လူရည်ချွန်သမိုင်း ပြန်ရေးရာမှာ မမေ့သင့်တဲ့ သူတွေ

လူရည်ချွန်သမိုင်း ပြန်ရေးရာမှာ မမေ့သင့်တဲ့ သူတွေ

ဒေါက်တာအောင်ကြီး

လူငယ့်ရေးရာက ပုဂ္ဂိုလ်တွေ သီချင်းရေးဆရာ အဆိုတော် အနုပညာသည်။ သူတို့ခမြာ ဝါဒဖြန့် သီချင်းတွေ ရေးနေရပေမဲ့ ပြီးစလွယ် မရေးခဲ့တာ သေချာတယ်။ သူတို့ သီချင်းတွေ ကျွန်တော်တို့ ပါးစပ်ဖျားထဲ ခုထိ တွယ်ငြိနေတုန်း။ ငပလီ လူရည်ချွန် စခန်းတစ်ခုမှာတုန်းက ကိုလှဦး သူ့စန္ဒယားနဲ့ တချိန်လုံး အသံရှာနေတာ အလုပ်ရှုပ်နေ တာ တွေ့ဖူးတယ်။

နောက် မမေ့သင့်တဲ့သူတွေက ကြီးကြပ်ဆရာတွေ။ သူတို့ဆီက ကျွန်တော်တို့ အတုယူ စရာ တွေးစရာတွေ ရတယ်။ ၁၉၇၀ စစ်ကိုင်းတိုင်း ကြီးကြပ်ဆရာ အဖြစ် လိုက်လာတဲ့ စစ်ကိုင်းက ဆရာ ဦးတင်စန်း။ ဆရာနဲ့ လမ်းမှာ စာအကြောင်း ပေအကြောင်း အများကြီး ပြောဖြစ်တယ်။ အထူးသဖြင့် ကဗျာ အကြောင်း။ ဆရာတင်မိုး ဆရာမောင်စွမ်းရည် အကြောင်း။ ဆရာက စစ်ဗိုလ် လူထွက်။ သူ့ ဆရာက လပခ တိုင်းမှူး ဗိုလ်မှူးကြီးတင်ဦး။ နိုင်ငံတော် ညစာ စားပွဲမှာ ဗိုလ်မှူးကြီးတင်ဦးက လူရည်ချွန် တွေကို လိုက်နှုတ်ဆက်ရင်း ဆရာဦးတင်စန်းကိုတွေ့တော့ ချက်ချင်းတန်းမှတ်မိတယ်။ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်တယ်။ ဒါကြောင့် သူ့ရဲဘော်တွေက သူ့ကို ချစ်ကြတာ။ သူ့အတွက် အသက်စွန့်ဖို့ ဝန်မလေးကြတာ။

နောက်တစ်ဦးက ဆရာဦးသောင်း တဲ့။ မန္တလေးတိုင်း ကြီးကြပ် ဆရာ။ ၁၉၆၈ အင်းလေး လူရည်ချွန် စခန်း။ ရယ်စရာတွေ ပြောရင်းက မှတ်သားစရာတွေ ပါလာအောင် ပြောတတ်တဲ့ ဆရာ။ တခါက ဆေးခန်း လာပြတဲ့ မန္တလေးမြန်မာစာ ဌာန အငြိမ်းစား ပါမောက္ခ ဒေါက်တာ မောင်မောင်လေး နဲ့ လူရည်ချွန် အကြောင်း စကားစပ်မိရင်း ဆရာဦးသောင်း အကြောင်း သူ့ကို ပြောပြမိ တယ်။ ဖြစ်ချင်တော့ ဆရာဦးသောင်းက ဒေါက်တာမောင်မောင်လေးရဲ့ အကို အရင်း ခေါက်ခေါက် ဖြစ်နေလေရဲ့။ ဆရာ ဒေါက်တာမောင်မောင်လေး စကားပြောကောင်း တာ ဘာဆန်းသလဲဗျာ။ဒေါက်တာမောင်မောင်လေး နတ်လမ်းညွှန်လိုက်တာနဲ့ ဆရာဦးသောင်း တညနေ ကျွန်တော့်အိမ် ပေါက်ချလာပြီး စကားတွေ တဝကြီး ပြောသွားတယ်။ သူ့မှာ ပျော်လို့။

၁၉၆၉ ပြင်ဦးလွင် ပွဲကောက်စခန်းက အပြန် မုံရွာ ခရီးစဉ်မှာ ကျွန်တော် ဝမ်း အကြီးအကျယ်လျောလို့ မုံရွာဆေးရုံ တညနဲ့ တရက် တက်လိုက်ရတယ်။ မုံရွာ ဖိုးဝင်းတောင် ခရီးစဉ် ကျွန်တော် မလိုက်ခဲ့ရ။ မုံရွာ စစ်ကိုင်း မန္တလေး ရန်ကုန် မီးရထား ခရီးစဉ် တလျောက်လုံး ကျွန်တော် ဆရာတွေတွဲမှာ လိုက်ခဲ့ရတယ်။ သူတို့အချင်းချင်း ငြင်းခုံကြတာ စကြနောက်ကြတာ အကုန်မြင်နေ ကြားနေရတယ်။ အားကစား ကာယ နည်းပြ ဒေါ်အေးချစ် (?ဒေါ်အေးလှ) က ကျွန်တော့်ကို သူ့မောင်ငယ် သဖွယ် ပြုစုခဲ့တာ ခုထိ မမေ့ပါ။ဆရာမ ရွာသစ်ကြီး ဖွံ့ဖြိုးရေး သိပ္ပံမှာ နည်းပြ လုပ်ရင်း သူ့ ကလေး သွေးလွန်တုပ်ကွေး ဖြစ်လို့ ကလေးဆေးရုံကြီး လာတက်ရတော့ အဲဒီအချိန် ဆေးကျောင်းသားဖြစ်နေတဲ့ ကျွန်တော့်ကို အားကိုးတကြီး ဆက်သွယ်ရှာတယ်။ ကျွန်တော် အပြေးသွားပြီး ဆရာမ ကို အားပေးစကား ပြောရတာ မှတ်မိတယ်။ လူရည်ချွန် တုန်းက တွယ်ခဲ့တဲ့ သံယောဇဉ် နဲ့ မေတ္တာက နောင်ကာလ အတန်ကြာသည်ထိ ခိုင်မာတုန်း။ အဲဒီ ခရီးစဉ်မှာ အမှတ်တရ ဖြစ်ခဲ့တဲ့ ဆရာတယောက်က ရှမ်းပြည်အရှေ့ပိုင်းက ဆရာ ဂွမ်ဝါလီ။ ဆရာ့ နာမည်က ဆန်းတာက တကြောင်း၊ ဆရာ အချင်းချင်း ငြင်းခုံရာမှာ ဆရာက အားစိုက်ခွန်စိုက် ငြင်းခုံတတ်တာက တကြောင်းကြောင့် ဖြစ်မယ်ထင်ပါရဲ့။

စခန်းမှာ လာပြီး ဟောပြော ပို့ချသူတွေ ကိုလည်း မမေ့အပ်ပါ။ ဆရာမင်းယုဝေ၊ ဆရာ သာကဒိုး တို့ကို မှတ်မိနေတယ်။ ဆရာမင်းယုဝေ အင်းလေး ခေါင်တိုင်မှာ လာဟော တုန်းက အင်းလေးဒေသရဲ့ ထူးခြားချက်တခု ပြောပြသွားတာ အသည်းထဲ စွဲနေတယ်။ မြန်မာ့စွယ်စုံကျမ်းတွေကို နယ်တွေက မှာယူတဲ့ စာရင်းကို သုံးသပ်ကြည့်တော့ လူဦးရေ အချိုးအစားအရ အင်းလေးဒေသက မြန်မာတပြည်လုံးမှာ တစ်စွဲ သတဲ့။ အံ့ရော။ လူမှု ဆက်ဆံရေးတပ်က ဗိုလ်မှူးစောထွန်းစိန် ကလည်း ဟောပြောပို့ချသူတွေထဲ မမေ့နိုင်စရာ ပုဂ္ဂိုလ် တစ်ဦးဘဲ။ ဂီတ စာဆို စောဘွဲ့မှူးရဲ့ အဖေ။ အင်မတန့် အပြော ကောင်း။ ရယ်စရာတွေကလည်း ပြောတတ်ပါ့။ သူက လူရည်ချွန်တွေကို မေးခွန်းထုတ် ရင်း လက်ချာပေးတာ။

စိန်။ ကျောင်းဆရာရဲ့ ဇနီးကို ဘယ်လို ခေါ်သလဲ။
ချွန်။ ဆရာကတော် လို့ခေါ်ပါတယ်။
စိန်။ ကျောင်းဆရာမရဲ့ ခင်ပွန်းကို ဘယ်လိုခေါ်သလဲ။
ချွန်။ . . . . . . . . . . . . . . (ပွစိ ပွစိ အသံတွေ ထွက်လာ။ ဟိုတပေါက် ဒီတပေါက်။)
စိန်။ လူရည်ချွန်တွေဆို။ ဖြေကြလေ။ ကျောင်းဆရာမရဲ့ ခင်ပွန်းကို ဘယ်လို ခေါ် သလဲ။
မင်းတို့ လက်လျော့ရင် ငါဖြေမယ်။ မှတ်ထားကွ။ ဗိုလ်ကြီး လို့ခေါ်တယ်။
(လူရည်ချွန်တွေ လက်ခုပ်သံ တဖြောင်းဖြောင်း။)
စိန်။ ကျောင်းဆရာမ အပျိုကြီးတွေက အိနြေ္ဒတွေ သိက္ခာတွေ ကြီးလှတော့ တော်တော် တန်တန်လူက မကပ်ရဲဖူးကွ။ ငါတို့ စစ်ဗိုလ် ဆိုတာ အရှက်မရှိ မျက်နှာပြောင်တော့ ဆရာမတော်တော် များများ စစ်ဗိုလ်တွေနဲ့ ညားကုန်တာပေါ့ကွ။
(လူရည်ချွန်တွေ လက်ခုပ်သံ တဖြောင်းဖြောင်း။)
ဗိုလ်မှူးစောထွန်းစိန်က အဲသလို ပြောတတ်တာ။

မှတ်မှတ်ရရ နောက်တဦးက ဦးသောင်းထွဋ်။ ဆရာက စခန်းတွေမှာ ဟောပြောပို့ချတာ ရော၊ ဗဟုသုတ ပြိုင်ပွဲတွေ လုပ်ပေးတာမှာရော ပါဝင်သူပါ။ ၁၉၆၉ ပွဲကောက်စခန်းမှာ တုန်းက ဗဟုသုတ ပြိုင်ပွဲမှာ ကျွန်တော်တို့ တပ်စိပ် ပထမဆုရတယ်။ ၁၉၇၂ ငပလီ စခန်းမှာ ဆရာ ဦးသောင်းထွဋ် ရဲ့ ဆုကို ကျွန်တော်ပါဝင်တဲ့ တပ်စိပ်ကဘဲ ရပြန်တယ်။ ဆရာနဲ့ ရေစက်ဆုံပုံက။

လူရည်ချွန် ဗဟုသုတမေးခွန်းတွေ စိတ်ထဲစွဲသွားပြီး သေခါနီး သတိမေ့လို့ ဂယောင်ချောက်ခြား ဖြစ်နေတာတောင် မေးခွန်းတွေ တရစပ် မေးသွားတဲ့ ပုဂ္ဂိုလ်ကိုရော ခင်ဗျားတို့ အမှတ်ရကြသေးရဲ့လား။ မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် လုပ်သွားတဲ့ မြန်မာစာ ကထိက ဦးကျော်ရင် လေ။ “ရခိုင်အောင်ဆန်း” လို့တောင် ဂုဏ်ပြု ခံရတဲ့သူ။ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မီတီဝင် တောင် ဖြစ်ခဲ့သူ။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် သူ ရန်ကုန် ဆင်းသွားတာ လူရည်ချွန် စခန်းမှူး လုပ်ဖို့ တာဝန်နဲ့။

သမိုင်းတခုရေးရာမှာ ကျေးဇူးရှိသူတွေကို ကျေးဇူးတုံ့စေချင်တာပါဘဲ။ အကန့်အသတ် ရှိနေတဲ့ ဝန်းကျင် (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး) မှာ သူတို့ သူတို့ တတွေဟာ တိုင်းပြည်နဲ့ လူမျိုး အတွက် သူတို့ နိုင်သလောက် သူတို့ စွမ်းသလောက် ကျရာနေရာက ပါဝင် စိုက်ထုတ်ခဲ့ပုံတွေကို နောင်လာ နောက်သား ညီငယ် နှမငယ်တွေ သိစေချင်လို့ ဒီစာ ရေးပါတယ်။

၂၀-၅-၁၃

FB of Dr. Aung Gyi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: