မျိုးချစ်ကြီးတွေ…သင့်ကြောင့် တစ်ခြားသူတွေ ဒုက္ခမရောက်ပါစေနဲ့

ဘန်ကောက်မှာရှိစဉ်တုန်းက လူကယ်ရီလုပ်တဲ့ မွတ်စလင်တွေက သူတို့ ခိုးသွင်းလာတဲ့သူတွေထဲမှာ ပါလာတဲ့ ရခိုင်တစ်ယောက်နဲ့ သတ်ကြဖြတ်ကြတော့မဲ့ အခြေအနေရောက်ခါနီး လက်မတင်လေးမှာပဲ ပြန်ကယ်ထုတ်လာရဖူးတယ်။ သွေးထိုးမှုတွေ၊ မစဉ်းစားမဆင်ခြင်မှုတွေ၊ အာဏာပိုင်တွေရဲ့ မသိကျိုးကျွံပြုမှုတွေ စသဖြင့် စကားလုံးကြီးကြီးတွေနဲ့ အာပေါက်အောင်ရှင်းပြ၊ တောင်းတောင်းပန်ပန်နဲ့ပေါ့ဗျာ။ ဖြစ်တာကလည်း ရခိုင်မှာ ပြဿနာတွေ အကြီးအကျယ် တက်ပြီးကာစ အချိန်။ ကယ်ရီလုပ်နေတဲ့ မွတ်စလင်တွေနဲ့ အရင်တည်းက ရင်းနှီးသိကျွမ်းပါတယ်။

ရည်ရည်မွန်မွန်နဲ့ ပေါင်းတတ်သင်းတတ်တဲ့ ကောင်လေးတွေပါပဲ။ သူတို့နဲ့ ပြဿနာတက်တဲ့ ရခိုင်သားကလည်း အသားညိုညို၊ ရိုးရိုးအေးအေး၊ အညာသားပုံစံနဲ့ပါ။ တစ်ယောက်နဲ့ တစ်ယောက် ဒီလူက ရခိုင်၊ ဒီလူက ကုလားဆိုပြီး အမြင်မကြည်တဲ့ အကြည့်တွေနဲ့ ကြည့်ရာကနေ ပြဿနာ တက်ကြတာပါပဲ။ ရှစ်ပေလောက်မြင့်တဲ့ အုတ်တံတိုင်းတွေ ပတ်ပတ်လည် ကာထားတဲ့နေရာမှာ သတ်ပြီး အလောင်းဖျောက်ဖို့ဆိုတာ သိပ်ခက်တဲ့ကိစ္စမဟုတ်ပါဘူး။ လူကယ်ရီလုပ်တဲ့ မွတ်စလင် ကောင်လေးတွေကို သေသေချာချာ ရှင်းပြတော့ ခမျာတွေလည်း နားလည်လွယ်ကြတာမို့ တော်ပါသေးရဲ့လို့ သက်ပြင်းချနိုင်တဲ့ အခြေအနေရောက်ခဲ့တာပေါ့ဗျာ။ နို့မို့ဆို အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရမဲ့ကိန်းပဲ။

မြန်မာပြည်ကနေ ထိုင်း၊ မလေးရှားတို့ကို လူပွဲစားတွေရဲ့ အဆက်အသွယ်နဲ့ အောက်လမ်းကနေထွက်ပြီး အလုပ်သွားလုပ်ကြရတဲ့ မြန်မာတွေ၊ မွန်တွေ၊ ကရင်တွေ အတော်များပါတယ်။ အဲ့ဒီလူပွဲစားတွေထဲမှာ မွတ်စလင်တွေ အတော်များများရှိပါတယ်။ ပြောရမယ်ဆိုရင် တရားမ၀င်သွားနေကြတဲ့လူတွေရဲ့ အသက်တွေ၊ ဘ၀တွေက လူပွဲစားတွေ၊ ကယ်ရီသမားတွေရဲ့ လက်ထဲမှာပါ။ ပြဿနာတက်ရင် လူကနေ အလောင်းဖြစ်သွားနိုင်ပါတယ်။ ငါးဖမ်းစက်လှေဆီ အရောင်းခံရပြီး ပင်လယ်ထဲမှာ ဘ၀ဆုံးသွားနိုင်ပါတယ်။ မိန်းကလေးတွေဆို ဖာတန်း ရောက်သွားနိုင်ပါတယ်။ အဲဒီလိုအခြေအနေတွေမှာ တရားဥပဒေတွေ ဘာတွေ ညာတွေ လာမပြောပါနဲ့။ ထိုင်းနိုင်ငံမှာ identity မသိတဲ့ Unknown Dead Body တစ်ခုကို ဘယ်ထိုင်းပုလိပ်ကမှ ဦးနှောက်ခြောက်ခံပြီး လိုက်မစုံစမ်းပါဘူး။ ၉၆၉ ဆိုတာမသိ၊ ငါတို့အရိုးစည်းရိုးထိုးဘာညာဆိုတာတောင် မကြားဖူးတဲ့ မြန်မာ (၈) ယောက် အင်ဒိုမှာ သေသွားခဲ့ရပြီးပါပြီ။ ကုလားတွေသတ်လို့သေတာဆိုပေမဲ့ အဖြစ်အပျက်ရဲ့ မူလအစကို ပြန်စိစစ်ရင် ပြည်တွင်းနေ မျိုးချစ်ကြီးတွေရဲ့ ပယောဂတွေ သွေးထိုးလှုံ့ဆော်မှုတွေကနေ ဆင့်ကဲ ဆင့်ကဲ ဂယက်တွေက အဖျားခတ်သွားရတာလို့ ပြောရင် လွန်မယ်မထင်ပါဘူး။ လူကယ်ရီလုပ်နေတဲ့ ကုလားတွေဆိုတာက စီးပွားရေးသမား သက်သက်တွေပါ။ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ပိုက်ဆံရရင် တရားမ၀င် ပို့ပေးပါတယ်။ ပြည်တွင်းနေ မျိုးချစ်ကြီးတွေက ကုလားတွေကို ပက်ပက်စက်စက်မုန်းတီးနေကြသလို အဲဒီလို ကယ်ရီလုပ်နေတဲ့ ကုလားတွေရဲ့စိတ်ထဲကို မြန်မာတွေကို မမုန်းတီးကြပါစေနဲ့လို့ပဲ ဆုတောင်းမိပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ထမင်းကိုယ်ရှာစားနေရတဲ့ လူတွေကြားထဲကို မုန်းတီးရေး စိတ်ဓာတ်တွေ မသွတ်သွင်းပေးကြပါနဲ့ဗျာ။ ဒီလို တရားမ၀င် လမ်းကြောင်းကနေ လာနေရတဲ့ လူတွေများ တစ်ခုခုဖြစ်ခဲ့ရင်ဆိုတဲ့စိတ်နဲ့ တွေးပူပြီး တော်တော်လေး စိတ်ဆင်းရဲမိပါတယ်။

တချို့သော မျိုးချစ်ကြီးတွေက ပြောကြပါသေးတယ်။ “သူ့ဘာသာသူ ဖင်ယားပြီး အလုပ် သွားလုပ်တာ” ဘာညာနဲ့။ မြန်မာပြည်မှာ ရာဘာခြစ်၊ ငါးဖမ်းလို့ရတဲ့ ၀င်ငွေနဲ့ သူတို့မိသားစုတွေခမျာ ထမင်းမ၀ရရှာပါဘူး။ တစ်နေ့ ၀င်ငွေ (၁၀၀၀/၁၅၀၀) နဲ့ ကလေးတွေ ကျောင်းထားဖို့၊ လူလိုသူလိုဝတ်နိုင်ဖို့ဆိုတာ ထည့်မတွက်နဲ့ဦး၊ မိသားစု ထမင်းစားဖို့တောင် အနိုင်နိုင်ပါ။ ထိုင်းနိုင်ငံမှာ အလုပ်ကြမ်းသွားလုပ်၊ ပုဇွန်ပုံး၊ ငါးပုံးသွားထမ်းရင် အနိမ့်ဆုံး တစ်နေ့ကို ဘတ် (၂၀၀ ) ရပါတယ်။ မြန်မာငွေနဲ့ တွက်ကြည့်ရင် (၆၀၀၀) ကျပ်နီးပါးပေါ့။ ဒီတော့ ပြည်ပကို ရရာနည်းနဲ့ထွက်ပြီး အလုပ်လုပ်ရပါတယ်။ ပိုက်ဆံလေးစုပြီး အိမ်ပြန်ပို့ရပါတယ်။ အဲဒီလူတွေကို ဖင်မယားစေချင်ရင် ပြည်တွင်းမှာ လုပ်လို့ရတဲ့ ၀င်ငွေနဲ့ သူတို့မိသားစုတွေကို ထမင်း၀၀ ကျွေးနိုင်အောင်၊ သူတို့ကလေးတွေကို ကျောင်းထားပေးနိုင်အောင် အရင်ဆုံး ကြိုးစားပေးလိုက်ကြပါ။ သင့်ကြောင့် တစ်ခြားသူတွေ ဒုက္ခမရောက်ပါစေနဲ့။

(မကျေနပ်သောသူများ လွတ်လပ်စွာ ဘလော့ကြပါကုန်)

မိုးဇေညိမ်း
https://www.facebook.com/moe.zaynyein/posts/10200227401940761

MM News Hub

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: