ဦးရဲထွတ်က ဒီလိုပြောပါတယ်။
///ပြည်တွင်းက ပုံနှိပ်မီဒီယာမီဒီယာအချို့နဲ့ အင်တာနက်မီဒီယာများမှာ ပြည်ပနိုင်ငံများက အစ္စလမ် စစ်သွေးကြွဝါဒီအချို့က မြန်မာနိုင်ငံအပေါ် ဂျီဟဒ်စစ်ပွဲဆင်နွဲဖို့ ပြောဆိုချက်များကို ကျယ်ကျယ် ပြန့်ပြန့်ဖော်ပြခဲ့တာတွေ့ရပါတယ်။ ///
ကျွန်တော်က ဒီလိုမေးပါတယ်။
ဟုတ်ကဲ့ခင်ဗျာ။ ပြည်တွင်းက သံဃာအချို့နဲ့ အင်တာနက် မီဒီယာတွေမှာ ပြည်တွင်း ပြည်ပက အစွန်းရောက် ဗုဒ္ဓဘာသာ အချို့က မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေရဲ့ အသက် အိုးအိမ် စည်းစိမ်တွေကို ဖျက်ဆီး သတ်ဖြတ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ဟောပြော ရေးသားနေသလို လက်တွေ့လည်း လုပ်ဆောင်ခဲ့ လုပ်ဆောင်နေစဲ ဆိုတာ ဦးရဲထွတ် ကန်းနေလို့ မမြင်တာလား ပင်းနေလို့ မကြားတာလာခင်ဗျား။
ဦးရဲထွတ်က ဒီလိုပြောပါတယ်။
/// ဂျီဟဒ်စစ်ပွဲဆင်နွဲမယ်လို့ ပြောနေတဲ့ ပြည်ပက အစွန်းရောက်ဝါဒီများရဲ့ ပြောဆိုချက် ၊ လုပ်ဆောင်ချက်များဟာ မြန်မာနိုင်ငံအတွင်းမှာ အေးချမ်းစွာနေထိုင်လိုတဲ့ အစ္စလမ် ဘာသာဝင်များရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်။ဒီလိုပြောဆိုမှုများဟာ အစ္စလမ်ဘာသာ အပေါ် နားလည်မှုလွဲမှားစေနိုင်တဲ့အတွက်ကျွန်တော်တို့အားလုံး ကြိုးပမ်းဆောင်ရွက်နေတဲ့ မတူကွဲပြားတဲ့ လူမှုအဖွဲ့အစည်းများ နားလည်မှုတည်ဆောက် ရေး၊ ငြိမ်းချမ်းစွာ၊သဟဇာတဖြစ်စွာနေထိုင်နိုင်ရေးလှုပ်ရှားမှုများကိုလည်း ထိခိုက်စေပါတယ်။ ///
ကျွန်တော်က ဒီလိုမေးပါတယ်။
ဟုတ်ကဲ့ခင်ဗျာ။ ပြည်ပက မခံမရပ်နိုင်တဲ့သူတွေက ပြောယုံရှိသေးတာပါ။ ဒီနေ့ကမ္ဘာ့မီဒီယာတွေမှာ မြန်မာမွတ်စ်လင်မ်တွေကို အကြမ်းဖက် မီးရှို့ လုယက် သတ်ဖြတ်နေတဲ့ လက်တစ်ဆုပ်စာ ဗုဒ္ဓဘာသာဝင် အမည်ခံ အကြမ်းဖက်သမား တစ်ချို့ကြောင့် အေးချမ်းလှတဲ့ ညီနောင် ဗုဒ္ဓဘာသာဝင်တွေဟာ သွားတဲ့တိုင်းပြည်တိုင်းမှာ မျက်နှာပျက်ရပါတယ်။ မေတ္တာတရားကြီးမားလှတဲ့ ကိုယ်တော်ဗုဒ္ဓရဲ့ သင်ကြားထားတဲ့ တရားတော်တွေကို အထင်လွဲနေကြပါတယ်။ အဲ ဦးရဲထွတ်တို့ ဘယ်တုန်းကမျှ လိုလားခြင်းမရှိခဲ့တဲ့ “ကျွန်တော်တို့အားလုံး ကြိုးပမ်းဆောင်ရွက်နေတဲ့ မတူကွဲပြားတဲ့ လူမှုအဖွဲ့အစည်းများ နားလည်မှုတည်ဆောက် ရေး၊ ငြိမ်းချမ်းစွာ၊သဟဇာတဖြစ်စွာနေထိုင်နိုင်ရေးလှုပ်ရှားမှုများ” ဆိုတာကြီးကတော့ ဗြောင်လိမ်ဗြောင်စားကြီးပါဗျာ ဆိုရင် ငြင်းရဲသလားခင်ဗျာ။
ဦးရဲထွတ်က ဒီလိုပြောပါတယ်။
/// ဒီလို ပြောဆိုတိုက်တွန်းချက်များဟာ လူ့အသိုင်းအ၀န်းနှစ်ခုကြားမှာ သံသယတွေပိုမိုများပြားလာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်တာလည်း ဖြစ်နိုင်တဲ့ အတွက် ကျွန်တော်တို့အားလုံးက သတိရှိရှိနဲ့ တုန့်ပြန်ဖို့လိုပါတယ်။///
ကျွန်တော်က ဒီလိုမေးပါတယ်။
တိုင်းပြည်မှာ လူတွေ ကျီးလန့်စာ စားနေရတဲ့ ဒီနေ့လို အချိန်အထိ စာအုပ်တွေထုတ်ဝေတာတို့၊ လက်ကမ်းကြော်ငြာတွေ ဝေနေတာတို့၊ လမ်းဘေးတရားပွဲတွေမှာ ဟောနေတာတို့၊ နံနံက်မိုးလင်းတာနဲ့ အရံသင့် ဖွင့်လို့ရတဲ့ ဖွင့်နေကြတဲ့ အစ္စလာမ်ဘာသာဆန့်ကျင်ရေး အခွေတွေ လွတ်လပ်စွာ ဖြန့်ဝေပေးနေတာတို့၊ လွတ်လပ်စွာ မီးရှို့လုယက် လူသတ်ခွင့်ပေးထားတာတို့၊ ဒီနေ့အထိ အပြစ်မဲ့ အစ္စလာမ်ဘာသာဝင် ကလေး၊လူကြီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ လူသတ်တရားခံ တစ်ဦးမျှ ဥပဒေအရ ထိရောက်တဲ့ အရေးယူမှု မလုပ်သေးတာတို့၊ စတစ်ကာ တစ်ရွက်ခွာမိတာနဲ့ ထောင် ၂နှစ်ချပြတာတို့၊ သပိတ်အဖုံး မတော်တဆကျကွဲတာကို မွတ်စ်လင်မ်ဘက်ကို ပုဒ်မ ၂၉၅ နဲ့ အရေးယူပြပြီး ဗလီတွေ မီးတင်ရှို့တာ လူနေရပ်ကွက် မီးတိုက်ပစ်တာ တွေကိုကျတော့ တရားခံတစ်ယောက်မျှ ပုဒ်မ မတပ်နိုင်သေးတာတို့ စတာတွေကရော ဦးရဲထွတ်တို့ လက်ရှိ အာဏာရ အုပ်ချုပ်သူတွေ စည်းဝါးညီညီ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာတွေ မဟုတ်ဘူးလို့ ငြင်းရဲသလား။
http://www.facebook.com/mohammed.naeem.12?hc_location=stream
(မြန်မာမွတ်စလင်မ် မီဒီယာ)
Tags: 969, Burma, Human rights, Human Rights Watch, Muslim, Naeem Khan, Rakhine State, Thein Sein, U Ye Htut, United States, Wira Thu
Leave a Reply