Tin Latt shared Zaw Min Oo‘s status.
ဒီနိုင်ငံမှာတော့ အလုပ်အကိုင်တွေ အခွင့်အရေးတွေက ပေါလွန်းလို့ secondary ကျောင်းသားအရွယ်လောက်ကစပြီး မိဘပေးတဲ့ မုန့်ဘိုးနဲ့တင် သူတို့လိုချင်တာတွေ မပြည့်နိုင်တော့ အချိန်ပိုင်းအလုပ်တွေကို မိဘတွေက ခိုင်းစရာမလိုဘဲကို လုပ်ကြတယ်။ အဲ့ဒီလို ကျောင်းသားတွေ၊ လူငယ်တွေကို မေးကြည့်လိုက်ရင် သူတို့အားလုံးလိုလိုမှာ ကိုယ်ပိုင်ရည်မှန်းချက်လေးတွေ ရှိကြတယ်။ အားကစားသမားကစ လူငယ်အားလုံးမှာရှိတဲ့ တူညီတဲ့ ရည်ရွယ်ချက်ကတော့ ရှေ့လျှောက် သူတို့ဘဝ ကောင်းကောင်းနေချင်ကြလို့ပါ။ အိမ်ကောင်းကောင်းနဲ့ နေချင်တယ်။ အသက် ၃၀ လောက်ရောက်ရင် ကိုယ်ပိုင်အိမ် ရှိချင်တယ်။ အိမ်ထောင်ပြုတာနဲ့ ကလေးမရခင်မှာ ကားကောင်းကောင်း စီးချင်တယ်။ ကလေးရလာရင် ကလေးအတွက် လိုအပ်ချက်အားလုံး အစဉ်သင့် ရှိပြီးသား ဖြစ်ချင်ကြတယ်။ ဒါတွေဟာ ဒီမှာရှိတဲ့လူငယ် ၈၀% ကျော်လောက်ရဲ့ တူညီတဲ့ ရည်မှန်းချက်တွေပါ။
အဲ့ဒီတော့ ကျနော်တို့ နိုင်ငံမှာ ရှိတဲ့ လူငယ်တွေ၊ အထူးသဖြင့် မြို့နေလူတန်းစား Facebook user ပညာတတ်တွေ အများစုနဲ့ ဘာသွားကွာတာ တွေ့လည်းဆိုတော့ သူတို့မှာ ကျနော်တို့လူငယ်တွေလို “တိုင်းပြည်နဲ့ လူမျိုးအတွက်” တို့ ၊ “အမျိုးဘာသာ သာသနာအတွက်” တို့ ရည်မှန်းချက်ထားတာ မရှိသလောက် နည်းနေတာကို တွေ့ရတယ်ဗျ။
ဘာဖြစ်လို့ မရှိသလည်း ဆိုတာ ပြန်စဉ်းစားကြည့်တော့ သူတို့ဆီမှာ တိုင်းပြည်အတွက်တို့ လူမျိုးအတွက်တို့ဆိုတာကို ပြည်သူက မဲပေးရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့က တာဝန်ကျေအောင် လုပ်ပေးတယ်၊ အဲ့ဒီအတွက် ပြည်သူက ပြန်လုပ်ပေးစရာ ဆိုလို့ ကျသင့်တဲ့ အခွန်ငွေကို ထမ်းဆောင်ပေးလိုက်တာပါဘဲ။ အဲ့ဒီတော့ ပြည်သူတွေကလည်း တစ်ဦးချင်း အနေနဲ့ သူတို့ဘဝတွေ တိုးတက်ကောင်းမွန်ဖို့ ဆိုတဲ့ အာရုံဘဲ ရှိကြတော့တယ်။ ဘာသာတရား ကိုယ်ကွယ်ခြင်း ဟိုလူမျိုး ဖြစ်ခြင်း၊ ဒီလူမျိုးဖြစ်ခြင်းတွေက သူတို့ တစ်ဦချင်းစီရဲ့ ဘဝတွေနဲ့သာ သက်ဆိုင်တာမို့ ကိုယ်ကိုးကွယ်တဲ့ ဘာသာသာသနာ စည်ပင်ဖွံ့ ဖြိုးဖို့ ဆိုတာ အယူတူသူတွေ စုပေါင်းအားစိုက်ထုတ်ကြဖို့ဘဲ လိုတယ်။ အယူမတူသူတွေကို တိုက်ခိုက်ခြင်းနဲ့ မစည်ပင်နိုင်ဘူး ဆိုတာကိုလည်း ကောင်းကောင်း သိကြတယ်။ လူမျိုးဆိုတာ မွေးရာပါဘဲ၊ တစ်နိုင်ငံလုံး တိုးတက်မှ လူမျိုးလည်း အရောင်ထွက်မှာ၊ ကွက်လုပ်လို့ မရဘူးဆိုတာလည်း သေသေခြာ သိကြတယ်။ ရလာဒ်အနေနဲ့ကတော့ မြင်တဲ့အတိုင်းဘဲ၊ အစိုးရကလည်း သူ့တာဝန် သူကျေပြွန်တယ်၊ ပြည်သူတွေကလည်း တစ်ဦးချင်း သူတို့ဘဝ သူတို့တိုးတက်အောင် အာရုံစိုက် ကြိုးစားကြတော့ နိုင်ငံက အရှိန်အဟုန်နဲ့ကို ဖွံ့ ဖြိုးတိုးတက် လာတော့တာပါဘဲ။
ကျနော်တို့ဆီမှာကတော့ အစိုးရကလည်း သူ့အလုပ်သူ မကျေပြွန်၊ တိုင်းသူပြည်သားတွေကလည်း တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်နေရတာနဲ့ ကိုယ်မိသားစုတွေနဲ့ ကိုယ့်ဘဝကိုယ်ပါ မကြည့်အား၊ အမျိုးဘာသာ သာသနာအတွက်ကလည်း တိုက်ရ ခိုက်ရ အချိန်ပေး အားစိုက်ရဆိုတော့လည်း ရွှေဝါပြည်ကြီးရဲ့ အနာဂတ်က “ရွှေပြည်တော် မျှော်တိုင်းဝေး” နေတုန်းပါဘဲ….
Leave a Reply