ဘာကြောင့် မျိုးဆက်အလိုက်၊ သိသာတဲ့ပြောင်းလဲမှု့တွေ မမြင်နေရသလဲ …

ဘာကြောင့် မျိုးဆက်အလိုက်၊ သိသာတဲ့ပြောင်းလဲမှု့တွေ မမြင်နေရသလဲ …
*************************************************

နိုင်ငံထဲမှာ ကျနော်တို့ ပြည်သူတွေ စားဝတ်နေရေး၊ သွားရေးလာရေး ဒုက္ခမျိုးစုံတွေဖြစ်နေ
ရတာတွေ၊ အဲဒါတွေကို တောင်းဆိုတိုက်ပွဲဝင်နေတာတွေ မြင်နေရတော့၊ ကျနော်တို့ နိုင်ငံမှာ ဘယ်အရေးကိစ္စမှ အစိုးရက အလွယ်တကူ အလိုက်တသိနဲ့ ဖော်ဆောင်ပေးတာ မရှိဘူးဆိုတာသိရတယ်။ လယ်သမားတွေကလည်း ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာတဲ့ လယ်လေး ပြန်လုပ်စားရဖို့အရေးတောင်းဆိုနေရ၊ အလုပ်သမားတွေကလည်း ရသင့်ရထိုက်တဲ့ အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုနေရ၊ ကျောင်းသားတွေကလည်း သူတို့ရဲ့ အခြေခံ လွတ်လပ်ခွင့်လေးတွေရဖို့ တောင်းဆိုနေရတာတွေနဲ့ဘဲ လုံးလည်ချာလည် လိုက်နေခဲ့တာ ဆယ်စုနှစ်နဲ့ချီခဲ့ပါပြီး။

အမှန်တော့ ဒီအခွင့်အရေးတွေတောင်းဆိုနေရတာဟာ တချိန်က တိုင်းတပါးက ကျူးကျော် အုပ်ချုပ်နေသလို နိုင်ငံခြားသားဆီကနေ တောင်းဆိုတိုက်ပွဲဝင် နေရတာ မဟုတ်ပါဘူး။ ကိုယ့်လူမျိုးအချင်းချင်းက ဂုတ်သွေးစုပ် အမြတ်ထုတ်နေတာကို တောင်းဆို တိုက်ပွဲဝင်ရင် အချိန်တွေအလာဟသ ကုန်နေရတာပါ။

တခြားသော တောင်းဆိုမှု့တွေကို ခဏအသာထား ဒီအခြေခံလူတန်းစားတွေရဲ့ အချိန်တွေနဲ့ အနာဂတ်တွေ အညွန့်တုံးခဲ့ ရတာကြာခဲ့ပါပြီး။ အမှန်တော့ လယ်သမားဆိုတာ သီးနှံဘယ်လို အထွက်တိုးဖို့၊ ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီး ဘယ်လိုနည်းစနစ်တွေနဲ့ စိုက်ပျိုးရမလဲ စတာ တွေမှာဘဲ အာရုံစိုက်ပြီး လုပ်နေရရမှာပါ။ အလုပ်သမားဆိုရင်လည်း သူတို့ရဲ့ အရည်အချင်း
(လူ့စွမ်းအားအရင်းအမြစ်) တွေ ဘယ်လို တိုးတက်ထူးချွန်နေအောင် လုပ်နေရမလဲ၊ ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီး ဘယ်လို နည်းပညာတွေကို အမှီလိုက်ပြီး ကုန်ထုတ်စွမ်းအားတိုးမြှင့်
ရမလဲ၊ ပြည်တွင်းမှာသာမက ပြည်ပမှာပါ ဘယ်နည်းဘယ်ပုံ ဈေးကွက်ဝေစု ရယူနိုင်ရမလဲ စတာတွေမှာဘဲ အာရုံစိုက်ပြီး လုပ်နေနိုင်ရမှာပါ။

ထိုနည်းအတူ ကျောင်းသားလူငယ်တွေဆိုတာ တချိန်မှာ တိုင်းပြည်ရဲ့ အနာဂတ်တွေပါ။ မူလတန်းကနေ စပြီး တက္ကသိုလ်(အဆင့်မြင့်ပညာရေး)အထိ ကျောင်း ပတ်ဝန်းကျင်မှာ အပူအပင်ကင်းကင်းနဲ့ စာတွေသင် နေနိုင်ရေး၊ တဖက်ကလည်း သူတို့တွေ ရဲ့ ၀ါသနာပါ
ရာကို အခုကတည်းက မျိုးစေ့ချနေနိုင် တာမျိုးတွေ လုပ်နေနိုင်ရပါမယ်။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ တချိန်မှာ တိုင်းပြည်ရဲ့ ကဏ္ဍအသီးသီးမှာ ၀င်ရောက်ပြီး လူကြီးတွေရဲ့
နေရာကို ပုခုံးပြောင်းတာဝန်ယူရမှာပါ။ အခုတော့ ဒီကျောင်းသားတွေဟာ သူတို့ ဘာကို ၀ါသနာပါပြီး၊ ဘာတွေသင်နေရသလဲဆိုတာ မသိကြတော့ ၊ တကယ့်လက်တွေ့ဘ၀ ရှင်သန်မှု့နယ်ပယ်ထဲလည်း ရောက်လာရော အမြီးအမောက် မတည့်သလို၊ နေရာတွေ
ကလည်း သူတို့တွေနဲ့ အံဝင်ဂွင်ကျ မဖြစ်နေကြတဲ့ အရေအတွက်ဟာ သိသိသာသာကို မြင့်မားလာနေ ပါတယ်။ သူတို့ကိုယ်သူတို့လည်း ဘာကို ၀ါသနာပါလို့ပါမှန်း မသိကြ၊ ရှေးကလူတွေကလည်း ကောင်းမွန်တဲ့ အကြံဥာဏ်တွေကို မပေးနိုင်ကြ၊ ရေခံမြေခံကောင်း
တဲ့ ပတ်ဝန်းကျင်ကိုလည်း မဖန်တီးပေးနိုင်ကြနဲ့ဆိုတော့ လူစွမ်းအားအရင်းအမြစ်တွေ ပြိုလဲကုန်တော့တာပါဘဲ။ အဲဒီအခါမှာ မျိုးဆက်ကွာဟမှု့တွေလိုခေါ်လိုဲ့ရတဲ့ Generation Gap တွေဟာ ဖြစ်လာတော့တာပါဘဲ။ Generation Gap ဟာ ကဏ္ဍတိုင်းမှာ ဖြစ်ပျက်နေတာပါ။ ဒါဟာသိပ်ကို စိုးရိမ်စရာ ကောင်းပါတယ်။

ဘယ်လူ့အဖွဲ့အစည်း၊ ပတ်ဝန်းကျင်မှာမဆို၊ အလုပ်အကိုင်မှာဘဲဖြစ်ဖြစ် အစဉ်အမြဲ တိုးတက် မှု့တွေနဲ့ဘဲ ပြောင်းလဲရှင်သန်နေရမှာပါ။ Revolution လို့ခေါ်တဲ့ တိုးတက်ပြောင်းလဲ မှု့တွေ မရှိတဲ့ အသိုင်းအ၀ိုင်း၊ ကဏ္ဍတွေဟာ သူရဲ့ပြောင်းပြန်အချိုးဖြစ်တဲ့ ဆုတ်ယုတ်ကျဆင်း ခြင်းဆိုတာနဲ့ဘဲ တွေ့ရမှာပါ။ အစီအစဉ်တကျမရှိတဲ့ Revolution တွေကတော့ ကောင်းကျိုး
ပေးတာ နည်းပါးပါတယ်။ ယနေ့ခေတ်လို အရှိန်နဲ့ပြောင်းလဲနေတဲ့ ကမ္ဘာလုံးဆိုင်ရာ တိုးတက် ပြောင်းလဲမှု့တွေထဲမှာ စီးမြောလိုက်ပါနိုင်ဖို့ဆိုရင် စနစ်ကျပြီး၊ အရှိန်အဟုန်ပြင်းတဲ့ ပြောင်းလဲမှု့ တွေ နယ်ပယ်အသီးသီးမှာ မရှိမဖြစ်လိုအပ်ပါတယ်။ ကိုယ်တွေ့ဥပမာတခုကို ပြရရင် ကျနော် ပြည်ပမှာ နေစဉ်က NGO တခုမှာ လုပ်ကိုင်နေရင်း၊ တရက် တက္ကသိုလ်ကြီး တခုမှာ လုပ်တဲ့ ဆွေးနွေးပွဲ တခုမှာ ပါဝင်တော့ ၊ ကျနော်နဲ့ တလမ်းတည်းမှာနေတဲ့ အဲဒီနိုင်ငံသား ကျောင်းသားကလည်း ဒီဆွေးနွေးပွဲကို လာတာတွေ့ရတယ်။ သူနဲ့ကျနော် လမ်းထဲမှာ သိပြီးသားဆိုတော့ ၀မ်းသာအားရနဲ့အနားမှာလာထိုင်တယ်။ ပြီးတော့ သူက ကျနော့်ကို မေးတယ် ခင်ဗျားက ဒီနယ်ပယ်မှာ လုပ်နေတယ်ဆိုတော့ ဒီဘာသာရပ်နဲ့ ကျောင်းပြီးထားတာလားတဲ့ ၊ ကျနော်က မဟုတ်ပါဘူး၊ တခြားဘာသာရပ်နဲ့ပါ၊ ၀ါသနာအရ ဒီလိုနယ်ပယ်မှာ ရှိနေရတာပါ၊ ကျနော်တို့ နိုင်ငံမှာက ခင်ဗျားသင်နေတဲ့ ဘာသာရပ်က တက္ကသိုလ်မှာ သင်ခွင့်မရတဲ့ ဘာသာရပ်လေဆိုတော့ သူအံအားသင့်မိတယ်၊ ဘာမှမဆိုင်ဘူး နော်တဲ့။ သူကတော့ ဒီဘာသာရပ်ကို အထူးပြု လေ့လာနေလို့ ၊ အခုလိုပွဲတွေကို တက်ရောက် နေရတာပါတဲ့ ။ နောက်ဥပမာတခုက ကျနော်နဲ့ ငယ်ငယ်ကတည်းက ကျောင်းတက်လာတဲ့ ငယ်သူငယ်ချင်းအရင်းကြီးတယောက်ပါ။ သူက ဥပဒေနဲ့ ကျောင်းပြီးတယ်၊ ပြီးတော့ ဆေးဝါး ကျွမ်းကျင်သင်တန်းတက်တယ်၊ နောက်အားလုံးပြီးတော့ အိမ်ထောင်ပြုပြီး ကွန်ပျူတာဆိုင် ဖွင့်ထားတယ်။ ဘာတခုမှလည်း အဆက်အစပ်မရှိသလို၊ သေချာပြန်စဉ်းစားကြည့်ရင် အချိန် တွေဘဲ နှမြောဖို့ကောင်းခဲ့တာပါ။ တချို့ကလည်း မိဘအသိုင်းအ၀ိုင်းကြောင့် နေရာအထား
အသို မကျဖြစ်ခဲ့ရတာပါ။ ကျနော်တို့တွေဟာ မျိုးဆက်ကို တိုးတက်ပြောင်းလဲစေချင်တယ် ဆိုရင် ရေခံ၊ မြေခံကောင်းမွန်မှု့တွေကို ဖန်တီးပေးနိုင်ရမှာဖြစ်သလို၊ အနှောင်အဖွဲ့ကင်းတဲ့ ထိုးထွင်းကြံဆမှု့တွေကိုလည်း အားပေး အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဒါမှာသာ မျိုးဆက် တဆက် ရောက်လာတိုင်း ထင်သာမြင်သာရှိတဲ့ ကောင်းမွန်တဲ့အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ မြင်မိကြောင်းပါ။ ။

Aungzaw OO
10/4/14

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: