ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်- လင်းထင်

ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်- လင်းထင်
ခေတ်မောင်း အတွဲ-၂၊ အမှတ်-၅

View this document on Scribd

ဒီရက်ပိုင်းမှာ အတွေးအများမိဆုံးကတော့ ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်ဆိုတဲ့ ကိစ္စရပ်ပဲ။ ကျနော် တစ်သက်လုံး ယုံကြည် ယူဆလာခဲ့တာ ဘာသာရေးဟာ လူ့အကြောင်းပြောရမယ်၊ စီးပွား လူမှု နိုင်ငံရေးရာ အကြောင်းချင်းရာတွေမှာ မှတ်ချက်ပြုရမယ် ဝေဖန်ရမယ်၊ လိုရင်းကတော့ ဘာသာရေးဟာ ပလင်စင်မြင့်ပေါ်မှာသာ ခွဲခြားထားရမယ့်အရာ မဟုတ်ပဲ စင်ပေါ်ကဆင်းပြီ လူ့အကျိုးဆောင်ဖို့ရာပဲ။ ဒီအယူအဆဟာ နိုင်ငံရေးနဲ့ ဘာသာရေး မရောထွေးပဲ Secular State အဖြစ် ပီပီပြင်ပြင် ထူထောင်ရန် အလိုရှိမှုနဲ့ ၀ိရောဓိ ဖြစ်စေသလား။ ကျနော့်ကိုယ်ကျနော် သေချာဖို့လိုတယ်။ ကျနော်ရှုံ့ချတဲ့ လက်ျာစွန်းရောက် အမျိုးသားရေးကို အမုန်းတရားများ ဟောကြား ဖြန့်ဝေနေတဲ့ ဘာသာရေးပုဂ္ဂိုလ်များကြောင့် ဘာသာရေးဟာ လူ့အရေးလုပ်ရမယ်ဆိုတဲ့ ကျနော့် ခံယူချက် ယိမ်းယိုင်ရမှာလား၊ ကျနော့်ကိုယ်ကျနော် ရှင်းဖို့လိုတယ်။

နိုင်ငံရေးနဲ့ ဘာသာရေး မရောယှက်ရဘူးဆိုတာ ဘာလဲ။ အခု ဖွဲ့စည်းပုံအရ စစ်တပ်က ဥပဒေပြု အာဏာရဲ့ ၂၅ရာခိုင်နှုံးကို ရွေးကောက်တင်မြောက်ခြင်း ခံစရာ မလိုပဲ၊ အလိုအလျောက် နေရာ ရယူတာမျိုးလို ဘာသာရေး သာသနာပိုင်တို့ရဲ့ ကိုယ်စားလှယ်များကို အုပ်ချူပ်ရေးနဲ့ ဥပဒေပြု အာဏာတို့ အလိုအလျောက် အပ်နှင်းရတာမျိုးကိုမှ ဘာသာရေးဟာ နိုင်ငံရေးအပေါ် စွက်ဖက်ချယ်လှယ်မှု အနေနဲ့ ကျနော် အဓိပ္ပာယ် ဖွင့်လိုတယ်။ တရားစီရင်မှု အာဏာနဲ့ စပ်လျဉ်းပြီးတော့ ဗမာနိုင်ငံရဲ့ တရားစီရင်ရေးမှာ အိမ်ထောင်ခန်းနဲ့ အမွေမှုတို့လို ကိစ္စခြင်းရာများမှာ သက်ဆိုင်ရာ ဘာသာတရားရဲ့ ဓမ္မသတ်များနဲ့ ဆုံးဖြတ်ဖို့ရာ ဓလေ့ထုံးထမ်းစဉ်လာ ဥပဒေသများကို အသိအမှတ် ပြုထားတယ်။ ဒါဟာ parallel jurisdiction to the civil law ဖြစ်စေတယ် မဖြစ်စေဘူး ဆိုတာ ဆိုင်ရာ ပညာရှင်များ ဆွေးနွေးသုံးသပ်ကြဖို့ပဲ ဖြစ်တယ်။

ဗမာပြည်ဟာ Secular State ဖြစ်နေနှင့်ပြီလား။ ၄၇- ဖွဲ့စည်းပုံ အတိုင်းပဲ လက်ရှိ အခြေခံဥပဒေဟာ ဗုဒ္ဓဘာသာကို လူအများစု ကိုးကွယ်တဲ့ ၀ိသေသထူးကဲတဲ့ ဘာသာကြီးအဖြစ် အသိအမှတ် ပြုသကဲ့သို့ ကျန် ဘာသာကြီးများနှင့်တကွ ရိုးရာနတ်ကိုးကွယ်မှု ဓလေ့များကိုပါ တည်ရှိကြောင်း အသိအမှတ်ပြုတယ်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အာမခံတယ်။ ဒီနေရာမှာ သမိုင်းကြောင်း နည်းနည်းပြန်လှန်ရမယ်။ အခုလည်း အခြေခံဥပဒေထဲ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအနေနဲ့ ထည့်ဖို့ရာကိစ္စနဲ့ စပ်လျဉ်းပြီး သဘောမတူတဲ့ ဗိုလ်ချူပ်အောင်ဆန်းက ဦးဘချိုကို ဘယ်လိုပြောတယ်ဆိုတာ ဟိုလူဒီလူတွေ လက်ဆင့်ကမ်းနေကြတာတွေ့ရတယ်။

ဦးနုက သူ့ရဲ့ တာတေစနေသားထဲမှာ ဒီလိုရေးတယ်။
” ဗိုလ်ချုပ်အောင်ဆန်းဟာ အခြေခံအုပ်ချုပ်ရေး ဥပဒေထဲမှာ ဘာသာရေးပါလာမှာကို မူအားဖြင့်မကြိုက်ဘူး။ တချို့အမတ်တွေက ဘာသာရေးကို တနည်းနည်းဖြင့် ထည့်ပေးစေချင်တယ်။ တချို့ကျတော့ ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာ အဖြစ် ထည့်ပေးစေချင်တယ်။အဲဒီလို ရှိနေပေတဲ့ ဒီကိစ္စမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်ဟာ အင်မတန် ပြင်းပြင်းထန်ထန်ကြီး ဆန့်ကျင်နေတဲ့အတွက် ဘယ်အမတ်ကမှ အမတ်ပေါင်းစုံညီလာခံမှာ ဒီကိစ္စကို မပြောရဲကြဘူး။ ဒါပေမယ့် အမတ်ပေါင်းစုံညီလာခံ ကျင်းပတဲ့ နေ့ရက်အတွင်းမှာ ရဟန်းတော်အချို့နဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်အချို့ အခြေခံ အုပ်ချုပ်ရေးဥပဒေထဲမှာ ဗုဒ္ဓသာသနာကို နိုင်ငံတော်ဘာသာ အဖြစ် ထည့်ပေးဘို့ သတင်းစာထဲမှာ တောင်းဆိုလာတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အဲဒီ့ အမတ်ပေါင်းစုံ ညီလာခံရဲ့ နေ့တနေ့မှာ စကားပြောနေတုန်း သတင်းစာတွေထဲက တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ခွေးဟောင်တိုင်း ထကြည့်မနေနိုင်ဘူးလို့ လွှတ်ကနဲပြောလိုက်မိတယ်။
ဗိုလ်ချုပ်အောင်ဆန်းကတော့ သတင်းစာတွေကို ပြောတာပါဘဲ။ ဒါပေမဲ့ သတင်းစာတွေက ဗိုလ်ချုပ်အောင်ဆန်းဟာ ရဟန်းတော်တွေကို ပုပ်ခတ်သလို လှည့်ပြီးရေးကြတဲ့အတွက် ဗုဒ္ဓဘာသာလောကမှာ အတော်ကလေး စိတ်မချမ်းမသာဖြစ်သွားတယ်။ အဲဒါကြောင့် စိတ်ပူသွားတဲ့ ဘုရင်ခံဆာဟူးဘတ်ရန်စ့်က သခင်နုကို ချက်ချင်းခေါ်လိုက်တယ်။ တွေ့လျှင်တွေ့ချင်း ဆာဟူးဘတ်ရန်စ့်က အမတ်ပေါင်းစုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောလိုက်တဲ့ စကားကြောင့် ရဟန်းတော်တွေနဲ့ဗုဒ္ဓဘာသာဝင်တွေ အတော် စိတ်မချမ်းမသာ ဖြစ်နေတယ်လို့ ကျနော်သတင်းကြားရတယ်။ ခင်ဗျားလဲ ဒီသတင်းကို ကြားပြီးရောပေါ့ လို့ သခင်နုကိုပြောလိုက်တယ်။ ကျနော် မကြားရသေးဘူးလို့ သခင်နုကဖြေတယ်။ (သခင်နုဟာ သတင်းစာတွေကိုအင်မတန် ဖတ်ခဲတယ်။) ရဟန်းတွေနဲ့ ဗုဒ္ဓဘာသာဝင် တော်တော်များများ ဟာ အတော် စိတ်မချမ်းမသာ ဖြစ်နေတယ်လို့ ကျနော် အစီရင်ခံစာ ဖတ်ရတယ်။ အဲဒီတော့ ဒီကိစ္စကို ခင်ဗျားဝင်ဦးမှပဲ။ အခုလို လျစ်လျူရှုထားလို့ မဖြစ်ဘူးလို့ ပြောပြီး ဆာဟူးဘတ်ရန်စ့်က သခင်နုကို စာပွဲခုံပေါ်က အိုင်ယာလန်နိုင်ငံရဲ့ အခြေခံအုပ်ချုပ်ရေး ဥပဒေစာအုပ် ပေးလိုက်တယ်။
အဲဒီ့ဥပဒေရဲ့ တနေရာမှာဘာသာရေးကဏ္ဍကို တွေ့ရတယ်။ အဲဒီ့ကဏ္ဍအောက်မှာ ကက်လသစ်ဂိုဏ်းဟာ အိုင်ယာလန်တွင် အများဆုံးလက်ခံသော ဂိုဏ်းဖြစ်တယ်။ ပရိုတက်စတင့် ဂိုဏ်းဝင်များလည်း အိုင်ယာလန်မှာ ရှိကြတယ်လို့ အဓိပ္ပါယ် ပါတဲ့ စာပိုဒ်တွေကိ သခင်နုတွေ့ရတယ်။ အဲဒိတော့ ဆာဟူးဘတ်ရန်စ့်က ဆက်ပြီး အခြေခံအုပ်ချုပ်ရေး ဥပဒေထဲမှာ ဘာသာရေးလုံးဝမပါဘူးဆိုရင်တော့ ရဟန်းတော်တွေနဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ထဲ အတော်ထိခိုက်လိမ့်မယ်။ အိုင်ယာလန်အခြေခံ အုပ်ချုပ်ရေးဥပဒေထဲမှာလို ဗမာနိုင်ငံမှာ ဗုဒ္ဓဘာသာဟာ လူအများဆုံးကိုးကွယ်တဲ့ ဘာသာဖြစ်တယ်။ တခြားဘာသာတွေလည်း ရှိတယ် ဆိုတာလောက်တော့ ထည့်ပေးသင့်တယ်။ အမတ်တွေထဲကတော့ ဘယ်သူမှ ဗိုလ်ချုပ်အောင်ဆန်းကို ပြောရဲမှာ မဟုတ်ဘူး ပြောရင်လည်း ဗိုလ်ချုပ်အောင်ဆန်းက နားထောင်မှာ မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို သခင်နု ပြောမှ ရမှာဘဲလို့ ဆာဟူးဘတ်ရန်စ့်က စိုးရိမ်နေတဲ့ စိတ်တွေနဲ့ သခင်နုကို ပြောပြတယ်။ သခင်နုလဲ အိုင်ယာလန် အခြေခံအုပ်ချုပ်ရေးဥပဒေ စာအုပ်ကို ယူပြီးဗိုလ်ချုပ်အောင်ဆန်းအိမ် တန်းသွားတယ်။ မြန်မာနိုင်ငံတော် အခြေခံအုပ်ချုပ်ရေး ဥပဒေထဲမှာ ဘာသာရေးကဏ္ဍ ပါလာတာတွေ့တော့ ဖဆပလအမတ်တွေဟာ အတော် အံ့အားသင့်နေကြတယ်။”

ဦးနုဝန်ကြီးချူပ်လက်ထက်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်တဲ့ လွှတ်တော် ဥပဒေပြဌာန်းခဲ့ပေသိ၊ ဆိုရှယ်လစ် တော်လှန်ရေးအသွင် အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ မဆလ ၇၄ ဖွဲ့စည်းပုံအရ ဗမာပြည်ဟာ secular state အသွင် စာရွက်ပေါ်မှာ ရှိတယ်။ စာရွက်ပေါ်မှာ ရှိတယ်လို့ ပြောရချင်းဟာ ဗိုလ်နေ၀င်းနဲ့ အပေါင်းအပါတသိုက် တီထွင်သမျှ မြန်မာ့နည်း မြန်မာ့ဟန်တွေထဲမှာ ဗမာနည်း ဆိုရှယ်လစ် စံနစ်နဲ့တကွ ဘုံအမျိုးသားရေးဝါဒပါပါတယ်။ အဓိကကတော့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံရေးအနှစ်သာရကို ဖျက်ဖို့၊ ပလပ်ဖို့၊ တိုင်းရင်းသား အခွင့်အရေးကို ဖိနှိပ်ဖို့ရာ ခေတ်သစ် ဗမာပြည်ဟာ ရှေးဗမာဘုရင်များရဲ့ လက်နက်နိုင်ငံများအသွင် ပြည်ထောင်ကို စုစည်းမိခြင်း အသွင်အဖြစ် ခံယူတော့တာပဲ။ ဗိုလ်ချူပ်အောင်ဆန်းကို အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားအသွင် ပုံဖော်တော့တာပဲ။ ဒီဘုံအမျိုးသားရေးဝါဒဟာ အောင်မြင်တယ်။ ဘာလို့အောင်မြင်သလဲဆို ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးအတွက် စုစည်းနိုးကြားခဲ့ရတဲ့ အမျိုးသားရေးစိတ် နမိတ်ပုံကိုလည်း စစ်အာဏာရှင်က ကောင်းကောင်း အသုံးချနိုင်ခဲ့လို့ပဲ။

စစ်အာဏာရှင်အောက်က ဘာသာရေးကဏ္ဍအကြောင်း နည်းနည်းကြည့်ကြရအောင်။ စစ်အာဏာရှင်အောက် ဘာသာမရွေး လူမျိုးမရွေး နိုင်ငံရေးအရ ဆန့်ကျင်လာရင် နှိပ်ကွပ်ခံရတာပဲဆိုတာ မမှားဘူး။ ဆိုပေသိ ဘယ်အချက်တွေကြောင့် ဘာသာကြီး လူမျိုးကြီးစိတ် ဖြစ်ပေါ်လာအောင် တွန်းအားပေးစေခဲ့တာလဲ။ ကျနော်ပြောလေ့ရှိတဲ့ ၈၀ ပြည့်နှစ် ထေရ်ရ၀ါဒ ဂိုဏ်းပေါင်းစုံ ညီလာခံရဲ့ အကျိုးဆက်ဟာ အတော် သက်ရောက်ခဲ့တယ် ထင်တယ်။ ညီလာခံရဲ့ အဆုံးအဖြတ်တွေက အသိအမှတ်ပြု ဂိုဏ်းတွေကအပ ဂိုဏ်းသစ် မထောင်ရ၊ ပိဋကတ်၃-ပုံနဲ့ သွေဖီမဟောရ။ ၆၂ ပုံနှိပ်ဥပဒေနဲ့ စာပေစီစစ်ရေးပေါ်လာကတည်းက ဗမာပြည်မှာ စာပေလွတ်လပ်ခွင့် အပါအ၀င် Freedom of Expression ဟာ နှိပ်ကွပ် ခံခဲ့ရပြီးဖြစ်တာကို ဘာလို့ ၈၀-ဂိုဏ်းပေါင်းစုံ ညီလာခံအပေါ် လက်ညှိုးထိုးနေရသလဲ ဆိုတာ ရှင်းရမယ်။ ဘာသာရေးစာပေလွတ်လပ်မှုဟာ ဗုဒ္ဓဘာသာအတွင်းမှာကို ဆုံးရှုံးသွားရတာကြောင့် ဖြစ်တယ်။ ခင်ဗျားဟာ ပေါ်ပေါ်တင်တင် မဂ္ဂဇင်း သတင်းစာ စာအုပ်တွေအပေါ်မှာ ဖန်ဆင်းခြင်းအယူကို ဝေဖန်နိုင်တယ်၊ ဗြဟ္မာဏ၀ါဒကို ရှုံ့ချနိုင်တယ်၊ ငါတို့က အနတ္တ ကျန်တာအကုန် အတ္တ၀ါဒတွေ လွဲတဲ့လမ်း မှားတဲ့အယူဆိုပြီး ရေးနိုင်တယ် ပြောနိုင်တယ်၊ ဦးဆန်းလွင်ရဲ့ ရတနာသုံးပါးကို… စာအုပ်ကို ထုတ်ဝေ ဖြန့်ချီနိုင်တယ်၊ ဒီလို ဘာသာရေးအရ ဝေဖန်ခွင့် စမ်းစစ်ခွင့်ဟာ တစ်လမ်းသွားပဲ။

ဒီ့ပြင့်ဘာသာတွေ မပြောနဲ့ ဗုဒ္ဓဘာသာအတွင်းမှာကို မူရင်းမှ သွေဖီသူ၊ မတူသော အယူအဆနဲ့ ချည်းကပ်မှုအသစ်တို့ကို အကြံပြုသူတွေ ပေါ်လာရင်တော့ သည်းမခံ၊ မှားကြောင်းဝန်ခံရတယ်၊ အကြိမ်ကြိမ် အခါခါ ထောင်ချတဲ့အထိ အပြစ်ယူတယ်။ ဒီလို ပြစ်ဒဏ်ချနိုင်အောင် ၈၀ညီလာခံမှာ မဆလ ပြည်ထဲရေးနဲ့ သာသနာရေးက ဓမ္မစက်နဲ့ မရရင် အာဏာစက်နဲ့ ကူညီပါ့မယ်ဆိုပြီး ပဋိဥာဉ်ပြုခဲ့ပြီး ဖြစ်တယ်။ န၀တ နအဖ စစ်အစိုးရ အဆက်ဆက်ကလည်း ၈၀ညီလာခံရဲ့ ရလာဒ် သံဃမဟာနာယကအဖွဲ့အပေါ် အသိအမှတ်ပြု ဆရာဒကာ ဆက်ဆံရေးကို ထိန်းသိမ်းတယ်။ ၂၀၀၇ ရွှေဝါရောင်အလွန်ကာလတွေမှာ နိုင်ငံတကာမှာ သံဃအစုအဝေး ပေါ်ပေါက်လာတဲ့ အခါမှာလည်း နအဖဟာ မဟနနဲ့ တွေ့ဆုံတိုင်း မဟနသာ တစ်ခုတည်းသော သံဃအပေါင်းအစုဖြစ်ပါကြောင်း အကြိမ်ကြိမ်ပြောခဲ့တယ်။ ဗမာပြည်ရဲ့ သာသနာရေးဝန်ကြီး ဌာနကရော ဘာသာအားလုံးကို ကိုယ်စားပြုပါသလား။ မေရီချပ်မင်မှာ ဆန်အိတ်လှူပြီး တစ်နှစ်တစ်ခါ ဟာ့ဂ်ျလုပ်ဖို့ လွှတ်ရုံကလွဲလို့ သာသနာ ထွန်းကား ပြန့်ပွားရေးဟာ သာသနာရေးဝန်ကြီးရဲ့ ဦးစီးဌာနတစ်ခုဖြစ်တယ်။

ဒီတော့ ဗမာပြည်ဟာ ဖွဲ့စည်းပုံက ဘာပြောပြော secular state မဟုတ်ဘူး။ ဓမ္မစက်အာဏာ အရှိဆုံးဆိုတဲ့ မဟနကလည်း အစိုးရမင်းများ မျက်နှာကို ကြည့်လို့ လူ့အရေးကို ပြောရန် အင်မတန်ဝန်လေးသော ဘာသာရေးအဖွဲ့ကြီး အနေနဲ့သာ နေတော့တယ်။ ကျနော့်အနေနဲ့ကတော့ ရွှေဝါရောင် တော်လှန်ရေးလို လက်ပဒေါင်းတောင် အရေးလို ခေတ်အဆက်ဆက် သံဃာများ လူ့အရေး လူ့အကျိုးအတွက် ဆောင်ရွက်မှုကို အမုန်းတရား ဖြန့်ဝေနေတဲ့ လှုပ်ရှားမှုနဲ့ တဇာတ်ထဲမသွင်းနိုင်ဘူး။ အခုထိအောင် ဘာသာရေးသမားများ လူ့အရေး လူ့ကောင်းကျိုးကို ဆောင်သင့်ကြောင်း အခိုင်အမာ ယုံကြည်တယ်။ ဘာသာကြီး လူမျိုးကြီး အယူချွတ်ဖို့ကတော့ နိုင်ငံရေးဆိုင်ရာ ပြောင်းလဲမှုတွေ အခြေခံက စမလုပ်ပဲနဲ့တော့ ငါတို့ဟာ အိမ်ရှင်ဆိုတဲ့ စိတ်ထားအပေါ် ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။
ဘာသာရေးဟာ ပုဂ္ဂလကိစ္စဖြစ်တာမို့ နိုင်ငံရေးဆိုတဲ့ အများအရေးမှာ ဘယ်လိုအပ်စပ် နိုင်ပါ့မလဲ မေးခွန်းလည်း ပေါ်လာနိုင်ကောင်းတယ်။ ဘာသာရေးဟာ ပုဂ္ဂလကိစ္စဖြစ်တာကို ဘယ်လိုနေရာမှာ သဘောတူသလဲဆို ဘယ်ဘုရားကို ရှိခိုးမလဲ၊ ဘာမှ မရှိခိုးပဲ နေမလားဆိုပြီး ရွေးချယ်ရာမှာ ပုဂ္ဂလကိစ္စဖြစ်ပြီး၊ လွတ်လပ်စွာ ရွေးချယ်နိုင်မှု ကျင့်သုံးနိုင်မှု ဖြန့်ဝေနိုင်မှုတို့အပေါ် တစ်ယောက်ချင်းစီ အတွက်ရော အစုအဖွဲ့ အတွက်ပါ အာမခံချက် ရှိတဲ့ နိုင်ငံရေး စံနစ်မျိုးကို လိုလားအပ်တယ်။ ဒီအာမခံချက်သာ ရှိရင်၊ ဒီအာမခံချက် ရှိသင့်ခြင်းရဲ့ အနှစ်သာရကိုသာ လူတွေ သိမြင်နှစ်လို လာရင် စစ်အုပ်စု ဖန်တီးတဲ့ အမျိုးသားရေးဝါဒ စိတ္တဇဟာ အလိုလို ကွာကျသွားလိမ့်မယ်။

ဘာသာရေးဟာ ပုဂ္ဂလစိတ္တဇ မှန်ပေသိ၊ ဘာသာရေးက သင်ကြားလမ်းညွှန်သော ကောင်းသော တန်ဖိုးတို့ရဲ့ စေ့စော်မှုကြောင့် လူတွေဟာ အများအကျိုးကို ထမ်းရွက်လာကြတယ်၊ သူနာပြုကြတယ်၊ ဆေးကုကြတယ်၊ စာသင်ပေးတယ်၊ မိဘမဲ့နဲ့ သက်ကြီး ရွယ်အိုကို စောင့်ရှောက် တယ်။ ဒီလို လူ့အကျိုးဆောင်ခြင်းဟာ အင်မတန် လိုလားအပ်တယ်။ ဒါထက်မက ဗမာ့နိုင်ငံရေးသမိုင်းမှာ သံဃာတော်တို့ ကိုလိုနီစံနစ်ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများကအစ ခေတ်အဆက်ဆက်သော လူထုအရေးတော်ပုံများမှာ အင်အားစုတစ်ရပ် အနေနဲ့ပါဝင်ခဲ့တယ်။ ဘာသာရေးရဲ့ သင်ကြားမှုဟာ ဒီလို လူ့အကျိုးထမ်းဖို့ စေ့စော်သမှုပြုတယ် ဆိုရင် ကျနော်တို့ ၀မ်းမြောက်ကြရမယ်၊ အသိအမှတ် ပြုကြရမယ်၊ ကြိုဆိုကြရမယ်။ သံဃာများ လူထုလှုပ်ရှားမှုတွေအတွင်း ပါဝင်ခြင်းကို မနှစ်ချိုက်သူများက မတူသော အကြောင်းပြချက် နှစ်ခုပေးလေ့ ရှိတယ်။ တစ်ခုက ၀ိနည်းနဲ့မညီ ဆိုတဲ့ ဘာသာရေး အကြောင်းပြချက်၊ နောက်တစ်ခုက နိုင်ငံရေးနဲ့ ဘာသာရေး မရောထွေးသင့် ဆိုတဲ့ နိုင်ငံရေး အကြောင်းပြချက်။ ၀ိနည်းနဲ့ညီမညီကို ကျနော် မပြောတတ်၊ သို့ပေသိ နိုင်ငံရေးမှုနဲ့ ထောင်ကျတဲ့ သံဃာတွေထဲမယ် စာပေကျမ်းဂန်တတ် ထေရ်ကြီးဝါကြီးများပါ ပါလေ့ရှိတာ တွေ့ရတယ်။
ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့် ဒီဆောင်းပါးဟာ နိုင်ငံရေးနဲ့ ဘာသာရေး မရောထွေးသင့် ဆိုတဲ့ နိုင်ငံရေး အကြောင်းပြချက်ကို ချေဖျက်ဖို့ ဖြစ်တယ်။ စစ်အုပ်စုက ဗုဒ္ဓဘာသာ အခြေပြု အမျိုးသားရေးဝါဒ ထူထောင်ဖို့ ဘာသာရေးကို အသုံးချတာကသာ နိုင်ငံရေးနဲ့ ဘာသာရေးရောထွေးမှု ဖြစ်ပြီး၊ လူမျိုးကြီး ဘာသာကြီးစိတ် စမ်းပေါက်ရာ မူလအကြောင်းခံဖြစ်တယ်။ ဘာသာရေးကို အကြောင်းခံပြီး အာဏာ၃ရပ်အပေါ် အလိုအလျောက် မပိုင်စိုးနိုင်သ၍ ဘာသာရေးပုဂ္ဂိုလ်များ လူမှုရေး နိုင်ငံရေးအတွင်း ပါဝင်ကာ လူ့အကျိုးဆောင်ခြင်း၊ သဘောထား မှတ်ချက်ပြုခြင်းတို့ အပေါ် လိုလားအပ်တယ်။ ၀င်မလုပ်ပဲ နိဗ္ဗာန်ရောက်ကြောင်းချည်း ကျင့်နေရင်တောင်၊ ပစ်မထားပါရန် ဒကာများက တောင်းပန်သင့်တယ်။

လင်းထင်

Lin Htin

Tags: , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: