“ငါ့မှာ မျှော်လင့်ခြင်း အိပ်မက် တစ်ခုရှိတယ်” မာတင်လူသာကင်း (ဂျူနီယာ)

“ငါ့မှာ မျှော်လင့်ခြင်း အိပ်မက် တစ်ခုရှိတယ်” မာတင်လူသာကင်း (ဂျူနီယာ)

M-Media

မာတင်လူသာကင်း (ဇန်နဝါရီ ၁၅၊ ၁၉၂၉ – ဧပြီ ၄၊ ၁၉၆၈) ဟာ အာဖရိကန်-အမေရိကန် နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှုမှာ ထင်ရှားတဲ့ခေါင်းဆောင် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးဖြစ်ပါတယ်။ သူဟာ အကြမ်းမဖက်တဲ့နည်းနာ များဖြင့် နိုင်ငံသားအခွင့်အရေး တိုးတက်ရရှိရေး လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့သူဖြစ်တယ်။

၁၉၅၅ ခုနှစ်မှာ မောင်ဂိုမာရီ ဘတ်စ်ကား သပိတ်မှောက်မှုကို ဦးဆောင်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာ Southern Christian Leadership Conference (SCLC) ကိုဖွဲ့စည်းခဲ့ပြီး၊ အဲဒီအဖွဲ့အစည်းရဲ့ ပထမဆုံး ဥက္ကဌအဖြစ်ဆောင်ရွက် ခဲ့ပါတယ်။ တဖန် သူဟာ ၁၉၆၃ ခုနှစ် မတ်လ၊ ဝါရှင်တန် လူထုဆန္ဒပြပွဲကြီးကိုလည်း ဦးဆောင်ခဲ့ပြန်တယ်။ အဲဒီ လူထု ဆန္ဒပြပွဲကြီးမှာဘဲ သူ့ရဲ့သမိုင်းဝင် “I Have a Dream” ဆိုတဲ့ မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်အောက်တိုဘာလမှာတော့ မာတင်လူသာကင်းဟာ ငြိမ်းချမ်းရေးနိုဗဲလ်ဆုကို ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ ဆင်းရဲမှု နဲ့ ဗီယက်နမ် စစ် ဆန့်ကျင်ရေးတွေအပေါ် အာရုံစိုက်လာပါတယ်။ ၁၉၆၇ ခုနှစ်မှာ “Beyound Vietnam” ဆိုတဲ့ မိန့်ခွန်းပြောခဲ့ပါတယ်။ ဆက်လက်ပြီး ဆင်းရဲသားများ လှုပ်ရှားမှုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ တဲန်နာဆီပြည်နယ် မဲမ်ဖီစ်မြို့မှာ မာတင်လူသာကင်းဟာ လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ ၎င်း သေဆုံးပြီးနောက် ၁၉၇၇ ခုနှစ်မှာ ၎င်းအား သမ္မ္မတ မှ လွတ်လပ်မှုဆိုင်ရာ ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ပြီး၊ ၂၀၀၄ ခုနှစ်မှာ ကွန်ဂရက်ဆိုင်ရာ ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့ပါတယ်။ မာတင်လူသာကင်းကို ဂုဏ်ပြုတဲ့အနေနဲ့ မာတင်လူသာကင်းနေ့ ကို အမေရိကန် နိုင်ငံတဝှမ်း အားလပ်ရက်အဖြစ်သတ်မှတ်ထားပါတယ်။

မာတင် လူသာကင်းရဲ့ “ငါ့မှာ မျှော်လင့်ခြင်း အိပ်မက် တစ်ခုရှိတယ်” မိန့်ခွန်း

မာတင်လူသာကင်း(ဂျူနီယာ)

သြဂုတ်လ ၂၈ ရက်၊ ၁၉၆၃ ခုနှစ်။

Civil rights leader Martin Luther King waves to a crowd estimated at 250,000 during his speech on the Mall in Washington DC during the ''March on Washington'' on Aug. 28, 1963. As he spoke, King envisioned a future of racial equality with his ''I Have a Dream'' speech. (AFP)

Civil rights leader Martin Luther King waves to a crowd estimated at 250,000 during his speech on the Mall in Washington DC during the ”March on Washington” on Aug. 28, 1963. As he spoke, King envisioned a future of racial equality with his ”I Have a Dream” speech. (AFP)

ဒီကနေ့ ကျွန်ုပ်တို့နိုင်ငံ လွတ်လပ်မှုအတွက် သမိုင်းကြောင်း တလျောက်လုံး စီးဆင်းသွားမဲ့ အကြီးမားဆုံး ဆန္ဒ ထုတ်ဖော်ပွဲမှာ ခင်ဗျားတို့နဲ့ လက်တွဲပါဝင်ရတဲ့ အတွက် နှစ်ထောင်းအားရဖြစ်မိပါတယ်။

လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက ကြီးမားတဲ့အရိပ်လက္ခဏာဆောင်တဲ့ အမေရိကန်လွတ်လပ်ရေးကြေငြာချက် လက်မှတ်ရေးထိုးရေးဘက်မှာ ကျွန်ုပ်တို့ရပ်တည်ခဲ့ကြတယ်။ အဟုန်ပြင်းတဲ့ ဒီကြေငြာချက်ဟာ ဆိုးရွားလှတဲ့ တရားမမျှတမှု မီးကြီးလောင်မြိုက်ခံနေရတဲ့ သန်းပေါင်းများစွာသော နီဂရိုး ကျေးကျွန်တွေအတွက် မျှော်လင့် ချက်မီးရှူးတန်ဆောင်ကြီး ဖြစ်ခဲ့တာပေါ့။ ဒီစာချုပ်ဟာ ရှည်လျားလှတဲ့ အမှောင်ထုလှောင်အိမ်ကြီးကို ဖြိုခွင်းပစ်လိုက်တဲ့ ပျော်ရွှင်စရာ အာရုဏ်ဦးကြီးဖြစ်တယ်။

ဒါပေမဲ့ နှစ်တရာကြာတဲ့အခါမှာတော့  နီဂရိုးတွေ မလွတ်မြောက်သေးဘူးဆိုတာ ကျွန်ုပ်တို့ဝမ်းနည်းစွာ တွေ့ကြုံ ကြရတယ်။ နှစ်တရာကြာတဲ့အခါ သီးသန့်ခွဲပြီး အနှိမ်ခံထားတာတွေ၊ ကွင်းဆက်လိုက်ပြီး မဆုံးနိုင်တဲ့ နှိမ်ချခွဲခြားမှု တွေကြောင့် နီဂရိုး တွေဘဝဟာ ခြေလက်တွေလှုပ်မရအောင် ထိန်းချုပ်ထားသလို ဝမ်းနည်ဖွယ်ရာ ထိခိုက်ပျက် စီးနေရတယ်။ နှစ်တစ်ရာကြာတဲ့ အခါ နီဂရိုးတွေဟာ ရုပ်ဝတ္ထုကြွယ်မှု ဆိုတဲ့သမုဒ္ဒရာကြီး ဝန်းရံထားတဲ့၊ အထီးကျန် ဆင်းရဲမှု ကျွန်းကလေးမှာနေ နေကြရပြန်တယ်။ နှစ်တရာကြာတဲ့ အခါ နီဂရိုး တွေကို အမေရိက လူ့အဖွဲ့အစည်း ရဲ့ဒေါင့်တနေရာမှာချောင်ထိုးခံထားရတယ်။ ကိုယ့်တိုင်းပြည်အတွင်းမှာ ပြည်နှင်ဒဏ်ခံနေကြရတယ်။ ဒါကြောင့် ဒီ စိတ်ပျက်ဖွယ်ရာ အခြေအနေဆိုးကို ထုတ်ဖေါ်ပြသဖို့ ကျွန်ုပ်တို့ ဒီကနေ့ ဒီ နေရာမှာ စုရုံးကြတာဖြစ်တယ်။

သဘောကတော့ ချက်လက်မှတ်တစ်စောင်ကို ငွေသားနဲ့လှဲဖို့မြို့တော်ကို တက်လာကြတာဖြစ်တယ်။ ကျွန်ုပ်တို့ နိုင်ငံကိုတည်ဆောက်ခဲ့ကြတဲ့ ဗိသုကာကြီးတွေဟာ အခြေခံဥပဒေနဲ့ လွတ်လပ်ရေးကြေငြာစာတမ်းကို ခန့်ညား ထယ်ဝါတဲ့ စကားလုံးတွေနဲ့ ရေးစဉ်တုန်းက အမေရိကန်နိုင်ငံသားတိုင်း အကျုံးဝင်စေရမယ်ဆိုတဲ့ ကတိစာချုပ်ကို သူတို့ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ဒီစာချုပ်ဟာ ပြောင်းလဲလို့မရတဲ့ အသက်ရှင်ရပ်တည်မှု အခွင့်အရေး၊ လွတ်လပ်မှုနဲ့ ပျော်ပျော်ရွှင်ရွှင်ဘ၀လမ်းကြောင်းနိုင်ဖို့ အခွင့်အရေးတွေကို အာမခံကြောင်း နိုင်ငံသားအားလုံးကို ကတိပြုတဲ့ စာချုပ် တရပ်ဖြစ်တယ်။

ဒီကနေ့ အမေရိကနိုင်ငံကြီးဟာ အသားအရောင်မတူတဲ့သူ့ နိုင်ငံသားတွေအပေါ်မှာ ဒီကတိစာချုပ်အရ ပေးစရာရှိတာတွေ ပေးရမှာပျက်ကွက်နေတာ သိသာထင်ရှားလှပါတယ်။ အမေရိကန်နိုင်ငံကြီးဟာ ဒီမြင့်မြတ်လှတဲ့ တာဝန်ဝတ္တရားကြီးကို ဆောင်ရွက်ပေးရမဲ့အစား နီဂရိုးတွေကို “ငွေအလုံအလောက်မရှိပါ” ဆိုတဲ့ မှတ်ချက်နဲ့ ငွေထုတ်သူဆီပြန်၊ ပြန်ရောက်လာတတ်တဲ့ bad check ကိုပေးတာဘဲဖြစ်တယ်။

ဒါပေမဲ့ တရားမျှတမှုတည်းဟူသော ဘဏ်ကြီးဟာ မွဲပြာကျနေတယ်ဆိုတာ ကျွန်ုပ်တို့မယုံကြည်နိုင်ဘူး။ ဒီနိုင်ငံကြီးရဲ့ အခွင့်အလမ်းတွေ အင်မတန် ပေါကြွယ်တဲ့မြေ တိုက်ခန်းထဲမှာ  ငွေကြေး မလုံလောက်ဘူးဆိုတာ ကျွန်ုပ်တို့ မယုံကြည် နိုင်ဘူး။ ဒါကြောင့် ဒီချက်လက်မှတ်ကြီးကို ငွေသားနဲ့လှဲလှယ်ဖို့လာခဲ့ကြတာပါ။ ဒီချက်လက်မှတ်ကြီးဟာ လွတ်လပ်မှု ကျယ်ကျယ်ပြန့်ပြန့်ရရေး၊ တရားမျှတမှုတွေအာမခံချက်ရှိရေးဆိုတဲ့ ကျွန်ုပ်တို့ရဲ့တောင်းဆိုချက်တွေကိုပေးမဲ့ ချက်လက်မှတ်ကြီးဖြစ်တယ်။ ထို့အတူဘဲ ကျွန်ုပ်တို့ဟာ အမေရိကန်ပြည်ထောင်စုကြီးကို ထက်ထက်သန်သန် သတိ ပေးနှိုးဆော်ဖို့အတွက် ဒီနေရာကိုရောက်လာခြင်းလည်းဖြစ်တယ်။ အခုအချိန်ဟာ ပျားရည်နဲ့ဝမ်းချလို့ရမဲ့အချိန် မဟုတ်တော့ဘူး။ အခုအချိန် ဟာ ခွဲခြားခံရမှုအမှောင်ထုတွင်းထဲမှ တရားမျှတမှုတည်းဟူသော အလင်းရောင်လမ်းကြောင်းဆီကို ချီတက်ရန် နှိုးထဖို့အချိန်ရောက်ပြီ။ အခွင့်အလမ်းတံခါးမကြီးကို ဘုရားသခင်ရဲ့ ကလေးတွေအားလုံးအတွက် ဖွင့်ဖို့အချိန်ရောက်ပြီ။ အခုအချိန်ဟာ ကျွန်ုပ်တို့နိုင်ငံကို လူမျိုးရေး တရားမမျှတမှု သဲဗွက်အနေအထားကနေ ခိုင်မာတဲ့ ညီအစ်ကိုတော် ကျောက်တုံး အနေအထားမျိုး ရောက်အောင်ဆောင်ရွက် ဖို့အချိန်တန်ပြီဖြစ်တယ်။

အရေးကြီးတဲ့ကာလကို လစ်လျူရှု့မယ်ဆိုရင်၊ နီဂရိုးတွေရဲ့ ဆုံးဖြတ်ချက်ကို လျော့တွက်မယ်ဆိုရင်၊ တိုင်းပြည်အ တွက် ကံဆိုးမိုးမှောင်ကျလိမ့်ပါမယ်။ လွတ်လပ်ခြင်း၊ ညီမျှခြင်းတွေနဲ့အတူ လန်းဆန်း တက်ကြွတဲ့ဆောင်းဦးရာသီ တခုကို မရောက်မချင်း   နီဂရိုးတွေရဲ့သဘာဝကျလှတဲ့ ပူပြင်းတဲ့ အခဲမကျေနွေရာသီကြီးဟာ ဆက်လက်တည် ရှိနေဦးမှာဘဲ။ ၁၉၆၃ ခုနှစ်ကြီးဟာ နိဂုံးမဟုတ်သေးဘူး။ နိဒါန်းသာဖြစ်တယ်။ နီဂရိုးတွေကိုချွေးသိပ်ထားဖို့လို အပ်တယ်၊ ဒါဆိုသူတို့ကျေနပ်သွားမယ်လို့ လို့မျှော်လင့်တဲ့သူတွေဟာ တိုင်းပြည်ရဲ့လုပ်ငန်းတွေ ခါတိုင်းလိုပြန် လည် လည် ပတ်လာတဲ့အခါကျရင် သတိပြုမိကြလိမ့်မယ်။ နီဂရိုးတွေကို နိုင်ငံသားအခွင့်အရေး မပေးသမျှ အမေရိကန်မှာ အေးဆေး၊ တည်ငြိမ်မှုရှိမှာမဟုတ်ဘူး။ တရားမျှတမှုပေါ်ပေါက်လာတဲ့နေ့အထိ လေပွေကြမ်းကြီးက ကျွန်ုပ်တို့ နိုင်ငံရဲ့ အခြေခံအုတ်မြစ်ကို ကိုင်လှုပ်နေဦးမှာဖြစ်တယ်။

ဒါပေမဲ့ တရားမျှတမှုနန်းတော်ရဲ့ လှေကားရင်းမှာရောက်နေကြပြီဖြစ်တဲ့ ကျွန်ုပ်ရဲ့လူတွေကိုပြောဖို့ တစုံတရာတော့ ရှိပါတယ်။ ကျွန်ုပ်တို့မှန်ကန်တဲ့နေရာကိုရဖို့ဆောင်ရွက်ရာမှာ စိတ်စနိုးစနှောင့်ဖြစ်စရာဘာမှမလိုဘူး။ ကျွန်ုပ်တို့ ဆာ လောင်ငတ်မွတ်နေတဲ့ လွတ်လပ်မှုကြီးအတွက် ခါးသီးမှုတွေ၊ အမုန်းတရားစိတ်တွေကိုတော့ မမွေးလိုက်ကြပါနဲ့။

ကျွန်ုပ်တို့ရဲ့ ရုန်းကန်တိုက်ပွဲဝင်မှုကို ဂုဏ်သိက္ခာရှိရှိ၊ စည်းကမ်းရှိရှိနဲ့ ဆောင်ရွက်သွားကြရမှာဖြစ်တယ်။ ကျွန်ုပ်တို့ ရဲ့ကန့်ကွက်ဆန္ဒပြမှုတွေကို ရုပ်ပိုင်းအကြမ်းဖက်မှု အသွင်ဖြစ်သွားအောင် လုပ်ဆောင်တာမျိုးကို ခွင့်မပြုဘူး။ ကျွန်ုပ်တို့ တင့်တယ်လှတဲ့ ရုပ်ပိုင်းဆိုင်ရာအားတွေကို စိတ်ပိုင်းဆိုင်ရာအားတွေရဲ့ အထောက်အတိုင်နဲ့ မြင့်သ ထက်မြင့်ဖို့ ထပ်ခါတလဲ လဲ မြှင့်တင် သွားကြရမယ်။ နီဂရိုးလူ့အဖွဲ့အစည်းကို ထူးထူးခြားခြား ဝါးမျိုးလာနေတဲ့ ရန်လိုမှုတွေကြောင့်  ကျွန်ုပ်တို့တွေဟာ လူဖြူတွေ အားလုံးကို အယုံအကြည် ကင်းသွားတာ မျိုးလည်းမဖြစ်သင့်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့နဲ့အတူ ဒီမှာရောက်ရှိနေကြတဲ့ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတော် လူဖြူတွေဟာ သူတို့ရဲ့ဘဝနဲ့ ကျွန်ုပ်တို့ရဲ့ဘဝဟာ တထပ်တည်းဘဲ၊ ဆိုတာနားလည်ကြတယ်။ သူတို့ရဲ့လွတ်လပ်မှုနဲ့ ကျွန်ုပ်တို့ ရဲ့လွတ်လပ်မှု ခွဲခြားလို့မရဘူးဆိုတာလည်း သူတို့ သဘောပေါက် နားလည်ကြတယ်။ ဒါ သက်သေပါဘဲ။ ကျွန်ုပ်တို့ ချည်းသက်သက်ဘဲ သွားလို့မရပါဘူး။

ကျွန်ုပ်တို့ချီတက်သွားတဲ့အခါ ရှေ့ကိုသာတူရူပြီး ဆက်လက်သွားကြမယ်လို့ သံန္နိဌာန် ချထားရမယ်။ ကျွန်ုပ်တို့ နောက်ပြန်လှည့်လို့ မရဘူး။ နိုင်ငံသားအခွင့် အရေးကိုထောက်ခံသူတွေ မေးကြတာရှိတယ်။ “ခင်ဗျားတို့ ဘယ်တော့ကျေနပ်မှာလဲ”တဲ့။ ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ် လေးလေးပင်ပင် နွမ်းနွမ်းလျလျ ခရီးသွားနေရမျှ၊ အဝေးပြေးလမ်းမပေါ်က မော်တယ်တွေမှာ၊ မြို့တွေထဲက ဟော်တယ်တွေမှာ တည်းခိုခွင့်မရသမျှ၊ ကျွန်ုပ်တို့ ကျေနပ်မှာမဟုတ်ဘူး။ နီဂရိုးတွေ စုတ်စုတ်ပြတ်ပြတ် တဲဂုတ်တွေထဲ ကနေ အိုးအိမ်ကြီးတွေဆီကို ပြောင်းရွေ့နိုင်ခွင့် မရသမျှ ကျွန်ုပ်တို့ ကျေမှာမဟုတ်ဘူး။ မစ္စစပိက နီဂရိုးတစ်ယောက် မဲ ပေးခွင့်မရသမျှ၊ နယူးယောက်က နီဂရိုးတစ် ယောက်ဟာ သူ့မှာ မဲပေးနိုင်ဖို့ ဘာမှမရှိဘူး လို့ယုံကြည်နေသေးသမျှ ကျွန်ုပ်တို့ ဘယ်တော့ကျေနပ်မှာ မဟုတ်ဘူး။ မကျေနပ်ဘူး…မကျေနပ်ဘူး။ ကျွန်ုပ်တို့ မကျေနပ်ကြပါဘူး။ တရားမျှတမှု ရေစီးကြောင်းဟာ သမာဓိ ဆိုတဲ့ ချောင်းမကြီးထဲကို မစီးဝင်သမျှ ကျွန်ုပ်တို့ကျေနပ်မှာမဟုတ်ဘူး။

တချို့သူတွေဟာ စမ်းသပ်မှုတွေ၊ ဒုက္ခဗျာပါဒတွေ့ရင်ဆိုင်ရင်း ဒီကိုလာကြတယ်ဆိုတာ ကျွန်တော်သတိပြု မိပါတယ်။ တချို့တွေက အချုပ်ခန်းကျဉ်းထဲကထွက်လာရလို့ လန်းဆန်းလာကြတယ်။ တချို့တွေက လွတ်လပ်မှု တောင်းဆိုလို့ ငြင်းပန်းနှိပ်စက်ကလူ ပြုနေတဲ့ မုန်တိုင်းကြီးရဲ့ အထုအထောင်းကြားကလာကြရတယ်။ တချို့တွေက ပုလိပ်တွေရဲ့ လူမဆန်တဲ့လုပ်ရပ်ကို ရှောင်ကွင်းလာကြရတယ်ဆိုတာကို ကျွန်တော်သတိပြုမိပါတယ်။ ခင်ဗျားတို့တတွေဟာ ဒုက္ခခံစားရတဲ့နေရာမှာတော့ ကျင်လည်နေတဲ့ သူတွေပါပဲ။ မတရားသဖြင့် ဒုက္ခခံစားခြင်းဟာ အကောင်းဘက်ကို ဦးတည်စေတယ်ဆိုတဲ့ ယုံကြည် ချက်နဲ့ ဆက်လုပ်ကြပါ။

ဒီအခြေအနေတွေဟာ ပြောင်းလဲနိုင်တယ်၊ ပြောင်းလဲသွားမယ်ဆိုတဲ့ အသိတွေနဲ့ မစစ္စစပီကို ပြန်သွားကြပါ၊ အလာဘားမားကိုပြန်သွားကြပါ၊ ဂျော်ဂျီယာကိုပြန်သွားကြပါ၊ လူစီယားနားကိုပြန်သွားကြပါ၊ မြောက်ပိုင်းမြို့တော် ဆင်းရဲသားရပ်ကွက်တွေဆီက တဲစုတ်တွေဆီပြန်သွားကြပါ။ စိတ်ကုန်တာစိတ်ပျက်တာတွေ မဖြစ်ကြပါနဲ့။

မိတ်ဆွေအပေါင်းတို့ ဒီကနေ့ ကျွန်တော် ခင်ဗျားတို့ကိုပြောမယ်။ ဒီကနေ့ကာလဟာ စိတ်ပျက်စရာတွေ၊ အခက်အခဲ တွေရှိပေမဲ့လည်း ကျွန်တော့်မှာ မျှော်မှန်းချက် တရပ်ရှိနေစဲဘဲဆိုတာ ခင်ဗျားတို့ကိုပြောချင်ပါတယ်။ ဒါဟာ အမေရိ ကန် မျှော်မှန်းချက်ထဲမှာ နက်နက်နဲနဲ အမြစ်တွယ်နေတဲ့ အိပ်မက်လည်းဖြစ်တယ်။

တနေ့ကျရင် ဒီနိုင်ငံမှာ ဓမ္မတရား အဓိပ္ပါယ်အစစ်အမှန်ပေါ်ထွန်းမယ်ဆိုတဲ့ မျှော်မှန်းချက်တရပ် ကျွန်တော့မှာရှိတယ်။ “လူတွေကို အညီအမျှ ဖန်ဆင်းထားပေးတယ်ဆိုတဲ့ အမှန်တရားကို ကျွန်ုပ်တို့ ကိုယ်ပိုင် သက်သေအဖြစ် လက်ဆုပ်လက်ကိုင် ထားကြတယ်။”

တနေ့ကျရင် ဂျော်ဂျီယာတောင်ကုန်းနီတွေပေါ်မှာ ကျွန်ဟောင်းတွေရဲ့သားသမီးတွေနဲ့၊ ကျွန်ပိုင်ရှင်ဟောင်းတွေရဲ့ သားသမီးတွေ ညီအစ်ကိုတော်စားပွဲဝိုင်းမှာ အတူထိုင် စားသောက်ကြမယ်ဆိုတဲ့မျှော်မှန်းချက်တရပ် ကျွန်တော့မှာရှိ တယ်။

တနေ့ကျရင် တရားမမျှတမှု နဲ့ ဖိနှိပ်မှု အပူမီးတွေလောင်ကျွမ်းနေတဲ့ ကန္တာရလို မစ္စစပီပြည်နယ်မှာတောင်မှ လွတ်လပ်တဲ့ တရားမျှတဲ့ အိုအေစစ်တခု အဖြစ်ကိုပြောင်းလဲ သွားမယ်ဆိုတဲ့ မျှော်မှန်းချက် တရပ်ကျွန်တော့်မှာရှိ တယ်။

တနေ့ကျရင် ကျွန်တော့်သားသမီးလေးယောက်ဟာ အသားအရောင်ပေါ်အခြေခံမဘဲ အကြောင်းအချင်းအရာ လက္ခဏာပေါ်မှာသာအခြေခံပြီး တရားစီရင် ဆုံးဖြတ်တဲ့ နိုင်ငံမှာ နေထိုင်ကြလိမ့်မယ်ဆိုတဲ့ မျှော်မှန်းချက်တရပ် ကျွန်တော့် မှာရှိတယ်။

ဒီကနေ့ ကျွန်တော့မှာတော့ မျှော်လင့်ခြင်း အိပ်မက်တစ်ခု ရှိနေပါတယ်။

တနေ့ကျရင် အလာဘားမားပြည်နယ်မှာ၊  ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ နုတ်ဖျားက ငြင်းချက်စကားလုံးတွေ၊ ပယ်ဖျက် လိုက်ပြီဆိုတဲ့စကားလုံးတွေ ရွှမ်းရွှမ်းဝေနေတဲ့ အဲဒီပြည်နယ်မှာ လူမည်းယောင်္ကျားလေး၊ မိန်းခလေးတွေဟာ လူဖြူ ယောင်္ကျားလေး၊ မိန်းခလေးတွေနဲ့ ညီရင်းအစ်ကို မောင်ရင်းနှစ်မတွေလို လက်ချင်းချိတ်ပြီးလမ်းလျှောက်ကြမဲ့ အခြေအနေမျိုးပြောင်းလဲသွားမယ်ဆိုတဲ့ မျှော်မှန်းချက်တရပ် ကျွန်တော့် မှာရှိတယ်။

ဒီကနေ့ ကျွန်တော့်မှာ မျှော်မှန်းချက်တရပ်ရှိတယ်။

တနေ့ကျရင် ချိုင့်ဝှမ်းတိုင်းမြှင့်တက်လာလိမ့်မယ်၊ တောင်ကုန်းတွေ၊ တောင်တန်းတွေ တိုင်းကိုနိမ့်သွားလိမ့်မယ်။ အဖုအ ထစ် မညီမညာနေရာတွေ ညီညာပြန့်ပြူးသွားလိမ့်မယ်၊ အကွေ့အကောက်နေရာတွေ ဖြောင့်တန်းသွား လိမ့်မယ်၊ ဘုရားသခင်ရဲ့ဂုဏ်တော်တွေပြသလာလိမ့်မယ်၊ ဒါတွေကို လူသားတွေအားလုံးမြင်ကြရလိမ့်မယ် ဆိုတဲ့ မျှော်မှန်း ချက်တရပ် ကျွန်တော်မှာရှိတယ်။

ဒါဟာကျွန်ုပ်တို့ရဲ့မျှော်မှန်းချက်ဘဲ။ ဒီယုံကြည်ချက်နဲ့ ကျွန်တော် တောင်ပိုင်းကိုလာခဲ့တာဖြစ်တယ်။ ဒီယုံကြည်ချက်နဲ့ ဘဲ စိတ်ပျက်ခြင်း တောင်တန်းကြီးထဲက မျှော်လင့်ခြင်း အဖိုးတန်ကျောက် တစ်လုံးကို တူးဖေါ်နိုင်လိမ့်မယ်။ ဒီယုံကြည် ချက်နဲ့ဘဲ ကျွန်ုပ်တို့နိုင်ငံရဲ့ဆူဆူညံညံသဘောထားကွဲသံတွေကို သာယာနာပျော်ဘွယ် ညီအစ်ကိုတော် သံစုံတီး ဝိုင်းကတီးသံတွေအဖြစ် ကျွန်ုပ်တို့ပြောင်းလဲပစ်နိုင်လိမ့်မယ်။  တနေ့မှာ ကျွန်ုပ်တို့လွတ်လပ်စေရမယ်ဆိုတဲ့ အသိရှိ ပြီး ဒီယုံကြည်ချက်နဲ့ဘဲ ကျွန်ုပ်တို့ အတူတကွ အလုပ်လုပ်နိုင်ကြမယ်၊ အတူတကွ ဆုမွန်ချွေနိုင်မယ်။ အတူတကွ ရုန်းကန်လှုပ်ရှားနိုင်ကြမယ်၊ အတူတကွ ထောင်ထဲဝင်နိုင်ကြမယ်၊ လွတ်လပ်မှု အတွက် အတူတကွ ရပ်တည်နိုင်ကြမယ်။

ဒီနေ့ဟာ …  “လွတ်လပ်မှုပေါင်းစုံ နဲ့ချစ်စရာမြေ ငါ့တိုင်းပြေ(ပြည်)၊ သင့်အတွက် သီဆိုပါရစေ။ ဖခင်များ သေဆုံးခဲ့ရာမြေ၊ ဘုရားဖူးများရဲ့ဂုဏ်ယူရာမြေ၊ တောင်နံရံတိုင်းဆီမှနေ၊ လွတ်လပ်မှုခေါင်း လောင်းသံ မြည်ဟီးနိုင် ပါစေ..” လို့  အဓိပ္ပါယ်သစ်နဲ့ သီချင်းကို ဘုရားသခင့်ကလေးတွေအားလုံးက သီဆိုနိုင်မဲ့နေ့ဖြစ်တယ်။

Tags: , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: