ရန်ကုန်၊ မေ ၉
ကလောမြို့ ရွှေတူးဖော်ရေးလုပ်ငန်းခွင် အတွင်း မေလ ၁ ရက်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ ယနေ့အချိန်ထိ ပျောက်ဆုံးနေသည့် အလုပ် သမားဦးရေမှာ ၁၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း တောင်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးအောင်ကျော်ဦးက The Voice သို့ ပြောကြားသည်။
အာရှကမ္ဘာမြေပိုင် ရွှေတူးဖော်ရေး လုပ်ကွက်အတွင်း မေလ ၁ ရက်နေ့ ည ၁၂ နာရီအချိန်က မိုးသည်းထန်စွာ ရွာသွန်း ခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ရာ မေလ ၉ ရက်နေ့အထိ ပိတ်မိသေဆုံးသူ ၁၉ ဦး အထိရှိပြီး ပျောက်ဆုံးနေသည့် လုပ်သား ဦးရေမှာ ၁၀၀ ကျော်သွားပြီဖြစ်ကြောင်း၊ ရွှေတူးဖော် လုပ်ကွက်တွင် ဝင်ရောက် လုပ်ကိုင်နေသည့် ရွှေတောင်ကြီးအင်းနှင့် ၁၆ အင်းလုပ်ကွက်မှ ပျောက်ဆုံးနေသည့် ရွှေတူးဖော်လုပ်သား ၇၀ ဦးအနက်မှ ခုနစ်ယောက် ရှာဖွေ တွေ့ရှိကြောင်း Gold Star လုပ်ကွက်မှ ပျောက်ဆုံးအလုပ်သမား ဦးရေ ၅၀ ခန့်အနက်မှ ခုနစ်ဦးသာ ရှာဖွေတွေ့ရှိခဲ့ကြောင်း ကျန်အလုပ်သမားများမှာ ပျောက်ဆုံးလျက် ရှိနေသေးသည်ကို အဆိုပါ ကုမ္ပဏီများ၏ စာရင်းများအရ သိရှိရကြောင်း ၄င်းကဆိုသည်။
အဆိုပါရွှေတွင်း လုပ်သားများ ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ အလုပ်သမား မည်မျှ ပျောက်ဆုံးနေသည်ကို သက်ဆိုင်ရာ အစိုးရအနေဖြင့် အတည်ပြုပြောကြားနိုင်ခြင်း မရှိသေးပေ။
ရွှေတွင်းပိတ်မိနေသူ များကို ကယ်ဆယ်ရေးအဖွဲ့ဝင်များက ဆက်လက် ရှာဖွေလျက် ရှိနေပြီး ရှာဖွေရေး အဖွဲ့များ ထံမှ တင်ပြချက်များ မရရှိသေးသောကြောင့် ၄င်းတို့ဌာန အနေဖြင့် ပျောက်ဆုံးသူ များနှင့် သေဆုံးသူစာရင်းကို အတည်မပြုနိုင်သေး ကြောင်း တောင်ကြီးမြို့နယ် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကုမ္ပဏီအနေဖြင့် သေဆုံးသူ၊ ပျောက်ဆုံးသူနှင့် ဒဏ်ရာရသူများ၏ စာရင်းကို သက်ဆိုင်ရာနယ်မြေ အစိုးရ တာဝန်ရှိသူများထံ တင်ပြထားဆဲသာဖြစ် ကြောင်း၊ သေဆုံးသူ ၁၈ ဦးအနက် ကုမ္ပဏီ လုပ်သား သေဆုံးမှုမှာ လေးဦးဖြစ်ပြီး ကျန်သူများသည် သစ်ပင်ပိခြင်း၊ ရေစီး ကြမ်း၍ မျောပါ နစ်မြုပ်ရာမှ သေဆုံးခြင်း တို့ဖြစ်ကြောင်း လက်ရှိအချိန်တွင် ရွှေတွင်း ထဲ၌ ပိတ်မိကျန်ရစ်နေသူများ မရှိကြောင်း လူတစ်ရာကျော် သေဆုံးသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသည်မှာ သတင်း အမှားသာဖြစ်ပြီး ရွှေတူးလုပ်သားများ အနေဖြင့် လစာထုတ်အပြီး ၄င်းတို့ မြို့ရွာများသို့ ပြန်သွားနေပြီဖြစ်ကြောင်း လက်ရှိတွင် သေဆုံးသူများနှင့် ဒဏ်ရာရသူ များကို နစ်နာကြေး ထောက်ပံ့မှုများ ပေးအပ်လျက်ရှိကြောင်း အာရှကမ္ဘာမြေ ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက The Voice ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။
“တွင်းထဲပိတ်မိတာ မရှိပါဘူး။ သတင်းအမှားသာ ဖြစ်ပါတယ်” ဟု ၄င်းက ငြင်းဆိုသည်။
အာရှကမ္ဘာမြေပိုင် ရွှေတူးဖော်ရေး လုပ်ကွက်အတွင်း အင်းလုပ်ကွက် ၂၈ ကွက် ရှိပြီး လာရောက်လုပ်ကိုင်သူ အလုပ်သမား များမှာ ရမည်းသင်း၊ သာစည်၊ မြင်းခြံ၊ လွန်းထိုး၊ ယင်းမာပင်၊ ပျဉ်ညောင်ဘက်မှ လာရောက် လုပ်ကိုင်သူများ ဖြစ်ကြောင်း အဆိုပါ လုပ်ကွက်တာဝန်ရှိသူ၏ ပြောကြားချက် အရ သိရှိရသည်။
ရှမ်းပြည်နယ် ကလောမြို့နယ် ၁၈ မိုင် အကွာရှိ ရွှေမင်းဖုန်းအုပ်စု ညောင်ကုန်း ကျေးရွာ ရွှေတော (ကေစီ-၄၀၉၈၈၃၂၁) ရှိ အာရှကမ္ဘာမြေ စက်မှုနှင့် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်၏ ရွှေလုပ်ကွက် အနီး ပတ်ဝန်းကျင်တွင် မိုးသည်းထန်ပြီး လေပြင်း တိုက်ခတ်သဖြင့် သစ်ပင်များ လဲပြိုခြင်း အဆောက်အအုံများ အမိုးလန်ခြင်းနှင့် ရွှံ့နွံရည်များ စီးဆင်းလာမှုကြောင့် ယင်းလုပ်ကွက် အတွင်း ပိတ်မိခြင်းများ ဖြစ်ပေါ်ခဲ့ရာ စုစုပေါင်းသေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာရရှိသူ ရှစ်ဦးရှိကြောင်း အဆိုပါဖြစ်စဉ်ကြောင့် လူနေအဆောက်အအုံ ၂၅ လုံး ဓာတ်အား ပို့လွှတ်ပေးနေသည့် လျှပ်စစ်မီးတိုင် ၂၄ တိုင် နှင့် မော်တော်ယာဉ်များ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး ဆုံးရှုံးမှု စုစုပေါင်းတန်ဖိုးမှာ ငွေကျပ်သိန်း ၁၀၀ ခန့် ဖြစ်ကြောင်း မေလ ၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
Leave a Reply