ဒေါ်အောင်ဆန်းစုကြည်နှင့် BBC အင်တာဗျူး

FB of UMin Naing
ဒေါ်အောင်ဆန်းစုကြည်နှင့် BBC အင်တာဗျူး
=======================

Suu ။ ။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ကျမတို့ ရောက်နေပြီဆိုပြီး လူတွေက အလွယ်တကူ လက်ခံထင်မှတ်နေတယ်လို့ ကျမ ထင်ပါတယ် ။ ဒီမိုကရေစီဖော်ဆောင်ရေးလမ်းကြောင်းဟာ အရှိန်အဟုန်နဲ့ ဖြစ်နေပြီဆိုပြီးတော့ပေါ့လေ…..။ တကယ်တော့ အဲဒီလိုမျိုး လုံးဝ မဟုတ်ပါဘူး ။ အခြေခံဥပဒေကို ဖတ်ကြည့်သူတိုင်း ကျမတို့ဘာကြောင့် ဒီလို အခြေခံဥပဒေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်မလာနိုင်သလဲ ဆိုတာ နားလည်နိုင်ပါလိမ့်မယ် ။

Mishal Husain ။ ။ လွန်ခဲ့တဲ့နှစ်တွေမှာ မြင်ခဲ့ရတဲ့ အပြုသဘောပြောင်းလဲတိုးတက်မှုတွေကြားထဲမှာ သိပ်ပြီး စိတ်မချမ်းသာစရာကောင်းလှ ၊ မလွယ်လှတဲ့ အဖြစ်တွေကလည်း ရှိနေတယ်နော် ။ အထူးသဖြင့် မြန်မာမွတ်ဆလင်တွေကို ဦးတည်ထားတဲ့ အကြမ်းဖက်ပဋိပက္ခတွေပေါ့ ။ အဲဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဒေါ်စု ဘယ်လိုမြင်ပါသလဲ ။ တချို့က ဒါကို မျိုးတုန်းသတ်ဖြတ်နေမှု ( ethnic cleansing ) လို့ ပြောနေကြတယ် ။
Suu ။ ။ မဟုတ်ပါဘူး ။ မျိုးတုန်းသတ်ဖြတ်မှုဆိုတာ မဟုတ်ပါဘူး ။ ဒါက ပြသာနာအသစ်တစ်ခုဆိုပါတော့….၊ ဒါပေမယ့် ပြသာနာအဟောင်းနဲ့လည်း ပတ်သက်နေပါတယ် ။ ဒီနေရာမှာ ကျမ သိစေချင်တာက မြန်မာ့လူဘောင်အဖွဲ့အစည်းထဲမှာ သဟဇာတဖြစ်ဖြစ် ပေါင်းစည်းနေထိုင်နေကြတဲ့ သဘောထားမျှတတဲ့ မွတ်ဆလင်တွေ အများကြီး ရှိတယ် ဆိုတာပါဘဲ ။ ဒီပြသာနာတွေဟာ မနှစ်က စပေါ်လာတာပါ ။ ဒီလိုဖြစ်ရတဲ့အကြောင်းကလည်း နှစ်ဖက်စလုံးမှာ စိုးရွံ့ထိတ်လန့်မှုတွေ ရှိနေလို့ လို့ ထင်ပါတယ် ။ ဒီစိုးရွံထိတ်လန့်မှုတွေဟာ မွတ်ဆလင်တွေဘက်မှ မဟုတ်ပါဘူး ………. မြန်မာတွေဘက်ကလည်း ရှိနေတယ် ဆိုတာကို အားလုံးသဘောပေါက်နားလည်ဖို့ လိုပါတယ် ။

Mishal Husain ။ ။ ဓါးစာခံအများစုဟာ မွတ်ဆလင်တွေဆိုတာကို ဒေါ်စု လက်ခံပါသလား ။ မွတ်ဆလင်တွေကို စနစ်တကျ ဦးတည်တိုက်ခိုက်မှုတွေရှိခဲ့တယ်ဆိုတာ အထောက်အထားလည်း ရှိနေပါတယ် ။

Suu ။ ။ ဟုတ်ပါတယ် ။ မွတ်ဆလင်တွေကို ရည်ရွယ်ပြီးလုပ်တာတွေ ရှိခဲ့ပါတယ် ။ ဒါပေမယ့် အကြမ်းဖက်မှုကို ဗုဒ္ဓဘာသာဝင်တွေလည်း ရင်ဆိုင်ခံစားခဲ့ရတာပါဘဲ ။ နှစ်ဖက်စလုံးမှာ ကြောက်ရွံမှုတွေ ရှိနေတယ် ။ ဒါကဘဲ ဒီပြသာနာတွေကို ဦးတည်ဖြစ်စေခဲ့တာပါ ။ အားလုံးကို ကျမနားလည်စေချင်တာက ဗုဒ္ဓဘာသာဝင်တွေရဲ့ တုန့်ပြန်ခြင်းတွေကလည်း ကြောက်ရွံစိုးထိတ်မှုကို အခြေခံတယ် ဆိုတာပါဘဲ ။ တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ မွတ်ဆလင် အင်အား ( global Muslim power ) သိပ်ကြီးမှန်း လူတိုင်း သိနေကြတယ် ဆိုတာ ကျမတို့အားလုံးလက်ခံကြမှာပါ ။ ကမ္ဘာ့နေရာတော်တော်များများမှာ ဒီအင်အားကို သိမြင်ကြသလို ကျမတို့နိုင်ငံမှာလည်း သိမြင်ကြပါတယ် ။ ဒီလိုကြောက်လန့်မှုတွေ ရှိနေတော့….။

Mishal Husain ။ ။ နှစ်ဖက်စလုံးမှာ ကြောက်လန့်မှုတွေ ရှိတယ် ဆိုရင်တောင်မှ ခံစားရတဲ့အတိုင်းအတာ ပဏာမချင်း မညီဘူး ဆိုတာကို ဒေါ်စု လက်ခံမလား ။ မြန်မာမွတ်ဆလင် တစ်သိန်းလေးသောင်းလောက် အိုးအိမ်တွေ စွန့်ပြီး ဒုက္ခသည်စခန်းတွေမှာ သွားနေကြရတယ်လေ ။ သူတို့က ဒီတိုက်ခိုက်အကြမ်းဖက်မှုတွေရဲ့ အဆိုးဆုံးဒုက္ခတွေကို ခါးစည်းခံရသူတွေပါ ။

Suu ။ ။ ဗုဒ္ဓဘာသာတွေအများကြီးလည်း မြန်မာပြည်ကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားခဲ့ကြရတာပါဘဲ ။ ဒုက္ခသည်စခန်းတွေမှာ အကြောင်းမျိုးစုံနဲ့ ရောက်နေတဲ့ ဗုဒ္ဓဘာသာတွေလည်း အများကြီးပါ ။ အများစုဟာ ထိုင်းမှာပါ ။ ကမ္ဘာအနှံ့မှာလည်း ပြန့်နေတာပါဘဲ ။ ဒါက အာဏာရှင်အစိုးရလက်အောက်မှာ ကျမတို့ ခံစားခဲ့ရတဲ့ ဒုက္ခတွေရဲ့ ရလာဘ်ပါ ။ အာဏာရှင်လက်အောက်မှာ နှစ်ပေါင်းများစွာ နေရင် လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်တတ်ကြတော့ပါဘူး ။ အာဏာရှင်အစိုးရတစ်ရပ်ဟာ လူ့အဖွဲ့အစည်းအတွင်းမှာ တစ်ယောက်ကို တစ်ယောက် မယုံကြည်မှုကို မွေးဖွားစေပါတယ် ။

Mishal Husain ။ ။ ဒါပေမယ့် လူတိုင်း သူတို့ လုပ်ရပ်အတွက် တာဝန်ယူတတ်ရမယ် မဟုတ်လား ။

Suu ။ ။ ဒါပေါ့ ။ တရားမျှတအောင် တာဝန်ယူဖြေရှင်းပေးမှုတွေ ရှိအောင် အစိုးရက ကြပ်မတ်လုပ်ဆောင်ပေးရပါမယ် ။

Mishal Husain ။ ။ ဒါပေမယ့် လူတွေ ကိုယ့်လုပ်ရပ် အပေါ်တာဝန်ယူမှု ရှိအောင်တော့ အစိုးရက မဆောင်ရွက်ပေးဘူးနော် ။ အထူးသဖြင့် ဗုဒ္ဓဘာသာ ဘုန်းကြီး ဦးဝီရသူလေ ။ အရင် သူက ထောင်ကျနေခဲ့တာ….. ၊ နောက်တော့ သူ့ကို လွှတ်ပေးလိုက်ကြတယ် ။ အခုကျတော့ သူက ပြည်သူတွေထဲမှာ သိပ်ကို လွှမ်းမိုးပြီး ပေါ်ပြူလာ ဖြစ်နေတယ် ။ ပြီးတော့ လူမျိုး ၊ ဘာသာနဲ့ ယုံကြည်မှု မတူသူတွေကို ခွဲခြားခြိမ်းခြောက်တဲ့ hate speech တွေ ဟောနေတယ်…..မွတ်ဆလင်တွေကို ခွေးတွေလို့ ပြောတာမျိုး ၊ မြန်မာအမျိုးသမီးတွေကို မွတ်ဆလင်တွေက ခိုးနေပါတယ်ဆိုပြီး အပြစ်တင်နေတာမျိုးတွေပေါ့ ။ အဲဒီလို hate speech မျိုးကို ဒေါ်စုအနေနဲ့ ရှုတ်ချသလား ။

Suu ။ ။ ကျမက အမုန်းနဲ့ပတ်သက်ရင် ဘယ်လို အမုန်းမျိုးကို မဆို ရှုတ်ချပါတယ် ။ ရှင်ပြောသလို အစိုးရက ဒီကိစ္စမှာ တာဝန်ယူဖြေရှင်းပေးတာမျိုး မရှိဘူးဆိုတာလည်း ဟုတ်ပါတယ် ။ ကျမအနေနဲ့ ရှင်တို့ကို တိုက်တွန်းချင်တာက အစိုးရကို မေးခွန်းထုတ်ကြဖို့ပါဘဲ…..သူတို့ရဲ့ ပေါ်လစီတွေဟာ ဘာလဲ ၊ အစိုးရအနေနဲ့ ဒီကိစ္စကို ပြေလည်စေဖို့ ဘာတွေလုပ်ဖို့ ကြိုးစားနေသလဲ ၊ ဘာတွေရော လုပ်နေသလဲ ၊ မလုပ်ဘူးလဲ စသည်ဖြင့်ပါ ။
ကျမတို့အစကတည်း ပြောခဲ့ပါတယ် ။ တရားဥပဒေစိုးမိုးမှုဟာ မရှိမဖြစ်ပါဘဲ ။ ဘာလို့လည်းဆိုတော့ မတူညီမှုတွေကို အတူတကွ အဖြေရှာဖို့ မလုပ်နိုင်ခင် အားလုံးစိတ်ထဲမှာ စိတ်ချလုံခြုံမှုရှိတယ်လို့ ခံစားမိမှ ဖြစ်မှာပါ ။ သူတို့စိတ်ထဲမှာ အိပ်နေတုန်းအသတ်ခံရမယ် လို့ ခံစားနေရရင် သဟဇာတဖြစ်မှုတို့ ၊ တစ်ယောက်ကိုတစ်ယောက် နားလည်လာအောင် ကြိုးစားဖို့ဆိုတာတွေကိုလည်း ဆွေးနွေးကြတော့မှာ မဟုတ်ပါဘူး ။

ဒီတော့ ကျမပြောချင်တာက အတိုက်အခိုက်ပါတီဝင်တွေဖြစ်တဲ့ကျမတို့ကို ဘယ်လို ခံစားနေရသလဲ ၊ ဘာတွေလုပ်ဖို့ရှိလဲ မေးနေမယ့်အစား အစိုးရကို မေးဖို့ တိုက်တွန်းပါရစေ ။ ဘာလို့လည်းဆိုတော့ ကျမတို့အနေနဲ့ အစိုးရတစ်ရပ် လုပ်ရမယ့် ကိစ္စတွေကို လုပ်ဆောင်နိုင်တဲ့ အခြေအနေမျိုးမှာ မရှိပါဘူး ။ ရှင်တို့အနေနဲ့ လက်ရှိအစိုးရကို သူတို့ ပေါ်လစီတွေဟာ ဘာတွေလဲ ၊ သူတို့အနေနဲ့ ဒီပြသာနာကို ဘယ်လို ဖြေရှင်းကိုင်တွယ်နေသလဲ ၊ သူတို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းဖို့ အစီအစဉ်ရှိသလဲဆိုတာ မေးသင့်ပါတယ် ။

Mishal Husain ။ ။ ပုဂိုလ်ရေးမေးခွန်းမေးရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်နှစ်လောက်မှာ ဘယ်အရာတွေကများ လိုက်လျောညီထွေနေဖို့ ခက်ခဲခဲ့သလဲ ။ ဒေါ်စုရဲ့ ဘ၀က အရမ်းကို ပြောင်းလဲသွားခဲ့တယ်လေ ။

Suu ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ထူးထူးခြားခြားတစ်ခုခုကို လိုက်လျောညီထွေအောင် နေနေရတယ်လို့ မထင်ပါဘူး ။ အခြေအနေတွေကတော့ အသစ်တွေပေါ့လေ……ဒါပေမယ့် ကျမ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်တာကာလက အခြေအနေတွေထက် ပိုပြီး ထူးခြားနေတယ်လို့တော့ မဟုတ်ပါဘူး ။

Mishal Husain ။ ။ ဒါပေမယ့် ဟိုတစ်စ ဒီတစ်စ ဖြစ်နေတဲ့ မိသားစုဆက်ဆံရေးတွေ ၊ သူငယ်ချင်းမိတ်ဆွေနဲ့ ဆက်ဆံရေးတွေကို အခုပြန်ပြီး ရတာ …… အကြာကြီး ဖြတ်တောက်ခံခဲ့ရတဲ့အဆက်အသွယ်တွေကို အခုမှ ပြန်ရတာတွေကရော……။

Suu ။ ။ မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် ပြန်ပြီး အဆက်အဆံလုပ်လို့ရပါတယ် ။ သိပ်ပြီး မစစ်မှန်တဲ့ သူငယ်ချင်းမိတ်ဆွေဆိုတာကတော့ ကျမနဲ့ နီးနီးကပ်ကပ်ဆက်ဆံရင် အန္တရာယ် ရှိနိုင်တယ်ဆိုတဲ့ ဟိုးအရင်ကတည်း လမ်းခွဲခဲ့ကုန်ကြပါပြီ ။ တစ်ဖက်ကလည်း ပြန်လာတဲ့ လူတွေတချို့ ရှိပါတယ် ။ ဒီလိုဆိုလည်း ကျမကတော့ လက်ခံတာပါဘဲ ……..လူတွေကို တချိန်လုံး ကိုယ်ယုံကြည်ရာကို ပြောဆိုရဲဖို့၊ သတ္တိရှိနေဖို့ မျှော်လင့်နေလို့ မရဘူးဆိုတာ ကျမလက်ခံပါတယ် ။

xxxxxxxxxxxxxxxxxxxxxxxx
Ko Min တော်လှတော်လှပြောတဲ့ကြားကယောင်းမမြင်းစီးထွက်ပြလိုကတာ၊ကျွန်တော်တော့ဟာကနဲဖြစ်အောင်အံ့သြရပါတယ်ဗျာ။
စဉ်းစားစေချင်ပါသည်။
BBC သတင်းထောက်က မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာနဲ့ပါတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းတဲ့အခါ သူရဲ့အဖြေစကားကို ကြားလိုက်ရတဲ့လူတွေ အထူးသဖြင့်လူ့အခွင့်အရေးလှုပ်ရှားသူတွေ အတော်များများ အံ့သြသွားကြရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေတစ်ချို့ကတော့ ဒုက္ခသည်ဖြစ်ပြီး နေရပ်စွန့်ခွာထွက်ပြေးကြရတာ ဗုဒ္ဓဘာသာဝင်တွေလဲ အများအပြားရှိပါတယ်၊ အထူးသဖြင့် ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ သူတို့ကိုတွေ့နိုင်ပါတယ်၊ အခြားပြည်ပ နိုင်ငံတွေက မွတ်စလင်မ်တွေရဲ့ အင်အားကြီးထွားမှုကို မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေထဲမှာလဲ အကြောက်တရားတွေရှိနေပါတယ်တဲ့ ထိုင်းနိုင်ငံကမြန်မာဒုက္ခသည်တွေရဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းပြောမသွားခဲ့ပါဘူးပြီးတော့ ဒေါ်အောင်းဆန်းစုကြည်အနေနဲ့ အကြောင်းအရာအတော်များများကို ရှင်းရှင်းလင်းလင်း ပြောမသွားခဲ့တာကြောင့် အဲ့ဒီအင်တာဗျူးရဲ့ နောက်ဆက်တွဲ မေးခွန်းတွေပေါ်ပေါက်လာရပါတယ်။

BBC သတင်းထောက်မေးချင်တာ မွတ်စလင်မ်တွေကိုပစ်မှတ်ထား တိုက်ခိုက်မှုတွေနဲ့ ဘာသာရေးပဋိပက္ခအကြောင်းတွေကိုပါ၊ ထိုင်းနိုင်ငံက ဒုက္ခသည်တွေဟာ ဘာသာရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူတွေမဟုတ်သလို ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ဗုဒ္ဓဘာသာတွေဟာလဲ ဘာသာရေးပဋိပက္ခတွေကြောင့် မဟုတ်ပြန်ပါဘူး၊ နှစ်ဖက်စလုံးမှာ ထိခိုက်နှစ်နာခဲ့ရပါတယ်ဆိုလို့ ကျနော့်မှာ မေးချင်တာတွေ များလာခဲ့ပြန်ပါတယ်၊ ဒီဘာသာရေးပဋိပက္ခတွေအတွင်းမှာ အဖျက်ဆီးခံ ဗလီက ၃၇ လုံးပါ ရခိုင်ပြည်နယ်မှာ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ တွေ့ရှိခဲ့တဲ့ ရိုဟင်ဂျာမွတ်စလင်မ်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး မြုတ်နှံထားတဲ့ စားရင်းတွေလဲရှိပါသေးတယ်၊ ကဲမေးပါရစေ ဘာသာရေးပဋိပက္ခကို ဘယ်သူဖန်တီးချင်နေတာပါလဲ၊ မွတ်စလင်မ်တွေက စတင်တယ်ဆိုရင် မွတ်စလင်မ်တွေကြောင့် ပျက်ဆီးသွားတဲ့ ဘုရားစေတီဘယ်နှစ်ခုများရှိပြီးလဲ သိပါရစေ၊ ဘုရားစေတီတစ်ခုမှမရှိတဲ့အတွက် တစ်ဖက်သက်၊ အနိုင်ကျင့်စော်ကားမှုလို့ပဲ သတ်မှတ်ရပါမယ်။

ဗုဒ္ဓဘာသာဝင်တွေရဲ့အိမ်တွေမီးလောင်တော့ မွတ်စလင်မ်တွေရှို့တယ် မွတ်စလင်မ်တွေရဲ့အိမ်တွေ ဗလီတွေ မီးရှို့ခံရတော့ သူတို့ဟာသူတို့ ရှို့တယ်ဆိုတဲ့ ရူးနှမ်းနှမ်းအတွေးတွေကို ကလေးတွေနဲ့ အသိဥာဏ်အားနည်းတဲ့ သူတွေပဲ လက်ခံပါလိမ့်မယ်။

ဒုက္ခသည်ဖြစ်သွားတဲ့စားရင်းမှာ ဗုဒ္ဓဘာသာဝင်ဦးရေက မွတ်စလင်မ်ဒုက္ခသည်ဦးရေအောက် ၄ ချိုး ၁ ချိုးတောင်မရှိပါဘူး၊ ရခိုင်ပြည်နယ် ပဋိပက္ခတွေအတွင်းမှာ မွတ်စလင်မ်ဒုက္ခသည်တွေဟာ ပြည်တွင်းက ထောက်ပံ့မှုတွေကို လုံလုံလောက်လောက်မရကြပါဘူး၊ မွတ်စလင်မ်အဖွဲ့အစည်းတွေဟာလဲ မွတ်စလင်မ်ဒုက္ခသည်တွေကိုပဲ သီးသန့် အကူအညီပေးခွင့်မရပြန်ပါဘူး၊ မွတ်စလင်မ်ဒုက္ခသည်က အများစုလည်းဖြစ်တော့ နိုင်ငံတကာNGOတွေက အမှန်တကယ် လိုအပ်နေတဲ့သူတွေကို အကူအညီပေးတဲ့အခါ ဘက်လိုက်တယ်လို့ စွပ်စွဲပြီး ဆန္ဒပြတာတို့ နှောက်ယှက်တာတို့လုပ်နေကြပါတယ်။

မြန်မာပြည်အနှံ့မှာလဲ မွတ်စလင်မ်တွေကို လူ့အဖွဲ့အစည်းကနေ ဖယ်ရှားနေကြပါတယ်၊ ဆိုင်ခန်းပိုင်ရှင်တွေက မွတ်စလင်မ်ဆိုင်ငှားတွေကို ဖယ်ရှားစေပါတယ်၊ မွတ်စလင်မ်တွေနဲ့စီးပွားရေး မလုပ်ဖို့ အတော်များများက အတင်း အဓမ္မဖိအားပေးခြင်းခံနေကြရပါတယ်၊ ဒါကကျနော်စဉ်းစားလို့ရသလောက်ပဲဖြစ်ပြီးတစ်ချို့နေရာတွေမှာဒီထက်ဆိုးနိုင်ပါသေးတယ်၊ ဒီအကြောင်းအရာတွေကို ထောက်ရှု့ပြီး နှစ်ဖက်စလုံးမှာ ထိခိုက်နစ်နာခဲ့ကြပါတယ်ဆိုတဲ့ အဖြေကို လုံးဝကန့်ကွက်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေထဲမှာလဲ မွတ်စလင်မ်တွေကို အကြောက်တရားတွေလွှမ်းမိုးနေပါတယ်လို့ ဖြေခဲ့ပါသေးတယ်၊ မွတ်စလင်မ်တွေကို ကြောက်နေကြတာလား မွတ်စလင်မ်တွေက ကြောက်နေကြရတာလားဆိုတာ အသိဥာဏ်လေးနဲ့ပဲစဉ်းစားစေချင်ပါတယ်။ ပဋိပက္ခဖြစ်ပွားမှုတိုင်းရဲ့အရင်းအမြစ်ဟာ မြန်မာပြည်မှာ ရောကမ္ဘာမှာပါ နေ့စဉ်နဲ့အမျှကြုံတွေ့နေရတဲ့ သာမာန်အမှုတွေပါ ဒီပြစ်မှုကျူးလွန်သူတာတွေကို နေ့စဉ်ထုတ်သတင်းတွေ ဂျာနယ်တွေမှာ မရိုးအောင်တွေ့နိုင်ပါတယ်။

မွတ်စလင်မ်အမျိုးသမီးလေးတွေဟာလဲ စော်ကားခံနေရပေမယ့် ပြဿနာမဖြစ်ခဲ့ပါဘူး မွတ်စလင်မ်တစ်ယောက်နဲ့အခြားဘာသာဝင်တစ်ယောက်ပြဿနာဖြစ်တာနဲ့ ဘာသာရေးပဋိပက္ခဖြစ်ပွားဖို့ ရာခိုင်နှုန်းအတော်များသွားရတဲ့အကြောင်းရင်းကို အရင်အဖြေရှာဖို့လိုပါလိမ့်မယ်။

ရခိုင်ပြည်နယ်က မွတ်စလင်မ်တွေဟာ နိုင်ငံသားဖြစ်ခွင့်ရချင်ယုံပါပဲ သူတို့ပြည်နယ်ခွဲထွက်ဖို့ ဘယ်တုန်းကမှ တောင်းဆိုခဲ့ဖူးခြင်းမရှိသလို ဘယ်တော့မှလဲ တောင်းဆိုမှာမဟုတ်ဘူးဆို တာယုံကြည်ပါတယ်။

မွတ်စလင်မ်တွေကို စော်ကားအနိုင်ကျင့်နေမှုတွေအတွက် မွတ်စလင်မ်တွေကို အသားလွတ်မုန်းတီးနေသူတွေနဲ့ ရခိုင်လူမျိုးတွေဖန်တီးလိုက်တဲ့ အကြောင်းပြချက်တစ်ခုပါပဲ၊ ဘယ်မွတ်စလင်မ်ကမှ မြန်မာပြည်မှာ အဖျက်အမှောင့်လုပ်ငန်းတွေ မလုပ်ဖူးခဲ့သလို မွတ်စလင်မ်စစ်သွေးကြွတွေ လက်နက်ကိုင်တပ်ဖွဲ့တွေလဲ မရှိတာမို့ မွတ်စလင်မ်တွေကို ကြောက်ရွံ့နေကြရပါတယ်။ အကြောက်တရားတွေရှိနေပါတယ်ဆိုတဲ့ အဖြေကိုလဲ ကန့်ကွက်ရမှာပါ။

နောက်ဆုံးအနေနဲ့ ကျနော်ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ကမ္ဘာသိမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကြီးတစ်ဦးပါ သူမရဲ့အပြုအမူ အပြောအဆို လှုပ်ရှားမှုတိုင်းကို ပြည်တွင်းကအတိုက်အခံတွေရော ပြည်ပအခြေစိုက် လူ့အခွင့်အရေးသမားတွေကပါမျက်ခြေမပျက် စောင့်ကြည့်နေတယ်ဆိုတာသိပါလိမ့်မယ်။

NLD ပါတီအတွင်းမှာ အစ္စလာမ်ဘာသာဝင်တွေလဲရှိကြပါတယ် သူတို့တွေဟာ မွတ်စလင်မ်တွေရဲ့အကျိုးစီးပွားအတွက်ဆိုတာထက် မြန်မာ့နိုင်ငံရေးမှာ တတ်နိုင်သလောက် ပေးဆပ်ချင်တာရယ်၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တစ်ဦးနဲ့ ဒိုမိုကရေစီအတွက် ကြမ်းတမ်းတဲ့အခက်အခဲတွေကို ကျော်ဖြတ်လာခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် လေးစားတဲ့အတွက်ကြောင့်ပဲဖြစ်ပါလိမ့်မယ်။

မွတ်စလင်မ်တွေရဲ့ကံကြမ္မာဟာပါတီတစ်ခုအပေါ်မှာ မူတည်နေတယ်ဆိုတဲ့အတွေးမျိုး ကျနော်တို့ဘယ်တုန်းကမှမစဉ်းဖူးပါဘူး၊ ဒေါ်အောင်းဆန်းစုကြည်ကို ပြည်တွင်းပြည်ပက လူပုဂ္ဂိုလ်တွေ လေးစားချစ်ခင်ကြတဲ့ အကြောင်းရင်းဟာလဲ အဖိနှိပ်ခံပြည်သူလူထုတွေဖက်ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့အတွက်ကြောင့်ပါ။

BBCသတင်းထောက်ရဲ့မေးခွန်းတွေကြောင့် သမ္မတရာထူးမျှော်မှန်းနေတဲ့ ဒေါ်စုအနေနဲ့ ပြည်တွင်းကအတိုက်အခံတွေရဲ့ ခြေထိုးမှုကို ရှောင်ရှားချင်တယ်ဆိုရင်တောင် ဒီထက်ပိုမိုကောင်းမွန်တဲ့ စကားလုံးတွေနဲ့ လိမ္မာပါးနပ်စွာ ရှောင်ရှားနိုင်မယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။

ဒေါ်စုရဲ့အဖြေစကားကိုကြားလိုက်ရတဲ့သူတွေဟာလဲ ဒေါ်စုဟာ မွတ်စလင်မ်တွေကို အကာအကွယ်ပေးနေတယ်ဆိုတဲ့စွပ်စွဲချက်တွေအတွက် နားလည်သဘောပေါက်လောက်ပြီးလို့ထင်ပါတယ်၊ အာဏာရှင်ကြီးတွေက အသိဥာဏ်စဉ်ချင်တုန်တရားအားနည်းသူတွေကို အသုံးချခဲ့တဲ့လှည့်ကွက်လေးတစ်ခုပါပဲ တစ်ကယ်တော့ မြန်မာပြည်က မွတ်စလင်မ်လူ့အဖွဲ့အစည်းတွေဟာ ခေတ်အဆက်ဆက်က အာဏာရှင်တွေရဲ့အကျိုးစီးပွားအတွက်နဲ့ အသိဥာဏ်အားနည်းတဲ့လူတွေရဲ့ အသုံးချခံသက်သက်ပါပဲ။

ဗွီဒီယိုကြည့်ရှုရန် အောက်ပါလင့်ခ်နှိပ်ပါ
https://www.youtube.com/watch?v=ICIfe6Q09n4

အလင်းမျက်ဝန်းမှ ကူးယူဖော်ပြသည်။

 

Leave a comment