ဘာသာရေး ပဋိပက္ခများ ဖြစ်စေရန် ဝင်ရှုပ် – ရဟန်းတု ရဟန်းယောင် ဒုဿီလများ ရှိနေခြင်းကြောင့်

နိုင်ငံရေးတွင်လည်း ဝင်ပြီးလှုပ်၊

ဘာသာရေး ပဋိပက္ခများ ဖြစ်စေရန် အဟောအပြောများနှင့် ဝင်ရှုပ်၊

လူတို့ ကျင့်သလိုကျင့်၊
လူတွေ ပြောသလိုပြော၊
လူတွေ နေသလိုနေ၊
လူတွေကြားထဲ လူနှင့် ခွဲမရသော ရဟန်းတု ရဟန်းယောင် ဒုဿီလများ ရှိနေခြင်းကြောင့်
ဝါဝါမြင်တိုင်း ဦးတင်ချင်သည့် သူများမှာလည်း စိတ်ဆင်းရဲရသည်။

ဒုဿီလများ ကင်းဝေးရေး

သာသနာတော်၏ အသက်သည် “ဝိနည်း” ဖြစ်ကြောင်း၊ ရဟန်းတော်များသည် ဝိနည်းတရားတော်အတိုင်း သီလသိက္ခာကို မထိန်းသိမ်း မစောင့်စည်းဘဲ ဆယ်ပါးသီလကို စောင့်ထိန်းရုံမျှဖြင့် သင်္ကန်းဝတ်ပြီး နေသော်လည်း ဘုရားရှင် အဆုံးအမ သြဝါဒခံများ မဟုတ်သောကြောင့် သာသနာပ ရသေ့ပရိဗိုဇ်များသာ ဖြစ်ကြောင်း “ဝိနယော နာမ သာသနဿ အာယု” ဟု ဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည်။ အဓိပ္ပာယ်မှာ “ဝိနည်းတရားတော်သည် သာသနာတော်၏ အသက်” ဟူ၍ ဖြစ်သည်။

ဆိုရှယ်ကွန်ရက်များ ထွန်းကားလာသည့်ခေတ်တွင် Facebook ကဲ့သို့သော အွန်လိုင်းပေါ်တွင် ရဟန်းဝတ်ရုံ ဝတ်ပြီး ပေါက်ကရ လုပ်နေကြသည့် ပုံများ မကြာခဏ တွေ့မြင်နေရသည်။ ရည်ရွယ်ချက်ရှိရှိ လုပ်သည်ဖြစ်စေ၊ သာသနာတော်ကို ညှိုးနွမ်းစေလိုသောကြောင့် လုပ်သည်ဖြစ်စေ လက်တွေ့ သာသနာတော်တွင် ပရိဗိုဇ်တွေ မည်မျှများနေသနည်း ဆိုခြင်းအား ပြန်လည်ဆန်းစစ်ရန် လိုပေသည်။

သာသနာတော်တွင် ဝိနည်းသိက္ခာပုဒ်များကို ပညတ်ရခြင်းသည် သာသနာတော် အရှည်တည်ရေးအတွက် ဖြစ်သည်။ ဝိနည်းကို ပြဋ္ဌာန်းရခြင်းသည် ဒုဿီလ ရဟန်းများကို နှိမ်နင်းရန် ဖြစ်ပါသည်။ ဒုဿီလ ရဟန်းများကြောင်း သံဃာတော် အစစ်အမှန်များ စိတ်ဆင်းရဲပြီး စိတ်အနှောင့်အယှက် ဖြစ်ကြရသည်။ ဗုဒ္ဓက ဝိနည်းကို ပြဋ္ဌာန်းခဲ့ခြင်းသည် ကြည်ညိုသူကို ပိုပြီး ကြည်ညိုစေရန်နှင့် မကြည်ညိုသေးသော သူများကိုလည်း ကြည်ညိုနိုင်စေရန် ဖြစ်ပါသည်။ တစ်နည်းပြောရလျှင် “ရဟန်းဆိုသည်မှာ အလွန်ကျင့်နိုင်ခဲသော သိက္ခာပုဒ်များကို စောင့်ထိန်းကြရသည့် မြင့်မြတ်သူများ ဖြစ်ကြပါလား” ဟု ယုံကြည်သူတို့ စိတ်ထဲတွင် ကြည်နူးစိတ်များ ဝင်လာစေရန်လည်း ဝိနည်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

သာသနာတော် အတွင်းသို့ ဝင်ရောက်လာသည့် ရဟန်းများသည် အနေအစား ချောင်သောကြောင့် ဝင်နေသည်ဆိုသည့် သဘောတရားများ ထွန်းကားလာလျှင်၊ ဝိနည်းတော်အတိုင်း မကျင့်ကြံနိုင်သော သူများကို ရဟန်းအဖြစ် လက်ခံထားလျှင် ဒုဿီလ ရဟန်းများ ပေါများလာမည်သာ ဖြစ်သည်။ ရဟန်းသည် ရဟန်းအလုပ် ရဟန်းအကျင့်ကို ကျင့်မှသာလျှင် ရဟန်းစစ်စစ်များ အဖြစ် ကိုးကွယ်လိုသူများ၏ စိတ်ကို ကြည်လင်စေနိုင်မည် ဖြစ်သည်။

နိုင်ငံရေးတွင်လည်း ဝင်ပြီးလှုပ်၊ ဘာသာရေး ပဋိပက္ခများ ဖြစ်စေရန် အဟောအပြောများနှင့် ဝင်ရှုပ်၊ လူတို့ ကျင့်သလိုကျင့်၊ လူတွေ ပြောသလိုပြော၊ လူတွေ နေသလိုနေ၊ လူတွေကြားထဲ လူနှင့် ခွဲမရသော ရဟန်းတု ရဟန်းယောင် ဒုဿီလများ ရှိနေခြင်းကြောင့် ဝါဝါမြင်တိုင်း ဦးတင်ချင်သည့် သူများမှာလည်း စိတ်ဆင်းရဲရသည်။

ခေတ်က ပြောင်းလဲနေသည်။ မြန်မာနိုင်ငံတွင် ၉၀ ရာခိုင်နှုန်းခန့် ဗုဒ္ဓဘာသာ ဖြစ်နေခြင်းသည် အစဉ်အလာ ကောင်းခဲ့သော သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်သူများကြောင့် ဖြစ်သည်။ နိုင်ငံတကာတွင် ဘာသာတရားများ အားပြိုင်နေချိန်၌ ကိုးကွယ်မှုကို သံသယ ဖြစ်စေခြင်းက အဆိုးဘက်သို့သာ တိမ်းစောင်းသွားစေနိုင်သည်။ လက်ရှိ အနေအထားက ဘာသာတရားအပေါ် သံသယဖြင့် ပစ်ပယ်ခြင်းများလည်း ရှိနေသည်။ ဘာသာတရားကို ကိုးကွယ်ခြင်းထက် မကိုးကွယ်ခြင်းက ပိုကောင်းဦးမည်ဆိုသည့် စိတ်မျိုး ဝင်လာနိုင်သော အနေအထားများကို ဒုဿီလများက ပြုလုပ်နေကြသည်။ ဘာသာတရားသည် လူသားကို လည်းကောင်း၊ နိုင်ငံကိုလည်းကောင်း ထိန်းကျောင်းပြုပြင်ရာတွင် အရေးပါသည်ဟု လက်ခံပြီး အဓွန့်ရှည်စေလိုလျှင် ဒုဿီလများကို တိုက်ဖျက်ခြင်းဖြင့်သာ ကုစား၍ ရနိုင်မည်ထင်သည်။

အယ်ဒီတာ (၃-၁၂-၂၀၁၄)

—————————
Editorial, The Voice Daily Vol-2/No-201 (#voiceeditorial)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: