၂၀၁၄ နဲ့ ကုဒ်နံပါတ်များ

၂၀၁၄ နဲ့ ကုဒ်နံပါတ်များ

October 25, 2013 at 3:31am

ဒီမနက်မှာ မိတ်ဆွေတစ်ယောက်က ၂၀၁၄ သန်းခေါင်စာရင်းမှာ အသုံးပြုမဲ့ ကုဒ်နံပါတ်တွေကို pdf ဖိုင်နဲ့ အီးမေးလ်ကတဆင့် ပို့ပေးလာတယ်။ ဒီ ကုဒ်နံပါတ်တွေကို စိတ်ဝင်တစားကြည့်မိတာက (၁) တိုင်းရင်းသား အဖြစ်သတ်မှတ်ထားတဲ့ စာရင်းတွေ စုံ/မစုံ၊ (၂) နိုင်ငံခြားသား သတ်မှတ်ထားပုံနဲ့ ပက်သက်တာတွေ (၃) deny လုပ်ခံထားရတဲ့ လူမျိုးစုစာရင်းတွေနဲ့ပက်သက်ပြီး ဘယ်လို အကြံအဖန်တွေ လုပ်ထားလဲဆိုတာတွေ ဖြစ်ပါတယ်။ (စာရင်းအပြည့်အစုံကို ကျနော့် ဝေါပေါ်မှာတင်ထားတယ်။ ဒီမှာတော့ ပြောချင်တဲ့ စာမျက်နှာပဲ ဖေါ်ပြပါမယ်။) 

C1

 

အဲဒီအတိုင်း မြင်သမျှကို ပြောရရင်

(၁) တိုင်းရင်းသား ၁၃၅ မျိုးနာမည် ပါရှိပြီး သူတို့အတွက် ကုဒ်နံပါတ်အသီးသီး ပါ ပါတယ်။ သို့သော် မကြာခင်ကပဲ တိုင်းရင်းသားစာရင်းမှာ မပါလို့ တောင်းဆိုခဲ့ဖူးတဲ့ ဇိုးမီး လူမျိုးစုစာရင်းကို မတွေ့ရပါ။ ချင်းလူမျိုးစုထဲမှာ (ဇိုတုံး၊ ဇိုဖေ၊ ဇို ) ဆိုပြီး သုံးမျိုးတွေ့ရတော့ အဲဒါတွေထဲက တခုခုဖြစ်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျနော် အတိအကျ မသိပါ။ နောက်ပြီး အခြားတိုင်းရင်းသားလူမျိုးများ ဆိုပြီး အရေအတွက် နဲ့ အမျိုးအမည်ကန့်သတ်မထားတဲ့ စာရင်းတစ်ခုပါရှိတာ ထူးခြားချက်ပါ..

(၂) နိုင်ငံခြားသားလူမျိုးများစာရင်းမှာ မြန်မာ-နိုင်ငံခြားသား သွေးနှောများ ဆိုတာကနေ စပါတယ်။ ဒီထဲမှာ စင်္ကာပူ၊ အမေရိကန်တို့တောင် ပါနေတာတွေ့တော့ နည်းနည်း မျက်ခုံးပင့်မိတယ်။ တစ်စုံတစ်ခုကို နိုင်ငံခြားသားအဖြစ် သတ်မှတ်ဖို့အရေး အမြင်ကောင်းအောင် မဆီမဆိုင်တာတွေ ရောထည့်ထားသလား လို့တောင် အတွေးဝင်မိပါတယ်။

(၃) Deny လုပ်ခံထားရတဲ့ လူမျိုးစုတွေနဲ့ပက်သက်ပြီး ကြည့်မိတော့ ထင်တဲ့အတိုင်းပါပဲ။ တစ်လုံးတစ်ပါဒမှ မပါဝင်ပါ။ ဥပမာ – ရိုဟင်ဂျာ၊ ပသီ၊ မြေဒူး၊ ပသျှူး၊ ဇိုးမီး (အပေါ်က သုံးမျိုးမှာ မပါဘူးဆိုရင်) …. စသဖြင့်ပေါ့ဗျာ။

ဒီတော့ အဲဒီ လူမျိုးစုတွေအတွက် ဘယ်လို ဖြစ်လာနိုင်မလဲ စဉ်းစားကြည့်တယ်။ နိုင်ငံခြားသား စာရင်းတွေထဲ ပါသွားမှာကတော့ သေချာပါတယ်။ တရုတ်၊ ပါကိစတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်/ဘင်္ဂလီ ဆိုတာတွေ ထည့်ထားတာ အလကားမဟုတ်။ ဘင်္ဂါလီ- ဘင်္ဂါလီ- ဘင်္ဂါလီ လို့ အဆက်မပြတ်ခေါ်နေတာတွေက အကြောင်းမဲ့မဟုတ်၊ အဲဒီစာရင်းမှာ ထည့်မယ်လို့ အချက်ပေးနေခြင်းပင်။ ကိုယ်က အမှန်တကယ် တရုတ်လူမျိုး၊ ပါကိစတန်လူမျိုး၊ အိန္ဒိယလူမျိုး၊ ဘင်္ဂလားဒေ့ရှ်/ဘင်္ဂလီလူမျိုး ဖြစ်နေလို့ ဒီအတိုင်း မှတ်တမ်းယူသွားရင်လည်း ပြဿနာမဟုတ်ပါ။ ဒါဟာ လူဦးရေစာရင်းကောက်နေတာသာ ဖြစ်တဲ့အတွက် နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းနဲ့ မသက်ဆိုင်ပါဘူး။ သို့သော် အဲဒီလူမျိုးတွေမဟုတ်ပေမဲ့ ကိုယ့်လူမျိုးအမှန်အတွက် ကုဒ်နံပါတ်မပါတဲ့အတွက် ဒီစာရင်းမှာ အဆင်သင့်ရှိနေတဲ့ နိုင်ငံခြားသားစာရင်းတွေထဲ ထည့်ခံရမယ်ဆိုရင်တော့ သေချာစဉ်းစားဖို့ လိုပါတယ်။ အဲလိုအခြေအနေမျိုး ကြုံလာရင် ဘယ်လိုလုပ်မလဲ စဉ်းစားထားစေလိုပါတယ်။

ကျနော် တွေးမိတာ သုံးခုရှိပါတယ်။

တစ်အချက်က ကိုယ့်လူမျိုးအမှန်ရဲ့ နာမည်နဲ့ ကုဒ်နံပါတ် ထပ်တိုးပေးဖို့ အစိုးရနဲ့ UNFPA ကို တောင်းဆိုဖို့ပါ။ ကျနော့်အမြင်မှာတော့ ဒီလမ်းကြောင်းက အောင်မြင်နိုင်ချေ အင်မတန်နည်းပါတယ်။ မဖြစ်နိုင်သလောက်ပါပဲ။

နှစ်အချက်က “အခြားတိုင်းရင်းသားလူမျိုးများ” ဆိုတဲ့ ကုဒ်နံပါတ်ကို ထည့်ခွင့်ရဖို့ ကြိုးစားဖို့ပါ။ ဒီမှာ တစ်ခု စဉ်းစားစရာရှိတာက အဲဒီ “အခြားတိုင်းရင်းသားလူမျိုးများ” ဆိုတာရဲ့ ကုဒ်နံပါတ်က ၈၅၀ ဖြစ်နေတာပါ။ ဒီတော့ ဒီ ကုဒ် က တနိုင်ငံလုံးကို ကိုယ်စားမပြုဘဲ ရှမ်းပြည်နယ်မှာ ကျန်ရှိကောင်း ရှိနိုင်တဲ့ စာရင်းမပါတဲ့ ရှမ်းလူမျိုးစု တွေကိုပဲ ရည်ရွယ်တာလို့ ကျနော်ထင်ပါတယ်။ ဒါကြောင့် ခင်ဗျားဟာ ရှမ်းလူမျိုးစုတွေထဲကမဟုတ်ဘဲ ဒီ ကုဒ်နံပါတ်နဲ့ မှတ်တမ်းယူဖို့ မဖြစ်နိုင်ပါ။ ဥပမာ- `ပသီ´ နာမည်မပါလို့ ဒီ ကုဒ်နံပါတ်နဲ့ မှတ်တမ်းယူချင်ရင် မရပါ။ ( ဒါ ကျနော့်အမြင်ပါ။ မှားတယ်ဆိုရင်လည်း ထောက်ပြနိုင်ပါတယ်)

သုံးအချက်က ခင်ဗျားရဲ့ လူမျိုးအမှန်ကို အတိအကျ ချရေးခိုင်းပါ။ ဒီစာရင်းမှာ မပါလို့ ကုဒ်နံပါတ်မရှိရင်လည်း ပြဿနာ မဟုတ်။ အရေးကြီးတာ ခင်ဗျား ဘာလူမျိုးလည်းဆိုတာ မှတ်တမ်းဝင်သွားဖို့ လိုတယ်။ ဒီလို ရေးခိုင်းလို့ ခင်ဗျားကို ဘယ်သူကမှ ဘာမှမလုပ်နိုင်ပါဘူး။ ဒါကို သေသေချာချာ မှတ်ထားပါ။ ကျနော် ဒါကို အကြောင်းမဲ့ ပြောတာ မဟုတ်ပါ။ အောက်က စာမျက်နှာက သန်းခေါင်စာရင်းနဲ့ပက်သက်ပြီး လ၀ကမှ တရားဝင်ထုတ်ပြန်ထားတဲ့ ပုံစံတစ်ခုပါ။

C2

C3

နံပါတ်(၉) ကို ပုံကြီးချဲ့ထားတာ ကြည့်ပါ။ “လူမျိုး သင်္ကေတကို ကြည့်ပါ။ လူမျိုး သင်္ကေတတွင် မပါ ပါက လူမျိုး အမည်ရေးသွင်းပါ”  လို့ ရှင်းရှင်းလင်းလင်း ဖေါ်ပြထားပါတယ်။ ဒါကြောင့် ကုဒ်နံပါတ် မပါတဲ့ လူမျိုးစုတွေအတွက် ဖြစ်နိုင်ချေအရှိဆုံးက ကိုယ့်လူမျိုးအမှန်ကို ချရေးခိုင်းပါ။ နိုင်ငံခြားသား စာရင်းမှာ ပါသွားမှာလား၊ တိုင်းရင်းသားစာရင်းမှာ ပါမှာလားဆိုတာ မစဉ်းစားပါနဲ့။ ဒါဟာ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်း ဆုံးဖြတ်ဖို့မဟုတ်ဘဲ ဘယ်လူမျိုး ဘယ်လောက်ရှိတယ်ဆိုတဲ့ လူဦးရေစာရင်းကောက်နေတာသာ ဖြစ်ပါတယ်။ ရှေးက ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေမှာ လူမျိုးနာမည် ပါ/ မပါ ဆိုတာကို ကိုင်ပြီး အငြင်းအခုန်လုပ်နေကြတဲ့ လက်တလော အခြေအနေတွေကိုကြည့်ရင် ခု သန်းခေါင်စာရင်းမှာ ကိုယ့်လူမျိုးစာရင်းနဲ့ မှတ်တမ်းဝင်သွားဖို့ ပိုအရေးကြီးတယ်ဆိုတာ အများကြီးရှင်းပြနေစရာ လိုမယ်မထင်ပါဘူး။

သို့သော် သိရသလောက် သတင်းတွေအရ ကောက်ယူပြီးသမျှစာရင်းများကို ကွန်ပျူတာပရိုဂရမ်ဖြင့် အုပ်စုခွဲခြားပြီး နောက်ဆုံးစာရင်း ထုတ်ပြန်မှာဖြစ်တဲ့အတွက်၊ ကျနော်ခုပြောသလို ကုဒ်နံပါတ်မပါလို့ ကိုယ့်ထည့်ခိုင်းတဲ့ လူမျိုးနာမည်နဲ့ မှတ်တမ်းတင်သွားရင်လည်း အမှန်တကယ်စာရင်းချုပ်တဲ့အခါ သူတို့ ရေးဆွဲထားတဲ့ ပရိုဂရမ်က recognized မလုပ်တဲ့ လူမျိုးနာမည်တွေအားလုံး `အခြားနိုင်ငံခြားလူမျိုးများ (၉၁၂)´ ဆိုတဲ့ စာရင်းထဲ ရောက်သွားမှာ သေချာသလောက်ပါပဲ .. စာရွက်ပေါ်မှာသာ ကိုယ့်လူမျိုးနာမည်ကျန်နေပေမဲ့ တကယ်တမ်း စာရင်းထုတ်ပြန်တဲ့အခါ ပါလာမှာ မဟုတ်ပါဘူး။ ဒီလိုဖြစ်ခဲ့မယ်ဆိုရင် နောင်တချိန်မှာ ကိုယ့်လူမျိုးစာရင်းကို ဒီသန်းခေါင်စာရင်းဖြင့် ကိုးကားလို့ ရနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလိုဖြစ်လာနိုင်ချေ ရှိတာကိုလည်း ထည့်တွက်ရပါလိမ့်မယ်။ ဒီလိုမလုပ်ချင်ရင် ဘာလုပ်သင့်သလဲ? ကျနော့်အမြင်ကတော့ ဒီလို ကိုယ့်လူမျိုး နာမည်ထည့်လိုက်လို့ `အခြားနိုင်ငံခြားလူမျိုး (၉၁၂)´ စာရင်းဝင်သွားရင်တောင်မှ စာရင်းကောက်တဲ့ စာရွက်ပေါ်မှာတော့ ကိုယ့်လူမျိုးအမည် ကျန်ရစ်နေပါလိမ့်မယ်။ ဒီတော့ တစ်ခုကိုရပြီး တစ်ခုကို compromise လုပ်ရတယ်လို့ မြင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ `အခြားတိုင်းရင်းသားလူမျိုးများ (၈၅၀)´ ကို တနိုင်ငံလုံးအကျုံးဝင်တဲ့ ကုဒ်နံပါတ်တစ်ခုဖြစ်ကြောင်း သေချာလို့ ဒီကုဒ်နံပါတ်ကိုပဲ ရွေးထည့်ခဲ့မယ် ဆိုရင်တော့ compromise လုပ်ရမှာက နှစ်ခုဖြစ်သွားပါလိမ့်မယ်။ တစ်ခုက စာရင်းကောက်တဲ့ စာရွက်မှာလည်း ကိုယ့်လူမျိုးအမည် ပါမှာမဟုတ်သလို၊ ကုဒ် ၈၅၀ နဲ့ ကောက်ယူခဲ့သမျှ စာရင်းတွေအားလုံး နောက်ဆုံး ထုတ်ပြန်တဲ့အခါ `အခြားတိုင်းရင်းသား လူမျိုးများ´ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ထုတ်ပြန်မှာဖြစ်လို့ ဒါလည်းပဲ နောင်တချိန် ပြန်ကိုးကားစရာ ရှိတော့မှာမဟုတ်ပါဘူး။

 

ဘာပဲဖြစ်ဖြစ် ကျနော့်တစ်ဦးတည်းအမြင်အရ အသေအချာ ထပ်မှာချင်ပါတယ်။ ဒီစာရင်းမှာ

ကိုယ့်လူမျိုးအမှန်ရဲ့ ကုဒ်နံပါတ်မပါရင် ကိုယ့်လူမျိုးနာမည်ကိုသာ ဖြည့်သွင်းပါ။ ကိုယ်တိုင်

ဘာလူမျိုးဖြည့်ရမယ် မသိရင်လည်း ကိုယ့် community မှာ ဦးဆောင်နေတဲ့သူတွေဆီက

အကြံဥာဏ်ယူပါ။ လူအများစုကိုလွမ်းခြုံနိုင်မဲ့ ပြန်တမ်းဝင် လူမျိုးနာမည်မျိုးကိုသာ ရွေးချယ်ပြီး

တစုတစည်းထဲ ဖြည့်သွင်းနိုင်ပါက ပိုကောင်းမယ်လို့ ထင်ပါတယ်။ မသိနားမလည်တဲ့သူတွေကိုလည်း

ဒီအကြောင်း လက်ဆင့်ကမ်း ရှင်းပြပါ။ လုံးဝ စိုးရိမ်စရာမလိုကြောင်းလည်း တပါတည်း ပြောပါ။

ရှေးက အားနည်းခဲ့လို့ ဒီနေ့ခေတ်မှာ ခံနေကြရသလိုမျိုး ခင်ဗျားတို့ ထပ်မှားရင်ဖြင့် ခံစားကြရမဲ့

သူတွေက ခင်ဗျားတို့ မျိုးဆက်များသာ ဖြစ်ပါကြောင်း ..

 

(ကျနော့် တဦးတည်းရဲ့ အမြင်နဲ့ အကြံပြုထားခြင်းသာ ဖြစ်ပါတယ်။ အမြင်မတူတာရှိရင်လည်း ဆွေးနွေးစေလိုပါတယ်။

မိမိတို့ရဲ့ ဦးဆောင်သူများနှင့်တိုင်ပင်ပြီး အားလုံးတညီတညာတည်း ရွေးချယ်ထားတဲ့ လမ်းကိုလိုက်ဖို့ ပိုပြီး

အားပေးပါတယ်။)

ဦးဦး မှော်ဆရာ

(၂၅.၁၀.၂၀၁၃)

Tags: , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: