ဖွတ်ကလေး၊ ခိုနီနှင့် လူရည်ချွန် စီမံကိန်းအသစ်

Source:Moe Ma Ka ဖွတ်ကလေး၊ ခိုနီနှင့် လူရည်ချွန် စီမံကိန်းအသစ်

အီကြာအော် ဧပြီ ၆၊ ၂၀၁၃
“တို့ ခက်သေးရွာမှာ လူရည်ချွန်တွေ ပြန်ရွေးနေပြီတဲ့ အွန်အွန်ရေ”

-အီကြာအော်က တစ်တစ်ခွခွ ရေးတတ်သော အပါတ်စဉ်တစ်တစ် ဂျာနယ်ကိုဖတ်ရင်း ဇနီးသည် ဒေါ်အွန်မေးကို လှမ်း၍ပြောလိုက်သည်။

 

“အရှင်ဆန္ဒာဓိကလည်း လူရည်ချွန် ရဘူးတယ်၊ အပါတ်စဉ်

 တစ်တစ်ဂျာနယ်ပိုင်ရှင် ဒေါက်တာသန်းထွဋ်အောင်ရော၊ မနှစ်က တို့ ယုန်ကန်ဆေးရုံကြီးမှာ နှလုံးသွေးကြောပိတ်လို့ ဆုံးပါးသွားတဲ့ အပါတ်စဉ် အသံဂျာနယ်ပိုင်ရှင်၊ အီးဂယက်က ဒေါက်တာနေ၀င်းမောင်ပါ လူရည်ချွန် ရဘူးသတဲ့ကွ”

 “တခြားလူရည်ချွန်တွေ အောင်မြင်တိုင်း လုရည်ချွန်အားလုံး အောင်မြင်တယ် မထင်နဲ့၊ ကိုယ့်ကိုယ်ကို ကြည့်ပါလား”ဟု ဒေါ်အွန်မေးက ရွဲ့၍ပြောသည်တွင် ငယ်ငယ်က လူရည်ချွန် တစ်ခါရဘူးသော အီကြာအော်လည်း လူရည်ချွန်သတင်းကို ဖတ်၍ ငယ်မြူပန်ချင်နေသော သူ့၏စိတ်ကလေး ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားရလေတော့သည်။

 အလုပ်ရှားလှသော ခက်သေးရွာတွင် အများသူငါ ကဲ့သို့ပင် အီကြာအော်လည်း ဟိုယောင်ယောင်၊ သည်ယောင်ယောင်ဖြင့် အလုပ်က မရှိ၊ အသက်ကလည်း ၅၀ ထဲရောက်လာပြီးမို့ ဘ၀က စတောင် မစရသေး၊ ဆုံးကာက နီးလေပြီ။ ဒီကြားထဲ ခက်သေးရွာသားပီပီ မိန်းမလည်း ကြောက်ရသည်မို့ အကြောင်းရှိ၍ စကားနာထိုးလျှင် ငြိမ်၍ ခံရလေတော့သည်။

အီကြာအော်က အောင့်သက်သက်ဖြင့် ဖီလင်ငုပ်နေစဉ် တပည့်ကျော် ဖွတ်ကလေးက အသံသေး အသံကြောင်ဖြင့် အီကြာအော်၏ အိမ်အတွင်းသို့ ၀င်လာလေသည်။

 “ခိုနီဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်၊

 မော်ဒယ်ဖြစ်ဖို့ ကျွန်တော် ကြိုးစားမည်”

 “ဟေ့ကောင် မင်းအသံပြဲကြီးနဲ့ သန်းထွန်းလေး သီချင်းတော့ ပျက်ပါပြီကွာ”အီကြာအော်က ထုံးစံအတိုင်း တပည့် ဖွတ်ကလေးကို ဟောက်လိုက်သည်။

 “ငါတို့ငယ်ငယ်တုန်းကဆိုရင်…..“လူရည်ချွန်ဖြစ်ဖို့ ကျွန်တော် ကြိုးစားမည်၊ ဆရာဝန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်” ဆိုတဲ့ သီချင်းကို ဆိုပြီး လူရည်ချွန်တွေ၊ ဆရာဝန်တွေကို အားကျကြတာလေကွာ”

 “မင်းကျမှ ဘာဖြစ်လို့ ခရိုနီ (ခိုနီ)တွေ၊ မော်ဒယ်တွေ ဖြစ်ချင်ရတာလည်း”

 “တလောကတော့ မင်းပဲ ခိုနီတွေ မကောင်းကြောင်း လာပြောနေပြီးတော့”

 ဖွတ်ကလေးက ရယ်ကျဲကျဲလုပ်လျှက်

“အခု ခေတ်ပြာင်းသွားပြီလေ ဆရာအော်ရဲ့”

 “လုရည်ချွန်တချို့တောင် ခိုနီတွေ ဖြစ်နေပြီဆိုတော့ သိပ်မကွာပါဘူး ဆရာရယ်”

 “လူရည်ချွန်က တစ်နှစ်ကို ၅၀၀ တောင်ခေါ်တာ ခရိုနီက ရှားရှားပါးပါးဆိုတော့ ဆရာအော်ပဲ ရှားရင် တန်ဘိုးရှိတယ်လို့ ပြောဘူးသေးတယ် မဟုတ်လား”

 ဖွတ်ကလေးက အီကြာအော်ကို သူ့စကားဖြင့်သူ ပြန်ချည်လိုက်သည်။

 “ဟေ့ကောင်၊ ခိုနီနဲ့ လူရည်ချွန်ဆိုတာ.. ပြဒါးတစ်လမ်း၊ သံတစ်လမ်းပါကွာ”

 သူပါရောပြီး နံမည်ပျက်မည် ကြောက်သဖြင့် အီကြာအော်က ကြောက်အကန် ငြင်းတော့သည်။

 “သေပါတာ့ကွာ ခက်သေးရွာ တစ်ရွာလုံး ခိုနီတွေ ဖြစ်ကုန်လို့ကတော့ တစ်ရွာလုံး သောက်စရာ ရေမရှိ၊ ပြေးစရာမြေမရှိ ဖြစ်ကုန်မှာပေါ့”

 “အခု ခက်သေးရွာထဲမှာ ကလေးတွေက ဆရာဝန်လုပ်တမ်းး မကစားကြတော့ဘူး၊

 ခိုနီလုပ်တမ်း၊ မော်ဒယ်လုပ်တမ်းပဲ ကစားကြတော့တယ်”

 “တနေ့ကတောင် ကျွန်တော့ညီ အငယ်ဆုံးကြွက်နီက ငိုပြီး လာတိုင်လို့”

 “ပြောစမ်းပါဦးကွ”

 “ကြွက်နီပေါ့၊ သူ့သူငယ်ချင်းတွေနဲ့ ကစားကြတာ သူ့ကို တစ်ခါလာလည်း လယ်သမား လုပ်ခိုင်းလိုက်၊ အလုပ်သမား လုပ်ခိုင်းလိုက်နဲ့၊ တစ်ခါမှ ခိုနီပေးမလုပ်လို့လေ”

 “အေးလေ၊ ကလေးတွေက အတုမြင် အတတ်သင်ကိုးကွ”

 “ဟုတ်ပါ့ ဆရာအော်ရေ၊ ပြိုင်ကား အသစ်ကြီးတွေစီးပြပြီး ကြွားပြလိုက်၊

 ကိုယ်ပိုင် လေယာဉ်ပျံကြီးတွေ ၀ယ်စီးပြလိုက်၊

 ဘောလုံးအသင်းတွေ ထောင်ပြီး ဘောလုံးသမားတွေကို ဆုချပြလိုက်၊

 ငွေဘယ်လောက်ရှုံးနိုင်လည်း အကြွားပြိုင်လိုက်၊

 မော်ဒယ်လေးတွေ ခေါ်ပြီး ဒေါ်လာတွေ ဆုချပြလိုက်

 ဆွယ်တာတစ်ထည်ကို သိန်း ၄၀၀၊ ၅၀၀ နဲ့ဝယ်ပြီး မျက်နှာ လုပ်လိုက်နဲ့ ခုခေတ်ကလေးတွေက တော်တော်ခေတ်မှီတယ်”

 “အင်း၊ မင်း ခေတ်မှီတာတွေကလည်းကွာ ရင်လေးစရာပဲ၊ ကလေးတွေက မဟုတ်တာတွေ၊ အလကား အချောင်ရတာတွေ အားကျကုန်ရင် ငါတို့ ခက်သေးရွာကို ဘယ်လို အဖတ်ဆယ်ကြမှာလည်း”

 အီကြာအော်က သက်ပြင်းချလိုက်သည်။

 “ဒီကလေးတွေခမျာ စိတ်ကူးပဲယဉ်နိုင်တာပါ ဆရာအော်ရယ်၊ ကျောင်းဆရာ၊ ဆရာမတွေကို လာဘ်မပေးနိုင်လို့ ကျောင်းသွားရင်တောင် မျက်နှာငယ်ရတဲ့ ကလေးတွေပါ”

“အေးလေ၊ ဟုတ်တော့ ဟုတ်သား”

 “အခုခေတ်ကလေးတွေက ဆရာဝန်လည်း မလုပ်ချင်ကြတော့ဘူး”

ဖွတ်ကလေး၏ စကားကို အီကြာအော်က အံ့သြတကြီးဖြင့်….

 “ဟေ၊ ဘာဖြစ်လို့လည်း၊ တို့ငယ်ငယ်ကဆိုရင် ဆရာဝန်ဖြစ်ချင်ကြတာ တစ်ပိုင်းသေနေကြတာ၊ ဆရာဝန်မဟုတ်တောင် ဆရာဝန်နဲ့ အမျိဲးတော်ချင်ကြတာကွ”

 “ခေတ်ကမတူတော့ဘူး ဆရာအော်ရေ၊ တစ်နေ့က ကလေးတွေ ကစားနေတာ ဆရာဝန်လုပ်တန်း မကစားကြဘူးလား မေးတော့ ဘာပြောတယ်မှတ်လည်း”

 “ပြောပါဦးကွ”

 “ခုခေတ် ဆရာဝန်လုပ်စားရတာ မလွယ်ဘူးတဲ့၊ တစ်သက်လုံး စာတွေကို မျက်လုံး ပေါက်ထွက်မတတ်ဖတ်ရပြီး ဂျာနယ်တွေက တွယ်တာလည်း ခံရ၊ လုနာတွေကလည်း ထစ်ကနဲရှိရင် တရားစွဲမယ်၊ တိုင်မယ်ချည်းပဲတဲ့၊ ဆရာဝန်တွေကို ဆေးရုံဖွင့်ပြီး ခိုင်းစားတဲ့ ခိုနီပဲ လုပ်ချင်တယ် ပြောကြတာ”

 “သေလိုက်ပါတော့ ဖွတ်ကလေးရာ၊ နောင်တစ်ခေတ်မှာ ခေါင်းဆောင်ဖြစ်မှာ ဒီလို ကလေးလေးတွေဆိုရင်တော့ ဆို့ ခက်သေးရွာတော့ သွားပါပြီ”

 “ကိုအော်၊ ရှင် လေတွေချည်း ပေါမနေနဲ့၊

 ကိုခိုနီနဲ့ တူတာဆိုလို့ ရှင့်မှာ ဗိုက်ရွှဲတာရယ်၊ လေပေါတာရယ်ပဲရှိတယ်”

ဇနီးသည် ဒေါ်အွန်မေး၏ သရော်မှုကို ထုံးစံအတိုင်းခံလိုက်ရသဖြင့် အီကြာအော်လည်း ရွှဲနေသော သူ့ဗိုက်ကို သူကြည့်ကာ

 “အွန်အွန်ကတော့ လုပ်ပြီကွာ၊ သူ့ဖာသာနေတဲ့ ငါ့ဗိုက်တောင် အပြစ်မလွတ်ရဘူး”

 “ရှင့် သူငယ်ချင်း လူရည်ချွန်ဟောင်း သူဌေးကိုခိုနီဆီမှာ ဒရိုင်ဘာ အလုပ်လေးဘာလေး သွားတောင်းပါဦးလား”

 “မင်းကလည်းကွာ”

 သူ့ဆရာ အခြေအနေမဟန်တော့ပြီကို သဘောပေါက်သော ဖွတ်ကလေးလည်း ဆိုလက်စ သီချင်းကို ဆက်ဆို၍ ယုန်ကန်ဆေးရုံကြီးဘက်သို့ ခြေဦး လှည့်လေတော့သတည်း။

 “ခိုနီဖြစ်ဖို့ ကျွန်တော် ကြိုးစားမည်၊

 မော်ဒယ်ဖြစ်ဖို့ ကျွန်တော် ကြိုးစားမည်…….

 ခိုနီဖြစ်ဖို့ ကျွန်တော် ကြိုးစားမည်၊

 မော်ဒယ်ဖြစ်ဖို့ ကျွန်တော် ကြိုးစားမည်………..”

 အီကြာအော် ခမျာမှာတော့ မှန်ဘီရိုထဲတွင် အလှပြ ကြွားထားသော ဖုန်တက်နေသည့် လူရည်ချွန်တံဆိပ် အဟောင်းလေးကို အသာကလေးဖွက်ရန် ကြံစည်တော့လေသတည်း။

“သဗ္ဗေသတ္တာ ကမ္မသကာ”
 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: