ခင်ညွန့် မလုပ်တဲ့နိုင်ငံရေး

(ဗိုလ်) ခင်ညွန့် မလုပ်တဲ့နိုင်ငံရေး မျိုးမြင့်ချို-၃-၁၂ -၂၀၁၃

ဗိုလ်ခင်ညွန့်ရဲ့ ”နိုင်ငံရေးမလုပ်တော့ပါ”နဲ့ပါ ပတ်သက်လို့ ကျနော်မြင်တာပြောပါ့မယ်။ မပြောခင် ဒီလူဟာလူကောင်းမဟုတ်ဘူးဆိုတာနဲ့ မကောင်းဆိုးရွားတွေထဲက”အဆိုးနည်းမကောင်းဆိုးရွား” ဆိုတာလက်မခံကြောင်းအရင် ပြောပါတယ်။ ”လူတော်”ဆိုလည်း အာဏာအတွက် တိုင်းပြည်ကိုနှိပ်ကွပ်ရာမှာတော်တဲ့”မသူတော်”လို့ ပြောမှရပါလိမ့်မယ်။

သူ့ကိုအပြင်ထုတ်ပေးလိုက်ချိန်မှာသူတို့အကြားအကြီးအကျယ် အားပြိုင်မှုတခုခုရှိပြီးမှ၊ အကြောက်အကန်နယ်လုပြီးမှ၊ အကန့်အသတ်ကြီးကြီးနဲ့စည်းချ နားလည်မှုယူပြီးမှထုတ်ပေးလိုက်မှန်းတွေးကြည့်လို့ ရနိုင်တယ်။ ခင်ညွန့်ဘုန်းမီးနေလတောက်စချိန်တွေကရွှေမန်းတို့ သိန်းစိန်တို့ဆိုတာနိုင်ငံတကာရှေ့ လူလုံးတောင်ထွက်ပြနိုင်ကြသူတွေ မဟုတ်။ အငံ့လေးတွေပါ။ မင်းအောင်လှိုင်ဆို ဓါးမနောက်ပိတ်ခွေးသာသာပဲ။ ခင်ညွန့်အဖြုတ်ခံရတာနံပတ်ဝမ်းဖြစ်လာမှာစိုးလို့ရှင်းတာ မဟုတ်ပဲ သူတို့ခိုးဝှက်လုယက်တာတွေကို စာရင်းမှတ်ပြီးအချက်အလက်စုကာတချိန်ချိန်ကျ ဖော်ကောင်လုပ်မလာနိုင်အောင် လူ၊ ဂိုဏ်းနဲ့ အထောက်အထားမှန်သမျှ လက်စဖျောက်ဖို့ လက်ဦးမှုယူအပျောက်ရှင်းပွဲပါ။ လာဘ်စားလို့ဖြုတ်ကြေးဆိုစစ်အုပ်စုမှာ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင်မကျန်ပါ။ နေဝင်းမြေးတွေနဲ့တွဲပေးပြီးအာဏာသိမ်းဖို့ကြံတယ်ဆိုရအောင်လည်း တပ်ကြီးတစ်ခုလုံးမပြောနဲ့ တိုင်းတစ်တိုင်းစာ လူနဲ့သေနတ်တောင်အမိန့်ပေးနိုင်သူမဟုတ်ဘူး။”လာဘ်စားနဲ့ အာဏာသိမ်း”ဟာ ခင်ညွန့်ကို”ကိုင်”ဖို့ တပ်တွင်းနဲ့ တိုင်းပြည်ကို ပေးတဲ့အကြောင်းပြချက် သက်သက်မျှလို့မြင်တယ်။ အာဏာကိစ္စမှာတိုင်းပြည်အုပ်ချုပ်ရာမှာ ထောက်လှမ်းရေးနဲ့ထောက်လှမ်းရေးအကြီးအကဲတစ်ယောက်ရဲ့အရေးပါမှု ဘယ်လောက်ကြီးမှန်း ပြောနေစရာလိုမယ်မထင်ပါ။ ခင်ညွန့်ဓါးထက်နေတုန်းကနိုင်ငံတကာနဲ့ ဘယ်လိုကစားသွားသလဲ၊ အပြန်အလှန် ဘာထောက်လှမ်းရေး သတင်းတွေ ဖလှယ်သွားကြသလဲ၊ ခေါင်းဆောင်ပိုင်းအတွင်းရေးတွေ၊တပ်တွင်းအခြေအနေတွေ၊ အစိုးရထိပ်တန်းလျှို့ဝှက်ချက်တွေအပါအဝင် ဘာတွေဘယ်လိုဖလှော်ဖလှယ်ခဲ့သလဲဆိုတာ ကာယကံရှင်တွေသာသိလိမ့်မယ်။ ခင်ညွန့်ရဲ့ အရည်လည်မှုအကင်းပါးမှု ကွက်ကျော်မြင်တတ် မှုဟာအဲ့ဒီအချိန် စစ်အာဏာနိုင်ငံရေးနဲ့ အဟပ်ကျတဲ့လျှော်ညီတဲ့အခင်းအကျင်းပဲ။၂ဝဝ၈ ရဲ့ခေါင်းကိုင်ဖခင်နဲ့ Road Map ၇ ချက်လမ်းကို ချမှတ်ကြောင်းလမ်းပေးခဲ့တာခင်ညွန့်ပါ။ တစ်ခေါင်းတည်းနဲ့ တစ်အုပ်လုံးကို ကျောင်းခဲ့တဲ့အနေအထားပါ။ အဲဒီအချိန်မှာခင်ညွန့်ထက် လက်စောင်းထက်သူ မရှိနိုင်ဘူး။ နိုင်ငံတကာဆိုတဲ့အင်အားကြီးနိုင်ငံတွေက ခင်ညွန်ရဲ့ အကင်းပါးလူရည်လည် ကွက်ကျော်နင်းနိုင်မှုကို ကောင်းကောင်းသတိပြု၊ အသိအမှတ်ပြုခဲ့တာလည်းအထင်အရှားရှိတယ်။ ဒေါ်စုနဲ့ခင်ညွန့် နှစ်ယောက်ပေါင်းလက်ထဲသာ အာဏာအပ်လိုက် လို့ကတော့ ကောင်းလိုက်မယ့်ဖြစ်ခြင်းလို့ လှော်ကြည့်တဲ့သဘောအသံထုတ်ပေးခဲ့ဖူးတာ၊ လူထုအတွင်းမှာလည်း အဲ့ဒီနှစ်ယောက်ပေါင်းမိလို့ ကတော့ ဒီမိုကရေစီလမ်းကြီးကတော့ ဖြူးနေတော့မှာဆိုတဲ့အမြင်တချို့ ပေါ်ခဲ့ဖူးတာလည်းငြင်းမရဘူး။ အရာအချခံရတာတွေထဲမှာအဲ့ဒါတွေလည်း ထိပ်ဆုံးကပါတယ်။ အရာချခံရတာ“အ”လို့ “မနပ်”လို့ နှပ်ပစ်ခံရတာလို့မထင်ပါ။တပ်ကိုင်ထားနိုင်သူကို လွန်မရမှန်းသိပေမယ့် သူ့ နိုင်ငံတကာနဲ့ပြည်တွင်း ပေါက်ရောက်မှု (နိုင်ငံရေး)နဲ့လှည့်ပြီး ချုပ်လို့ရတန်ကောင်းရဲ့အတွေးနဲ့ မျှောလိုက်နေတုန်း အငိုက်မိသွားတာမျိုးပါ။ ၂၀၁၂ ကြံ့ခိုင်ရေးပါတီ ပြည်လုံးကျွတ်ညီလာခံတွင် တွေ့ရသည့် သူရဦးရွှေမန်းနှင့် ဦးသိန်းစိန် (ဓာတ်ပုံ –သာလွန်ဇောင်းထက် / ဧရာဝတီ) ခုလွတ်ပြီ။ လွတ်တော့ ဘာဖြစ်လဲ။ သူ”ကြည့်ရှူ”ခဲ့ဖူးသူတွေက ဂုဏ်ထူးဆောင်နာယကကြီးတို့၊ အထူးအကြံပေးပုဂ္ဂိုလ်ကြီးတို့ စတဲ့ ရာထူး နေရာတွေတည်ထွင်ပြီးခရိုနီကုမ္ပဏီကြီးတွေဆီက ဆက်ကြေးမှန်မှန်ရနေတယ်။သူ့အဖို့ ငွေကြေးစုဆောင်းဖို့ သိတ်မခက်လှပါ။ နိုင်ငံတကာကနေ အထောက်အမလေးများလည်း (ခွပ်လက်ကောင်းမယ့်ပုံပေါ်ရင်) ရဖို့မခဲယဉ်းပါ။ နိုင်ငံကြီးတချို့အတွက် ခင်ညွန့်ဟာ တချိန်ကကျေးဇူးရှိခဲ့ဖူးသူပါ။ နိုင်ငံကြီးသားတွေဟာလူယဉ်ကျေးတွေပီပီ သူတပါးကျေးဇူးမမေ့တတ်ကြပါ။ သူလုပ်ခဲ့တဲ့ အပစ်ရပ်လူမျိုးစု (တချို့)ဆီကလည်း ”သူရဲကောင်းလူစွန့်စားကြီး”သူမရှိလို့ ဒို့ အဖိခံရတာဆိုတဲ့ အမြင်လေးများလည်း ပြူတစ်ပြူတစ်ဖြစ်နေတာကြားတယ်။ ဗိုလ်အောင်ဒင်ပြန်လာမယ်ဆိုလာခဲ့ပါလက်ကမ်းကြိုမယ့်ယောင်။ခင်ညွန့်ကလည်ပါတယ်။ သူနဲ့ “ခေါင်”တချို့အချိုင်ခံရပေမယ့် တပ်ထဲမှာကိုင်းဖျားကိုင်းနားတချို့ အငုတ်အတက်တချို့ ချန်ခဲ့နိုင်မှာပါ။ (အနည်းဆုံး အတွေးအခေါ်အရဖြစ်ဖြစ်ပေါ့) ကျူပင်ခုတ်ခံရပေမယ့် ကျူငုတ်တွေ ကျန်မှာပါ။ တင်ဦး(မျက်မှန်ကြီး)အရှင်းခံရတုန်းကလည်းဗိုလ်နေဝင်းလက်သံပြောင်ပေမယ့် လက်ကျန်တွေ မနည်းရှင်းယူရတာပဲ မဟုတ်လား။ ဟိုတုန်းကတစ်ပါတီအောက်မှာမို့ မြင်ကွင်းကျဉ်းပြီး ထင်းကနဲမြင်သာတယ်။ ခုက စစ်ဝတ်အရပ်ဝတ်နဲ့နေရာစုံ(လွှတ်တော်၊အစိုးရ၊ ကော်မရှင်များ၊ တရားစီရင်ရေး၊စစ်တပ်)မှာ အတည်ပေါက်ဝင်ထိုင်နေတာဆိုတော့ သူ့လူမှန်းသိဦးတောင် သိတ်မထင်းဘူး။ပစ်ကွင်း မရှင်းလှဘူး။ဒီကြားထဲ ဒီမိုကရေစီနဲ့ပါတီစုံ အရေကခြုံထားရသေးတာပါ။ဆိုတော့ လုပ်ရခက်တယ်။ နောက်တခုကတပ်။တပ် “ကိုင်” ထားတယ်လို့ပြောတဲ့ မင်းအောင်လှိုင်က အရပ်ဝတ်နဲ့အကိုကြီးတွေကို လွန်ဆန်ဖို့ခက်နေတယ်။ စီနီယာဂျူနီယာသဘောတင်မကဘူးဝိုင်းကြီးချုပ်စနစ် (အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ)နဲ့ခံထားတယ်။ ဘယ်သူမှ နံပတ်ဝမ်းမဖြစ်ရဆိုတဲ့မူပဲ။ အဲ့ဒီမူကြောင့်ပဲ နေရာတိုင်းမှာထီးပြိုင်နန်းပြိုင်တွေ တစဗိုလ်တစ်မင်းထီးတစ်စင်းရုံးတစ်ရုံးဖြစ်နေတာ။ ဒါကိုကအားနည်းချက်။ ဒါကိုကိုကဟာကွက်။ဒီဟာကွက်ထဲ ထိုးထည့်ခွဲနိုင်ရင် သူ လူဖြစ်ပြီမှန်း ခင်ညွန့်မသိဘူးလို့ထင်လို့မရပါ။ ဆိုတော့ သေနတ်မပါတဲ့လူတွေစုဖို့ ခင်ညွန့်အတွက် သိတ်မခက်လှဘူးထင်ရတယ်။ ထွက်ထွက်ခြင်း“နိုင်ငံရေးမလုပ်တော့ပါ အမျိုးသားရေးပဲလုပ်မယ်”ဆိုပြီးချောင်းဟန့်လိုက်ရုံရှိသေး လန့်သူတွေလန့်ကုန်ကြတယ်။ဝီရသူဆီပြေးပြီးဟိုဟာလေးဒီဟာလေးကပ်တယ်။ “ဘုရာ့တပည့်တော်”လုပ်ပြလိုက်တယ်။ “သိန်းစိန်တို့လည်း တော်ရှာသား၊ ကိုယ့်ကောင်လေးမဆိုးပါဘူး” အပေါက်မျိုးလေး ချီးမွမ်းခြေကျောက်တယ်။ဒေါ်စုလည်း”ညီမလေးစုကမဆိုးရှာပါဘူး၊စိတ်ကောင်းရှိသားပဲ၊ တိုင်းပြည်ကောင်းကျိုးလုပ်နေတာ”ဘာညာနဲ့ လေသံလောက်ပစ်တယ်။ရောတော့မရောဘူး။ခွာထားတယ်။ နောက်သိတ်မကြာဘူး”ဒီပဲယင်း”ညောင်မြစ်ပြန်တူးမယ်ဆိုလုပ်တော့ ပုတ်သင်ဥပေါ်မှာစိုးသူတွေ ပြာပြာသလဲရှေ့ထွက်လာကြ၊ ဟန့်ကြတားကြလုပ်ရတယ်။ ခင်ညွန့်ကလည်း ”သူမပြောမိပါလား”ဆိုပြီး ကွယ်တယ်။ နောက်တော့ “နိုင်ငံရေးမလုပ်တော့ဘူး”ဆိုကာ ကော်ဖီဆိုင် ပန်းချီအရောင်းပြခန်း ဖွင့်တယ်။ ဆိုင်ဖွင့်တာ အလကားမဟုတ်ပါ။ကော်ဖီဆိုင်နဲ့ပန်းချီပြခန်းဆိုတာ နိုင်ငံခြားသားတွေအပါအဝင် ဘယ်သူမဆို တံခါးမရှိဓါးမရှိ ဝင်ထွက်သွားလာလို့ရပါတယ်။ လာဝယ်သူ လာလည်သူနဲ့”လာကြည့်သူ”အလွယ်တကူ ခွဲလို့ရပါတယ်။ အခု နေဝင်းမြေးတွေ ဘီလူးကြိမ်းကြိမ်းပြီးလွတ်လာပြီ။ ခင်ညွန့်လူအချို့ (၂၂ယောက်)ထောင်ထဲကျန်သေးတယ်။ပြန်လွှတ်ပေးဖို့ သိန်းစိန်ဆီ စာရေးထားတယ်။ တစ်ကွက်ခြင်း နင်းနေတယ်။ ဖြည်းဖြည်းချင်း လှမ်းနေတယ်။ ဘုရားတရားတွေ အလုပ်ပြနေတယ်။ ပွဲထုတ်သူကလည်း ထုတ်ပေးနေတယ်။ မြတ်ခိုင်ကခင်ညွန့် စာတစ်အုပ်ထုတ်တော့ မိတ်ဆက်ပွဲမှာ“နိုင်ငံရေးအကျဉ်းသား မရှိ ရာဇဝတ်သားတွေမျှ”လို့ပြောတာ ဘယ်လောက် လူအမုန်းများမယ်မှန်း မသိလို့ပြောတာမဟုတ်။ အလွှတ်မဲ့ထွက်ကျသွားတဲ့ စကားလုံးမဟုတ်။ “ဘယ်သူ့တောင်းပန်ရမှာလဲ”ဆိုတာရိရုံကလိရုံ သက်သက်မျှမဟုတ်။ ဗြောင်စိန်ခေါ်တာ။အမောက်ထောင်ပြတာပါ။ နိုင်/ကျဉ်းနဲ့ပတ်သက်ရင်”တည်ဆဲဥပဒေချိုးဖေါက်သူတွေ”လို့လောက်ပဲ ပြောဝံ့တဲ့သိန်းစိန်တို့တစ်အုပ်စုလုံး “ရဲဝံ့လှချည်ရဲ့”ဆိုကာမင်သက်ချီးမွမ်းမိကုန်တယ်။ “အပြစ်တွေဝန်ချတောင်းပန်ပါဆိုတိုင်း”တာဝန်အရပါ လောက်နဲ့ ပြည်ဖုံးကားချအပြစ်ရုန်းတဲ့ စစ်အုပ်စုတစ်စုလုံး “ဟုတ်သားပဲ ဘယ်သူ့သွား ဘာကိစ္စတောင်းပန်နေစရာလို လို့လဲ”ဆိုတဲ့အတွေး ဝင်သွားစေတယ်။ အဲ့ဒါ နိုင်ငံရေးပဲ။ အဲ့ဒါနိုင်ငံရေးလုပ်နေတာပဲ။ အဲ့ဒါ မိုက်ဂုဏ်ပြစားပြီးအတွေးအခေါ်နိုင်ငံရေး “ကျောင်း”တာပဲ။ လွတ်ပြီးနောက် ခင်ညွန့်ပြောလိုက်တဲ့စကားတိုင်းကို လိုက်လိုက်ပြောနေရှင်းနေရတာကိုကခင်ညွန့်ဘာလဲဆိုတာ ဘယ်လောက် အစွယ်ထက်အတက်ချွန်နေသေးတယ်ဆိုတာကိုပြတာပဲ။ သူတို့ဘက်မှမဟုတ်ဘူး ကျနော်တို့ဘက်မှာလည်းဒီအတိုင်းပဲ။သူ့စကားတွေကို အရေးတယူလုပ်နေတာမဟုတ်ဘူးဆိုရင်တောင် လွှတ်ထားလို့တော့မဖြစ်သေးဘူးမဟုတ်လား။ ချုပ်ရရင် ခင်ညွန့်မလုပ်တော့ဘူးဆိုတဲ့နိုင်ငံရေးက သိန်းစိန်တို့ ရွှေမန်းတို့ ခင်အောင်မြင်တို့ တင်အေးတို့ မင်းအောင်လှိုင်တို့ (ကာ/လုံ)တစ်အုပ်လုံးကို “မင်းတို့ဆီလာ၊ မှတ်ပုံတင်၊ ပါတီဖွဲ့၊ မင်းတို့အောက်ကပေါ်စေ ပျောက်စေနိုင်ငံရေးပါတီမျိုးထောင်၊ ရွေးကောက်ပွဲဝင်နိုင်ငံရေးမျိုး လုပ်မယ့်ကောင် မဟုတ်ဘူး”လို့ပြောတာပဲ မှတ်တယ်။ ခင်ညွန့်လုပ်တဲ့နိုင်ငံရေးဟာ ကြံ့ဖွံ့လုပ်တဲ့နိုင်ငံရေးမဟုတ်တာတော့ သေချာတယ်။ မျိုးမြင့်ချို ဖော်ဝပ်မေးမှ လက်ခံရရှိပါသည်။(သူ၇ိယ-တာဝန်ခံ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: