Eleven Journal ခေတ်သစ် ငရဲခွေးကြီး လွတ်နေပြီ ဆောင်းပါးမှ—-
1. လူတစ်ဦးတစ်ယောက်(သို့မဟုတ်) လူတစ်စုတစ်ဖွဲ့က လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံကို သွေးချောင်းစီးစေမယ့် အခြေအနေကို တွန်းပို့နေပါတယ်။ ဒီလူတွေမှာ အာဏာရှင်စနစ်ကို ပြန်လည် အသက်သွင်းလိုတဲ့ စိတ်ဓာတ်တွေ ပြည့်နှက်နေပြီး သူတို့ရဲ့ လုပ်နည်းလုပ်ဟန်တွေက ယခင်စစ်အစိုးရ အုပ်ချုပ်ယန္တရား လည်ပတ်ခဲ့စဉ်က ကျင့်သုံးခဲ့တဲ့ လုပ်နည်းလုပ်ငန်းတွေနဲ့ တူညီနေပါတယ်။
2. ဒေါက်တာဆိတ်ဖွား ရေးသားချက်ကို ဖော်ထုတ်ရေးအတွက် လွှတ်တော်က ဖွဲ့စည်းထားတဲ့ စုံစမ်းရေး ကော်မရှင်က ခေါ်ယူမေးမြန်းခံရတဲ့ လူတွေထဲမှာ ကျွန်တော်လည်း ပါပါတယ်။ နေပြည်တော်မှာ သွားရောက် စစ်ဆေးခံခဲ့ပါတယ်။ ရက်ရှည်လများ အချိန်ယူ စုဆောင်းပြီး ကျွန်တော် သိရှိထားတဲ့ အချက်အလက်တွေကို စုံစမ်းရေး ကော်မရှင်ကို ပြောခဲ့ပါတယ်။ ဒီအချိန်တည်းက ဒေါက်တာဆိတ်ဖွားဟာ တစ်ဦးထက်မက ဖြစ်တယ်ဆိုတာကို ပြောဆိုခဲ့ပြီးသားပါ။ ဒေါက်တာဆိတ်ဖွားရဲ့ နောက်ကွယ်မှာ စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခု ခိုင်ခိုင်မာမာနဲ့ ရှိနိုင်တဲ့ အချက်တွေကိုလည်း ပြောခဲ့ပါတယ်။
3. အာဏာရှင်စနစ်ကို ပြန်လည် အသက်သွင်းလိုသူ ၀ါဒဖြန့်ချိရေး သမားတွေရဲ့ လုပ်နည်း လုပ်ဟန်က လူမှုကွန်ရက် စာမျက်နှာတွေမှာ သူတို့ရဲ့ အဖွဲ့ဝင်တွေ အင်အားကောင်းလာအောင် ပထမဆုံး လုပ်ဆောင်ပါတယ်။ ဒုတိယဆင့်အနေနဲ့ သူတို့ရေးသားမှုတွေအောက်မှာ ဘယ်သူမဆို ၀င်ရောက် မှတ်ချက် ပေးနိုင်အောင် လုပ်ပါတယ်။ တတိယဆင့်မှာတော့ သူတို့ရေးသားမှုကို သူတို့ရဲ့ အဖွဲ့ဝင်တွေ ၀င်ရောက် မှတ်ချက်ရေးစေပြီး ထောက်ခံမှု ရေးသားစေပါတယ်။ ဒီနောက်မှာ တစ်ဆင့် ဖြန့်ဖြူးကြတာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့သူတို့ရဲ့ ၀ါဒ ဖြန့်ချိ သွေးထိုးမှုတွေကို ကျယ်ပြန့်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။
4. ရခိုင်ပဋိပက္ခ မကျယ်ပြန့်ခင် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြခဲ့တဲ့ ”မွတ်စလင်ကုလား” ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းမှုတွေ မရှိသေးပါဘူး။ အစိုးရသတင်းစဉ် အနေနဲ့ ”မွတ်စလင်ကုလား” ဆိုတဲ့ အသုံးအနှုန်းကို အထက်လူကြီးရဲ့ အမိန့်မရဘဲ ထည့်ခွင့် မရှိဘူးဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိနေပါတယ်။ ဒီနောက်ကွယ်မှာ ဘယ်သူက အမိန့်ပေး စေခိုင်းသလဲ ဆိုတာကို ထုတ်ဖော်ပြောဆိုတာလည်း မရှိသေးပါဘူး။
5. အစိုးရက အရေးယူမလား ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ဆိတ်ဖွားနဲ့ စပ်ဆက်ပြီး ပေါ်ပေါက်လာတဲ့ လူထုမောင်ကာဠုနဲ့ သူ့နောက်မှာ ရှိနေသူတွေကိုလည်း ဖော်ထုတ်အရေးယူဖို့ လိုအပ်လာပါပြီ။ ဒီလို ဖော်ထုတ်အရေးယူမှလည်း ပြည်သူတွေအတွက် အမှန်တရားနဲ့ မတရားမှုတွေကို ခံစားခဲ့ရတဲ့ မြန်မာ မွတ်စလင်တွေအတွက် မျှတမှုပေးရာ ရောက်ပါတယ်။
6. အကယ်၍ လွှတ်တော်က အရေးမယူခဲ့ဘူး။
အစိုးရက အရေးမယူခဲ့ဘူးဆိုရင် တရားမျှတမှုကို လိုလားသူတွေက နိုင်ငံတကာကို ထုတ်ဖော်ပြောဆိုသွားမှာ ဖြစ်သလို International Criminal Court (ICC)၊ အခြားသော UN အဖွဲ့အစည်းတွေကို တိုင်ကြားပါလိမ့်မယ်။
နိုင်ငံတကာ တရားရုံးတွေ အနေနဲ့ Facebook အသုံးပြုသူရဲ့ IP၊ မေးလ်လိပ်စာတွေကို တောင်းဖို့ ၀န်လေးနေမှာ မဟုတ်ဘူးဆိုတာ လူထုမောင်ကာဠုသိဖို့ လိုပါတယ်။
Leave a Reply