သမ္မတဦးသိန်းစိန် ပျော့ညံ့လွန်း – ပြတ်သားမှူ၊ ဆုံးဖြတ်နိုင်စွမ်းတွေ မရှိ

FB of Lynn Hpone Thant

စစ်တပ် နဲ့ စစ်သား အုပ်ချုပ်တာ မကြိုက်ပေမဲ့ သမ္မတဦးသိန်းစိန်လိုပြတ်သားတဲ့ ခေါင်းဆောင်မျိုး လိုချင်တယ် လို့ တယောက်က ပြောထားတယ်။
နောက်များနေသလားတောင် စိတ်ထဲ ထင်မိတယ်။ အရင်တခါလဲ ရေးဘူးပါတယ်။ ရွာက ကိုယ့်ဘကြီးဆိုရင်တော့လည်း ရပ်ကွက်လူကြီး ဆိုရင်လဲ ကြည်ညိုမိမှာပါ။ တပ်ရင်းမှူးလောက်ဆိုလဲ နွားခြံတွေ ငါးကန်တွေ စိုက်ခင်းတွေလဲ အောင်မြင်မှာပါ။ နိုင်ငံတခုလုံးကို အုပ်ချုပ်ဖို့က ပျော့ညံ့လွန်းတယ်။ ပြောင်းလဲရေးဖြစ်စဉ်တခုလုံးဟာ အရှိန်အဟုန်ကောင်းမလို စခဲ့ပြီးမှ ရှေ့မတိုး နောက်မဆုတ်တာဟာ ခေါင်းဆောင်ကောင်းတယောက်မှာ ရှိသင့် ရှိအပ်တဲ့ ပြတ်သားမှူ၊ ဆုံးဖြတ်နိုင်စွမ်းတွေ မရှိလို့ပါဘဲ၊

နိုင်ငံတခုကို အုပ်ချုပ်ဖို့က ဒီလောက်မရိုးစင်းပါဘူး။ ဝန်ကြီးအဖွဲ့ထဲမှာပါတဲ့ နောက်ပြန်ဆွဲနေသူတွေ အကြီးအကျယ် လာဘ်စားနေသူတွေကို လက်တွဲမဖြုတ်ရဲဘူး။ သူ့ရဲ့ အကြံပေးတွေ ဟိုတယောက်က ဒီလိုပြောရင် စာတမျိုးထွက်လာတယ်။ နောက် လူတွေ လက်မခံဘူးဆိုရင် အသံတမျိုးထွက်လာတယ်။ လွှတ်တော်ကို တင်သွင်းတဲ့ ရခိုင်အရေး နောက်ဆက်တွဲမှာ သိန်းစိန် ဆိုတဲ့ လက်မှတ်ကြီး ပါလာပြီးမှ ပြန်ရုပ်သွားတာ နမူနာပါ။ ဘာသာရေးကို အခြေပြူတဲ့ အိုအိုင်စီ ဝင်လာခြင်းဟာလည်း ပျော့ညံ့မှူတခုလို့ မြင်ပါတယ်။ ရုံးခန်းဖွင့်ခွင့်မပေးပါဘူး ပြောပေမဲ့ နိုင်ငံအဝှမ်း ဝင်ချည်ထွက်ချည်လုပ်နေတာ မျက်မြင်ပါဘဲ။ ထိုင်းတောင်ပိုင်းမှာ ဖိလစ်ပိုင်မှာ မွတ်ဆလင်အကြမ်းဖက်သမားတွေ သောင်းကျန်းနေတာကို ဒီနိုင်ငံတွေ အိုအိုင်စီ အစစ်ခံတယ် မကြားဘူးပါ။

လူမျိုးရေး အဓိကရုမ်းတွေ ပျံ့နှံ့လာချိန်မှာ နောက်ကွယ်က ကြိုးကိုင်သူသာပြောနေတာပါ။ တကယ် ဘယ်သူတွေ ဆက်စပ်လဲ သိပေမဲ့ ပြတ်ပြတ်သားသားနှိမ့်နင်းဖို့ ပျက်ကွက်ခဲ့တာ အမိန့်ပေးဖို့ ပျက်ကွက်တာ အထင်အရှားပါ။ ဒဏ်ရာရနေတဲ့သူကို အရှင်လတ်လတ် မီးရှို့တာ ရဲတွေ ဒီတိုင်းကြည့်နေတာ၊ ရဲတွေရှေ့မှာ လူတယောက်ကို ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်တာ ဗီဒီယိုတွေ ထွက်လာလို့ ကမ္ဘာအလယ် အရှက်ရခဲ့ပါပြီ။ ဒါပေမဲ့ လက်ပန်တောင်းမှာ မနက်လင်းအားကြီး မီးသင်ဃန်းပူဇော်တာကျတော့ အင်မတန် ပြတ်သားခဲ့ပါတယ်။ တကယ်ဆိုရင် ဒီလို နှိမ်နင်းဖို့ အမြင့်ဆုံး အမိန့်ပေးသူ မပါဘဲ မရနိုင်ပါဘူး။ နိုင်ငံတကာမှာ ဆိုရင် သမ္မတနှုတ်ထွက်စာတင်မှာပါ။ အခုတော့ တိုင်းဝန်ကြီးချုပ်လဲ ဒီအတိုင်း၊ ပြည်ထဲရေးဝန်ကြီး ရဲချုပ် ဘယ်သူမှ မလှုပ်၊ တာဝန်ခံမှူဆိုတာ ဘာကိုခေါ်သလဲလို့သာ မေးရမှာပါ။ ဖေ့ဘွတ်ပေါ် မြင်းထိန်းငတာလို လက်ထောက် တွေ (ဥပမာ ဦးရဲထွဋ်၊ မှူးဇော်)တို့ရဲ့ ရှေ့နောက်မညီရေးသားနေမှူတွေ အလွန်အကျွံ ချီးမြှောက်တာတွေကလဲ ပုံရိပ်ကျစေပါတယ်။

ကျနော်တို့ အနေနဲ့ ပြူပြင်ပြောင်းလဲရေးမှာ အသွင်ကူးပြောင်းရေးကာလမှာ ခေါင်းဆောင်ကောင်းတယောက်အနေနဲ့ ဒီသက်တမ်းမှာ နာမည်ကောင်းနဲ့ ဦးသိန်းစိန်ထွက်သွားတာကို ဂုဏ်ယူလိုပါတယ်။ ဒါပေမဲ့ ဒီထက်တော့ ပြတ်သားစွာ ခေါင်းဆောင်ပေးဖို့ လိုပါတယ်။ အရင် တခေတ်က စစ်ဗိုလ်ချုပ်ဟောင်းထဲမှာ လာဘ်စားမှူ၊ မိသားစုဝင်တွေအခွင့်အရေး ရယူမှူ စတာတွေမှာ ကင်းရှင်းလို့ သတင်းကောင်းထွက်သူမို့ သူသာ ပြတ်ပြတ်သားသား ခေါင်းဆောင်ရင် ပြည်သူက ထောက်ခံမှာပါ။ အခုလဲ နောက်မကျသေးပါဘူး။ လက်ခုတ်တီးချင်ပါတယ်။သမ္မတဦးသိန်းစိန်ကိုပြောချင်တာက လောင်းရိပ်မိနေရင် ကြိုးကိုင်ခံနေရရင်လဲ ပြတ်သားလိုက်ပါ။ ချန်ထားရမဲ့သူတွေချန်ထားလိုက်ပါ။ ပြည်သူက အားပေးထောက်ခံဖို့ ဝန်မလေးပါဘူး။

Leave a comment