ဆရာမကြီး ဒေါက်တာ ရင်ရင်နွယ် ၏ အင်တာဗျူးအား သုံးသပ်ချက် (၁)

ဆရာမကြီး ဒေါက်တာ ရင်ရင်နွယ် ၏ အင်တာဗျူးအား သုံးသပ်ချက် (၁)

အာဘော် – ရဲရင့်သစ္စာ

ဆရာမကြီးဒေါက်တာ ဒေါ်ရင်ရင်နွယ် လို ပညာရှင်ကြီး တစ်ဦး တိုင်းပြည်အတွက် မားမား မတ်မတ် ရပ်တည်နေတဲ့ အတွက် နိုင်ငံ့သားကောင်း တစ်ဦးအနေနဲ့ဂုဏ်ယူလေးစားမိ ကြောင်းဦးစွာ ပထမ ပြောကြားအပ်ပါတယ်။ နောက်တစ်ခု က ဆရာမကြီး ဟာ ကမ္ဘာ့ လူသားတွေ အတွက်ပါ အကျိုးဆောင်ထမ်းရွက်ခဲ့တာဖြစ်တဲ့ အတွက် ဆထက်တိုး ဂုဏ်ယူလေးစားမိကြောင်း ပြောလိုပါသေးတယ်။ ရှည်ရှည်ဝေးဝေးစကားတွေ ပျိုးမနေ
တော့ဘဲ ဆရာမကြီး နဲ့ VOA တို့ရဲ့ အင်တာဗျူးကိုဝေဖန်သုံးသပ်ခြင်း စတင်ပါရစေ။

၁။ ဆရာမကြီး က ရခိုင်ဒေသနေ ဘင်္ဂလီ / ရိုဟင်ဂျာ အမျိုးသမီးတွေ ဟာ ဆင်းရဲတဲ့ အတွက်သူတို့အနေနဲ့ မိသားစုစီမံကိန်းကို ကျင့်သုံးပြီး ကလေးမွေးဖွားနှုန်းတွေ ကန့်သတ်သင့်ကြောင်း အကြံပြုဆွေးနွေးသွားတာ အလွန်တန်ဖိုးရှိပါတယ်။ Contraceptive pills အသုံးပြုပြီး သန္ဓေတားခြင်းဟာအစ္စလာမ် ဘာသာနဲ့ မဆန့် ကျင်ကြောင်း ဆရာမကြီး ထည့်သွင်းပြောသွားတာလည်း အလွန်မှန်ကန်လှပါတယ်။

မြန်မာနိုင်ငံ အရပ်ရပ်မှာ ဆင်းရဲပြီး လူနေထူထပ်တဲ့အခြားဒေသများစွာ ရှိပါတယ်။ အဲဒီ ဒေသတွေမှာလည်း ဆင်းရဲတဲ့မိသားစုတွေ ဟာ မိသားစုစီမံကိန်း ကျင့်သုံးပြီး ကလေးများစွာမွေးဖွားတဲ့ အလေ့အကျင့်ကို ပြုပြင်ဖို့ Campaign တွေလုပ်သင့်ကြောင်း မြင်မိပါတယ်။

၂။ ဘင်္ဂလီ / ရိုဟင်ဂျာ အမျိုးသမီးတွေ ပညာမတတ်ခြင်း ဟာ အရင်အစိုးရမှာတာဝန် ရှိကြောင်း၊သူတို့ပညာမတတ်ခြင်း ဟာ ကျောင်းတက်ဖို့ရာ ခက်ခဲတဲ့ အတွက်ဖြစ်ကြောင်း အမှန်အတိုင်းသုံးသပ်ထားတာကို တွေ့ရပါတယ်။ မော်လဝီ ဆရာတွေ က လည်း အမျိုးသမီးတွေ အရွယ်ရောက်တာနဲ့ ကျောင်းကထုတ်ပြီး အိမ်ထောင်ချပေးတာတွေ၊ ပညာသင်ကြားခွင့်မပြုတာတွေရှိကြောင်း ဆရာမကြီးအရှိအတိုင်း ပြောသွားတာ အသိ အမှတ်ပြုမိပါတယ်။ ဒီလို ပညာမသင်ခြင်း၊ကလေးများစွာ မွေးဖွားခြင်းတွေ နဲ့ ပတ်သက် ပြီး ပညာပေးဖို့ အတွက် ဆရာမကြီး တို့လိုပညာရှင်တွေ နဲ့ အတူ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်း တစ်ရပ်လုံး က လည်းပူးပေါင်းပါဝင်သင့်ကြောင်း မြင်မိပါတယ်။

၃။ ဘူးသီးတောင်၊ မောင်တော ဘက်မှာ ၉၄% က ဘင်္ဂလီလူမျိုးတွေ ဖြစ်ပြီး ၆% က ရခိုင်တွေ၊ ဗမာတွေ ဖြစ်နေခြင်းဟာ ဘင်္ဂလီတွေ ကလေးမွေးဖွားနှုန်းများလို့ဆိုတဲ့ ကောက်ချက် ကို ဆရာမကြီး ချ သွားပါတယ်။ ဆရာမကြီးဟာ ကလေးမွေးဖွားနှုန်း (birth rate) များခြင်း ကို သာ အဓိက ထားကောက်ချက် ချထားခြင်းဖြစ်ပြီး၊ မိခင် သေဆုံးနှုန်း (Maternal Mortality Rate) နဲ့ ကလေးသေဆုံးနှုန်း (Infant Mortality
Rate) တို့ကို ထည့်သွင်းပြောဆိုသွားတာ မတွေ့ရပါဘူး။ ဆိုလိုတာ က မိခင် တစ်ဦး ဟာ ကလေး ၁၀ ဦးမွေးရင် ၁၀ ဦးစလုံး ဟာ အသက်ရှင်ပါသလား? ရခိုင်ဒေသ အထူး သဖြင့် ဘူးသီးတောင်၊မောင်တောမှာ birth rate များသလို၊ mortality rate အလွန် များကြောင်း အရင် အစိုးရလက်ထက်က အစီရင်ခံစာတွေ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အစီရင်ခံစာတွေ၊ Committee on the Elimination of Discrimination against Women (CEDAW) အစီရင်ခံစာတွေ လေ့လာကြည့်သင့်ကြောင်းအကြံပေးသင့်ပါတယ်။ ဒါမှမဟုတ်လည်း လက်ရှိ အစိုးရကိုတင်ပြပြီး ကျန်းမာရေးကွင်းဆင်းလေ့လာမှု တွေ ပြုသင့်ကြောင်း။ နောက်တစ်ချက် က ဘူးသီးတောင်၊ မောင်တော ဒေသတွေမှာ မွတ်စ်လင်မ် ရာခိုင်နှုန်း က တစ်စတစ်စများတာလား၊ ဒါမှမဟုတ် အချိန်ကာလတစ်ခု မှာရုတ်တရက် များသွားပြီး အဲဒီများတဲ့အတိုင်းရှိနေခဲ့တာလား လေ့လာသင့်ပါတယ်။

ကျွန်တော်လေ့လာမိသလောက် ပြောရရင် အဲဒီဒေသတွေမှာ အစ္စလာမ်ဘာသာဝင် တွေ များလာခြင်းဟာ ၁၉၄၂ အရေးအခင်းနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။ အဲဒီ တုန်း က ရခိုင်ပြည်တောင်ပိုင်းက အစ္စလာမ်ဘာသာဝင်တွေ ဟာ ရခိုင်တွေရဲ့ အကြမ်း ဖက်မှုကြောင့် မြောက်ပိုင်းကို ပြေးလွှား ခိုလှုံခဲ့ကြသလို ရခိုင်ပြည် မြောက်ပိုင်း က ရခိုင်တွေ ဟာလည်း အစ္စလာမ်ဘာသာဝင်တွေ ရဲ့အကြမ်းဖက်မှုကြောင့် ရခိုင်ပြည် တောင်ပိုင်းဘက်ကို ပြေးလွှားခိုလှုံခဲ့ကြလို့သာလျှင် ဘူးသီးတောင်၊ မောင်တော ဒေသတွေ ဟာ မွတ်စ်လင်မ်ရာခိုင်နှုန်းမြင့်တက်သွားတာဖြစ်ပါတယ်။ အဲဒီ ဒေသတွေကို ကွက်ကြည့်ပြီး ရခိုင်ပြည်နယ်မှာ မွတ်စ်လင်မ်တွေ က လူများစု၊ ရခိုင်တွေက လူနည်းစု လို့သုံးသပ်မရနိုင်ပါ။ ပမာပေးပြောရရင်- ရန်ကုန် တရုတ်တန်း ကို ကြည့်ပြီး၊ရန်ကုန် မှာ တရုတ်တွေက လူများစု ဖြစ်ကြောင်းပြောမရ သလိုပါ။

၎။ ဆရာမကြီး က ပြောသွားပါတယ်။ အခုဖြစ်နေတဲ့ ပြဿနာ ဟာ မွတ်စ်လင်မ်နဲ့ ဗုဒ္ဓဘာသာ ဖြစ်တဲ့ ပြဿနာ မဟုတ်ကြောင်း၊ ဘာသာရေးကြောင့် ဖြစ်တဲ့ပြဿနာ မဟုတ်ရင် ဘာကြောင့်များ ၂၀၁၂ ဇွန်လ က တောင်ကုတ်မြို့မှာ ဘင်္ဂလီ / ရိုဟင်ဂျာ လူမျိုးမဟုတ်တဲ့ အစ္စလာမ်ဘာသာဝင် ခရီးသွား (၁၀) ဦးကိုနေ့ခင်းကြောင်းတောင် ဘတ်စ်ကားပေါ်ကနေ ဆွဲချပြီး လူအများရှေ့မင်းမဲ့စရိုက်ဆန်ဆန် ရက်စက်စွာ
သတ်ဖြတ်ခဲ့ပါသလဲ? ဘာကြောင့်များ ရှေးဟောင်းအမွေအနှစ်ကိုတောင် မမြင်၊ ဗလီဝတ်ကျောင်းတွေကို မီးရှို့ဖျက်စီးခဲ့ကြတာပါလဲ? ဆရာမကြီးတို့ ကော်မရှင် ဟာ အထက်ပါ မင်းမဲ့စရိုက်လူသတ်တရားခံတွေ ကို ယနေ့တိုင် ဖော်ထုတ်နိုင် ခဲ့ခြင်းမရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီးဆရာမကြီးတို့ ရခိုင်စုံစမ်းစစ်ဆေးရေးကော် မရှင် တစ်ခုလုံး ကို လေးစားစွာ မေးခွန်းထုတ်အပ်ပါတယ်။

၅။ တောင်ကြီးသူမ တစ်ဦးဖြစ်တဲ့ ဆရာမကြီး က တောင်ကြီးမှာရှိတဲ့ တရုတ် လူမျိုးတွေ ကိုဥပမာပေးပြီး၊ တရုတ်လူမျိုးတွေ ဟာ အနေကြာတဲ့ အတွက်နိုင်ငံ သားတွေအဖြစ်ကို ရရှိခဲ့ပေမဲ့၊ တိုင်းရင်းသားအဖြစ်ကို မရရှိကြောင်း၊ မတောင်း ဆိုကြောင်းပြောပါတယ်။ ဒီအချက်မှာတော့ဆရာမကြီး ဟာ လုံးဝ ကို မှားယွင်းနေကြောင်း ဂါရဝတရားရှေ့ထားပြီး ရိုသေစွာ ကန့်ကွက်ပြောကြားအပ် ပါတယ်။ “ဝ” လူမျိုး၊ “ကိုးကန့်” လူမျိုးတွေ ဟာ တစ်နည်းအားဖြင့်တရုတ်တွေပါ။ သူတို့ဟာ တရုတ်နိုင်ငံ ရဲ့ မျိုးနွယ်စု (Ethnic) တွေပါ။ မြန်မာနိုင်ငံမှာလည်း သူတို့ ယခင်ကတည်းက နေထိုင်လာ ခဲ့တာဖြစ်တာကြောင့် သူတို့ ဟာ သူတို့ တိုင်းရင်းသား အခွင့်အရေး တောင်းဆိုခဲ့ပါတယ်။ နိုင်ငံတော် က လည်းသူတို့ကို တိုင်းရင်းသားများ အဖြစ်အသိအမှတ်ပြုခဲ့ပါတယ်။ ဒါသူတို့ အခွင့်အရေးပါ။ ဂေါ်ရခါး (Gurkha) တွေနဲ့ပတ်သက်ပြီး ပြောရရင်တော့၊ သူတို့ဟာ မြန်မာနိုင်ငံ
နဲ့ နယ်နိမိတ်ခြင်းထိစပ်နေခြင်းမရှိတဲ့ နီပေါနိုင်ငံ (Nepal) တိုင်းရင်းသားတွေပါ။

သေချာတာ က တော့သူတို့ဟာ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့ခေတ်မှာမှ ရှမ်းပြည်၊ ကချင်ပြည်ဘက်ကို ရောက်ရှိအခြေချနေထိုင်ခဲ့တာဖြစ်ပါတယ်။ သူတို့ တိုင်းရင်း သားဖြစ်ခြင်း၊ မဖြစ်ခြင်းဟာစကားထဲ ထည့်ပြောစရာ မလိုလောက်အောင် ကို ရှင်းလင်းလှပါတယ်။

၆။ တိုင်းရင်းသားတွေဟာ ဘယ်သူတွေဖြစ်ကြောင်း ၁၉၈၂ နိုင်ငံသားဥပဒေ Burma Citizenship Law (Pyithu Hluttaw Law No. 4 of 1982) မှာ နိုင်ငံတော် က သတ်မှတ်ထားကြောင်း က ဆရာမကြီး က ပြောသွားပါတယ်။ ၁၉၈၂ နိုင်ငံသား ဥပဒေ Burma Citizenship Law (Pyithu Hluttaw Law No. 4 of 1982) ရဲ့ အခန်း (၂) ပုဒ်မ (၃) မှာ- ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းကဲ့သို့သော
တိုင်းရင်းသား အနွယ်များနှင့် ၁၈၂၃ မတိုင်ခင် တိုင်းနိုင်ငံနယ်မြေများအတွင်း ပင်ရင်း ဌာနေ အဖြစ်အခြေချမှီတင်းနေထိုင်ခဲ့သော လူမျိုးစုများ သည် မြန်မာနိုင်ငံသားများ ဖြစ်၏ လို့ ပြဋ္ဌာန်းထားပါတယ်။ ဆရာမကြီးတို့တတွေ အမြဲတစေ သုံးနှုန်းခေါ်ဝေါ်နေ တဲ့ ဘင်္ဂလီလူမျိုးစုအနွယ်တွေဟာ A.D ၁၄၃၀ ကတည်း က ရခိုင်ဒေသ မှာ အခြေ ချနေထိုင်ခဲ့တဲ့ သမိုင်းအထင်အရှားရှိပါတယ်။ အဲဒီသမိုင်း ကို ကမ္ဘာ့သမိုင်းပညာရှင်၊ မြန်မာ့သမိုင်း ပညာရှင်တိုင်းက လက်ခံ အတည်ပြုထားကြပါတယ်။ ရခိုင်သမိုင်း ကို တစ်ကယ်နက်နက်နဲနဲ လေ့လာမယ်ဆိုရင် ရခိုင်ဝေသာလီ ခေတ် က လူတွေဆိုတာ ဘင်္ဂလီလူမျိုးတွေ သာဖြစ်ကြောင်းသက်သေပြနိုင်ပါတယ်။ ရခိုင်စုံစမ်းရေးကော်မရှင် ဝင်ဖြစ်ပြီးတဲ့နောက်မှာ ဆရာမကြီးဟာ ရခိုင်သမိုင်းကို ဟိုတစ်စ ဒီတစ်စ တော့ လေ့လာဖြစ်ခဲ့မယ်ထင်ပါတယ်။ အဲဒီလေ့လာဖြစ်တဲ့အစတွေထဲ အာနန္ဒာစန္ဒြာကျောက်စာ (Ananda Chandra Inscription) အကြောင်းလေ့လာဖူးလားမသိပါ။ မလေ့လာဖူးရင် လေ့လာကြည့်ပါဆရာမကြီးခင်ဗျား။ ရခိုင်ဒေသ က ရှေးလူတွေ ဟာ ဘယ်လူမျိုးတွေ ဖြစ်ကြောင်း တစ်စွန်းတစ်စရိပ်မိလာပါလိမ့်မယ်။ရိုးရိုးရှင်းရှင်းလေးတွေးကြည့်နိုင်ပါတယ်။

ဒီနေ့ ရခိုင်လူမျိုး တစ်ဦးတစ်ယောက် က မှ အာနန္ဒာချန်ဒရား ဆိုတဲ့ အမည်နာမ ကို ကင်ပွန်းမတပ်ကြပေမဲ့၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ ဘင်ဂေါလ် ပြည်နယ်တွေမှာ အာနန္ဒာ ချန်ဒရား အမည်ပိုင်ရှင် မြောက်များစွာကို ယနေ့သွားကြည့်၊ ယနေ့တွေ့နိုင်ပါတယ်။

ဒါကြောင့် ဘင်္ဂလီတွေ ဟာ မနေ့တစ်နေ့ က မှ မဟာဇနက္က အတုယူပြီး ပင်လယ် လက်ပစ်ကူး ရခိုင်ဒေသထဲဝင်လာသူ တွေ မဟုတ်ကြောင်း ရခိုင်စုံစမ်းရေးကော်မရှင် က ပညာရှင်တွေ အနေနဲ့ ကြိုးစားလေ့လာဆည်းပူးသင့်ကြောင်း ပွင့်ပွင့်လင်းလင်း အကြံပေးလိုပါတယ်။

၇။ တိုင်းရင်းသားဆိုသည်မှာ အင်္ဂလိပ်တွေ မြန်မာနိုင်ငံ ကို စပြီးဝင်မလာခင် ကတည်း က ရှိတဲ့ လူတွေဆီ က ဆင်းသက်လာသူတွေကို တိုင်းရင်းသားလို့ခေါ်ကြောင်း မြန်မာ စာပါမောက္ခများ နဲ့ နိုင်ငံတော် ဥပဒေတွေ ကို ကိုးကားပြီးပြောသွားပါတယ်။ အဲဒီ အဓိပ္ပာယ် ဖွင့်ဆိုချက် အရဆိုရင်လည်း ဆရာမကြီးတို့ ခေါ်ဝေါ်သုံးနှုန်းနေတဲ့ ယနေ့ ဘင်္ဂလီလူမျိုးတွေ ဟာ တိုင်းရင်းသားတွေ ဖြစ်နေပြန်ပါတယ်။ နောက်တစ်ခါဆရာမကြီး က ဘင်္ဂလီတွေ အနေနဲ့ နိုင်ငံသားအဖြစ်ကိုလျှောက်ယူရနိုင်ကြောင်း ပြောထား ပြန်ပါသေးတယ်။ ဆရာမကြီး ရဲ့ စကားတွေ clear cut contradiction အလွန်ရှင်းလင်း ပြတ်သားတဲ့ ဝိရောဓိ ဖြစ်နေရုံ မက ၁၉၈၂ နိုင်ငံသား ဥပဒေကိုပါ အတည့်အလင်း ဆန့်ကျင်နေကြောင်း မြင်မိပါတယ်။

ဆက်ရန် – ဆရာမကြီးဒေါက်တာရင်ရင်နွယ် ၏ အင်တာဗျူးအားသုံးသပ်ချက် (၂)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: