ကုရ်ဘာနီသားကောင် – နွားသတ်တာ ရက်စက်မှုတဲ့လား ?

မမေးလည်းဖြေ (၇) – နွားသတ်တာ ရက်စက်မှုတဲ့လား

ရေးသူ- သုတမောင်

ဇူလိုင်-၂၄-၂၀၁၂

ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး အစ္စလာမ်ဘာသာအပေါ် စော်ကားတိုက်ခိုက်မှုတွေမှာ သူတို့ ကုသိုလ်က နွားသတ်မှ ရတာလားလို့ ၊ အစ္စလာမ် ဘာသာဟာ ရက်စက်တဲ့ဘာသာလို့ ဆိုပြီး စွပ်စွဲတိုက်ခိုက်နေကြပါတယ်။

ဘာကြောင့် နွားကိုသတ်တာလဲ၊ ဘာအတွက်လဲ၊ စတဲ့ မေးခွန်းတွေ မမေးတော့ပဲ မစဉ်းစားတော့ပဲ ကုလားကိုမုန်းတာနဲ့  ငါ့စကားနွားရ အပေါစား စကားလုံးတွေ အကြောင်းပြချက်မပါတဲ့ စွပ်စွဲချက်တွေနဲ့  ပြောချင်ရာပြောနေကြပါတယ်။ နှစ်ပေါင်း ၁၄၀၀ ကျော်တည်မြဲလာတဲ့ဘာသာ၊ ကမ္ဘာတ၀မ်းက လူ သန်း ၁၀၀၀ ကျော် ယုံကြည်ကိုးကွယ်တဲ့ ဘာသာကို အခြေအမြစ်မရှိ၊ သဘာဝမကျတဲ့ဘာသာသဖွယ် ကချွတ်ကလွတ် အတွေးတွေနဲ့  မဆင်မခြင် မစဉ်းမစား ပြောနေကြပါတယ်။

လူတွေဟာ အတွေးအခေါ် အဆင်အခြင်စွမ်းအား အမြင့်ဆုံးသတ္တ၀ါတွေဖြစ်တယ်။ အစ္စလာမ်ဘာသာဟာ သဘာဝမကျတဲ့၊ အခြေအမြစ်မရှိတဲ့ ဘာသာဆိုရင် နှစ်ပေါင်း ၁၄၀၀ ကျော် မတည်မြဲပါ။ လူသန်း ၁၀၀၀ ကျော် လည်း ကိုးကွယ်စရာအကြောင်းမရှိပါ။

ဘာကြောင့် နွားသတ်တာလဲဆိုတာ မပြောခင် မေးခွန်းတခုမေးချင်ပါတယ်။ မွတ်စလင်မ်တွေကို နွားသတ်တယ်၊ ရက်စက်တယ်လို့  ပုတ်ခတ်နေ တဲ့ လူတွေအသားမစားဘူးလား။ သင့်လို အသားစားတဲ့လူမရှိရင် သားကောင်ကို သတ်စရာလိုမလား။ သတ်တဲ့လူက ရက်စက်တယ်ဆိုရင် စားတဲ့ လူက အဲ့ဒီ အသားကို ကိုယ့်အသွေး ကိုယ့်အသားထဲ ထည့်တာကျတော့ ပိုမဆိုးဘူးလား။ သတ္တိရှိရှိ ရဲရဲဖြေကြည့်ပါ။ အဓိကပြောချင်တာက အသားတော့စားတယ် အသားဖော်တာကိုတော့ ရက်စက်တယ်ထင်တဲ့ တလွဲအတွေးတွေပါ။

(၁) တနှစ်တခါ အိဒ်ပွဲတော်မှာ သားကောင်သတ်တာရဲ့  အဓိကရည်ရွယ်ချက် ၏တခုက မရှိဆင်းရဲသားတွေအတွက် လှူဒါန်းခြင်းဖြစ်တယ်။ မမြင်ရတဲ့ ကုသိုလ်အတွက် အ ကြောင်းမဲ့ သူတပါး အသက်သတ်ခြင်းမဟုတ်ပါ။

မြန်မာနိုင်ငံလို အသားငါးရှားပါးတဲ့နိုင်ငံတွေမှာ အသားငါးမစားနိုင်တဲ့ လူတွေ အများကြီးရှိတယ်။ ဥပမာ ထိုင်းလို နိုင်ငံတွေမှာ တရားမ၀င် ခိုးပြီး အလုပ်လုပ်နေရတဲ့ မြန်မာတွေအတွက် အသားမဆိုနှင့် ထမင်းတောင် နှပ်မမှန်ကြပါ။ အခုလို ဆင်းရဲတဲ့ နေရာတွေမှာ တနှစ်တခါ ပွဲလုပ်ပေးခြင်းဟာ အသားမ၀ယ်စားနိုင်တဲ့ လူတွေကို အသားစားရအောင် ဖန်တီးထားခြင်းပါ။

ငွေတတ်နိုင်တဲ့လူတွေက သားကောင်ဝယ်ပြီး ဆင်းရဲတဲ့ လူတွေအသားငါးစားနိုင်အောင် လှူဒါန်းတဲ့ ကိစ္စ။ ရက်ရက်စက်စက် သတ်ဖြတ်ပြီး ပျော်ပါးတဲ့ ပွဲမဟုတ်ပါ။ ကိုယ်ပိုင်ငွေကို စွန့် ပြီး လိုအပ်တဲ့လူတွေအတွက် လှူတဲ့ အလှူဒါန။ မွတ်စလင်မ်အတွက်မှ မဟုတ် ဘာသာမတူတဲ့ လူတွေကိုပါ ပေးကမ်းတဲ့ အလှူ။ မုန်းတီးစိတ်ကဖုံးနေတော့ ဘာမှ မမြင်နိုင်တော့ဘဲ ထင်ရာတွေပြောနေကြတဲ့ လူတွေ သတင်းနဲ့ မီဒီယာကွန်ယက်က သတင်းကို ဆက်ပြီး ဖတ်ကြည့်ပါ။

ကုရ်ဘာနီအိဒ်ပွဲတော် မဲဆောက်တွင် ကျင်းပ အလှူခံသူ တသောင်းခန့် လာကြ

သီတာထွန်း။
ဒီဇင်ဘာလ ၉ရက်၊ ၂၀၀၈ ခုနှစ်။

ယမန်နေ့က ကျရောက်သည့် အစ္စလာမ်ဘာသာဝင်များ၏ ကုရ်ဘာနီအိဒ်ပွဲတော်ကို ထိုင်းနယ်စပ် မဲဆောက်မြို့ တွင် ကျင်းပရာ အလှူခံသူ တသောင်းခန့် လာရောက် ခဲ့ကြသည်။

မဲဆောက်မြို့မှ အလှူရှင်များက အမဲသားများ ပေးဝေလှူဒါန်းကြသဖြင့် မြန်မာဖက်ခြမ်း မြ၀တီမြို့နှင့် ဒေသ တွင်းမှ လာရောက်အလှူခံသူများမှာ လူဦးရေ တသောင်းနီးပါးရှိပြီး ယခင်နှစ်ကထက် ပိုများသည်ဟု အလှူရှင် တဦးဖြစ်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင် အစည်းအရုံး ဥက္ကဌ ဦီးတင်မောင်သက်က ပြောသည်။

“လာတာ များတယ်၊ ကျနော်ထင်တယ်၊ အနည်းဆုံးဆို သောင်းနဲ့ရှိတယ်၊ ဒီနှစ်ပိုများ မယ်ထင်တယ်။ ”

ယမန်နှစ်က မြန်မာဖက်ခြမ်း မြ၀တီမြို့မှ အလှူခံသူ(၂၀၀၀)ကျော်ခန့်သာ လာရောက် ခဲ့ကြသည်။

မြ၀တီမြို့မှ လာရောက်သူ ကိုလှမောင်က “ အားလုံးအေးအေးဆေးဆေးပါပဲ၊ ပြည့်ပြည့်စုံစုံ လည်း ရသင့် သလောက် ရကြပါတယ်၊ စားဝတ်နေရေး လတ်တလောတော့ အဆင်ပြေသွား တာပေါ့၊ မိသားစုဘ၀ လည်း စားစားသောက်သောက် အဆင်ပြေသွားတာပေါ့။” ဟု ပြောသည်။

မြန်မာဖက်ခြမ်းတွင် အမဲသားတပိသာလျှင် ကျပ်လေးထောင်ခန့်ရှိသဖြင့် အလှူခံရရှိ လာသော ပိုလျှံသည့် အသားများကို အသားဝယ်မစားနိုင်သည့် နီးစပ်ရာမိတ်ဆွေများကို ပြန်လည်ဝေငှသွားမည်ဟု ကိုလှမောင်က ဆက်ပြောသည်။

မရှိဆင်းရဲသားများကို နှစ်စဉ် လှူဒါန်းရသည့်အတွက် ၀မ်းသာပီတိ ဖြစ်သည်ဟု ဦးတင်မောင်သက်က ပြော သည်။

“ကျနော်တို့ရဲ့ တရားတော်ကလည်း အဓိကကတော့ မရှိဆင်းရဲသားကို မစားရမသောက်ရ တဲ့လူကို ပိုပြီးဦးစားပေးတဲ့ အနေအထားမှာရှိတယ်။ အဓိကကတော့ ဒီလှူဒါန်းမှုက မရှိ ဆင်းရဲသားကို ဦးစားပေးပြီးတော့ ကျနော်တို့လှူတာပဲလေ၊ သူတို့လာတယ်၊ မစားရတဲ့ လူလည်း စားရတယ်ဆိုတော့ ကျနော်တို့ သိပ်ဝမ်းသာတယ်။”

အလှူပွဲတော်တွင် အစ္စလာမ် ဘာသာဝင်များအပြင် အခြား မရှိဆင်းရဲသား လာရောက်သူ အားလုံးကို နှစ်စဉ် ပေးကမ်းလှူဒါန်း လျှက်ရှိသည်။

ကုရ်ဘာနီအိဒ်ပွဲတော်ကို ယခုလ (၈)ရက်နေ့မှ စတင်ကာ သုံးရက်တိတိမဲ ဆောက်မြို့တွင် ကျင်းပသွားမည် ဖြစ်သည်။

အစ္စလာမ်ဘာသာဝင်များ၏ ကုရ်ဘာနီအိဒ်ပွဲတော်သည် ထိုင်းနိုင်ငံတွင် ယမန်နေ့က ကျရောက်ပြီး မြန်မာနိုင်ငံ တွင် ယနေ့ကျရောက်သည်။

Source: http://www.nmg-news.com/nmg/news091208.html

(၂) သားကောင်ကိုသတ်ပြီး ယစ်ပူဇော်ခြင်းမဟုတ်ပါ။ သောက်စားပျော်ပါးပစ်ခြင်းမဟုတ်ပါ။

ဖော်ထားတဲ့အသားကို အိမ်အတွက် သတ်မှတ်ထား သလောက်သာယူပြီး အများစုကို လှူဒါန်းရပါတယ်။ တကယ်လို့  အဲ့ဒီ အကောင်တွေကို သတ်ပြီး ဖြုန်းတီးပြစ်တယ်ဆိုရင်တော့ လက်ခံစရာ အကြောင်းလုံးဝမရှိပါ။ ဒါပေမဲ့ အခုက ဈေးမှာ ၀ယ်ခြမ်းခြင်း ဆိုတာကို အလှုလက်ခံရရှိခြင်းနဲ့  အစားထိုးလိုက်တဲ့ သဘောပါပဲ။ ဒါကြောင့် ကုသိုလ်ရဲ့  အရင်းမြစ်က အကောင် ဖော် အသက်သေလို့ မဟုတ်ဘဲ မျှဝေလှူဒါန်းလို့  ပဲဖြစ်ပါတယ်။

မွတ်စလင်မ်တွေရဲ့  လှူဒါန်းမှုကိုဒိန်းမတ်က ဝေလငါးသတ်ပွဲနဲ့  ယှဉ်ကြည့်ပါ။ ဒိန်းမတ်နိုင်ငံ ဖဲဖိုးကျွန်းမှာ နှစ်စဉ် ဝေလငါးသတ်ပွဲလုပ်လေ့ရှိတယ်။

ဆင်းရဲသားတွေကိုလှူဒါန်းဖို့ မဟုတ်ဘူး။ အရွယ်ရောက်ပြီးတဲ့ ယောင်္ကျားလေးတွေ အရွယ်ရောက်ပြီးကြောင်းပြသတဲ့ပွဲဖြစ်တယ်။ လူငယ်တွေ လူငယ်အဖွဲ့ တွေ အများဆုံးပါကြတယ်။ အောက်က ဖော်ဝေါ့မေးကိုဆက်ဖတ်ပါ။ ကုလားပြောတာမှန်သမျှ လုပ်ကြံပြောတာဆိုတဲ့လူတွေ အတွက် ဖော်ဝေါ့မေးလ်မတိုင်ခင် youtube video အရင်ကြည့်ပါ။

Forward Email:

ဒိန်းမတ်နိုင်ငံအတွက် သိပ်ကို ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တခုပါ။

သဘာဝ ရာသီဥတုဖောက်ပြန်လို့ ပင်လယ်ပြင်ကြီး အနီရောင်တွေ စွန်းထင်းနေတာ မဟုတ်ပါဘူး။
လိမ္မာပြီး ဥာဏ်ရှိ ယဉ်ပါးတဲ့ လင်းပိုင်ရာပေါင်းများစွာကို အသိဥာဏ်တွေရော နည်းပညာတွေပါ တိုးတက်နေပါတယ်ဆိုတဲ့ လူသားတွေက ရက်ရက်စက်စက် သတ်ဖြတ်လိုက်လို့ သူတို့ရဲ့သွေးတွေနဲ့ ပင်လယ်ပြင်ကြီး နီစွေးနေတာပါ။

ဒီလိုမျိုး အဖြစ်အပျက်က ဒိန်းမတ်နိုင်ငံ ဖဲဖိုးကျွန်းမှာ နှစ်စဉ်ဖြစ်နေကျပါ။ ဒီလိုမျိုး လင်းပိုင်တွေကို သတ်တဲ့ပွဲမှာ လူငယ်အဖွဲ့တွေက အဓိကပါဝင်လုပ်ဆောင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အရွယ်ရောက်ကြောင်းကို ပြသဖို့ အတွက် လင်းပိုင်တွေကို သတ်ပြဖို့ လိုအပ်တယ်လေ။

ဒီပွဲကြီး ကျင်းပနေဆဲအချိန်တော့ ဘယ်သူမှ အပေါင်းအသင်းကို သတိရလေ့မရှိဘူး။ လူတိုင်းက ကိုယ်တိုင်သတ်ရင်သတ် ဒါမှမဟုတ် တခြားလူနဲ့ပေါင်းပြီး သတ်၊ မသတ်ရဲတဲ့လူက သူများသတ်တာကို ဘောလုံးပွဲလိုပဲ စိတ်ဝင်တစားနဲ့ ကြည့်လေ့ရှိကြတယ်။

လင်းပိုင်ဆိုတာ လူတွေနဲ့အတူနေပြီး ဆော့ကစားဖို့ စိတ်ဝင်စားတဲ့ လူသားတွေရဲ့ ဖြူစင်တဲ့သူငယ်ချင်းတွေဆိုတာ ပြောဖို့ လိုသေးသလားဗျာ။

သူတို့ကို သတ်တဲ့အချိန်မှာ ချက်ချင်း မသေကြပါဘူး။ လူတွေက သံမဏိအချွန်ကြီးတွေနဲ့ တချက်ပြီးတချက် ထိုးနေတဲ့အချိန်မှာ လင်းပိုင်တွေဟာ မွေးကင်းစကလေးတွေငိုတဲ့အသံနဲ့ ညီးတွားအော်ဟစ်နေကြတယ်။

ဒါပေမယ့် အဲဒီကလူတွေဟာ ဝေဒနာခံစားနေတဲ့လင်းပိုင်ကိုတော့ အသေသတ်လေ့မရှိဘဲ သူတို့ရဲ့သွေးရဲရဲတွေကြားမှာပဲ တဖြည်းဖြည်း သေအောင် ထားလိုက်ကြတယ်။

————————————————————————————————————–

တိရိစ္ဆာန်တစ်ကောင်ကို သတ်ဖြတ်တာဟာ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပဲ။ မွတ်စလင်တွေက ဘာကြောင့် အသားကိုမှ စားကြရတာလဲ။ဆိုတဲ့ အမေးကို ကမ္ဘာကျော်  Dr Zakir Naik ဖြေဆိုထားသော အဖြေကို ဖတ်လိုလျှင် Click Here

One Response to “ကုရ်ဘာနီသားကောင် – နွားသတ်တာ ရက်စက်မှုတဲ့လား ?”

  1. drkokogyi Says:

    လရောင် စိုးမိုး
    ကုရ်ဗာနီအစား တန်ဖိုးငွေ အညီအမျှ အလှူဒါနပြုခြင်း
    #####################################

    တစ်ဦးတစ်ယောက်သည် ကုရ်ဗာနီ ပြုလုပ်ရမည့် ရက်အတွင်း၌ပင် ကုရ်ဗာနီမပြုလုပ်ဘဲ ထိုသားကောင်၏ တန်ဖိုးနှင့်ညီမျှသော ငွေကြေးများ “စွဒကဟ်´´ပြု လှူဒါန်းလိုက်လျှင် သို့မဟုတ် ဆန် စပါး သီးနှံများ အဝတ်အထည်များကို သူဆင်းရဲတို့အားပေးကမ်းစွန့်ကြဲလိုက်သည်ရှိသော် ထိုအမိန့်ပညတ်ချက်နှင့် ဆိုင်သောတာဝန်ကျေပွန်လိမ့်မည်မဟုတ်ဘဲ ကုရ်ဗာနီပြုလုပ်ရမည့် တာဝန်စွန့်လွှတ်သည့် အပြစ်ဂိုနာဟ်ထိုက်မည်။ထို့အပြင် အမွှေးအမျှင်တိုင်းအတွက် အစားရရှိမည့် အကျိုးစဝါးဗ်များလည်းမရ ရှိနိုင်တော့ဘဲ လက်မဲ့ဖြစ်သွားပေလိမ့်မည်။

    ကိုယ်တော်မြတ်(ဆွ) မိန့်မြတ်တော်မူကြောင်းဟဒီးစ်တော်တစ်ပုဒ်၌ ဖော်ပြထားသည်မှာ–

    မည်သူမဆို ကြွယ်ဝချမ်းသာ၍ချောင်လည်နေပါက ကုရ်ဗာနီမပြုလုပ်ခဲ့သော် ထိုသူသည် ငါကိုယ်တော်မြတ်(ဆွ)၏ “အီးဒ်ဂါဟ်´´(အီးဒ်နာမာဇ် ဝတ်ပြုမည့်နေရာ)သို့မလာကြနှင့်။
    (ဟာကင်မ်ကျမ်း |သရ်ဟီးဘ်ကျမ်း တွဲ-၂ စာ-၁၀၃)

    ဤဟဒီးစ်တော်ကို ထောက်ရှုခြင်းအားဖြင့် ကုရ်ဗာနီ ပြုလုပ်ကြရန် အထူးတိုက်တွန်းနှိုးဆော် သတိပေးတော်မူထားကြောင်းသိရှိရသည်။

    ဤသို့ဖြင့် ကိုယ်တော်မြတ်(ဆွ)ကိုယ်တော်တိုင် စဉ်ဆက်မပြတ် ကုရ်ဗာနီ လုပ်ခဲ့သည်က တစ်ကြောင်း တိုက်တွန်းနှိုးဆော်ခဲ့သည်ကတစ်ကြောင်း ထိုအကြောင်းများကြောင့် ကုရ်ဗာနီပြုလုပ်ခြင်းသည် ချောင်လည်မှုရှိနေသူတိုင်းအတွက် ဝါဂျိဗ်ဖြစ်သည်ဟူ၍ အေမာမ်အဗူ ဟနီဖဟ် သခင်ကြီးကမိန့်တော်မူထားသည်။ထို့အပြင် ဆက်လက်၍မိန့်တော်မူထားသည်မှာ “စွာဟိဗိနိစွာဗ်” (ကုရ်ဗာနီပြုလုပ်ရန် တာဝန်ရှိသည်ဟူ၍ သတ်မှတ်ထားသော စံနှုံးမီသူ)တိုင်းသည်ကုရ်ဗာနီပြုလုပ်ရန် ဝါဂျိဗ်တာဝန်ထိုက်သည်။
    (ဝါဂျိဗ်တာဝန်သည် ဖရဇ်တာဝန်နီးပါး အကျိုးသက်ရောက်မှုရှိသည်။သို့သော် အမလ်ပြုလုပ်ကျင့်ကြံရာ၌ ဖရဇ်နှင့် တန်းတူဖြစ်သည်။)

    မော်လနာ မုဖ်သီ အဗ်ဒုရ်ရအူးဖ် ဆွာဟိဗ် စခ်ခရ်ဝီ
    (ဒု-ဓမ္မသတ်မှုး ဂျာမေအဟ်ဒါရုလ်အုလူးမ် |ကရာချီ) ပြုစု၍

    မုဖ်သီ ဟာဖိဇ် စအဒ်အာရိဖ် (မဟ်မူဒီ|မဇွာဟိရီ)ပြန်ဆိုသည့်

    ဇုလ်ဟဂ်ျလ နှင့် ကုရ်ဘာနီ စာအုပ် စာမျက်နှာ ၁၂-၁၃

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: