U Ravika: ဘာသာခြားတွေကို တွေ့တဲ့အခါမှာလည်း ကောင်းတာတွေ လုပ်ပေးမယ်၊ ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံမယ် ကူညီစောင့်ရှောက်ပေးမယ်ဆိုရင် ဒါဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ စစ်မှန်တဲ့ သာသနာပြုနည်းပါ
နိုင်ငံတော်သစ္စာကို စောင့်သိရိုသေကြမည့် သစ္စာဖောက်များ( ဘာသာရေးအကြောင်း ပြောလိုက်ပါအုံးမယ် )
မဘသဆရာတော်အချို့က အဖွဲ့ချုပ်ကို ဝေဖန်တိုင်း သူတို့သုံးနေကျစကားတစ်ခွန်း ရှိတယ်။ အဲဒါကတော့ ကာလဒေသနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် မရပ်တည်ရင် အဖွဲ့ချုပ်က ဘဝပျက်သွားနိုင်တယ်ဆိုတဲ့ စကားပါ။ မိမိက ဘာသာရေးကို မရေးမိအောင် သည်းခံနေတဲ့ကြားက ကာလဒေသနဲ့ ပတ်သက်ပြီး မသိနားမလည်တဲ့ မဘသဆရာတော်အချို့ကို ပြောစရာရှိတာနဲ့ ဒီဆောင်းပါးကို ရေးတယ်။
(၁) သောနုတ္ထိုရ်မုဆိုးနဲ့ တူတဲ့ ဦးအောင်သောင်း
ဦးထင်လင်းဦးဟောပြောချက်ကို မိမိနားထောင်ကြည့်တယ်။ သူ ပြောတာ မမှားဘူး။ အပြောမတတ်လို့သာ ဆဲသလို ဖြစ်သွားခဲ့တယ်။
ဒီမှာ သာကီမျိုးဆိုတာ မောင်နှမချင်း ယူကြတာလည်း ဟုတ်တယ်၊
သောနုတ္ထိုရ်က သင်္ကန်းအကာအကွယ်ယူတာလည်း ဟုတ်နေတာပဲ။ သာကီဝင်မင်းမျိုးဆိုတာ လူဖြူမျိုးနွယ်ပါ။ ဒေသခံတိဗက်မြန်မာတွေနဲ့   သွေးရောကုန်မှာစိုးလို့ မောင်နှမချင်း ယူကြတာ ဖြစ်တယ်။
အိန္ဒိယသမိုင်းမှာတော့ ဟိန္ဒူပေါရဏကျမ်း၊ ဂျိန်းကျမ်း၊ ဗုဒ္ဓဘာသာကျမ်းတွေမှာ သာကီဝင်အကြောင်း ပါရှိတယ်။ အမျိုးကို စောင့်ရှောက်ဖို့အတွက် မောင်နှမအချင်းချင်းတောင် ယူနိုင်ကြပါကလားလို့ အံသြဘနန်း ဖြစ်ရတာကို အကြောင်းပြုပြီး သက္က၊ သကျ၊ သာကီဝင်မျိုး ဖြစ်လာတာပါ။ လှသိန်းထွဋ်က ရဟန်းကြိုက် "ဗုဒ္ဓသည် မြန်မာလူမျိုး"လို့ ရေးပေမဲ့ "သာကီမျိုးဟေ့ ဒို့ဗမာ"ကို စအော်လာခဲ့တာက ကုန်းဘောင်ခေတ်ရောက်မှပါ။ တိတိကျကျ ပြောရရင် ၁၈၂၃ ခုနှစ်ကျမှ မှန်နန်းမဟာရာဇဝင်တော်ကြီးမှာ စရေးခဲ့တာပါ။ မွန်မြန်မာအားပြိုင်မှုမှာ ဗုဒ္ဓဘာသာ ကိုင်းရှိုင်းတဲ့ မွန်တွေကို ချိုးနှိမ်နိုင်ဖို့၊ မွန်တွေဆီက ထေရဝါဒသာသနာ ရခဲ့တာကို ပယ်ဖျက်ချင်လို့ မွန်တို့လေးစားတဲ့ သာကီဝင်မျိုးနဲ့ အမျိုးစပ်လိုက်ခြင်း ဖြစ်တယ်။ အခုလည်း သာကီသွေးကြွနေတာက မန္တလေးတဝိုက်မှာပါ။ တကောင်းထူထောင်သူ အဘိရာဇာဟာ သာကီဝင်မင်းသားလို့ ဆိုပါတယ်။ ပျူစောထီးဟာ သာကီနွယ်လို့ ဆိုပါတယ်။ ဝိဋဋူဘက သာကီဝင်တွေကို မျိုးဖြုတ်ရာကနေ အဘိရာဇာက တကောင်းအထိ ရောက်ရှိလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော့ မြန်မာတို့က သာကီဝင်မျိုးဟုတ်မဟုတ် ကြည့်ရင် မျိုးရိုးဗေဒအရလည်း မမှန်ဘူး၊ သာကီဝင်တွေက အနောက်ကနေ လာလို့ အနောက်ကို ဦးချသလို မြန်မာတို့က ဦးမချပါဘူး။ မဟာသမ္မတမင်းက စပြီး သြက္ကာကမင်းအထိကို မွန်နဲ့ ရခိုင်တို့လည်း ဗုဒ္ဓဘာသာကျမ်းဂန်တွေကနေ စွဲယူပြီး အမျိုးစပ်ကြတာပဲ ဖြစ်တယ်။ အခုအချိန်မှာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်သွားကြတဲ့ ကရင်နဲ့ ကရင်မိတ်ဆွေအချို့ကလည်း သူတို့လူမျိုးက သမ္မာကျမ်းစာမှာ ပါတဲ့ Lost people တွေနဲ့ အမျိုးစပ်သလိုပါပဲလို့ ဆိုချင်ပါတယ်။ မပြောကောင်းမဆိုကောင်း ဆိုရရင် မွန်သမိုင်းမှာလည်း ဒီဘဒ္ဒကမ္ဘာမှာ ပထမဆုံး ပွင့်တော်မူတဲ့ ကက္ကုသန်မြတ်စွာဘုရားဟာ မွန်လူမျိုးး (မနု)က ဆင်းသက်ကြောင်း ရေးကြတော့ မြန်မာတို့ရဲ့ အမျိုး ဂေါတမမြတ်စွာဘုရားလောက်တော့ အပျော့ပေါ့။ အကျဉ်းချုံးလိုက်ရင် မြတ်စွာဘုရားကို ရှိခိုးနေတာဟာ မြန်မာလူမျိုး ဖြစ်လို့ မဟုတ်ဘူး။ သူ့တရားတွေကို ယုံကြည်လေးစားလို့ ထင်လင်းဦးဟောပြောချက်ဟာ မမှားဘူး။
နောက်တစ်ခု သံဃာတော်များကို စော်ကားတယ်ဆိုတဲ့ ကိစ္စပါ။ သူက ဒေါသအလျောက် စော်ကားမိတယို့ ထင်ပါတယ်။ စစ်သားနဲ့ သံဃာတော်များမှာ တူတာ တစ်ခု ရှိတယ်။ အဲဒါကတော့ ယူနီဖောင်းပါပဲ။ အဲဒီယူနီဖောင်းကို ထိရင် မခံနိုင်ကြဘူး။
ဦးထင်လင်းဦးက မဘသသံဃာတော်အချို့ကို ရည်ရွယ်ပြီး ဟောပြောခဲ့ကြောင်း သူ့ဟောပြောချက်အားလုံးကို နားထောင်ကြည့်ရင် သိနိုင်ပါတယ်။
ဒါပေမဲ့ သူ့ဟောပြောချက်ကို ဖြတ်ညှပ်ကပ်လိုက်ရင် သံဃာများနဲ့ လှည့်တိုက်လို့ အင်မတန်ကောင်းပါတယ်။ သူ့ဟောပြောချက်ကို ဘယ်လိုအသုံးချမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။
သောနုတ္ထိုရ်က ဆင်ကို ဒုက္ခရောက်အောင် လုပ်တယ်။
ဆင်က တိုက်ခိုက်တော့ ဆင်တွေ လေးစားတဲ့ အရဟတ္တဓဇ မြတ်သင်္ကန်းကို ပတ်ပြီး အသက်ဘေးကနေ လွတ်အောင် လုပ်ခဲ့တယ်။
အခု စစ်အုပ်စုတွေဟာ ဗုဒ္ဓဘာသာအပေါ် ကောင်းအောင် ဘယ်နေရာ လုပ်ပေးခဲ့ပါသလဲ။ သံဃာတော်များကို ဘယ်အဆင့်မှာ ကိုးကွယ်ထားပါသလဲ။ သံဃာတွေကို ဘယ်လိုဆက်ဆံခဲ့သလဲ။
ဦးဝီရသူနဲ့ ဆရာတော်ဦးတိလောကတို့က အသိဆုံးပါ။
ဒါပေမဲ့ သူတို့အာဏာဘေး၊ သူတို့အသက်ဘေး ကြုံလာတဲ့အခါကျတော့ သင်္ကန်းကို အသုံးချဖို့ ကြံရက်ကြပါတယ်။
အရင်တုန်းက ကိုလိုနီလက်သစ်နဲ့ ဝါဒဖြန့်ပါတယ်။ အခု မွတ်စလင်လူနည်းစုတွေနဲ့ ခြိမ်းခြောက်ပါတယ်။ အမှန်မတော့ ပြည်သူတို့ကို နေ့စဉ်ခြိမ်းခြောက်နေတာက စစ်အုပ်စုတွေကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ အခုလည်း မဘသအတွက် သူတို့ ဘာတွေ လုပ်ပေးခဲ့လဲ။ မိမိအနေနဲ့ မဘသတို့ရဲ့ မျိုးစောင့်ဥပဒေကို အနည်းငယ်ပြင်ဆင်ပြီး အဖွဲ့ချုပ်က အသိအမှတ်ပြုပေးသင့်ရင် ပြုပေးဖို့ ၂၀၁၃ ခုမှာ စတေးတပ်စ်တစ်ခု ရေးပါသေးတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က သတင်းထောက်တစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်ကို မျိုးစောင့်ဥပဒေအကြောင်း မေးရာ ဒေါ်အောင်ဆန်းစုကြည်က "အဲ့ဥပဒေ ဘယ်မှာလဲ၊ တွေ့မှ ပြောနိုင်မယ်"လို့ ပြောပါတယ်။ ၂၀၀၈ ခုဥပဒေကိုတောင် ဆွေးနွေးနေကြတာပါ။ ဘယ်ဥပဒေမဆို ဆွေးနွေးလို့ ရနိုင်တဲ့ အနေအထားပါ။ အရေးကြီးဆုံးက ဘယ်ဥပဒေမဆို ပြည်သူတို့ လက်ခံမှ ရမယ်ဆိုတဲ့ အခြေခံကို မမေ့သင့်ဘူး။ အခု ပြန်ကြားရေးမှာ လုပ်တဲ့ ထင်လင်းဦးကို အဖွဲ့ချုပ်က ဖြုတ်လိုက်ပါပြီ။ ဒါဟာ အဖွဲ့ချုပ်ရဲ့ တာဝန်ယူမှုပါ။ မဘသအဖွဲ့ကော ကိုယ့်အဖွဲ့ထဲမှာ တာဝန်ယူမှု ဘယ်လောက်ရှိလဲ။ ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းဆိုရင် တာဝန်ယူမှု ရှိကို ရှိရမယ်။ မိတ်ဆွေရဟန်းတစ်ပါးက မဘသဟာ ကြားနေအဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဆို မိမိတို့လည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒါပေမဲ့ ကြားနေဝါဒ ကျင့်သုံးကြောင်း မူဝါဒ ရှိရသလို စည်းကမ်းဖောက်သူ အဖွဲ့ဝင်များ ရှိလာပါက အဖွဲ့ချုပ်က ထင်လင်းဦးကို အရေးယူသလို အရေးယူဖို့ ဝန်မလေးရဘူး။ ဒါမှပဲ အပြန်အလှန် လေးစားမှု ရှိမယ်။ အပြန်အလှန်လေးစားမှုကိုလည်း တန်ဖိုးမထားဘူး၊ အပုပ်ချဖို့ပဲ ချောင်းနေတယ်ဆိုရင် မိမိတို့ ဘာမှ မတတ်နိုင်ပါ။
(၂) ဗုဒ္ဓဘာသာဆိုတာ အဖိနှိပ်ခံတို့ရဲ့ ဘာသာတရား
ကမ္ဘာပေါမှာ လူမျိုးရေးခွဲခြားတဲ့နေရာမှာ ဂျူးကို မမီဘူးလို့ ပြောချင်တယ်။ ယေရှုခရစ်တော်က အဲဒီက ပေါက်ဖွားလာပြီး တန်းတူရေးတရား ဟောခဲ့တယ်။ အမှန်မှာ ယေရှုထက် နှစ်ပေါင်း (၅၀၀) စောခဲ့တဲ့ မြတ်ဗုဒ္ဓလည်း သာကီဝင်မင်းမျိုးကနေ ဆင်းသက်ခဲ့လို့ အခြားလူမျိုးနဲ့ လုံးဝအရောအနှော မရှိတဲ့ လူမျိုးတစ်မျိုးပါ။ မျိုးချစ်စိတ်ဓာတ် အင်မတန်မှာ ပြင်းထန်ပါတယ်။ အဲဒီမျိုးချစ်စိတ်ဓာတ် ပြင်းထန်လွန်းလို့လည်း ထီးပျောက်နန်းပျောက်ခဲ့ရခြင်းဖြစ်တယ်။ မြတ်စွာဘုရားဘွဲ့အမည်ကို ကြည့်ရင်လည်း သိဒ္ဓတ္တ ဂေါတမ လို့ ဆိုနိုင်ပါတယ်။ သိဒ္ဓတ္တဆိုတာ First name ပါ။ ဂေါတမဆိုတာ အခုခေတ်အမြင်နဲ့ ပြောရင် Last name ပါ။ Last name ကို ဘာသာပြန်ရင် အမျိုးအနွယ်ကို စောင့်ရှောက်သူ၊ မျိုးချစ်သူကြီ်းလို့ ပြောနိုင်မယ်ထင်ပါတယ်။ ဒါပေမဲ့ မြတ်ဗုဒ္ဓက ဇာတ်စနစ်ကို ဆန့်ကျင်ခဲ့ပါတယ်။ ဒါကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဇာတ်စနစ်အစား ကိုယ်ကျင့်နဲ့ ပညာကိုပဲ လူ့တန်ဖိုး ဖြတ်ခဲ့တဲ့ ဘာသာတရားတစ်ခုပါ။ နောက်ပြီး အမျိုးသမီးအခွင့်အရေးဆိုတာ အဲ့တုန်းက မရှိသလောက်ပဲ။ ဒါကိုလည်း ရဟန်း (ဘိက္ဓု)တို့နဲ့ တန်းတူညီမျှစွာနဲ့ ရဟန်းမ (ဘိက္ခုနီ)တို့ကို ထူထောင်ခွင့် ပေးပြီး ဥဘတောသံဃ (နှစ်ဖက်သံဃာ The congress of Buddhist order) စနစ်ကျကျ ဖွဲ့စည်းခဲ့သူပါ။ နောက်ပြီး မဟာဒုက်စာရေးတံမဲယဉ်ကျေးမှုကို ကြည့်ပါ။ ဆင်းရဲချမ်းသာကို မရွေးပါ။ အာဏာရှိသူ မရှိသူကို မရွေးပါ။ First come, first serve ပါ။ အင်မတန်မှ ပရိုဖက်ရှင်နယ်ဆန်တဲ့ ဘာသာတရားတစ်ခုပါ။
အခုမြန်မာနိုင်ငံမှာ အဖိနှိပ်ခံတိုင်းရင်းသားတွေဟာ မြတ်ဗုဒ္ဓရဲ့ တရားရေအေးကို တောင့်တလျက် ရှိနေကြပါတယ်။ ခွဲခြားခံရတဲ့ ဘာသာခြားအချို့ဟာလည်းပဲ မြတ်ဗုဒ္ဓရဲ့ အရိပ်ကို မျှော်လင့်လျက် ရှိနေကြပါတယ်။ မတရားမြေသိမ်းခံရတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ မတရားအိမ်ဖျက်ခံရတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ မတရား ရွာဖျက်ခံရတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သံဃာတော်အရှင်သူမြတ်များရဲ့ စောင့်ရှောက်မှုကို လိုလားလျက် ရှိနေကြပါတယ်။ မြတ်ဗုဒ္ဓလက်ထက်က လက်ယာတော်ရံ အရှင်သာရိပုတြာတောင် ခိုးကိုးရာမဲ့ကို ဆွမ်းစွန့်လေ့ရှိတယ်လို့ ကြားဖူးတယ်။ ဒါတွေဟာ အတုယူစရာတွေပဲပေါ့။ သမ္မာကျမ်းစာများမှာ တစ်ခုအပါအဝင် ဖြစ်တဲ့ ရှင်မဿဲးကျမ်းမှာ ဖော်ပြထားချက်မှာ ဝိနယပိဋကလာ " ယော ဘိက္ခဝေ မံ ဥပဋ္ဌဟေယျ၊ သော ဂိလာနံ ဥပဋ္ဌဟေယျ ပါဠိနဲ့ ကွက်တိပါပဲ။ ဒီမှာ ပါတဲ့ ဘိက္ခဝေဟာ ရဟန်းကိုပဲ ပြောတာ မဟုတ်ဘူးဆိုတာ စာတတ်ပေတတ်မထေရ်ကြီးများ သိရှိကြပါလိမ့်မယ်။ ဝိနယပိဋကဟာ သမ္မာကျမ်းစာထက် နှစ်ပေါင်း (၅၀၀)ကျော် ရှေးကျခဲ့ပေမဲ့ မိမိတို့ဗုဒ္ဓဘာသာများက တိုင်းရင်းသားများနဲ့ ဘာသာခြားဒေသတွေမှာ အပင်ကိုပဲ သွားခုတ်နေကြတယ်၊ သွားမပျိုးကြဘူးဆိုခဲ့ရင် ရိတ်သိမ်းစရာ မရှိဘူး။
ဘာသာခြားတို့က စစ်အစိုးရကြောင့် မိမိတို့မှာ ခေတ်နောက်ကျကျန်နေရစ်ခဲ့တာကို အခွင့်ကောင်းယူတယ်လို့ မပြောချင်ဘူး။ ဒါပေမဲ့ သူတို့က သူတို့တရားကို သူတို့ အသုံးပြုကြကတယ်။ ဒါကြောင့် သူတို့ဘာသာဝင်ဦးရေ တိုးပွားလာကြတယ်။ ဒါဟာ တိုက်ခိုက်စရာ မဟုတ်ဘူ့း။ သတိပြုဆင်ခြင်စရာ ဖြစ်တယ်။
(၃) နေရာမမှားစေချင်ဘူး
စနစ်ကျမှုနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာမှာ အားနည်းပါတယ်။ ဒါဟာလည်းပဲ ဘာသာခြားများနဲ့ အခြားတိုင်းပြည်ရေးရာများမှာ စိတ်မဝင်စားဘဲ မိမိတို့ရဲ့ ပရိယတ္တိနဲ့ ပဋိပတ္တိဆိုတဲ့ ဓုရ(၂)ဖြာမှာပဲ အာရုံကို နှစ်ထားလို့ ဖြစ်တယ်။ အခု မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတယ်၊ ဒီမိုကရေစီရေးအတွက် အသက်ဝင်စ ပြုလာတယ်၊ ဒီအပြောင်းအလဲဟာ ဗုဒ္ဓဘာသာကို ဘယ်လောက်ရိုက်ခတ်စေနိုင်မလဲ သံဃာတော်များက စိုးရိမ်ပူပန်ကြပါတယ်။ သံဃာတစ်ပါး ဖြစ်တဲ့ မိမိအနေနဲ့ ဒီအနေအထားကို ကောင်းကောင်းနားလည်ပါတယ်။ ဗုဒ္ဓဘာသာသမိုင်းကို ပြန်ကြည့်ခဲ့ရင်လည်း အိန္ဒိယတိုက်ငယ်မှာ ပျောက်ကွယ်ခဲ့ပုံ၊ အရှေ့တောင်အာရှနိုင်ငံအချို့မှာ ပျောက်ကွယ်ခဲ့ပုံတို့ဟာ ကြောက်စရာအတိ ဖြစ်ခဲ့ရပါတယ်။ အတိတ်ရဲ့ အရိပ်ဟာ သံဃာတော်များရဲ့ စိတ်ကို ထိုးကျလျက် ရှိနေပါတယ်။ ဖက်ဒရယ်စနစ်များ ဖြစ်ပေါ်ခဲ့ရင် ခရစ်ယာန်တွေများ အင်အားကြီးထွားလာလေမလား၊ ဒီမိုကရေစီများ ရရင် မွတ်စလင်တွေများ တဟုန်ထိုး တိုးတက်လာလေမလားဆိုပြီး ခန့်မှန်းပြောဆိုမှုတွေ ရှိပါတယ်။
မိမိရဲ့ သဘောထားမှာ ရဟန်းသံဃာတော်များဟာ မိမိတို့ရဲ့ ရပ်တည်ချက်ကို ချင့်ချိန်သင့်တယ်။ လူမိုက်လုပ်ရမဲ့နေရာမှာ ဝင်မပါစေချင်ဘူး။ အထူးသဖြင့် ကိုယ်ကျင့်တရား မကောင်းတဲ့ ပုဂ္ဂိုလ်များကို ဆုံးမသွန်သင်စရာ ရှိတာကို ဆုံးမသွန်သင်ရမှာ ဖြစ်ပေမဲ့ လူမိုက်တို့ရဲ့ လမ်းစဉ်ကို မထောက်ခံမိအောင် သတိပြုသင့်တယ်။ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ခြင်းမှာ ဘာသာရေးတစ်ခုထဲနဲ့ မရသလို စစ်ရေးတစ်ခုထဲနဲ့လည်း မဖြစ်ပါဘူး။ လိုအပ်တဲ့ ပညာရေး၊ စီးပွားရေးနဲ့ လူမှုရေးတို့ကိုလည်း တပြေညီ တိုးတက်နေအောင် ဆောင်ရွက်ရမှာ ဖြစ်တယ်။ ပြည်သူအများစု ထောက်ခံတဲ့ ပါတီတစ်ရပ်ကို မဆန့်ကျင်သင့်သလို ပညာတတ်အသိုင်းအဝိုင်းတွေနဲ့ ပုလဲနံသင့်သလို ပေါင်းသင်းဆက်ဆံတတ်ရမှာ ဖြစ်တယ်။ အလကားနေရင်း ဗုဒ္ဓဘာသာအတွက် ရန်သူ မများစေချင်ပါဘူး။
ဗုဒ္ဓဘာသာအချင်းချင်းကိုတောင် ဝေဖန်ပုတ်ခတ်နေတဲ့ မျိုးချစ်များဟာ သာသနာကို နှစ်မှန်းမသိ နှစ်နေမိတာကိုလည်း သတိပြုဖို့ လိုပါတယ်။ မိမိတို့က အမေရိကန်ပြည်ထောင်စုမှာ သီတင်းသုံးတယ်ဆိုတော့ ဒီက ခရစ်ယာန်ဘာသာအကြောင်းကို နည်းနည်း ပြောချင်တယ်။ မိမိတို့ဘုန်းကြီးများအနေနဲ့ သမ္မာကျမ်းစာကို အာဂုံဆောင်ရမယ်ဆိုရင်တောင် စာက သိပ်မများလို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအနေနဲ့ ဝန်လေးကြမဲ့ပုံ မရှိပါ။ ဒီမှာ ရှိတဲ့ ခရစ်ယာန်အဖွဲ့အစည်းတွေဟာ ပြည်သူတွေကြားမှာ ခေတ်စားလာတဲ့ ဘာဝနာလုပ်ငန်းစဉ်များနဲ့ ယောဂကျင့်စဉ်များကို ဘာသာရေးတံဆိပ် မတပ်ဘဲ ကျန်းမာရေးလိုက်စားတဲ့နေရာမှာ နေရာပေးလိုက်ပါတယ်။ ဒီတော့ ခရစ်ယာန်ဘာသာဝင်များဟာ ဗုဒ္ဓဘာသာ ဖြစ်စရာမလိုဘဲ တရားထိုင်နိုင်ကြပါတယ်။ မိမိက ဒင်ဗာမှာ မွတ်စလင်တွေ ပိုင်တဲ့ အဆောက်အအုံတစ်ခုမှာ ဗုဒ္ဓဘာသာကမ္မဋ္ဌာန်းနည်းနဲ့ ယောဂကျင့်စဉ်ကို လမ်းညွန်ပေးလျက် ရှိကြောင်း တွေ့မြင်ဖူးပါတယ်။
မိမိတို့ ဗုဒ္ဓဘာသာမှာရော ဘယ်နေရာမှာများ ချို့ယွင်းနေသလဲလို့ စိစစ်ကြည့်တဲ့အခါ Social wellfares လူမှုဖူလုံရေးမှာ အားနည်းကြောင်း တွေ့ရမှာ ဖြစ်တယ်။ မိမိတို့မှာ ရိပ်သာပေါင်းများစွာ ရှိတယ်။ စာသင်တိုက်ပေါင်းများစွာ ရှိတယ်။ နာဂစ်မုန်တိုင်း၊ ဂီရိမုန်တိုင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်တဲ့အခါ ရဟန်းသံဃာတွေဟာ အင်မတန်မှ အားကိုးလို့ ရပါတယ်။ ရပ်ကွက်မီးလောင်းတာကအစ ရန်ပွဲ ဖြေရှင်းရေးအဆုံး အားကိုးလို့ ရပါတယ်။ ရွာလုံးကျွတ် ပြာကျသွားတဲ့အခါ ဆိုင်ရာဘုန်းကြီးကျောင်းများဟာ တစ်ကျောင်း ဆန်ဘယ်နှတင်း၊ ဆီဆားဘယ်လောက်၊ ပိုက်ဆံဘယ်လောက် အလှုခံပြီး ထောက်ပံ့လိုက်တော့ အဆင်ပြေသွားတာပဲ။ ဒါပေမဲ့ သဘာဝဘေးအန္တရာယ်တစ်ခု ပြီ်းသွားတာနဲ့ ကျန်တဲ့ ကူးစက်ရောဂါလိုမျိုး ဘေးထွက်ဆိုးကျိုးများကို ကာကွယ်ဖို့ ဗုဒ္ဓဘာသာတွေမှာ ခရစ်ယာန်တို့မှာလို Salvation Army မရှိဘူး။ ဒီလိုဟာကွက်မျိးတွေ ဗုဒ္ဓဘာသာမှာ ရှိတယ်။ ရှင်းရှင်းပြောရရင် မိမိတို့မှာ ဓမ္မစကူးလ်လို ကျောင်းမျိုး လိုတယ်။ ဒါပေမဲ့ ဒီကျောင်းတွေမှာ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးတစ်ခုထဲကိုပဲ သင်ပေးရမှာ မဟုတ်ဘူး။ အခုန Confluence of interfaith တစ်ခု ဖြစ်လာအောင်လည်း ဗုဒ္ဓဘာသာတွေကပဲ ဦးဆောင်နိုင်ဖို့ လိုကြောင်းကိုလည်း သတိချပ်စေလိုတယ်။ လူဆိုတာ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးနိုင်ရင် ဘာသာမပြောင်းဘူး။ လိုအင်ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ရင် မိန်းမတစ်ယောက်ဟာ ငရဲနဲ့ ဘယ်လောက်ပဲ ခြိမ်းခြောက်ပါစေ ဘာသာပေါင်းတစ်ရာ ပြောင်းဖို့ ဝန်မလေးဘူးတဲ့။ ဒါကြောင့် မိမိတို့သံဃာတော်များအနေနဲ့ နေရာမှား ရောက်မနေဖို့က အရေးကြီးပါတယ်။ လက်ကိုင်တုတ်ဘဝမျိုး အရောက်မခံသင့်ပါဘူး။
(၄) ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ
တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသက "ကိုယ်ပိုင်ဉာဏ်မရှိရင် အလွန်ကောင်းတဲ့ ဗုဒ္ဓဘာသာထဲမှာပဲ ဘာသာရေးမှိုင်းတိုက်ခံရမယ်"လို့ မိန့်မှာဖူးပါတယ်။ ဆရာတော်က ဘာသာသွေးအစ စစ်တပ်တရားတော်အဆုံး ဟောခဲ့ပြီး ပရိယတ္တိပညာရေးကို ပြုပြင်ပြောင်းလဲဖို့ အစွမ်းကုန် ကြိုးစားဖူးတယ်။ အင်မတန်မှ အမြော်အမြင် ကြီးမားတော်မူတဲ့ ဆရာတော်ဘုရားကြီးတစ်ပါး ဖြစ်ပါတယ်။ ဘာသာခြားအကြောင်းကို မိမိတို့ မဝေဖန်လိုပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကိုတော့ မိမိတို့ သံသယ မရှိပါဘူး။
ဒီတော့ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဆိုရင် သူတစ်ပါးကို အနှောင့်အယှက်သွားပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊
သူတစ်ပါးကို ဖိနှိပ်ဖို့ဆိုတာ စဉ်းတောင် မစဉ်းစားဘူး။
တရားသဖြင့် နေနေသူကို ပုတ်ခတ်ဖို့ဆိုတာ လုံးဝကို ဆန့်ကျင်ပါတယ်။
ဘာဖြစ်လဲ။
အကြမ်းဖက်လေ အကျိုးယုတ်လေလို့ မြတ်ဗုဒ္ဓက မိန့်မှာတယ်။
ဒေါသထွက်လေ အမှားများလေလို့ မြတ်ဗုဒ္ဓက သတိပေးတယ်။
ဒီတော့ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းဟာ မိမိကိုယ်မှာ ဗုံးပတ်ပြီး အသေခံဗုံးခွဲသူများနဲ့ မဖွဲ့စည်းစေချင်ဘူး။ ဗုဒ္ဓဘာသာကို အထူးအခွင့်အရေး ပေးရမယ်လို့ အစိုးရကို အကြပ်မကိုင်ရဘူး။ မဲရအောင် မဘသကို ထောက်ခံကြလို့ မပြောဟောဘူး။ ငါတို့ကို မထောက်ခံရင် နာပြီသာမှတ်လို့ မခြိမ်းခြောက်ဘူး။ ဗုဒ္ဓဘာသာဆိုတာ အင်မတန်မှ သိမ်မွေ့နူးညံ့တယ်။ သာသနာပြုတယ်ဆိုတာ တရားဟောပလ္လင်ပေါ် ရောက်မှ မဟုတ်ပါဘူး။ မိမိတို့ကိုယ်ကိုလည်း နေ့တိုင်း သာသနာပြုနေရပါ့မယ်၊ အနည်းဆုံးတော့ တစ်နေ့ တစ်နာရီလောက် တရားထိုင်သင့်တာပေါ့၊ ဒါမှ ကိုယ့်မှာ သာသနာမပျောက်ပျက်ဘဲ ရှိနေမှာပါ။ မိမိက အကောင်းဆုံး မိသားစုအပေါ် တာဝန်ကျေရပါ့မယ်။ ဒါမှလည်း မိသားစုတို့က ဗုဒ္ဓဘာသာရဲ့ အသီးအပွင့်ကို ခံစားရမှာကိုး။ သူတိုဖခင်က ဗုဒ္ဓဘာသာဖြစ်လို့ သူတို့က ဒီလိုအဆင့်မြင့်မြင့်နေရတာပါလို့ ဂုဏ်ယူနိုင်အောင် နေပြရမယ်။ ဒါလည်းပဲ ကိုယ့်မိသားစုကို သာသနာပြုတာ ဖြစ်တယ်။ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံအပါအဝင် နေရာတိုင်းမှာ သာသနာပြုရာနယ်မြေတွေပါပဲ။ ဘာသာခြားတွေကို တွေ့တဲ့အခါမှာလည်း ကောင်းတာတွေ လုပ်ပေးမယ်၊
ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံမယ်၊
ကူညီစောင့်ရှောက်ပေးမယ်ဆိုရင် ဒါဟာ သာသနာပြုနေတာပဲ ဖြစ်တယ်။ ဒါဟာ ပညာရှိတို့ရဲ့ သာသနာပြုနည်းပါ။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ စစ်မှန်တဲ့ သာသနာပြုနည်းပါ။
ဒီလို မဟုတ်ဘဲ မိမိအနေနဲ့ တစ်စုံတစ်ယောက်က ဗုဒ္ဓဘာသာအပေါ် အထင်အမြင်လွဲမှားသွားအောင် ပြုမူမိရင် ဗုဒ္ဓဘာသာအတွက် ဘယ်လောက်နစ်နာစေသလဲ သိပါ။
တစ်ခုခုကို မိုက်မိုက်ကန်းကန်း လုပ်မယ်ကြံတိုင်း တရားဂုဏ်တော်ရဲ့ နောက်ဆုံးတစ်ခုကို သတိရပြီး ငါဟာ ဗုဒ္ဓဘာသာဝင် ဖြစ်လို့ ပညာရှိအသိုင်းအဝိုင်းထဲ ရောက်နေပြီ။ သညာဝိပ္ပလ္လာသနဲ့လည်း ငါ့ကို မှိုင်းတိုက်လို့ မရတောပြီ။ ဒိဋ္ဌိဝိပ္ပလ္လာသနဲ့လည်း ငါ့ကို မှိုင်းတိုက်လို့ မရတော့ပြီ။ စိတ္တဝိပ္ပလ္လာသနဲ့လည်း မှိုင်းတိုက်လို့ မရတော့ပြီ။ ငါဟာ မှိုင်းတိုက်လို့ ရလောက်အောင် အသိညာဏ်မမဲ့တော့ပြီလို့ စက္ခုံ ဥဒပါဒိ ဖြစ်ကြပါစေ။ ညာဏံ ဥဒပါဒိ ဖြစ်ကြပါစေ။
မိမိကိုယ်ကို ချစ်တတ်ပါစေ။
မိမိမိသားစုကို ချစ်တတ်ပါစေ။
မိမိအဖွဲ့အစည်းမိမိပါတီကို ချစ်တတ်ပါစေ။
မိမိလူမျိုး၊ မိမိနိုင်ငံကို ချစ်တတ်ပါစေ။
ဘာသာခြားတွေကို လေးစားခြင်းဖြင့် မိမိဘာသာဂုဏ်ကို မြှင့်တင်နိုင်ကြပါစေ။
( U Ravika )
One Response to “U Ravika: ဘာသာခြားတွေကို တွေ့တဲ့အခါမှာလည်း ကောင်းတာတွေ လုပ်ပေးမယ်၊ ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံမယ် ကူညီစောင့်ရှောက်ပေးမယ်ဆိုရင် ဒါဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ စစ်မှန်တဲ့ သာသနာပြုနည်းပါ”
  1. drkokogyi Says:
    Naing Oo with Melvin Moe and 18 others
    ဘုရား ဘုရား …….. မ ဘ သ ကို မကောင်းမပြောပါနဲ့တဲ့
    ဒီအထိလက်ခံတယ်…….အဲဒီ့နောက်မှာမှ စ ဘုရား တမိတာ
    ဘယ့်နဲ့ မ ဘ သ အဖွဲ့ကြီးထဲမှာ အရိယာ သူတော်စင်တွေ ပါခဲ့ရင်တဲ့
    ဘယ်လိုခေါင်းမျိုးနဲ့ များစဉ်းစား ခဲ့ပါလိမ့်………………………
    မ ဘ သ ဘာလဲ ဘယ်လဲ ယနေ့ဘာတွေလုပ်နေသလဲ လူတိုင်းသိတယ်
    ဒီအရိယာသူတော်စင်တွေကို မျိုးစောင့်ဥပဒေ လိုလောကီရေးလုပ်နေတဲ့
    မ ဘ သ အဖွဲ့မှာပါတယ် လို့ ပြောလိုက်တာကိုက ဗုဒ္ဒဘာသာပါးမ၀သေးတာ
    သေချာနေပြီ။ ဒါနဲ့များ ဘာသာသာသနာအတွက် ပြောချင်နေသေးတယ်။
    သူများငရဲကြီးမှာ နောက်ထား ကိုယ်တိုင် ငရဲကြီးမှာကို အရင်စဉ်းစား
    ဘယ့်နဲ့ဗျာ…..လူမျိုးရေးမုန်တီးမှု သူတစ်ပါးအကျိုး ပျက်စီးရာပျက်စီးကြောင်းတွေ
    ကို ကိုယ့်ဘာသာကိုကာကွယ်ဖို့ဆိုတဲ့ခေါင်းစဉ်အောက်မှာ မြိန်ရည်ယှက်ရည်
    ဟောနေပြောနေ ကြတဲ့ သူတွေ ဦးဆောင်တဲ့ အဖွဲ့ထဲ အရိယာသူတော်စင်က
    နောက်လိုက်အနေနဲ့ ပါရအုံးမတဲ့ …..အံ့ပ…….အရိယာသံဃာ တွေ ကို
    ဘယ်လိုဦးနှောက်မျိုးနဲ့လူဖြစ်လာသလဲမေးလို့ရနေပြီ။ မှတ်ထား …..၀ီရသူလို
    ဘာသာရေး လှုံ့ဆော်မှုကြောင့်ထောင်ကျပြီး ထောင်ကထွက်လာတာနဲ့
    ရပ်တည်ချက် အရှေ့နဲ့အနောက်လို ဆန့်ကျင်ဘက်ပြောင်းပြီး သွယ်ဝိုက်တဲ့နည်းနဲ့
    အဓိကရုဏ်းတွေဖြစ် တိုင်းပြည်မငြိမ်မသက် မှ အာဏာရှင် လိုသလိုကြိုးဆွဲနိုင်ဖို့
    တစ်စင်ထောင်ပြီး အကျိုးဆောင်ပေးနေတဲ့ သာမာန် ပုထုဇဉ် လက်အောက်မှာ
    အရိယာသူတော်စင်က တပည့်ခံပြီး ခိုင်းတာဝင်လုပ်ပေးဖို့အကြောင်းကိုမရှိဘူး
    နောက်ပြီး အရိယာဆိုတာ လောကီတွေနဲ့ ကင်းရှင်းနေပြီ ဆိုတာလေးလဲ သတိကပ်
    လောကီရေးရာတွေဝင်မပါတော့ဘူး……..မျိုးစောင့်ဥပဒေ ပြဌာန်းရေး ဒို့အရေး
    အော်နေရင် အရိယာလို့ မခေါ်တော့ဘူး…..သေချာမှတ်ထား နွားဦးနှောက်ဆိုတာ
    ကြိုက်တဲ့သူတွေအတွက် စားလို့ပဲကောင်းတာ ဘာသာရေးလိုသိမ်မွေ့တဲ့နေရာမှာ
    ငရဲအိုးထဲ ဇောက်ထိုးဆင်းနေမိအုံးမယ်။
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
%d bloggers like this: