အာခေရတ်ကို အဆိပ်ခတ်သူများ

အာခေရတ်ကို အဆိပ်ခတ်သူများ
=================
အသိမဲ့လို့ အရှိနဲ့လွဲကြသူတွေ၊
အသိရှိပေမယ့် သတိမရှိကြသူတွေ၊
စဉ်းစားဖို့အရေး သေမှာထက်တွေးကြောက်လို့
မစဉ်းစားဘဲ သေပဲသေလိုက်ကြသူတွေ။
မဲန်အောက် ဂိုး ကိုမှ လှတပတ ကန်သွင်းပြ
တရားမဲ့တရားအလှတွေနဲ့
မိန်းမောနေတတ်ကြသူတွေ။
အသိငတ်လို့ စာဖတ်ချင်ပေမယ့်
အလင်းဖြတ်သူဖြတ် အလင်းပြတ်သူပြတ်နဲ့
ကိုယ့်ဇာတ်ကိုယ်သိမ်းကြသူတွေ။


(တစ်နည်း)
အမှားအမှိုက်တွေ ဝင်မှာကြောက်လို့
တံခါးတွေလုံအောင်ပိတ်ရင်း
အမှန်အလင်းအတွက် ဝင်ပေါက်မဲ့
မှောင်နွံသက်ခဲ့ကြသူတွေ။
ကိုယ့်လက်နဲ့ကိုယ် ထင်တိုင်ကြဲပြီးကာမှ
ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီးကာမှ
အရှင့်အလိုရယ်လို့ လွှဲလွှဲချ
တတ်လည်းတတ်နိုင်ကြသူတွေ။
အမာနသ်ကို ခရာနသ်လုပ်
ဗလာလက်ရပ်ခေါ်သူတွေ။
စိန်စစ်ကို ကိုင်စွဲပြီး
ဖန်ကွဲနဲ့ အလဲခံကြ
အံ့ပဲအံ့ဖို့ကောင်းသူတွေ။
ရွှေဖလားကိုမှ ငွေအနားကွပ်လိုကွပ်နေကြ
တရားရဖို့ ကောင်းသူတွေ။
သစ္စာခရီးလှေကြုံစီးပြီး
လှိုင်းကြီးမှာလည်း ကြောက်သူတွေ။
မြေပုံလည်းရှိ ထုတ်မကြည့်ဘဲ
ထင်မိထင်ရာလျှောက်သူတွေ။
အများလျှောက်လမ်း ကြောင်တောင်ကန်းနဲ့
ယောင်တောင်ရမ်းပြီး လက်စမ်းကာလိုက်
ခလုတ်တိုက်တော့
စိုက်စိုက်မရောက် ပန်းတိုင်ပျောက်လို့
ချွေးပေါက်ကြီးငယ်ကျသူတွေ။
ဒီအလိုနဲ့ပဲ
ခရီးတွင်လည်း ရွာစဉ်မသိ
ကြောင်တောင်ကြည့်လျှက်
သတိမမူ ဂူမမြင်ထင့်
အချိန်လင့်ကာ (ရင်နင့်စရာ)
ပြင်ခွင့်မရတဲ့ဘဝတွေ။
ဘဝတွေလေ အဲဒီဘဝတွေပေါ့။
အပ်ကြောင်းထပ်ဓမ္မဝင်္ကဘာထဲမှာ
လက်တွေ့မဲ့ အရသာခံနားများက
ဘိန်းစားသလို ယစ်မူးထုံထိုင်း
အခြောက်တိုက်စိတ်ကြွ
ဒီလိုနဲ့ပဲ ရောင့်ရဲတင်းတိမ်သွားခဲ့ကြ။
ပွဲပြီးမီးသေသွားခဲ့ကြ
အသက်တွေသာကြီးခဲ့ကြ
မျိုးဆက်တွေသာပြောင်းခဲ့ကြ
အသွင်မပြောင်းသေးသမျှတော့
အမြင်စောင်းလေထုတွေထဲက
အမုန်းငွေ့တွေကိုပဲ ရှိုက်ရှိုက်နေကြရ။
တကယ်တော့ ပြေးနေသမျှ
ဝေးနေရတဲ့ပန်းတိုင်ဟာ
ကျောခိုင်းတာထွက်မိခြင်းရဲ့
အကျိုးဆက်တွေပါ
မျှော်လင့်ချက်တွေကတော့
ရော်ရင့်ရွက်ကြွေလို ဘယ်သူမပြု မိမိမှုပါပဲ
နဖူးပြဲ ဒူးကွဲပေမယ့်
အသည်းမစွဲတဲ့ အီမာန် ကုရ်အာန်အသိလက်လွတ်မှု
အွမ္မသ်ထုတွင်းပြိုကွဲမှုနဲ့
ပညာမဲ့ခြင်းပြစ်ဒဏ်တွေ
တနင့်တပိုးသင့်ခဲ့ကြ
အယူသည်းမှုကြိုးကွင်းတွေ
ကိုယ့်လည်မှာကိုယ်စွပ်ခဲ့ကြ
ဒီလိုနဲ့ပဲ ကိုယ့်ကိုယ်ကို လုပ်ကြံကြေလေရဲ့။
ကိုယ့်ကိုယ်ကို မပြင်သမျှတော့
မြတ်အလ္လာဟ်ကလည်း ပြင်မပေးဘူး။
သက္ကဒီရ်ဆိုတာ
နဖူးမှာရေးထားတဲ့ စာမဟုတ်
လက်ကရေးရမယ့် ကြမ္မာဖြစ်တယ်။
ဂုဏ်နဲ့ ဒြပ်ညီမျှခြင်းဟပ်လို့ရအောင်တော့
ရပ်တည်ပေးကြပါဦးလား
ကိုယ့်ကိုယ်ကို မရှက်ရင်တောင်
ကိုယ့်နာမည်ကိုယ်ပြန်အားနာ
ခင်ဗျားဟာမွတ်စ်လင်မ်
ခင်ဗျားသာသနာ အစ္စလာမ်
ခင်ဗျားနဲ့တန်ပြီလား။
အစ္စလာမ်စင်မြင့်ဆိုတာ
ခပ်ညံ့ညံ့ဇာတ်ဆောင်တွေအတွက်
ရေရှည်နေရာပေးရိုးမရှိ
အစားထိုးခြင်းနိယာမနဲ့
ဒီစင်ပေါ်က ပျောက်ခြင်းမလှပျောက်ရလိမ့်မယ်။
ကဲ မိတ်ဆွေတို့ရေ ခင်ဗျားတို့ရဲ့
လက်တစ်ကမ်းက အနာဂတ်နဲ့
တစ်ဖက်ကမ်းက အာခေရတ်ကို
ကိုယ်ကိုယ်တိုင် အဆိပ်ခတ်
ကိုယ်ကိုယ်တိုင်သတ်နေကြတာတွေ
ရပ်တန်းကရပ်သင့်ပါပြီ။
တကယ်လို့ ကိုယ့်အာခေရတ်ကို ကိုယ်
အဆိပ်ခတ်မပစ်ချင်ရင်တော့
အမှားဖက်ကာ တရားပျက်နေတဲ့
ခင်ဗျားတို့လက်တွေနဲ့
အမှားရိပ်မှာ တရားတိတ်နေတဲ့
ခင်ဗျားတို့ စိတ်တွေကိုပဲ
လက်ထိပ်အမြန်ခတ်လိုက်ကြပါတော့ ။ ။

သန်းမင်းထိုက် (မြန်မာစာ)

Master Gyi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: