအောင်သောင်းရဲ့ သားပိုင်ကုမ္ပဏီ(၃)ခုအပါအ၀င် စက်မှု(၁)နှင့် ပတ်သက်ခဲ့သော ကုမ္ပဏီများ၊ စက်မှု(၁) ဖျက်သိမ်းလိုက် ရသည့် အကြောင်းရင်းများ လွှတ်တော်တွင် မေးမြန်းလာခဲ့ရင် အာဘောင် အာရင်းသန်သန် ဘယ်လို လိမ်ညာထွက်ဆိုမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အကယ်၍ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ အနေဖြင့် အဂတိတရား ကင်းကင်းနဲ့ လာဘ်ပေး လာဘ်ယူမှု မပြုလုပ်ခဲ့ပါဘူးလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိခဲ့ရင် –

– BANK OF AUSTRALIA တွင် ဒေါ်ခင်ဝင်းနွယ် အမည်ဖြင့် အပ်နှံထားသော နိုင်ငံခြားငွေပိုင်ဆိုင်မှု

– BANK OF ENGLAND တွင် ဒေါ်ခင်ဖြူလှ အမည်ဖြင့် အပ်နှံထားသော နိုင်ငံခြားငွေပိုင်ဆိုင်မှု

-OCBC တွင် အပ်နှံထားသော IGE ကုမ္ပဏီိပိုင်ရှင် ဦးနေအောင်၏ နိုင်ငံခြားငွေစာရင်း

– စက်မှု(၁) စက်ရုံများသို့ တင်သွင်းခဲ့သည့် အောင်ရည်ဖြိုးကုမ္ပဏီ၏ စာရင်းရှင်းတမ်း

-စက်မှု(၁)စက်ရုံများနှင့် အခြားတည်ဆောက်ရေး လုပ်ငန်းများအတွက် ဆောက်လုပ်ခဲ့သည့် ကျော်သာ ဆောက်လုပ်ရေး ကုမ္ပဏီ၏ ၀န်ကြီးဌာန ဘတ်ဂျက် ရယူမှုများကို အတိအလင်း စာရင်းရှင်းလင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

ရွှေဓူဝံ

SHARED FROM THE FB OF Wai Yan De Mo

ရွေးကောက်ပွဲ အမှီ ကြံဖွတ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်သောင်း(ခ) ဦးအောင်တောင်းရဲ့ အတွင်းရေးတွေကို အတိအကျထပ်မံ ဖော်ထုတ်လိုက်တဲ့..ူhttp://www.demowaiyan.org/2012/03/blog-post_9385.html

ရွေးကောက်ပွဲအမှီ ရွှေဓူဝံရဲ့
အရောင်ပြောင်းသော လူလည်ကြီးများဘုရင် ဦးအောင်သောင်း(ခ) ဦးအောင်တောင်း (ဆောင်းပါးရှင် ရွှေဓူဝံ)

ဆောင်းပါးရှင် ကိုရွှေဓူဝံကတော့ လူလည်ကြီးများဘုရင် ဦးအောင်သောင်း(ခ) ဦးအောင်တောင်းရဲ့ အတွင်းရေးတွေကို အရှိုက်ကို ဒူးနဲ့တိုက်ပြီး ဖွင့်ချလိုက်ပြန်ပါပြီ..။ အပိုင်း(၆) လူလည်ကြီးများ ဘယ်သူအလှည့် ဆိုတာတော့ ဆက်လက် စောင့်မျှော် ဖတ်ရှူကြပါရန်…။ ဒီမိုဝေယံနဲ့ GRWအဖွဲ့တို့ ပူပေါင်းရေးသား တင်ဆက်ခဲ့တဲ့ ဦးအောင်တောင်းရဲ့ ရန်ကုန် လှိုင်ရတနာမွန်အိမ်ရာမှ နန်းတော်တမျှ ခမ်းနားတဲ့အိမ်တော်ကြီး အကြောင်းပြန်ဖတ်ချင်ရင်.. http://www.demowaiyan.org/2010/07/generals-and-their-relatives-watchers.html

Tags: , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: