OIC ၊ သီရိလင်္ကာ၊ မြန်မာနဲ့ အမျိုးသားရေး အစွန်းရောက်ဝါဒ

OIC ၊ သီရိလင်္ကာ၊ မြန်မာနဲ့ အမျိုးသားရေး အစွန်းရောက်ဝါဒ

• စောလှဖြူ (Myanmar Muslim Media ) ဝေဖန်သုံးသပ် ရေးသားသည်။

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အတွင်းရေးမှူးချုပ်ဖြစ်သူ အီယဒ်မဒနီဟာ သီရိလင်္ကာသမ္မတရဲ့ ဖိတ်ကြားချက်အရ မကြာခင်မှာ သီရိလင်္ကာနိုင်ငံကို သွားရောက် လည်ပတ်မယ်လို့ သိရပါတယ်။

“ဒါဟာ သီရိလင်္ကာကို ပထမဆုံးအကြိမ်သွားရောက်မယ့် အစီအစဉ်ပါ၊ ဒီအတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်”လို့ ဆော်ဒီအခြေစိုက် သီရိလင်္ကာသံရုံးက အရာရှိတစ်ဦးက အတည်ပြုပြောပါတယ်။

ပြီးခဲ့တဲ့လက ကုလသမဂ္ဂအထွေထွေညီလာခံမှာ တွေ့ဆုံခိုက် သမ္မတ မဟင်ဒါ ရာဂျာပက်စကာက အိုအိုင်စီ အကြီးအကဲကို ဖိတ်ကြားခဲ့တာပဲဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းက သီရိလင်္ကာမှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ဆင်ဟာလီ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး OIC က စိုးရိမ်ပူပန်ကြောင်း သမ္မတထံ စာရေးအကြောင်းကြားခဲ့ပါတယ်။

သမ္မတရာဂျာပက်စကာကလည်း သူ့နိုင်ငံက မွတ်စလင်တွေ ထိခိုက်မယ့် အကြမ်းဖက်မှုတွေကို သူ့အစိုးရက ချက်ချင်းအရေးယူပေးပါမယ်လို့ အခိုင်အမာပြောပါတယ်။ ဒါ့အပြင် သူ့တိုင်းပြည်မှာ မတူကွဲပြားတဲ့ အသိုင်းအ၀ိုင်းတွေ ဘယ်လို ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသလဲဆိုတဲ့ ပကတိအရှိတရားတွေကို မြင်တွေ့နိုင်ဖို့ အိုအိုင်စီ အကြီးအကဲကို ဖိတ်ခေါ်ထားပါတယ်။

ဒါကြောင့် OIC ရဲ့ ခရီးစဉ်အတွင်းမှာ သီရိလင်္ကာနိုင်ငံက လူနည်းစုတွေရဲ့အခြေအနေ တည်ငြိမ်ဖို့နဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် ဘာသာရေးအသင်းအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ OIC က မျှော်လင့်နေပါတယ်။

OIC လေ့လာသူနိုင်ငံအဆင့် လျှောက်ထား
———————————————-
တကယ်တော့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ထူပြောလာတဲ့ သီရိလင်္ကာနိုင်ငံဟာ မွတ်စလင် ၅၇ နိုင်ငံဖွဲ့စည်းထားတဲ့ OIC အဖွဲ့ရဲ့ လေ့လာသူနိုင်ငံအဆင့်ကို ၂၀၀၈ ခုနှစ်ကတည်းက လျှောက်ထားခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

ကုလသမဂ္ဂပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး အသင်းအဖွဲ့လို့ ဆိုနိုင်တဲ့ OIC အဖွဲ့မှာ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်ချင်တဲ့ မွတ်စလင်မဟုတ်တဲ့ နိုင်ငံတွေက လေ့လာသူနိုင်ငံအဖြစ် လျှောက်ထား လေ့ရှိပါတယ်။ ဒီအထဲမှာ ထိုင်း၊ ရုရှား၊ ဆိုင်းပရပ်စ် စတဲ့နိုင်ငံတို့က လေ့လာသူအဆင့် သတ်မှတ်ခံရပြီး သီရိလင်္ကာ၊ နီပေါ၊ အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်၊ ဘရာဇီး စတဲ့နိုင်ငံတို့က လေ့လာသူနိုင်ငံအဖြစ်
လျှောက်ထားဆဲဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ သီရိလင်္ကာနိုင်ငံဟာ အရှေ့အလယ်ပိုင်းက အာရဗ် ၁၄ နိုင်ငံနဲ့ သံတမန်အဆက်အသွယ်ရှိတဲ့အတွက် မွတ်စလင်အများစုနိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေပြစ်မှုကို လိုလားနေပါတယ်။

OIC လေ့လာသူအဆင့်နဲ့ မွတ်စလင်မုန်းတီးရေး အကြမ်းဖက်မှု အားပြိုင်
—————————————————————————–
သီရိလင်္ကာဆင်ဟာလာ ဗုဒ္ဓဘာသာ အမျိုးသားရေး အစွန်းရောက်အဖွဲ့ဖြစ်တဲ့ ဗောဓုဗလဆေန (BBS)လို့ခေါ်တဲ့ ဗုဒ္ဓစွမ်းအားရှင်တပ်ဖွဲ့ဟာ ဘာသာခြားတွေဖြစ်တဲ့ အစ္စလာမ်နဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘုရားကျောင်းကန်၊ နေအိမ်၊ ဈေးဆိုင်၊ ဥစ္စာပစ္စည်းတွေကို အကြမ်းဖက် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြပါတယ်။

ဒါကြောင့် OIC အဖွဲ့မှာ လေ့လာသူအဆင့် လျှောက်ထားမှု၊ မွတ်စလင်နိုင်ငံတွေနဲ့ သင့်မြတ်လိုမှုက မွတ်စလင်မုန်းတီးရေး အကြမ်းဖက်မှုတွေနဲ့ ၀ိရောဓိဖြစ်ပြီး အားပြိုင်နေပါတယ်။

OIC အကြီးအကဲနဲ့ သီရိလင်္ကာသမ္မတတို့ တွေ့ဆုံတဲ့အခါမှာ အတွင်းရေးမှူးချုပ် အီယဒ်မဒနီက “သီရိလင်္ကာကို OIC ရဲ့ အပြင်လူလို့ မသတ်မှတ်ထားပါဘူး”လို့ ပြောဆိုသွားကြောင်း အာရဗ်သတင်းတွေက ဖော်ပြပါတယ်။

တစ်ခါ သီရိလင်္ကာသမ္မတကလည်း “မွတ်စလင်အသိုင်းအ၀ိုင်းကို ညီရင်းအစ်ကိုလို ကြည့်ရှုစောင့်ရှောက်သွားပါမယ်”လို့ ကတိစကားပြောသွားပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် တစ်ချိန်က ပြည်တွင်းစစ်တွေကြောင့် ပစ်ပယ်ခံနိုင်ငံဖြစ်ခဲ့တဲ့ သီရိလင်္ကာဟာ OIC အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုတဲ့အတွက် သူ့နိုင်ငံက လူနည်းစုတွေ အကြမ်းဖက်မခံရဖို့ သတိနဲ့ ထိန်းချုပ်ရမယ့်အနေအထားမှာ ရှိနေပါတယ်။

မြန်မာ့အစွန်းရောက် အမျိုးသားရေးဝါဒနဲ့ OIC
————————————————
မြန်မာနိုင်ငံမှာလည်း အမျိုးသားရေးအစွန်းရောက်ဝါဒ ခေါင်းထောင်ထလာပြီး ၂၀၁၂ ခုနှစ် ရခိုင်ပြဿနာက အစပြုလို့ မိတ္ထီလာနဲ့ ပဲခူးရိုးမအနောက်ခြမ်းတလျှောက်လုံး၊ ဥက္ကံ၊ ထန်းကုန်း၊ လားရှိုးနဲ့ နောက်ဆုံး မန္တလေးအထိ လူမျိုးရေး ဘာသာရေးနွယ်တဲ့ အကြမ်းဖက်မှုတွေ ကူးဆက်ပြန့်နှံ့ခဲ့ပါတယ်။

ရခိုင်ပြဿနာဖြစ်ပြီးနောက် ပဋိပက္ခကို ကူညီဖြေရှင်းမယ့် OIC ရဲ့ အကူအညီပေးရေး အစီအစဉ် ကမ်းလှမ်းချက်ကို ဒေါ်လာတွေ မျှော်ကိုးပြီး မြန်မာအစိုးရက သဘောတူခဲ့ပါတယ်။ နားလည်မှု စာချွန်လွှာ MOU ချုပ်ဆိုနိုင်ခဲ့တယ်။ ဒါပေမယ့် ဒေါ်လာကိုသာ အလိုရှိပြီး ရုံးခွဲဖွင့်လှစ်ဖို့ အလိုမရှိတဲ့အတွက် အမျိုးသားရေး အစွန်းရောက်သံဃာတွေကို စည်းရုံးပြီး OIC ဆန့်ကျင်ရေးတွေ တဘက်လှည့် လုပ်ခိုင်းပါတယ်။

နောက်ဆုံး ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ယခင်အတွင်းရေးမှူးချုပ် အိက္ကမိလပ်ဒီးန်အိဟ်ဆန်နိုဂလူ ဦးဆောင်တဲ့ OIC ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး ပဋိပက္ခဖြစ်ပွားရာ ဒေသတွေကို သွားရောက် လေ့လာကြည့်ရှုကာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်တဲ့အချိန်မှာလည်း သမ္မတဦးသိန်းစိန်က မြို့ကြီးတွေမှာ အုံနဲ့ကျင်းနဲ့ OIC ဆန့်ကျင်ရေးတွေပြုလုပ်ခိုင်းပြီး အစွန်းရောက်မေတ္တာခံယူပါတယ်။

ကုလသမဂ္ဂကလည်း သတိပေးထားတဲ့အတွက် OIC အတွင်းရေးမှူးချုပ်က မြန်မာပြည်မှာ ရုံးခွဲဖွင့်လှစ်မှာ မဟုတ်ဘူးလို့ ပြောဆိုသွားပါတယ်။

တကယ်လို့ OIC ကသာ ဒေါ်လာတွေ ပုံပေးသွားမယ်ဆိုရင် မြန်မာအစိုးရအတွက် ရုံးခန်းဖွင့်ခွင့်ပေးဖို့ အခက်ခဲမရှိပါဘူး။ ဒါပေမယ့် OIC က လိုအပ်နေတဲ့သူတွေလက်ထဲကို ထိထိရောက်ရောက်ကူညီနိုင်ဖို့နဲ့ နောက်ပိုင်းမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဟမီးဒ်အလ်ဘား ဦးဆောင်တဲ့ အဖွဲ့ကို တာဝန်ပေးပြီးတော့ ဆောင်ရွက်စေပါတယ်။ ဒီတော့ မြန်မာအစိုးရဟာ OIC ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို သိသိသာသာလွှတ်ပေးထားပြီး တဘက်မှာ OIC နဲ့မျက်နှာပျက်ရပေမယ့် အစွန်းရောက်မျိုးချစ်အင်အား စုဆောင်းရေးအတွက်တော့ အမြတ်ထွက်ခဲ့ပါတယ်။

ဒီအင်အားနဲ့ ၂၀၁၅ အရွေ့ကို တွန်းကြည့်ဖို့ ဦးသိန်းစိန် အစိုးရက ကြိုတင်ကြံရွယ်ခဲ့မှန်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပေါ် အရေးယူတုန့်ပြန်ချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။

ဗမာဘင်လာဒင်နဲ့ သီရိလင်္ကာ တာလီဘန် BBS တို့ မဟာမိတ်ဖွဲ့
——————————————————————-
မြန်မာပြည်မှာ မိမိကိုယ်ကိုယ် “ဗမာဘင်လာဒင်”လို့ အမည်ပေးပြီး မွတ်စလင်မုန်းတီးရေး အကြမ်းဖက်လှုံ့ဆော်သူအဖြစ် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရှင်ဝီရသူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းက သီရိလင်္ကာ တာလီဘန်လို့ ဆိုနိုင်တဲ့ ဘာသာခြား၊ လူမျိုးခြား မုန်းတီးရေးနဲ့ နာမည်ကျော်ဇောတဲ့ အစွန်းရောက်ဘာသာရေးအဖွဲ့ ဗောဒုဗလဆေန (BBS) ရဲ့ သံဃာ့ညီလာခံကို တက်ရောက်ခဲ့ပါတယ်။

သိရီလင်္ကာ မွတ်စလင်နဲ့ ခရစ်ယာန်အဖွဲ့အစည်းတွေက ကန့်ကွက်နေတဲ့ကြားက မသူတော်ချင်းချင်း ပေါင်းဖက်တွေ့ဆိုသလို အစွန်းရောက်အချင်းချင်း မဟာမိတ်ဖွဲ့နိုင်ခဲ့ပါတယ်။

ပိုမိုဖိနှိပ်ခံရမှာ စိုးရိမ်
———————-
သီရိလင်္ကာက လူနည်းစုဘာသာဝင်တွေကတော့ ဦးဝီရသူ ရောက်ရှိလာပြီး မဟာမိတ်ပြုလိုက်တဲ့အတွက် သူတို့တိုင်းပြည်မှာ ဆူပူအကြမ်းဖက်မှုတွေ၊ ဘာသာခြား၊ လူမျိုးခြား နှိပ်ကွပ်မှုတွေ ပိုမိုများပြားလာမှာကို စိုးရိမ်ကြပြီး အထူးသဖြင့် မြန်မာနိုင်ငံက ရိုဟင်ဂျာတွေလို သီဟိုဠ်ကျွန်းက မွတ်စလင်တွေ တိုက်ခိုက်ခံရမလားဆိုတာကို စိုးရိမ်မကင်းဖြစ်ခဲ့ကြပါတယ်။

မြန်မာပြည်အတွက်လည်း စိုးရိမ်စရာဖြစ်ပါတယ်။ တမီလ်ကျားသူပုန်ကို အကြောင်းပြပြီး တမီလ်လူမျိုးတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ သမ္မတရာဂျာပက်စကာလို ဦးသိန်းစိန်အစိုးရကလည်း ရိုဟင်ဂျာတွေကို အလားတူ အမြစ်ဖြုတ်ချင်တာနဲ့ RSO ကို အတင်းအဓမ္မ သူပုန်ထခိုင်းနေတာလားဆိုတာ သံသယ၀င်စရာပါ။

နောက်တစ်ခါ သီရိလင်္ကာမှာလို မြန်မာ့နိုင်ငံရေးမှာ ဘုန်းကြီးတွေ ၀င်ရောက်စွက်ဖက်ခွင့်ရသွားမှာနဲ့ ဘာသာတရားချုပ်ကိုင်လွှမ်းမိုးတဲ့ theocracy နိုင်ငံတွေလို အုပ်ချုပ်တော့မှာလားဆိုတာကို ဗုဒ္ဓဘာသာဝင်နိုင်ငံရေး သမားတွေကိုယ်တိုင် စိုးရိမ်နေရတဲ့ အခြေအနေဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာအစိုးရက ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေကို လွှတ်ထားပြီး ထောက်ပြဝေဖန်သူတွေကိုတော့ နည်းမျိုးစုံနဲ့ ရမယ်ရှာ နှိပ်ကွပ်ပါတယ်။

အမျိုး၊ ဘာသာ၊ သာသနာ ဗန်းပြ လုယက်၊ တိုက်ခိုက်၊ မီးရှို့ အကြမ်းဖက် သတ်ဖြတ်ကြသူတွေရဲ့ မျိုးစောင့်ဥပဒေကို လွှတ်တော်ထဲထိ ယူဆောင်လာခွင့်ပေးပေမယ့် ပြည်တွင်းပဋိပက္ခတွေရပ်ဆိုင်းဖို့ လူမျိုးရေးဘာသာရေး အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းဖို့ ကိစ္စကိုတော့ လွှတ်တော်ထဲမှာ ဆွေးနွေးအဖြေရှာတာမျိုး မလုပ်ပါဘူး။

လူနည်းစု မွတ်စလင်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ မွန်းတည့်နေဂျာနယ်က တစိုက်မတ်မတ် ဆန့်ကျင်ဝေဖန်ရေးသားခဲ့တဲ့အတွက် အဲဒီမွတ်စလင်ပိုင် ဂျာနယ်ကို တေးမှတ်ထားခဲ့ပြီး နောက်ဆုံး ဂျာနယ်ပိုင်ရှင်တွေကို OIC ရဲ့ ငွေကြေးအထောက်ပံ့နဲ့ ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

မြန်မာနိုင်ငံက မွတ်စလင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကို ဝေဖန်တိုက်ခိုက်ရေးသားလေ့ရှိတဲ့ အောင်ဇေယျတုဂျာနယ်၊ သာကီသွေးဂျာနယ် စတဲ့ အစွန်းရောက်အမျိုးသားရေးဇောင်းပေးတဲ့ စာစောင်တွေကို အစိုးရက တရားဝင်ခွင့်ပြုချက်ပေးထားပါတယ်။ နောက်ဆုံး ကမ္ဘာ့မွတ်စလင်ထုကိုရော အစ္စလာမ်ဘာသာဝင်တို့ရဲ့ တမန်တော်မုဟမ္မဒ်ကိုပါ ပြောင်ပြောင်တင်းတင်း စော်ကားရေးသားလာတဲ့တိုင် အောင် အစိုးရက စစ်ဆေးတာ၊ မေးမြန်းတာမျိုးမရှိပါဘူး။ ဒါဟာ ပဋိပက္ခမီးတွေ တောက်လောင်စေဖို့ ဓါတ်ဆီလောင်းနေတာဖြစ်ပေမယ့် အစိုးရက မလောင်ခင် တားဆီးမယ့်ပုံမပေါ်ပါဘူး။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ဘယ်လိုပဲ ဝေဖန်နေပါစေ၊ OIC အဖွဲ့ဝင် မွတ်စလင်နိုင်ငံတွေနဲ့ ဘယ်လောက်ပဲ မျက်နှာပျက်ပါစေ ၂၀၁၅ အလွန် အာဏာယစ်ပလ္လင်အတွက် အမျိုးသားရေးအစွန်းရောက်ဝါဒီတွေနဲ့ ပူဇော်ရမှာဖြစ်လို့ ဦးသိန်းစိန်အစိုးရက အာဆီယံ ဥက္ကဋ္ဌ ရာထူးလက်ဝယ်ရှိချိန်မှာပဲ ဘာသာရေးအကြမ်းဖက်မှုတွေကို တွင်တွင်ကြီး ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေကြားက လေ့လာစရာ
——————————————-
တကယ်တော့ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ အာဆီယံနိုင်ငံတွေဆီက လေ့လာစရာတွေရှိပါတယ်။

အထူးသဖြင့် မွတ်စလင်တွေနဲ့ပတ်သက်နေတဲ့ ဖိလစ်ပိုင်တောင်းပိုင်း ပြဿနာ၊ ထိုင်းတောင်ပိုင်းပြဿနာမှာ OIC အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြားဝင်ဆောင်ရွက်မှုကို အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံအစိုးရလည်း သိမြင်ခဲ့ပြီး ဖြစ်ပါတယ်။
မင်ဒနောင်းကျွန်းကို မော်ရိုအစ္စလာမ်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးခဲ့တဲ့ ခရစ်ယာန်အများစုလွှမ်းမိုးရာ ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၀၈ ခုနှစ်မှာကတည်းက OIC ရဲ့ အရေးပါမှုကို သိမြင်ခဲ့ပြီး OIC လေ့လာသူနိုင်ငံအဖြစ် လျှောက်ထားခဲ့ပါတယ်။

အလားတူ မလေးနွယ်ဖွား မွတ်စလင်တွေ အများစုနေထိုင်ရာ နရာသီဝပ်၊ ပတ္တာနီနဲ့ ယာလာဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအကြား OIC နိုင်ငံတွေရဲ့ ကြားဝင်ဆောက်ရွက်မှုကြောင့် ဒေသတွင်း တည်ငြိမ်မှုနဲ့ နှစ်ဦးနှစ်ဘက် အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းမှုကို လက်တွေ့သိရှိခံစားရတဲ့ ထိုင်းနိုင်ငံအစိုးရကလည်း OIC မှာ ပါဝင်ခွင့်ရရေး လျှောက်ထားခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ လေ့လာသူအဆင့် သတ်မှတ်ခံထားရပါတယ်။

အာဆီယံထဲမပါတဲ့ သီရိလင်္ကာနိုင်ငံကတော့ သူ့နိုင်ငံမှာ ပဋိပက္ခတွေရှိနေတဲ့တိုင်အောင် OIC လေ့လာသူနိုင်ငံအဖြစ် ၂၀၀၈ ခုနှစ်မှာ လျှောက်ထားခဲ့သလို အဖွဲ့ဝင်နိုင်ငံတွေနဲ့ သင့်မြတ်လိုကြောင်း ပြသနေပါတယ်။
ဦးသိန်းစိန် အစိုးရကတော့ OIC ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ကောင်းကောင်းသိပေမယ့် ၂၀၁၅ အာဏာလွန်ဆွဲပွဲအတွက် အစွန်းရောက် မျိုးချစ်တွေ လျော့ကျမသွားစေရေးကိုပဲ အလေးထား အာရုံစိုက်နေဦးမယ့်သဘော တွေ့နေရပါတယ်။

ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး OIC ရဲ့ ကြားဝင်ဖြေရှင်းမှုကြောင့် အစိုးရရော လူနည်းစုတွေအတွက်ပါ အကျိုးကျေးဇူးဖြစ်ထွန်းခဲ့တဲ့ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒနောင်းပြဿနာနဲ့ ထိုင်းတောင်ပိုင်း ပြဿနာတွေကို သမ္မတ ဦးသိန်းစိန် အစိုးရက အတုမယူတတ်ပေမယ့် ရာဂျာပက်စကာရဲ့ သီရိလင်္ကာအစိုးရက အတုယူအသုံးချနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

• စောလှဖြူ (Myanmar Muslim Media ) ဝေဖန်သုံးသပ် ရေးသားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: