Josef Silverstein “ဗမာတွေအနေနှင့် သြဇာအာဏာကို မျှမျှတတ ခွဲဝေကျင့်သုံးဖို့ ပျက်ကွက်ရာကတဆင့် ပေါက်ဖွားလာတာပါ”

Josef Silverstein ။ ။ အခုအခါ ကျနော်တို့တွေ့ကြုံလာရတဲ့ပြဿနာတွေ တိုက်ခိုက်မှုတွေ သဘော ကွဲလွဲမှုတွေဟာ အဓိကအားဖြင့် ဗမာတွေအနေနှင့် သြဇာအာဏာကို လူထု အသိုင်းအဝိုင်း တခုလုံးအတွက် မျှမျှတတ ခွဲဝေကျင့်သုံးဖို့ ပျက်ကွက်ရာကတဆင့် ပေါက်ဖွားလာတာပါ။

Venus Flytrap
ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြဖို့


မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်း တခုနှင့်တခု ငြိမ်းချမ်းစွာအတူ
ယှဉ်တွဲ နေထိုင်နိုင်ဖို့အတွက် သမိုင်းကို ပြန်ကြည့်သင့်တယ်။ မြန်မာ့သမိုင်းမှာ
မတူကွဲပြားသူတွေ လွတ်လပ်ပျော်ရွှင်စွာ နေထိုင်နိုင်ခဲ့ကြတယ်လို့ မြန်မာအရေးကို
ရာစုဝက်ကျော်ကျော် စောင့်ကြည့် လေ့လာခဲ့တဲ့ အမေရိကန်ပါမောက္ခ
Josef Silverstein က ပြောကြားလိုက်ပါတယ်။ New Jersey Rutgers တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါမောက္ခ Josef Silverstein နှင့် ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။
ဆရာကြီး Silverstein ခင်ဗျာ။ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးစိတ်ဓာတ်မှာ
ဗုဒ္ဓဘာသာဟာ ဘယ်လောက်အရေးပါ ပါသလဲ။ ဆိုတာက မြန်မာ့အမျိုးသား စိတ်ဓာတ်သည် Secular Nationalism လို့ခေါ်တဲ့ ဘာသာရေးနှင့် ကင်းလွတ်သောအမျိုးသားရေးစိတ်ဓာတ်လား။ သို့မဟုတ် ဗုဒ္ဓဘာသာနှင့် ဆက်စပ်မှုရှိနေပါသလား ဆရာကြီး ဘယ်လို သဘောရပါသလဲ။

Josef Silverstein ။ ။
ဗုဒ္ဓဘာသာနှင့် အမျိုးသားရေး ဆက်စပ်နေပါသလား။ တခုနှင့်တခု ဆက်စပ်နေပါတယ်။
အတူတူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူတစ်ယောက်ဟာ အမျိုးသားရေးဝါဒီကော
ဗုဒ္ဓဘာသာဝင်ကော အတူတူဖြစ်နိုင်ပါတယ်။ တခုနှင့်တခုဟာ ဖီလာဆန့်ကျင်
မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။
ဆိုတော့ မြန်မာ့အမျိုးသားရေး စိတ်ဓာတ်ဟာ Secular Nationalism လို့ခေါ်တဲ့
ဘာသာရေးနှင့် ကင်းလွတ်သော အမျိုးသားရေးဝါဒ မဟုတ်ဘူးပေါ့။

Josef Silverstein ။ ။
ဗုဒ္ဓဘာသာဟာ ဘဝနေရေးအတွက် သိပ်အရေးပါတဲ့ နည်းလမ်းတရပ် ဖြစ်ပါတယ်။
ဒါဟာ အတွေးအခေါ် ယုံကြည်မှုတရပ်သာမကပါဘူး။ လူတွေဟာ တစ်ဦးနှင့်တစ်ဦး
ဘယ်လို ဆက်ဆံနေထိုင်ရမလဲဆိုတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ဘဝလမ်းညွှန်ပါ။
ဒီအတိုင်း လိုက်နာမယ်ဆိုရင် ဘယ်သူမဆို ဘယ်သူနှင့်မဆို နေထိုင်နိုင်တဲ့
တစ်ယောက်နှင့်တစ်ယောက် ပဋိပက္ခမဖြစ်ဘဲ နေထိုင်ကြရမှာ ဖြစ်ပါတယ်။ တဖက်ကိုတဖက်က လေးစားရမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။
ဆိုလိုတာက ဘာသာခြားတွေနှင့် ဗုဒ္ဓဘာသာဝင်တွေနှင့် အတူတူယှဉ်တွဲနေ
ထိုင်နိုင်တဲ့လမ်းစဉ် ဆိုတဲ့ သဘောပေါ့။

Josef Silverstein ။ ။
လုံးဝ မှန်ကန်ပါတယ်။ ဒါဟာ မြန်မာ့သမိုင်းရဲ့ တစိတ်တဒေသလည်း ဖြစ်ပါတယ်။
ဒီကနေ့ ပြဿနာတခုကတော့ လူတွေဟာသမိုင်းကို ပြန်မဖတ်ကြတော့သာ
ဖြစ်ပါတယ်။ လူတွေဟာ မြန်မာနိုင်ငံမှာ လာရောက်ပြီး စတင်အခြေကျနေထိုင်
ခဲ့ကြတာ အဲဒီအထဲမှာ မတူကွဲပြားတဲ့ လူမျိုးတွေ၊ ဘာသာတရားတွေ၊ လူမှုအသိုင်း
အဝိုင်းတွေ အမျိုးမျိုး ရှိခဲ့ပါတယ်။ သူတို့တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်
လာခဲ့ကြပါတယ်။ ပျော်ပျော်ရွှင်ရွှင် နေထိုင်လာခဲ့ကြပါတယ်။ တမျိုးနှင့်တမျိုး
ဝင်ရောက်ဖက်စွက်တာလည်း မရှိခဲ့ကြပါဘူး။ဘာသာအယူဝါဒ မတူသူတွေကို
အတင်း ဘာသာပြောင်းစေဖို့ ကြိုးပမ်းခဲ့တာမျိုးလည်း မရှိခဲ့ပါဘူး။

ဦးကျော်ဇံသာ ။ ။
ဆိုရင် ဒီကနေ့ဖြစ်လာတဲ့ ပဋိပက္ခတွေ အကြမ်းဖက်မှုတွေကြတော့ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခမျိုးတွေ ဖြစ်နေတယ်ပေါ့ ဆရာကြီး။

Josef Silverstein ။ ။ အကြမ်းဖက်မှုတွေဟာလည်း ရေရှည်ဖြစ်ထွန်းလာခဲ့တဲ့
ကိစ္စတရပ်ပါပဲ။ တနည်းပြောရရင် အခုနောက်ဆုံး ရာစုနှစ်မှာပါ။ ဒါကိုလည်း နိုင်ငံတော်ဖြစ်ထွန်း ရပ်တည်လာမှုနှင့် ယှဉ်ပြီးတော့ ရှုမြင်ကြရမှာ ဖြစ်ပါတယ်။
သမိုင်းကို နည်းနည်းပြန်ကောက်ရမယ်ဆိုရင် ဗမာတွေ မြန်မာအလယ်ပိုင်း
တခွင်ကို အုပ်စိုးထားခဲ့စဉ်တုန်းက ဒေသတနံတလျားက လူမျိုးစုတွေ ဘာသာရေး
အသိုင်းအဝိုင်းတွေ လူမှုဝန်းကျင်တွေကို သူတို့ဟာ သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေး
ထားခဲ့ ပါတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ဘောင်အတွင်း နေထိုင်သမျှ ကာလ
ပတ်လုံး ဒီလိုပဲခွင့်ပြုထားခဲ့တာပါ။ ဒါဟာ ၂၀ ရာစုအစပိုင်းမှာ တစုနှင့်တစုသဘော
ထား မတူညီမှုတွေ ဖြစ်လာပြီး စတင် ယိုင်နဲ့လာခဲ့ပါတယ်။ တကယ်တော့
အိမ်နီးချင်းတွေ အချင်းချင်းရန်ဖြစ်တာ စစ်တိုက်တာဟာ ဗုဒ္ဓဘာသာ အစဉ်အလာ၊
အစ္စလာမ်အစဉ်အလာ မဟုတ်ပါဘူး။ အိမ်နီးချင်းတွေကြား ပျော်ရွှင် ငြိမ်းချမ်းစွာနှင့် လွတ်လွတ်လပ်လပ် နေထိုင်ခဲ့တဲ့ အစဉ်အလာတွေသာ ရှိခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။
ဆရာကြီးက ဘာသာတရားနှစ်ခုစလုံးဟာ ပျော်ပျော်ရွှင်ရွှင်၊ ငြိမ်းငြိမ်းချမ်းချမ်း
ယှဉ်တွဲနေထိုင်တဲ့ အစဉ်အလာရှိတယ်ဆိုတော့ အခု ပြဿနာတွေ ဖြစ်လာတာ
ကြတော့ကော။ အဲဒီတုန်းက ကောင်းခဲ့တဲ့ အစဉ်အလာတွေ အခုဆိတ်သုဉ်းသွား
ခဲ့ပြီးလား သို့မဟုတ် အခုအခါမှ တဖက်ကိုတဖက် လွှမ်းမိုးချင်တဲ့ စိတ်တွေများ
ပိုမိုပေါ်လွင်လာလို့လားဆိုတာ ဘယ်လိုပြောမလဲ ခင်ဗျာ။

Josef Silverstein ။ ။
အခုအခါ ကျနော်တို့တွေ့ကြုံလာရတဲ့ပြဿနာတွေ တိုက်ခိုက်မှုတွေ သဘော
ကွဲလွဲမှုတွေဟာ အဓိကအားဖြင့် ဗမာတွေအနေနှင့် သြဇာအာဏာကို လူထု
အသိုင်းအဝိုင်း တခုလုံးအတွက် မျှမျှတတ ခွဲဝေကျင့်သုံးဖို့ ပျက်ကွက်ရာကတဆင့် ပေါက်ဖွားလာတာပါ။ သမိုင်းမှာလည်း အုပ်စိုးသူ ဘုရင်မရှိတဲ့အခါ ဒါမှမဟုတ် အုပ်စိုးတဲ့ဘုရင် အင်အားပျော့ညံ့တဲ့အခါမှာ လူတွေဟာ အုပ်စုလိုက် တခြားအုပ်စုတွေလာရောက်တိုက်ခိုက်မှာစိုးလို့ ကာကွယ်ခုခံလာကြပါတယ်။ ဆိုတော့ ဒီကနေ့အခါမှာ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ စိတ်ဝမ်းကွဲပြားမှုတွေ လူမှုဒုက္ခတွေဟာကောင်း
မွန်တဲ့ အုပ်စိုးမှုစနစ်တရပ်ကို မျိုးဆက်တခုက တခုကိုနည်းလမ်းတကျလွဲပြောင်း
ချမှတ်ပေးနိုင်ခြင်း မရှိတဲ့ရလဒ်တွေလို့ ကျနော်ထင်ပါတယ်။ ဒါကြောင့် မြန်မာ့
လူ့အဖွဲ့အစည်းဟာ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတရပ် ဖြစ်မလာပဲ တစ်ယောက် လည်ပင်းကို တစ်ယောက် ညစ်ဖို့ကြိုးစားတဲ့ လူ့အဖွဲ့အစည်း ဖြစ်နေရတာပါ။

ဦးကျော်ဇံသာ ။ ။
ဆိုတော့ ဒီပဋိပက္ခတွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲလာကြသူတွေအထဲက ပြောင်းလဲပေါ်ထွန်းလာတဲ့ သဘောပေါ့။ တနည်း ပြောရရင် ငြိမ်းချမ်းရေးကတဆင့် ပေါက်ဖွားလာတဲ့ အကြမ်းဖက်မှုတွေလို့ ဆိုရမှာပေါ့။

Josef Silverstein ။ ။
မြန်မာနိုင်ငံမှာ ကွဲပြားတဲ့ လူမျိုးစုတွေ အကြား ငြိမ်းချမ်းရေး မတည်တံ့နိုင်ဘူး ဆိုတဲ့
အခြေအနေတွေ အယူအဆတွေကတော့ မရှိခဲ့ဘူးလို့ ထင်ပါတယ်။ စိန်ခေါ်မှု တစုံတရာ
မရှိဘဲ ငြိမ်းချမ်းရေး တည်တံ့ခဲ့တဲ့ ကာလလည်း ရှည်ရှည်လျားလျား ရှိခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။
ဆိုတော့ အရင်က မရှိခဲ့ပဲ အခုရှိလာတာကြတော့ကော ဆရာကြီး။

Josef Silverstein ။ ။
အခုတော့ အယူဆသစ်တွေကို ပြင်ပက လူတွေကနေတဆင့် တင်သွင်းလာတာတွေ့
မြင်နေရပါတယ်။ ပြင်ပက ဝင်ရောက်လာသူတွေဟာ သူတို့နှင့်အတူ စိတ်မချမ်းသာ စရာတွေ၊ မုန်းတီးစိတ်တွေ၊ သဘောထား ကွဲလွဲမှုတွေကို သယ်ဆောင်လာပြီး
ပြည်တွင်းမှာ ကာလရှည်ကြာစွာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လာသူတွေဆီ သွတ်သွင်းပေးနေကြတာ တွေ့ရပါတယ်။ အဲဒီလိုနှင့် နှစ်ပေါင်းများစွာတည်ရှိလာခဲ့တဲ့ ငြိမ်းချမ်းမှု ပျက်ပြားစရာတွေ ဖြစ်လာရတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။
နောက်တခုက ဖဆပလခေတ်တုန်းကလည်း ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဌာန်းဖို့ ဆိုတဲ့ ကိစ္စနှင့် ပတ်သက်ပြီးတော့ ပြဿနာတက်ခဲ့ရတယ်လို့ ဖတ်ရပါတယ်။
ဒါပေမယ့် ဒီလိုအထိ ဆိုးတဲ့အကြမ်းဖက်မှုတွေတော့ မဖြစ်ခဲ့ဘူးပေါ့ခင်ဗျာ။

Josef Silverstein ။ ။
ဒီလိုအယူအဆမျိုးနှင့်ပတ်သက်ပြီးတော့ ကျနော်စိုးရိမ်ပါတယ်။ နိုင်ငံတော်ဘာသာဆိုတဲ့
အယူအဆဟာ အတော်လေး နောက်ပိုင်းကျမှ ပေါ်ထွက်လာတဲ့ အယူအဆ ဖြစ်ပါတယ်။
အတိတ်ကာလ ၁၉ရာစု၊ ၁၈ ရာစုကို ပြန်ကြည့်မယ်ဆိုရင် ဘာသာကိုးကွယ်မှု မတူညီ
တူတွေဟာ နီးနီးကပ်ကပ်နေထိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ ခေါင်းဆောင်မှုနှင့်
သူတို့နည်းနှင့် သူတို့ နေထိုင်ခဲ့ကြတာပါ။ တစ်ယောက်အရေး တစ်ယောက် ဝင်စွက်
ဖက်တာလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ခေတ်သစ်ရောက်လာတော့ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တချို့က ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာ ဖြစ်ရမည်လို့ တောင်းဆို
လာကြပါတယ်။ တကယ်တော့ နိုင်ငံတော်ဘာသာ ဆိုတာမရှိပါဘူး။ လူအများစုက ဗုဒ္ဓဘာသာကိုးကွယ်ကြတော့ သူတို့ဟာသူတို့ ကျင့်ကြံလိုက်နာကြဖို့ပဲ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။
အခုလိုဆိုတော့ ရှေးတုန်းက ဘာသာကွဲ လူမျိးကွဲ ပြဿနာမရှိဘဲ အတူယှဉ်တွဲ နေထိုင်လာကြတယ်။ အခုနောက်ပိုင်းကျတော့ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ ဖြစ်လာတယ်ဆိုတော့ မြန်မာနိုင်ငံသမိုင်းက ခေတ်သစ်ကျမှ တိုးတက်မလာဘဲ နောက်ပြန်ဆုတ်နေ တယ်ဆိုတဲ့သဘောပေါ့ ဆရာကြီး ခင်ဗျ။

Josef Silverstein ။ ။
ကျနော် အပြည့်အဝ သဘောတူပါတယ်။ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေဟာ သူတို့အုပ်ချုပ်ရေးနှင့် သူတို့ အတူယှဉ်တွဲ နေထိုင်ခဲ့ကြပါတယ်။ ဗမာဘုရင်ကို အကြီးအမှုးအဖြစ် အသိအမှတ်ပြု လက်ခံထားကြပြီး အချင်းချင်း သဟဇာတရှိ နေထိုင်ခဲ့ကြပါတယ်။ ဗမာဘုရင် ကလည်း သူတို့နည်းနှင့် သူတို့ နေခွင့်ပြုထား
ခဲ့ကြပါတယ်။ သူတို့ကိစ္စကို ဝင်မစွက်ခဲ့ပါဘူး။ ဒါကြောင့် မြန်မာ့သမိုင်းမှာ ငြိမ်းချမ်းရေး ရှိခဲ့ပါတယ်။ လူမှုစစ်ပွဲတွေ မရှိခဲ့ပါဘူး။ ပြည်ပတိုင်းပြည်တွေနှင့်တော့ စစ်ပွဲတွေ
အများကြီး ဖြစ်ပွားခဲ့ပါတယ်။ ဥပမာ ထိုင်း နှင့် ဗမာစစ်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာလည်း ဘာသာကိုးကွယ်မှု ကွဲပြားခြားနားလို့ ဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။
ဟုတ်ကဲ့ ဆရာကြီး။ အဲဒီတော့ ရှေ့ကို မျှော်ပြီးကြည့်မယ်ဆိုရင် ဒီလို သဟဇာတ ရှိရှိ ငြိမ်းငြိမ်းချမ်းချမ်းနှင့် မတူကွဲပြားမှုတွေအကြား ငြိမ်းချမ်းစွာ နေထိုင်နိုင်တဲ့စနစ်ကို ပြန်သွားဖို့အတွက် အဲဒီစနစ်မျိုးကို ဖန်တီးဖို့အတွက် ဘာတွေကို ကျနော်တို့ ပြုပြင်ကြ
ရမလဲ။ စနစ်ကို ပြုပြင်ရမလား။ နိုင်ငံတော်ကို ပြောင်းလဲရမလား။ သို့မဟုတ်
လူ့အဖွဲ့အစည်း လူတွေရဲ့ စိတ်နေသဘောသဘာဝကို ပြောင်းလဲရမလား။

Josef Silverstein ။ ။
ဒါကိုလည်း နောက်ပြန်လှည့်ကြည့်ရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းကို တွေ့ရပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည်သူတွေကို ဦးဆောင်ပြီး ပင်လုံညီလာခံ လုပ်စဉ်
တုန်းက လူမျိုးစုတွေ သူတို့ဟာသူတို့ လွတ်လွတ်လပ်လပ် စီမံအုပ်ချုပ် နေထိုင်ပိုင်ခွင့်
ကို ပြောကြားခဲ့ပါတယ်။ မူစလင်တွေကိုသော်လည်းကောင်း တခြားအုပ်စုတွေကိုသော်
လည်းကောင်း ပြောင်းလဲဖို့ သူမလုပ်ခဲ့၊ မပြောခဲ့ပါဘူး။ ငြိမ်းချမ်းပြေပြစ်မှု ရှိနေသမျှ သူတို့ဘာသာ သူတို့နေကြဖို့သာ ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ Federal ပြည်ထောင်စု ဖွဲ့အစည်းရေးကို လိုလားပါတယ်။ လူမျိုးစုတွေ တစုကိုတစု ဝင်မစွက်
ဖက်ဘဲ ကိုယ့်ဘာသာကိုယ် နေထိုင်ရေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဇစ်မြစ်ကို အခု
ပြန်မသွားကြတော့ပါဘူး။ နိုင်ငံတော်ဘာသာ ဆိုတာမျိုးတွေ လုပ်ချင်လာပါတယ်။ ကျန်လူမျိုးစုအပေါ် ကြီးစိုးချယ်လှယ်လာချင်ကြပါတယ်။ဆိုတော့ ကျနော့်သဘောပြော
ရရင် သမိုင်းကို ပြန်ကြည့်ကြပါ။လေ့လာကြပါ။ အဲဒီမှာ မြန်မာလူမျိုးတွေ သဟဇာတ
ရှိရှိ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြတာကို တွေ့ကြရပါလိမ့်မယ်။

Tags:

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: