ရမသွာန် သိုက်တူးသမားများ

Ye Man Aung Credit to Than Min Htike ( မြန်မာစာ)

စလာမ်ပါ
စကားတစ်ခုရှိပါတယ်။ “ဘယ်အရာမဆိုသဘာဝကျမှ လှတယ်”ဆိုတာပါ။ မည်သည့်အကြောင်းအရာမဆို ကျိုးကြောင်းသင့်ယုတ္တိဗေဒဆန်ဆန် သဘာဝကျကျ ဆိုမှ အနုပညာမြောက်တာပါ။ရုပ်ရှင်တို့ ဝတ္ထုတို့ဖန်တီးသူတွေဟာလည်း အပြင်လောကမှာဖြစ်ပျက်နေတဲ့ သရုပ်သကန်အမှန်တွေကို အနီးစပ်ဆုံး သဘာဝကျကျဖန်တီးပြမှသာ ပြောင်မြောက်တဲ့ ပရိသတ်ရင်ထဲကိုရောက်တဲ့ ဖန်တီးမှုတွေဖြစ်လာတာပါ။ ဆိုလိုချင်တာကတော့ တင်ပြမှုတစ်ခုဟာ အပြင်မှာတကယ်ကြုံတွေ့နေရတာနဲ့ တစ်ထပ်တည်းကျနေပြီဆိုရင်တော့ အားလုံးရဲ့ရင်ထဲကိုရောက်သွားတော့တာပါပဲ။ အခု ကျနော်အဲဒီလိုပြောင်မြောက်တဲ့တင်ပြမှုတစ်ခုဖြစ်တဲ့ ချစ်ညီနောင် သန်းမင်းထိုက်(မြန်မာစာ)ရဲ့ “သိုက်တူသမားများ” ကို အားလုံးအတွက်ဝေမျှလိုက်ပါတယ်ဗျာ…..

သိုက်တူးသမားများ
(၁)
အို-ရမသွာန်
သင်သည်မင်္ဂလာအသင်္ချေကိုဆောင်ကြဉ်းလျက် လာခြင်းကောင်းသူဖြစ်၏။
သင့်ရင်ခွင်သည် ရှိုင်တွာန်ကင်းလွတ်နယ်မြေဖြစ်၏။
အို-ရမသွာန်
သင်သည်ဂျဟန္နမ်၏တံခါးများကို ပိတ်ပစ်သူလည်းဖြစ်၏။
သင့်ရင်ခွင်တွင် မြတ်ကျမ်းကုရ်အာန်၏ ဖွားတော်မူနေ့ရှိ၏။
အို-ရမသွာန်
သင်သည် “မွတ်သကီဖြစ်သင်တန်းတစ်ခု” လည်းဖြစ်၏။
သင့်ရင်ခွင်တွင် အဖိုးအနဂ္ဃထိုက်သော ရတနာများစွာရှိ၏။
ထိုရတနာများသည် ထူးချွန်သင်တန်းသားများအတွက် ထာဝရလက်ဆောင်မွန်များဖြစ်၏။
အချောင်လိုက်သည့် သိုက်တူးသမားများအတွက် ထာဝရလက်ဆောင်မွန်များဖြစ်၏။
သင်ကား
လပေါင်းတစ်ထောင်ထက်မြတ်သော လ, ဘုရင်ပင်တည်း။
(၂)
မိတ်ဆွေ- ရမသွာန်လမြတ်မွန်၏ထွတ်မြတ်မှုကို ကျွန်ုပ်တို့အသေအချာသိရှိထားကြပြီးဖြစ်သည်။ ခြင်္သေ့ဆီသည် သိင်္ဂီရွှေခွက်နှင့်သာထိုက်၏။ ကျွန်ုပ်တို့ကလည်း ထွတ်မြတ်သောလကို ထွတ်မြတ်သောလုပ်ရပ်များနှင့်သာထိုက်ထိုက်တန်တန်ဆီးကြိုပိုက်ထွေးကြပါ၏။
မိတ်ဆွေ-ထွတ်မြတ်သော လုပ်ရပ်များဟူသည် အဘယ်အရာများဖြစ်ပါသနည်း။ သပ်က္ကဝါဟူသည် အဘယ်အရာကိုခေါ်ဆိုပါသနည်း။“မွတ်သကီဖြစ်သင်တန်းဆင်း”များအား (တစ်နည်း)ရမသွာန်ကို ဖြတ်သန်းလာသူများအား “ခွေးမြီးကောက် ကျည်တောက်စွပ်”ဟူ၍ရိုင်းပြသည့်အသုံးများကိုမည်သူတွေက မည်သည့်အကြောင်းကြောင့် သုံးနှုန်းခဲ့ကြပါသနည်း။
ဦးစွာတစ်ခုသော ရမသွာန်၏ပြကွက်တချို့ ကိုကားလိပ်ဖွင့်ကြည့်ကြပါစို့။
(၃)
လမြင်ပြီဆိုသည်နှင့် သရာဝီဟ်ဖတ်ဖို့တာစူကြသည်။ ထိုညအိရှာဆွလာတ်အချိန်တွင် မတ်စ်ဂျိဒ်ဝတ်ကျောင်းတော်များ၌လူလျှံသွားသည်။အိမ်တွေမှာချက်ကြပြုတ်ကြနှင့် အိမ်ရှင်မများအလုပ်ရှုပ်သွားကြသည်။ တီဗွီ၊ဗွီဒီယိုများပိတ်ပွဲလုပ်ကြသည်။တစ်နှစ်ပတ်လုံး မူးရူးနေသူများ ရမသွာန်တွင်အရက်ဖြတ်ကြသည်။ တစ်နှစ်ပတ်လုံးဆဲဆိုရိုင်းပျနေသူများ ရမသွာန်တွင် “ဥပုသ်ကြီးနဲ့မဆဲလိုက်ချင်ဘူး”ဟုဆိုသည်။ “ကျွန်တော်မလိမ်ပါဘူး ရိုဇာကြီးနဲ့ပါ”ဟုပြောသူကပြောသည်။ (ထိုသူမျိုးကို ရိုဇာမထားချိန်တွင် သတိထားဖို့လိုမည်။)
အစွရ်အချိန်ရောက်လာလျှင် ရှိလေသမျှ ဗလီဝတ်ကျောင်းတော်များ၌ ဂန်ဂျီ၊ဟလင် စသဖြင့်ဝေငှသည်။ အလှူရှင်များကလည်း ရက်ရောစွာ လှူဒါန်းကြသည်။ အလှူ့ လက်ဖက်နှင့်မျက်နှာလုပ်ကြသောဂန်ဂျီဝေငှသူများက လာရောက်ယူသူများကို ဟိန်းဟောက်မာန်မဲသြဇာပေးကြသည်။ မုသဝလ္လီအိမ်ကဆိုလျှင် အသားများများပါအောင်ခပ်ထည့်ပေးသည်။ကဒ်တွေဘာတွေပင်မလို။ ဂျိုင့်ကြီးဂျိုင့်ငယ်ယူလာသမျှပြည့်စေရမည်။ထည့်ပေးသူနှင့်ခင်မင်ရာခင်မင်ကြောင်းဖြစ်သောသူများ တန်းစီစရာပင်မလို။ သာသာဆောင်းဆောင်းထည့်ပေးသည်။အမာနသ်တွေ၊ ကိယာမသ်တွေတော့သူတို့နားမလည်။ သူတို့ကိုယ်တိုင်ကတော့ ဂန်ဂျီကျိုရသဖြင့် “ပင်ပန်းလို့” ဟုအကြောင်းပြကာ ရိုဇာမထားကြသူများရှိသည်။ ဝါဖြေခါနီးတွင်မူ ဟန်လုပ်၍ဝင်ဖြေတတ်ကြသည်။
ဂန်ဂျီထုတ်ရင်း ရန်ဖြစ်သူများကလည်းဒုနဲ့ဒေးပင်။ “ငါဝါကိုက်နေတယ်နော်၊ လုပ်မိရင်အဆိုးမဆိုနဲ့” ဟုခြိမ်းသံ၊ ခြောက်သံတစ်မျိုးကိုလည်းကြားရသည်။ ဆွီယာမ်က နာဖ်စ်ကိုမချိုးနှိမ်ပဲ ပို၍ထကြွစေသည်လား။ ဒါမှမဟုတ် ရှိုင်တွာန်တွေပဲ အချုပ်ကလွတ်မြောက်သွားပြီလား။ ဝေခွဲစဉ်းစားရခက်လှသည်။
“ရိုဇာထားရင် ပန်းမပန်ရဘူးအေ့” “သနပ်ခါးမလိမ်းရဘူးအေ့” “ အမယ်ညည်းက ရိုဇာကြီးနဲ့ နှုတ်ခမ်းနီဆိုးရသလား”စသဖြင့် သုံးဆယ်တစ်ဂျွဒ်ထဲကအာယတ်များကိုကိုးကား၍ “အလစ်ဖ်” မတ်တပ်၊ “ဗေ” ပက်လက်မျှသာသိရှာသော ခါလာကြီးအဘူကြီးများက တရားပြကြသည်။
ရမသွာန်တွင် တံတွေးအထွေးဆုံးသောလူသားများမှာ မြန်မာပြည်မှမွတ်စလင်မ်များဖြစ်သည်ဟုဆိုလျှင် မိတ်ဆွေငြင်းဆိုနိုင်ပါမည်လား။
မဂ်ရိဗ်အချိန်နီးကပ်လာလျှင် တစ်နေကုန်အောင့်အည်းခဲ့သမျှကို အတိုးချ စားသောက်ရန်ဝယ်ကြ၊ ခြမ်းကြနှင့် လူးလာတို့ခေါက် ဥဒဟို သွားလာနေကြသောမွတ်စလင်မ်ပရိသတ်ကို ဤဘဒ္ဒကမ္ဘာ ဒွန္နယာလောကကြီး၌ မိတ်ဆွေတွေ့ရပေလိမ့်မည်။ဗန်းကြီးဗန်းငယ်တို့ဖြင့်ထည့်၍ ဗလီတွင်ဝါဖြေရန်နေရာလုကြသည်။ အစားတစ်လုပ်အတွက်နှင့်ရန်ဖြစ်ကြသည်။ ပြီးလျှင်ဝါဖြေရန်အသင့်ပြင်ပြီး ဆောင့်ကြောင့်ထိုင်ကာ အပြေးပြိုင်ပွဲတွင် ဝီစီသံကိုနားစွင့်ရင်း ပြေးရန်ဟန်တပြင်ပြင်လုပ်နေသူများကဲ့သို့ အာဇန်သံကိုနားစွင့်ရင်း မုန့်ဗန်းထဲလက်နှိုက်ရန် လက်တရွယ်ရွယ်လုပ်နေကြသည်။ တချို့ ဗလီများတွင် မိုက်ကို “ဖူး”ကနဲမှုတ်သံကြားရသည်နှင့်ပင် စိတ်မထိန်းနိုင်သူတို့က ဝါဖြေလိုက်ကြသည်။ ထို့ကြောင့်မုအပ်ဇင်များက အချိန်မစေ့ခင် မိုက်မစမ်းရဲကြပေ။ တစ်ခါတစ်ရံ နာရီမှား၍ အာဇန်စောပေးမိသည်ကရှိသေးသည်။ ချက်ခြင်းသိသွားသော်လည်း အားလုံးနီးပါးဖြေပြီးဖြစ်သွားကြသည်။အင်မတန်သွက်လက်ချက်ခြာကြပေသည်။ သွက်လက်ဆိုသည်မှာ လက်သွက်ခြင်းဖြစ်သည်။ ချက်ချာနှင့်ပတ်သက်၍ကား ချာချက်များကိုပြောရပေဦးမည်။
ဝါအဖြေလွန်သဖြင့် မဂ်ရိဗ်ဆွလာတ်တွင် သက္ကဗီရ်အူလာ မီသူမှာ ရှေ့ ဆောင်ဆရာနှင့် အိကာမသ်ဆိုသူ မုအပ်ဇင်န်လောက်သာရှိသည်။ အချို့ ဆိုလျှင် ဂျမာအတ်ပင်မမီ။ အိရှာဆွလာတ်တွင်လူနည်းသည်။ သရာဝီဟ်ဖတ်ချိန်မှ လူပြည့်သည်။ အိရှာအာဇန်ပေးကတည်းက အိရှာဖတ်ဖို့သွားမည်ဟုပြောကာထွက်လာသူနည်းသည်။ သရာဝီဟ်သွားဖတ်မည်ဟုသာနိယသ်လုပ် လာကြခြင်းဖြစ်သည်။မနေ့ကသရာဝီဟ်မဖတ်ဖြစ်လို့ ဒီနေ့ရိုဇာမထားလိုက်ရဘူးဟူသော ပုဂ္ဂိုလ်များကိုလည်းတွေ့ရသေးသည်။ ထူးဆန်းပါပေ၏။
သရာဝီဟ်ကိုပထမနေ့ဖတ်လျှင် မည်သို့အကျိုးရကြောင်း၊ ဒုတိယနေ့ဖတ်လျှင်မည်သည့်အကျိုးရကြောင်း စသဖြင့် တစ်လလုံးစာအတွက် တွက်ချက်ဟောထားသော အကျိုးစဝါးဗ်ဇယားဝေငှသည့်အခါ အငမ်းမရလုယူကြသည်။စာနှင့်ပတ်သက်လျှင် ချဲဂဏန်း Calendar များကလွဲ၍ ဘာကိုမျှမဖတ်သောပုဂ္ဂိုလ်အချို့ ကလည်း ထို Calendar များနှင့်ဆင်ဆင်တူသည့် ဤအကျိုးစဝါးဗ် ဇယားစာရွက်များကိုတမက်တမောယူကြသည်။ နဗီတမန်တော်များ၏ အေဗါဒတ်ပြုသည်ကဲ့သို့သော ကောင်းမှုအကျိုးစဝါးဗ်မျိုးရမည်ဆိုသော နေ့နှင့် တစ်သက်လုံးလုပ်ခဲ့သမျှ ဂုနဟ်အားလုံးပပျောက်သည့် အကျိုးရမည့်နေ့တို့ကို သေချာစွာမှတ်သားထားသည်။
ဤသို့ဖြင့် ကောက်ရိုးမီးကဲ့သို့ဟုတ်ခနဲတောက်လာခဲ့သောဆွလာတ်တပ်သားများသည် တစ်မုဟုတ်ချင်း တပ်ပျက်လာကာ ရမသွာန်လလယ်လောက်တွင် ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တော့သည်။ ဇုဟိုရ်အပြီးတွင်ဗလီတိုင်းလိုလို၌ ကျင်းပသောဝါတွင်းတရားပွဲတော်များကလည်း ရမသွာန်လဖြစ်လျက်နှင့် ဆင်ဆာမလွတ်သော အောက်ပိုင်းတရားများသာအဟောများကြသည်။ ခြိမ်းခြောက်၊ ဟိန်းဟောက်သံများလည်း ရောစွက်ထားသည်။ ဝါကိုက်နေပုံရ၏။
တစ်နှစ်တစ်ခါထမ်းဆောင်ရသောဇကားသ်တာဝန်ကို ပို၍အကျိုးများစေရန် ရမသွာန်၌လူအများစုကထမ်းဆောင်ကြသည်။ အုံးအုံးကျက်ကျက်ရှိလှသောမွတ်စလင်မ်တို့၏ဒါနပေးလှူပွဲကားအများငေးမောရလောက်သည်။ မြို့လည်ခေါင်ရှိမွတ်စလင်မ်တိုက်တာ အဆောက်အအုံများရှေ့တွင်“မတိုးကြပါနဲ့၊ တန်းစီကြပါ” ဟူ၍ အော်သံဟစ်သံများကို မိတ်ဆွေလေ့လာကြည့်လျှင် တုံကင်ပေးနေခြင်းဖြစ်ကြောင်းသိရပေမည်။ နောက်ရက်တွင်တစ်ယောက်ငါးရာမျိုး၊တစ်ထောင်မျိုး လာရောက်ထုတ်ယူနိုင်သည်။ ဆင်းရဲသားဒါနကြေးဖြစ်သည်။ လူတစ်ရာနှစ်ရာကို တစ်ယောက်တည်းက လှူဒါန်းနိုင်ကြသည်။ ဆင်းရဲသားများသည် ဤလတွက် “အလ္လာဟ်”တ သောအကြိမ်ထက် ဇကားသ်ဇကားသ်ဟု တ သောအကြိမ်ရေကပိုများသည်။
ကဒရ်နားနီးပြီဆိုလျှင် စီးပွားကွက်မြင်သူတို့ ကြက်ဒိုင်မှ ကြက်ပြေးဝယ်ထားကာ ကဒရ်နေ့၌ ရပ်ကွက်အတွင်းပြန်ရောင်းလျှင် ပို၍စားသာသည်။ ကဒရ်ညတွင် တစ်ကျော့ပြန်ဆွလာတ်တပ်သားများ ပြန်လည်ရုန်းကြွနိုးထလာကြသည်။ ဗလီများမှအစီအစဉ်လုပ်၍ ဇေယာရသ်သွားကြသဖြင့် ကဗရ်စတန်များတွင် လူစည်သောညဖြစ်သည်။အလှူခံများခွင်တည့်သောညဖြစ်သည်။ “မွတ်စလင်မ်သူတောင်းစား”များကလည်းညီလာခံသဘင်နှယ် စုံစုံလင်လင်တက်ရောက်ကြသည်။ စလာမ်ကို ပီအောင်မနည်းကြိုးစားပြီးပေးနေရရှာသူ သူတောင်းစားတို့က ပါဝင်အားဖြည့်ထားသည်။
အစ္စလာမ့်အသုံးအဆောင်ဟု အမည်တပ်ရောင်းနေသော နိုင်ငံခြားဖြစ်အရောင်းဆိုင်များ အရောင်းသွက်သည်။ ကြက်ပျံမကျအလွန်စည်ကားသော ကဗရ်စတန်ဇေယာရတ်ပွဲပင်ဖြစ်သည်။ ဇေယာရတ်ကိုအိမ်ကလုပ်လည်းရသည်ဟု ဘုမသိ၊ဘမသိယုံကြည်လက်ခံနေကြသောလူများရောက်မလာကြ၍ လူပိုမကြပ်ခြင်းဖြစ်သည်။ ကျေးဇူးတင်အပ်ပါသည်။
ကဒရ်ညသည် ညလုံးပေါက်အေဗာဒတ်ပြုရသောည။ ဤသို့ခံယူထားကြသည်။ ဒုအာဆုတောင်းတွေပြည့်မည်။ အကျိုးစဝါးဗ် အဆပေါင်းအင်ဖနတီရမည်။ ဘယ်သူလက်လွှတ်ခံချင်ပါမည်နည်း။လက်ဖက်ရည်ဆိုင်များတွင်လူစည်သည်။ ဗလီထဲတွင် ငါးမိနစ်လောက်နေ၊ ကြက်အစာကောက်သလို ရအအတ် ၂၀/၃၀ လောက်သွေးပူလေ့ကျင့်ခန်းလုပ်၊ ပြီးနောက်လက်ဖက်ရည်ဆိုင်တွင် ၂နာရီလောက်ထိုင်အာရိုက်ကြသည်။ ပြီးပြန်လျှင် ဗလီထဲတစ်ကျော့ပြန်ဝင်ပြီး ကုရ်အာန် ၇-ခတမ်ဖတ်သည့်အကျိုး၊ ၉-ခတမ်ဖတ်သည့်အကျိုးရသည်ဆိုသော စူရဟ်အတိုအထွာလေးများကို ဘယ်ဟာဘယ်နှစ်ကြိမ်စသဖြင့် လျှာတွင်မော်တာတပ်၍ဖတ်ကြသည်။ ဆွလာသွတ်သဇ်ဗီဟ်ဖတ်ကြသည်။ ဒုအာကို ငိုချင်ယောင်ဆောင်၍ တောင်းကြသည်။ အကယ်ဒမီရလောက်ပါပေသည်။ ပင်ပန်းသွားကြသောအခါ ဗလီစဟဲန်တွင် တုံးလုံးပက်လက်အစီအရီအိပ်ကြသည်။ စဟ်ရီကျွေးလျှင်ထစားကြသည်။ ပြီးလျှင်အိမ်ပြန်အိပ်သူတို့ကတစ်ဝက်မက၊ ဖဂျရ်ပြန်လာဖတ်သူကတစ်ဝက်မရှိတတ်၊ရှိတတ်။
ဖဂျရ်ဖတ်သောအခါ အိပ်ရေးပျက်သဖြင့် အိပ်ငိုက်နေကြပေပြီ။ တချို့ရုကူသွားရာတွင် ဒူးပေါ်ထောက်ထားသောလက်က ချော်၍ကျသည်။ တချို့ စဂ်ျဒဟ်ချရင် ပြန်ထမလာတော့ပဲ ကျန်နေခဲ့သည်။ စလာမ်လှည့်ပြီးဒုအာတောင်းနေသည်အထိ တချို့ ကစလာမ်မလှည့်ရသေး။
လောကကြီးနှင့်ယာယီအဆက်အသွယ်ပြတ်နေသည်ထင်၏။ မေအ်ရာဂ်ျဖြစ်နေသည်ထင်၏။ ဒုအာပြီးလျှင် ကိုယ်စီကိုယ်ငှအိမ်ပြန်အိပ်လုက်ကြသည်မှာ တချို့ဇုဟုရ်လွတ်သည်။ တချို့အစွရ်ပါလွတ်သည်။ ညက နဖိလ်များသာဖတ်ခဲ့ကြသည်။ သို့သော်အကျိုးစဝါးဗ်ကောင်းကောင်းရမည်မဟုတ်ပါလော။ ဖဂျရ်အထိလုပ်သမျှ အကျုံးဝင်မည်လေ။ သည်ဘက်အလွန်မှာရှိသည့် ဖရဇ်များနှင့်ပင်လဲနိုင်ကြသည်။ လက်တွေ့လည်းလဲသည်။
သို့သော် ကဒရ်ကော သေချာပါသည်လား…..။
မစဉ်းစားခြင်းကပဲ ပို၍ကောင်းပါလိမ့်မည်။ ရမသွာန် ၂၈၊၂၉ သည် ဇာတ်ရှိန်အမြင့်ဆုံးကာလဖြစ်သည်။ လမြင်ခြင်းဆိုင်ရာ မူပိုင်ခွင့်ဥပဒေမရှိပါပဲလျက် မူပိုင်ခွင့်ပြဿနာတက်ကြသည်။ ရိုက်ကြ၊ နှက်ကြ၊ ရမ်းကားကြနှင့် ငါတကောကောကြသည်။ ရှရီအတ်ကိုအနုကြမ်းစီးကြသည်။ ဗလီကိုအာဏာသိမ်းကြသည်။
မိတ်ဆွေ….။ ခင်ဗျားလမြင်လျှင်လည်း အီးဒ်လုပ်ခွင့်မရှိ ၊ခင်ဗျားဗလီတွင်မီးထွန်းခွင့်မရှိ၊ အစ္စလာမ်တွင်မရှိသော သာသနာပိုင်စနစ် မွတ်စလင်မ်တွေမှာရှိသည်။
ကံဆိုးသူမှာလမြင်သူဖြစ်သည်။ ဟိုလူစစ်ဦး။ သည်လူစစ်ဦး။ ထွက်လိုက်ရသည့်ရှဟာဒတ်။ ကျိန်လိုက်ရသည့်ကစမ်။ အထောင်အသောင်းမက ကြိမ်ဖန်များစွာ၊ လုံခြုံရေးနှင့်သွားလာရသည်။ အခန့်မသင့်လျှင် လမြင်ရကောင်းလားဟု မဏိကွမ်းစားသွားနိုင်သည်။ “သက္ကဝါသင်တန်းသားတွေကွ ”ဟူသော ကြွေးကြော်သံပါနားထဲသဲ့သဲ့ကြားလိုက်ရသလိုလို။
ဤသို့ဖြင့် အီးဒ်နေ့တွင်ဟရာမ်ရိုဇာထားကြရန် သောကထား၍ တိုက်တွန်းကြသည်။ အားလုံးကလည်း ယုံမှတ်ပုံအပ်ထားပြီးသား။ လိုက်နာရန်အသင့်။ သူတို့မှားလျှင်သူတို့ခံလိမ့်မည်။
လမြင်မိသူတစ်ဦးကတော့ ဤသို့ဆုတောင်းသည်။
“အို-အလ္လာဟ်၊ ကျွန်တော်မျိုးကိုနောက်နောင်ဘယ်တော့မှ ဆန်းဦးစလကိုပြတော်မမူပါနဲ့။
မမြင်ရပါစေနဲ့ အရှင်ရယ်”
မိတ်ဆွေ …..။ သင်ဆိုလျှင်ကော….။
ဤသို့ဖြင့်ရက်သုံးဆယ်ပြည့်၍ “လမြင်ပြီဟေ့”ဟု အုံးအုံးကျက်ကျက် ဖြစ်သောနေ့၌ကား ဖရဲသီးစိပ်လောက်ရှိသောလကို မြင့်မြင့်စွင့်စွင့်မြင်ရလေသည်။ “ခိုဒါကီကစမ်”ဆန်းဦးစလစစ်စစ်ဖြစ်ပါ၏။ နာရီဝက်ကျော်ကျော်မြင်နိုင်သည်။ အဝေးမှုန်သူ၊ မျက်မှန်ထူထူတပ်သူများလည်းမြင်နိုင်သည်။
ထူးခြားသည်မှာ ထိုအချိန်၌ အုန်းသီးခြစ်သံများ၊ ကြက်ခုတ်သံများ၊ အပြင်တစ်လတာအနားယူနေရသော တီဗွီ၊ ဗွီဒီယို၊ကက်ဆက်များလည်းဖွင့်ပွဲလုပ်၍ အသံမြည်ခွင့်ရသွားကြလေတော့သည်။
(၄)
အသင်စာရှုသူ……..။ ရမသွာန်မြင်ကွင်းရောင်စုံ၏ပြကွက်များ ဤတွင်ကားလိပ်ချ၍ ပြီးဆုံးပါပြီ။ ဤပြကွက်များကိုတင်ပြရခြင်းမှာ ရမသွာန်ကို သရော်လှောင်ပြောင်လို၍ မဟုတ်ကြောင်း ကျွန်ုပ်အယူခံဝင်ပါသည်။
အသင်စာရှုသူသည်အမှား၊အမှန် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်သူဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်မိပါသည်။ အထက်ပါမြင်ကွင်းစုံများအပေါ် ကျွန်ုပ်အနေဖြင့် ပြန်လည်းခြုံငုံသုံးသပ်ကြည့်ချင်ပါသည်။ ကျွနုပ်၏သုံးသပ်ချက်များသည် မိတ်ဆွေနှင့်သဘောထားချင်း ထပ်တူကျ၊ မကျကိုမိတ်ဆွေအကဲခတ်ကြည့်ပါ။ နီးစပ်မည်ဟုတော့ ယုံကြည်မိပါသည်။

Credit to Than Min Htike ( မြန်မာစာ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: