ဦးလှဝင်း (မင်းညိုငယ်-သံတွဲ)
မြန်မာသမိုင်းကိုကြည့်လျှင် ပသီခေါ်ဗမာမွတ်စလင်မ်တို့သည်၊ နိုင်ငံတော်တည်ဆောက်ရေး။ ကာကွယ်ရေး၊ အုပ်ချုပ်ရေးကဏ္ဍအသီးသီးတွင် မြန်မာတို့နှင့်တစ်သားတည်း အေးအတူပူအမျှ ပါဝင် ခဲ့ကြ သည်မှာ ပုဂံခေတ်ဦးမှသည် တောင်ငူခေတ် ဒုတိယမြန်မာနိုင်ငံ၊အလောင်းမင်းတရား၏ တတိယ မြန်မာနိုင်ငံ ခေတ်များတွင်လည်း အစဉ်တစိုက် လက်တွဲပါဝင်ခဲ့ကြ၏။ ပဒေသရာဇ်ခေတ်အလွန် နယ် ချဲ့ဆန့်ကျင်ရေး ခေတ်ဦးတော်လှန်ရေး များတွင် လည်းကောင်း၊ ၁၉၂၀ ပထမကျောင်းသား သပိတ် တိုက်ပွဲ၊တောင်သူ လယ် သမားအရေးတော်ပုံ၊ ၁၉၆၃ ဒုတိယကျောင်းသားသပိတ်၊ ၁၃၀၀ ပြည့်အရေး တော်ပုံများတွင် လည်းကောင်း မြန်မာမွတ်စလင်မ်ပသီတို့ ရှေ့တန်းမှ ပါဝင်ခဲ့ကြသည်သာဖြစ်၏။
ဖက် ဆစ်ဂျပန် တော် လှန်ရေးနှင့် လွတ်လပ် ရေးတိုက်ပွဲများ၊ လွတ်လပ်ရေးအကြိုကာလ ဖ.ဆ.ပ.လ လူထု လှုပ်ရှားမှုများ။ ပင်လုံညီလာခံ၊ ၁၉၄၆- ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြုစုရေးဆွဲခြင်း ကိစ္စများတွင်လည်း ဗမာမွတ်စလင်မ်ပသီတို့ တာဝန်မဲ့မနေခဲ့ကြချေ။
အာဇာနည်ခေါင်းဆောင် ဆရာကြီးဦးရာဇတ်သည် ဗမာမွတ်စလင်မ်ကွန်ဂရက် (ဗ.မ.က) အဖွဲ့ကို ဦးစည်းတည်ထောင်ကာ ဗိုလ်ချုပ်ခေါင်းဆောင်သည့် ဖ.ဆ.ပ.လ ၏ လုံးဝလွတ်လပ် ရေးတိုက်ပွဲကို အားဖြည့် ပေးခဲ့၏။
လွတ်လပ်ရေးရပြီး ပါလီမန်ခေတ်တွင်လည်း ဗမာမွတ်စလင်မ် ပသီတို့သည် တိုင်းပြည်၏ အရေး ပါသော တာဝန်များကို ယူခဲ့ကြပါသည်။ ၁၉၆၂ ခု၊ မတ်လ ၂ရက်၊ တွင် ဒီမိုကရေစီနည်းကျ တင်မြှောက် ထားသော ပ.ထ.စ အစိုးရထံမှ တိုင်းပြည်အာဏာကို ဖက်ဒရယ် တစ္ဆေနှင့် ခြောက်လှန့်ကာ လက်နက် အားကိုးဖြင့် စစ်အာဏာသိမ်းခဲ့သည့် တော်လှန်ရေးကောင်စီနှင့် မ.ဆ.လ.ခေတ်တစ်လျှေက် ….ပေါ်ပေါက် ခဲ့သည့် ၁၉၆၂၊ ဇူလိုင်လ ၇ ရက်အရေးအခင်း၊ ၁၉၆၉ ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇၀ တက္ကသိုလ်ရွှေရတု အရေးအခင်း၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ ခုနှစ်များတွင် ဖြစ်ပွားခဲ့သည့် အလုပ်သမားနှင့် ကျောင်းသားလှုပ်ရှား မှုများတွင်လည်း ဗမာမွတ်စလင်မ်ပသီများ သည်လည်း ဘေးထွက်၍မနေခဲ့ကြချေ။
စစ်အစိုးရ၏ အကျဉ်း ထောင်များ၊ ရဲဘက်စခန်းနှင့် ကိုကိုး ကျွန်းအကျဉ်းစခန်းတို့တွင် ဗမာမွတ်စလင်မ်ပသီ ရဲဘော်များသည် တစ်ပြည်လုံးမှ စစ်အာဏာရှင် ဆန့်ကျင်သူများနှင့် အတူ သမိုင်းရေစီး၌ စီးမျောကူးခပ်ခဲ့ကြသည်။ ဤသို့လျှင် အစဉ်အလာရှိခဲ့သော ဗမာမွတ်စလင်မ်ပသီတို့သည် မြန်မာတစ်နိုင်ငံလုံး လှည်းနေ လှေ အောင်းမြင်းဇောင်းမကျန် ပါဝင်ခဲ့ကြသည့် ၁၉၈၈ ခုနှစ် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးတွင်လည်း အစဉ်းအလာမပျက် ပါဝင်ခဲ့ကြသည်သာ ဖြစ်၏။
ရှစ်လေးလုံး၏ အကြိုဟု ဆိုအပ်သော မတ်လ(၁၃) ရက် ဖုန်း မော်ကျဆုံးသည့်ကိစ္စကို မကျေနပ်သည့် ရန်ကုန်စက်မှု တက္ကသိုလ်နှင့် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်ကျောင်းသားများ သည် ကျောင်းဝင်းများအတွင်း ဆန္ဒပြကြရာမှ ကျေနပ်လောက်သည့်တုံ့ပြန်မှုကို မရသဖြင့် မတ်လ(၁၈) ရက်နေ့ တွင် ရန်ကုန်မြို့ထဲသို့ ချီတက် လာကြ၏။ ထိုနေ့သည် သောကြာနေ့ဖြစ်သည့်အလျှောက် နေ့လည်တွင် ဝတ်ပြုပြီး၍ ဗလီအသီး သီးမှ ထွက်လာကြသော အစ္စလာမ်ဘာသာဝင်များနှင့် ချီတက်လာသောကျောင်းသား များ သိမ်ကြီး ဈေး နှင့် ဆူးလေပတ်ဝန်းကျင်တွင် ပေါင်းဆုံမိသွားကြတော့သည်။
ထိုနေ့က ကျောင်းသားများနှင့် ဗမာမွတ်စလင်မ်အများစု ပါဝင်သည့် မြို့လည်မှ ဆန္ဒပြလူအုပ်ကြီးအား မ.ဆ.လ စစ်အစိုးရက ရက်ရက်စက် စက်ပင် ဖြိုခွဲခဲ့ကြ၏။ မီးသတ်ပိုက်နှင့် ထိုး၍ နံပတ်တုတ်များဖြင့် ရိုက်ကာ အချုပ်ကားများ ပေါ်သို့ မဆံ့မပြဲ တင်၍ အင်းစိန်ထောင်သို့ပို့ခဲ့၏။ အချုပ်ကားတွင်း အသက်ရှုကျပ်၍ (၄၁)ဦး သေဆုံး ခဲ့သည့် အထဲတွင် လည်း ကောင်း၊ အစစ်အဆေးမရှိ ထောင်ထဲသို့ပို့ခဲ့သည့် အထဲတွင်လည်းကောင်း မြန်မာမွတ်စလင်မ်ပသီများ ပါဝင်ခဲ့လေသည်။
နောက်ရက်များတွင်လည်း ဆက်တိုက်ဆိုသလို လူဖမ်းပွဲများ ဆက်လက်ပြုလုပ်ခဲ့ရာ မတ်လ ၁၈ ရက်မှ ၂၁ ရက်အတွင်း ဖမ်းဆီးခဲ့သူများဖြင့် အင်းစိန်ထောင် ပြည့်လျှံသွားခဲ့တော့သည်။ ထိုအထဲ တွင်… ကျွန်တော် လည်း တစ်ဦးအပါအဝင်ဖြစ်၏။ ပန်းဘဲတန်း၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ တာမွေ တို့မှ ဖမ်းဆီးခဲ့သော ကျောင်းသားလူငယ်များနှင့် မြန်မာမွတ်စလင်မ်လူငယ်များအား အင်းစိန်တွဲဖက် ထောင်၌ သီးသန့်ထားခဲ့၏။
ခြင်္သေ့ကြီးအမည်ရ ဦးစိန်လွင်၏ လက်ပါးစေများက စစ်ကြောရေးလုပ်ရာတွင် ကျောက်စ ရစ်ကွဲ များပေါ် ဒူးဖြင့်သွားခိုင်းခြင်း၊ ဖားခုန်ခိုင်းခြင်း၊ ငယ်ပါကို မီးရှို့ခြင်း စသည့် လူမဆန်သည့်နည်း များ သုံးခဲ့၏။ ကိုမောင်မောင်၊ ကိုအာနိုးတို့ကဲ့သို့ ရေကြည်အိုင် ရောက်ခဲ့သူများမှာ သွားအပြုံလိုက် ကျွတ်၍ လူများလည်း အရုပ်ကြိုးပျက်ပမာ။
ကျွန်တော်ကိုယ်တိုင်လည်း CID ဆရာတို့၏ ဝါးဆစ် ပိတ်နှင့် လက်စွမ်းပြမှုကြောင့် မျက် နှာတစ်ခုလုံး ရစရာမရှိ ဖူးရောင်ကာ ကျောတစ်ပြင်လုံးလည်း ရစရာမရှိအောင် အတွယ်ခံခဲ့ရ၏။ ထိုမတ်လ ၁၈၊ ၁၉၊ ၂၀၊ ၂၁ ရက်များကား ယမမင်း လူ့ပြည့်ဆင်း သည့် ညများဟုပင်ဆိုနိုင်၏။ ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားတ, သံ… အစ္စလာမ်ဘာသာဝင်တို့၏ အလ္လာဟ်တ, သံ များဖြင့် ပွက်လေညံကာ အင်းစိန်ထောင်အတွင်းမှ ဖြစ်ရပ် များမှာကား နှစ်ပေါင်း အစိတ်ပင် လွန်ခဲ့ငြား မမေ့နိုင်သည့် ရက်များပါသည့်။ ကျွန်တော်တို့အား ထောင်ဝင်စာလည်း ပိတ်၊ ရုံးထုတ်ယမန်ယူလည်း ပိတ် ၍ အငတ် ကြီး ငတ်ခဲ့ရသည်။ ရေလုံပြုတ်ပဲဟင်းနှင့် တာလပေါဟင်းကို မနက်ညတစ်လှည့်စီ စားခဲ့ရသည်။ စားမရှိဆေး လိပ်ပြာကို ဆားအမှတ်ဖြင့် စားသူလည်း မရှားပေ။ တွဲဖက်ဆောင်၌ တစ်လနီးပါးထားပြီးနောက် အင်းစိန် ထောင်မကြီးသို့ ပြောင်းကာ တစ်ဆောင်၌ သီးခြားထားပြန်သည်။ ရုံးထုတ်၍ တရားဆွဲခြင်းကိုလည်း လူမြင် ကောင်းအာင် လုပ်ခဲ့ပြန်၏။
ဇွန်လအတွင်း ရုံးထုတ်ရက်တစ်ခုတွင် တာမွေ အ.ထ.က (၅)မှ ကျောင်းသား လေးများဦးဆောင်ကာ နိုင်ငံရေးအကျဉ်းများ လွှတ်ပေးရန် တရားရုံးအရှေ့တွင် လာရောက်တောင်းဆိုကြသဖြင့် အချုပ်ကားတွင်ပြည့်ကျပ်နေအောင်ထည့်ကာ အင်းစိန်သို့ အမြန်ပို့ခြင်းခံခဲ့ရ၏။
ဇွန်လအတွင်း မောင်မောင် ကျော် နှင့် မိုးသီးဇွန် တို့ ဦးဆောင်သော ကျောင်းသားလှုပ်ရှားမှုသတင်းများ၊ အ.က.တ ကျောင်းသားငယ် များ၏ သတင်းများသည် ထောင်တွင်းမှပင် ကြားခဲ့ရ၏။ ဇွန်လ လှုပ်ရှားမှုများ၏ ဂယက်ကြောင့် စစ်အာဏာရှင် ဦးနေဝင်းက ဇူလိုင်လ (၇) ရက်နေ့တွင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများအား လွတ်ပေးခဲ့ရ၏။
ထိုအချိန်မှစ၍ လူထုအတွင်း အထူးသဖြင့် ကျောင်းသားထုအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး၊ မ.ဆ.လ ဆန့်ကျင်ရေးစိတ်များ တဖွားဖွးကြိးထွားလာတော့သည်။ အခြေခံပညာကျောင်းသားငယ်များက လှုံ့ဆော်သောအခါ မိဘ၊ ညီအကို မောင်နှမများလည်း မနေသာတော့ချေ။ ဇူလိုင်လ(၃၀)ရက် ရွှေတိဂုံဘုရား ပေးမှ အ.က.သ တို့၏ လှုပ်ရှားမှုသတင်းသည် တောမီးပမာပြန့်ခဲ့၏။ မ.က.ဒ ပေါ်လာပြီး ကြေညာချက်တွေ ထွက်လာ၏။ အ.က.သ လှုပ်ရှားမှုတွင် ထဲထဲဝင်ဝင်ရှိသည့် ကျွန်တော်သား မောင်ဇေယျာဝင်း အတွက် ဖခင် ပီပီစိတ်မချတော့ပါ။
မတ်လက သူ့ကိုကာရင်း ကျွန်တော်အင်းစိန် ရောက်ခဲ့ရ၏။ ယခုတစ်ဖန် သူပြန်၍ လှုပ်ရှား သည်မှာ အန္တရာယ်များလှ၏။ ကျွန်တော်ရပ်ကွက်အတွင်း ထောက်လှမ်းရေးများ၊ သတင်းပေးများ ခြေချင်း လိမ်နေသည်။ သူ့ကိုချော့ကာ သံတွဲသို့ ခရီးထွက်ခိုင်းသည်ကို မကျေမနပ်နှင့် လက်ခံလိုက်နာ၏။ ထိုစဉ်က သားမောင်အသက်က (၁၄)နှစ်သာ ရှိသေးသည်ဆိုတော့ ငယ်လွန်းသေးသည်။ ရန်ကုန်မှ သံတွဲသို့သွားစဉ် ခရီးတစ်လျှောက်လုံး မ.က.ဒ ကြေညာချက်တွေကို ဝေခဲ့သဖြင့် တောင်ကုတ်တွင်အဖမ်းခံရတော့သည်။
တောင်ကုတ်မှ သံတွဲသို့ အချုပ်ဖြင့်ပို့သည်။ သံတွဲတွင်သူ့ဦးလေးက တာဝန်ခံ၍ ရဲထံမှ ထုတ်ယူရ၏။ သံတွဲရောက်ပြန်သော်လည်း အငြိမ်နေသည်မဟုတ် သူငယ်ချင်းများကို စည်းရုံးနေ၏။ သို့နှင့် ၈၈ အရေး တော်ပုံကြီး ရန်ကုန်တွင် စ, ခဲ့ပြီ။ သံတွဲတွင်ဦးဆောင်လှုပ်ရှားမည့်သူ မပေါ်သေး။ သို့နှင့် ဇေယျာဝင်းတို့ သူငယ်ချင်းတစ်သိုက် ၉.၈.၈၈ နေ့တွင် သံတွဲဈေးခေါင်မိုးပေါ်သို့ ခဲသုံးလေးလုံး ပစ်လိုက်ရာမှ လူစုပြီးသားဖြစ်ကာ သံတွဲမြို့ ရှစ်လေးလုံးအရေးတော်ပုံ စ, ခဲ့လေတော့သည်။ ၈.၈.၈၈ အရေးတော်ပုံ ရန်ကုန်တွင် စတင်သည့်အချိန် ကျွန်တော်ထောင်ထဲက ရခဲ့သည့် ဒဏ်ရာတွေကြောင့် လမ်းပင်ကောင်းကောင်းမလျှောက်နိုင်သေး။
ချီတက်သွားသော လူအုပ်ကြီးကိုကြည့်ကာ သွေးဆူလာသည်။ ၁၀.၈.၈၈ တွင် ဦးကျော်ဝင်းမောင်(ဝမ်းအိုဝမ်း) ထံမှ စာတစ်စောင်ရောက်လာ၏။ “ ကိုလှဝင်း….. ကျွန်တော်တို့ စ, ကြရအောင်…လူစုဖို့နေရာရှာပေးပါ’’ တဲ့…။ ကျွန်တော်ကိုယ်တိုင် ထောင် ကထွက်စ, ဖြစ်ပြီး သားကလည်းရှောင်နေ တုန်းဖြစ်၍ ကျွန်တော်အိမ်မှာ အဆင်မပြေနိုင်။ ဒီအချိန်မှာ ကျွန်တော် သတိရသည်က ငယ်သူငယ်ချင်း တင်မောင်(ခ) ဘိုရှီ…။ ကျွန်တော်နှင့်ဆိုလျှင် ငရဲပြည်ထိ လိုက်ရဲသည့်ငယ်ပေါင်း။ သို့နှင့် ကိုဌေးလှိုင်အား စာတိုလေးတစ်စောင် ရေးပေးကာ တင်မောင်ဆီ လွှတ်လိုက်၏…။
တင်မောင်ကလည်း ကျွန်တော်စာပါ အတိုင်း အစည်းအဝေးလုပ်ရန် သူ့အိမ်ဖြစ်သည့် အမှတ်(၁၂)၊ ၁၃၆ လမ်း၊ တာမွေမြို့နယ်တွင် အထပ်ခိုးကလေးကို သုံးခွင့်ပေးခဲ့ပါသည်။ ထိုနေ့တွင်ပင် ဦးကျော်ဝင်းမောင်၊ ဦးထွန်းကြည်(ပြည်ချစ်လူငယ်)၊ ကိုဌေးလှိုင်၊ ကိုတင်မောင်တို့ စည်းဝေးတိုင်ပင်ကြပြီး ရှစ်လေးလုံးအရေးတော်ပုံတွင် “ ဗမာမွတ်စလင်မ်သပိတ်အဖွဲ့’’ အနေနှင့် ပါဝင်ရန် ဆုံးဖြတ်ခဲ့ကြ၏။
ထိုအစည်းအဝေးတွင် ကျွန်တော်မပါဝင်နိုင်သေးပါ။ ၁၁.၈.၈၈ နေ့တွင် ဦးကျော်ဝင်းမောင်၏ သား မောင်ဆန်းက …၎င်း၏ ကျောင်းစိမ်းလုံချဉ်တွင် မြေဖြူဖြင့် “ ဗမာမွတ်စလင်မ်သပိတ်အဖွဲ့’’ ဟု ရေးကာ ၃၂-လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်မှ စ, ထွက် ကြလေတော့သည်။ မမမြင့်(မဟူရာမြင့်) ၊ဒေါ်ဘေဘီမြင်(ရွှေဘိုသီရိမာလာ) ၊ ဒေါ်ခင်စန်းလွင်၊ ဦးထွန်းကြည်၊ မောင်ဆန်းနှင့် ၂၆-လမ်းမှ လူငယ်အချို့ပါဝင်ကြ၏။ မကြာမီ ဗမာမွတ်စလင်မ်များ ရာနှင့်ချီကာ ပူး ပေါင်းလာကြသည်။
ထိုနေ့တွင် ရွှေတိဂုံဘုရားဘက်သို့လည်း ရောက်ခဲ့ကြ၏။ စစ်တပ်ကလည်း သေနတ်ဖြင့်ပစ်တုန်းပင်။ ကြားရတဲ့သတင်းများကြောင့် ကိုယ့်လူစုကို ကျွန်တော်စိတ်မချတော့သဖြင့် နောက်တစ်နေ့ (၁၂.၈.၈၈) တွင် နေမကောင်းသည့်ကြားမှ အတူလိုက်ပါချီတက်ခဲ့၏။ ကျွန်တော်နှင့်အတူ ကိုမြင့်အောင်၊ မော်လဝီသန့်ဇင်၊ ကိုသန်းလွင်၊ ဘခက်စသည့် တာမွေဗလီကြီးတစ်ဝိုက်မှ လူငယ်များ ပါဝင်လိုက်ပါကြပြီး ကိုဌေးလှိုင်၊ ဦးထွန်းကြည်တို့နှင့်အတူ မင်္ဂလာတောင်ညွန့်မှ လူငယ်အချို့ ပါလာကြ၏။
တဖြည်းဖြည်းနှင့် လူစုံသည်ထက် စုံလာကြ၏။ ဗမာမွတ်စလင်မ်များထဲမှ ဦးဆောင်သူ ဦးကျော်ဝင်းမောင်၊ ဦးထွန်းကြည်၊ ကိုဌေးလှိုင်၊ ကိုမျိုးအောင်၊ ကျွန်တော်နှင့် ဒေါ်ခင်စန်းလွင်၊ ဒေါ်ဘေဘီမြင့်၊ ဒေါ်မဟူရာမြင့် စသည့်အမျိုးသမီးခေါင်းဆောင်များ တိုင်ပင်ကာ သပိတ်စခန်းဖွင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဗမာမွတ်စလင်မ် သပိတ်တပ်ဖွဲ့အနေဖြင့် ဗဟိုသပိတ်ကော်မတီတွင် အဖွဲ့ဝင်အမှတ်(၅) ဖြင့် ဝင်ရောက်ပူးပေါင်းခဲ့ပါသည်။
ဤတွင် တော်လှန်ရေးအဆက်ဆက်မှ ရဲဘော်ကြီး၊ မော်ကွန်းဝင်နှင့် နိုင်ငံဂုဏ်ရည်ဘွဲ့ရှင် ဝမ်းအိုဝမ်းကြီးက မိုက်မိုက်ကမ်းကမ်းပင် အစိုးရပေးထားသည့် ၎င်း၏တိုက်ခန်းကို ဗမာမွတ်စလင်မ် သပိတ်စခန်းအဖြစ် ဖွင့်လိုက်လေတော့သည်။ ထိုနေ့တွင် B.B.C နှင့် တွေ့ဆုံခန်း၌ ရှစ်လေးလုံးတွင် ဗမာမွတ်စလင်မ်တို့လည်း ပါဝင်လာပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့၏။ နောက်ရက်များတွင် ဗမာ မွတ်စလင်မ်သပိတ်အဖွဲ့ဝင်များ များသည်ထက်များလာ၏။
ရိက္ခာအစို၊ အခြောက်မျိုးစုံတို့လည်း အလျှံ ပယ်ရောက်လာကြ၏။ လူများလာသဖြင့် နေရာကျဉ်းသောကြောင့် ပိုမိုကျယ်ဝန်း၍ ဆက်သွယ်ရန် လွယ် ကူသောနေရာကို ထပ်မံရှာကြရာ ဦးသိန်းထွန်းနှင့် ဦးဘိုးလှိုင်တို့၏ အစီအစဉ်ဖြင့် ကုန်ဈေးတန်းရှိ B.M.O ရုံးခန်းကို သုံးစွဲခွင့် ရရှိခဲ့ပါသည်။ ထိုရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲလုပ်ရာ ဦးကျော်ဝင်းမောင်၊ ကိုဌေးလှိုင်၊ ဦးထွန်းကြည်၊ ကိုမျိုးအောင်၊ ကိုဘိုးလှိုင်၊ ကိုထွန်းနေအောင် တို့က ဗမာမွတ်စလင်မ်တို့ အရေးတော်ပုံတွင် ပါဝင်ခဲ့ရပုံကို အသီးသီးရှင်းပြကြပြီး ကျွန်တော်က … ထောင်တွင်းငရဲစခန်း အကြောင်းတင်ပြခဲ့သည်။
B.B.C နှင့် V.O.A တို့မှ ထိုသတင်းစာရှင်းလင်းပွဲအကြောင်း ထုတ်လွှင့်ခဲ့သည်။ ထိုနေ့မှာပင် ကိုတင်မောင်သန်းနှင့် ဂျေအဲလ်(ကဗျာဆရာ) တို့ ဦးဆောင်သော ဗမာမွတ်စလင်မ် ကျောင်းသားများ သမဂ္ဂအဖွဲ့ ကျွန်တော်တို့နှင့် လာရောက်ပူးပေါင်းခဲ့ကြပါသည်။
ဗမာမွတ်စလင်မ်သပိတ်အဖွဲ့သည် စတင်ဖွဲ့စည်းသည်မှ စ၍ နေ့စဉ်ရက်ဆက် ချီတက်ခဲ့ကြပြီး အမေရိကန်သံရုံး ၊ တာမွေဗလီထိပ်၊ မင်္ဂလာတောင်ညွန့်နှင့် ရန်ကုန်မြို့ထဲရှိ နေရာအနှံ့တွင် ဟောပြော ခဲ့ကြသည်။ (၁၅.၈.၈၈) နေ့တွင် ချီတက်လာသောဗမာမွတ်စလင်မ်သပိတ်တပ်ဖွဲ့သည် ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့် ရဲရင့်ရုပ်ရှင်ရုံရှေ့တွင် အသင့်နေရာယူထားသော စစ်တပ်နှင့် ပက်ပင်း ရင်ဆိုင်တွေ့ကြရာတွင် ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင်က ချက်ချင်းဆိုသလို “ ရဲဘော်တို့၊ မင်းတို့ ပစ် လိုက်စမ်းပါ၊ မင်းတို့ပစ်မှ တို့ကသူရဲကောင်းဖြစ်မှာ ၊ ငါ့တို့အမျိုးက သေမှ သူရဲကောင်းဖြစ်ရတဲ့ အမျိုးပါ…’’ ဟု လက်ထဲတွင်ကိုင်ထားသော အာဇာနည်ဆရာကြီးဦးရာဇတ်၏ ဓာတ်ပုံကို လက်ညှိုးထိုး၍ ပြောခဲ့သောမိန့်ခွန်းမှာ ကြက်သီးဖြန်းဖြန်းထလောက်ပေသည်။
(၁၆.၈.၈၈) နေ့တွင် ဦးကျော်ဝင်းမောင်၏ တာဝန်ပေးချက်အရ ကိုဌေးလှိုင်နှင့် ကိုမောင်ဆန်း တို့ခေါင်းဆောင် ဗမာမွတ်စလင်မ်သပိတ်အဖွဲ့၏ ကိုယ်စားလှယ်များသည် ရန်ကင်းမြို့နယ်ရှိ ဗိုလ်ကြီး သိန်းဝင်းထံ သွားကာ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးအား ရန်ကုန်ဆေးရုံကြီးရှေ့တွင် ဟောပြောပေးရန် မေတ္တာရပ်ခံသည်ကို ဦးတင်ဦးက လက်ခံသဖြင့် ဆေးရုံကြီးရှေ့ ဦးတင်ဦးဟောပြောပွဲ ကို ဗမာမွတ်စလင်မ် သပိတ်အဖွဲ့မှ လုံခြုံရေးတာဝန်ယူခဲ့ပါသည်။
သို့နှင့် (၁၈.၈.၈၈) တွင် စစ်တပ်မှ အာဏာသိမ်းသည်အထိ ဗမာမွတ်စလင်မ် သပိတ်အဖွဲ့မှ ဆက်လက်ပါဝင်ခဲ့ရာ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကိုတင်မောင်(ခ) ဘိုရှီ ကျောကုန်းတွင် သေနတ်မှန်၍ သန်းလွင်(တာမွေ) လည်း သေနတ်ဒဏ်ရာရခဲ့သည်။ ဗမာမွတ်စလင်မ်သပိတ်အဖွဲ့ဝင် ဘခတ်(တာမွေ) မှာ လုံးဝအစရှာမရအောင် ပျောက်ဆုံးသွားခဲ့သည်။
စစ်တပ်မှ အာဏာသိမ်းပြီး နောက်ပိုင်းလူဖမ်းပွဲကြီးတွင် ထောင်ထဲရောက်သွားသူများ ၊တောထဲရောက်သွားသူများ၊ ပျောက်ဆုံးသွားသူများတွင် ဗမာမွတ်စလင်မ် ပသီများ အမြောက်အမြား ပါရှိခဲ့လေသည်။ အန္တလေးနှင့် အထက်မြန်မာပြည် မြို့ကြီးများ ၊ပုသိမ်၊ မော်လမြိုင်၊ ခရမ်း၊ သံတွဲစသည့် မြို့များတွင်လည်း ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့ပြီးသေဆုံး၊ ထောင်ကျ၊ ပြည်ပရောက်၊ ပျောက်ဆုံး၊ သေဆုံးသူများ၊အနက် ဗမာမွတ်စလင်မ်ပသီများ မနည်းလှပေ၊။
စစ်တပ်မှ အာဏာသိမ်းပြီး နောက်တစ်နေ့ (၁၉.၈.၈၈) နေ့တွင် အကြောင်းမဲ့ဖမ်းဆီး၍ ပစ်သတ်ခြင်းခံရသော ကိုဂျက် (ခ) ဇကရီယာ(သံတွဲ) ကဲ့သို့ ပုဂ္ဂိုလ်များ၊ ထောင်အတွင်းနှစ်ရှည်လများ နှိပ်စက်မှုကြောင့် အသက်ပေး သွားသည့် ဗိုလ်မှုးဟောင်း ဦးဘသော်(စာရေးဆရာမောင်သော်က) တိုကဲ့သို့ အထင်ကရ ဗမာမွတ်စလင်မ်များ ရှိသကဲ့သို့ မထင်မရှား အညတြ အသက်စွန့်လွတ်သွားခဲ့သူများတွင်လည်း ဗမာမွတ်စလင်မ်ပသီများ အမြောက်အမြားပါဝင်လေသည်။
အသေးစိတ်စာရင်းဇယား အချက်အလက်များကို အချိန်ယူလေ့လာ၍ မှတ်တမ်းပြုစုပါသီးမည်။ မည်သို့ပင်ဆိုစေ မြန်မာ့အရေး မှန်သမျှတွင် နောက်ချန်မနေခဲ့သော ဗမာမွတ်စလင်မ်ပသီတို့သည် ရှစ်လေးလုံး အရေးတော်ပုံ ကြီးတွင်လည်း အခြားသောတိုင်ရင်းသား ပေါင်းစုံတို့နှင့်အတူ သွေးသစ္စာ တိုင်တည်လျှက် ပါဝင်လှုပ်ရှားခဲ့သည်ကိုတော့ ဗမာမွတ်စလင်မ်ပသီများ အနေဖြင့် ဂုဏ်ယူလျှက်သာ ဖြစ်ပါသည်။
၈၈၈၈ အမှတ်တရမဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။
MMM1 စာရေးသူ မင်းညိုငယ်(သံတွဲ)
ဓါတ်ပုံ- ပိာန်းအောင်
Leave a Reply