သံဃာနှင့်ကား တူ၏။ သို့သော် ရဟန်းတို့ စောင့်ထိန်းအပ်သော သိက္ခာပုဒ်တို့ကို မစောင့်စည်း။ ထိုကဲ့သို့ ယောကျာ်းမျိုးကို လူအဖြစ်သာ ဆက်ဆံရမည်

Myo Minn

လူဟုသာ မှတ်ပါ

မဟာယန ဘုန်းတော်ကြီးတွေနဲ့ တွေ့ရဆုံရပြီဆိုရင် အတော်ဒုက္ခရောက်တယ်။ ဘယ်လို ဆက်ဆံရမှန်းမသိ ဖြစ်တတ်တယ်။ ဆံပယ်၊ သစ်ခေါက်ဆိုးနဲ့ အပြင်ပန်းအားဖြင့် သာသနာ့ဝန်ထမ်း ဟန်အပြည့်။ သို့ပေမယ့် ထိုဘုန်းတော်ကြီးများဟာ နေ့လွဲညစာ စားတယ်။ အချို့ဆို အိုးအိမ် ရှိတယ်။ အချို့ဆို သူရာမှီဝဲတယ်။ ရဟန်းတို့ စောင့်ထိန်းအပ်သော သိက္ခာပုဒ်တွေကို အကုန် မစောင့်ထိန်းကြဘူး။ သင်္ကန်းစမြင်ရုံနဲ့ ဆန္ဒန်ဆင်မင်းလို ဦးချရအောင်လည်း၊ ကိုယ်က အရင့်အမာ မဟုတ်တာကြောင့် ထိုဘုန်းကြီးတွေကို တွေ့ရင် ဦးပဲချရမလား၊ မသိကျိုးကျွံဘဲ လုပ်ရမလား ဝေခွဲရခက် ဖြစ်တတ်တယ်။

ထိုမဟာယနတို့နှင့် ပတ်သက်၍ ဘယ်လို ဆက်ဆံသင့်သလဲဆိုတဲ့ ချမ်းမြေ့ဆရာတော်ရဲ့ မိန့်ကြားချက်ကို ဖတ်ရမှ ပြဿနာက ရှင်းတော့တယ်။ တကယ်တော့ ဆရာတော်ရဲ့ ဆိုမိန့်ချက်ဟာ မဟာယနတို့နှင့်သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ သာသနာ့ဝန်ထမ်း အားလုံးနှင့် သက်ဆိုင်ပါတယ်။

ဆရာတော်က ‘အနှီ ယောကျာ်းသည် ဆံကိုကား ပယ်၏။ သင်္ကန်းကား ၀တ်၏။ ပုံပန်းသွင်ပြင်အားဖြင့် သံဃာနှင့်ကား တူ၏။ သို့သော် ထိုယောကျာ်းသည် ရဟန်းတို့ စောင့်ထိန်းအပ်သော သိက္ခာပုဒ်တို့ကို မစောင့်စည်း။ လူတို့ကဲ့သို့ ပြုမူချင်၏။ လူတို့ကဲ့သို့ နေထိုင်ချင်၏။ ရဟန်းနှင့် မအပ်စပ်သော လူတို့၏ အရေးအရာ ကိစ္စများတွင် ၀င်ရောက် ပတ်သက်ချင်၏။ ထိုကဲ့သို့ လူနှင့် အလွန်တူချင်သော ယောကျာ်းမျိုးကို လူအဖြစ်သာ ဆက်ဆံရမည်’ တဲ့။

မြတ်ဗုဒ္ဓက သူ၏ သာသနာတွင် အနှစ်ကိုရှာသော ရဟန်းများအား ငါးမျိုးခွဲပြခဲ့တယ်။

ရဟန်းတို့

ဤလောက၀ယ် အနှစ်ကို ရှာသော ရဟန်း ငါးမျိုး ရှိကြရာ၊ ယင်းတို့မှာ အနှစ်ရှိသော သစ်ပင်ကို ချည်းကပ်ပြီး၊ အနှစ်ကို ရှာဖွေသော်လည်း

– အကိုင်းအခက်နှင့် တူသော ပစ္စည်းလေးပါး လာဘ်လာဘကို အနှစ်ဟု ယူဆသော ပထမ ရဟန်း

– အခွံအပွေးနှင့် တူသော သီလမျှနှင့် ရောင့်ရဲသော ဒုတိယ ရဟန်း

– အခေါက်နှင့် တူသော သမာဓိမျှနှင့် တင်းတိမ်သော တတိယ ရဟန်း

– အကာနှင့် တူသော ဒိဗ္ဗစက္ခု အဘိညာဉ်ရရုံဖြင့် ကျေနပ်သော စတုတ္ထ ရဟန်း

– အနှစ်နှင့် တူသော အာသ၀က္ခရ ဥာဏ်တိုင်အောင် အရိယာ အဖြစ်သို့ ရောက်မှ အနှစ်သာရဟု စွဲယူသော ပဉ္စမ ရဟန်း တို့ ဖြစ်တယ်။

ငါဘုရား၏ သာသနာတော်သည် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးတည်းဟူသော အပေါ်ယံ အကိုင်းအခက် အကျိုးငှာ ဟောကြားသည် မဟုတ်ကြောင်း၊ သီလ၊ သမာဓိ၊ ဒိဗ္ဗစက္ခုဥာဏ် ရရုံမျှအတွက် တည်ထောင်ထားသည် မဟုတ်ကြောင်း၊ စင်စစ်တော်မူ အရဟတ္တတိုင်မှ ဤသာသနာသည် အနှစ်ရောက်ကြောင်း၊ ပြီးဆုံးကြောင်း။

မြတ်စွာဘုရားကတော့ သူရဲ့ သာသနာကို သံသရာမှ လွတ်မြောက်ဖို့အတွက် ရည်စူးကြောင်း ရှင်းရှင်းပြောထားတာပဲ။ ဒါကို မကျေနပ်လို့ စောဒက တက်ချင်ရင် သံဃာယနာတင် မထေရ်မြတ်တွေ၊ ထိုမှ မကျေနပ်သေးရင် ဘုရားရှင်ထံသို့ တိုက်ရိုက် ဆင်ခြေတက်နိုင်ပါတယ်။

အနှီယောကျာ်းသည် သံသရာမှ လွတ်မြောက်လိုသော မြင့်မြတ်သည့် ရည်မှန်းချက်ဖြင့်၊ သာသနာ့ဘောင်သို့ ၀င်ရောက်ခြင်းဖြစ်သည်ဟု လူအများက ကြည်ညို၍ ပစ္စည်းလေးပါး ဆက်ကပ်လှူဒါန်းခြင်း ဖြစ်ပါတယ်။ ထိုကြောင့် ထိုရဟန်းသည် သူ၏ ရည်မှန်းချက်ဖြစ်သည့် ရဟန်းကိစ္စ ပြီးစီးခြင်းဖြင့်သာ၊ မိမိနှင့် ဆွေမတော် သားမစပ်သော လူအများ၏ သဒ္ဓါတရားကို အကောင်းဆုံး ချီးမြှောက်ရာ ရောက်ပေမည်။ ထိုမှသာလျှင်လည်း မြတ်ဗုဒ္ဓ၏ သာသနာအား အကောင်းဆုံး တည်တံ့အောင် ထိန်းသိမ်းရာ ရောက်ပေမည်။

ဓူတင် ဧတဒဂ်ရ အရှင်မဟာကဿပ မထေရ်မြတ်ကဲ့သို့သော၊ လူ့ဘောင်လောကကို အလွန်စက်ဆုပ်၍၊ တိတ်ဆိတ်သော တောအရပ်ကိုသာ ပျော်မွေ့သည့် ရဟန္တာမထေရ်မြတ်များ ဤလောကတွင် ပါးရှား၍၊ လူတို့၏ အရေးအရာများတွင် ပါဝင်ပတ်သက်ရသည်ကို နှစ်ခြိုက်သည့် အနှီ လူနှင့်တူချင်သော ယောကျာ်းများသာ ကြီးစိုးနေမည်ဆိုပါက ဤသာသနာသည်လည်း…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: