စစ်ပွဲအတွက် အမုန်းတရား လှုံ့ဆော်သူများ

စစ်ပွဲအတွက် အမုန်းတရား လှုံ့ဆော်သူများ
====================
စည်သူအောင်မြင့်။ မဇ္ဈိမ သတင်းစာ၊ ၉-၁၂-၁၄။ စာ- ၉။ M-Media

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က ရန်ကုန် ရွှေတိဂုံစေတီ မြောက်ဘက်မုခ် နားက သူရဲကောင်းစစ်သည် ဗိမ္မာန်မှာ အခန်းအနား တစ်ခု ကျင်းပခဲ့ပါတယ်။ ကျဆုံးစစ်သည်တွေကို ဂုဏ်ပြုတဲ့ အခန်းအနား လို့ နာမည်ပေးထားပြီး အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်၊ အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေးတွေဖြစ်တဲ့ ဦးအေးနေ၀င်း၊ ဦးကျော်နေ၀င်းနဲ့ အငြိမ်းစား စစ်သည်တွေ၊ ကျဆုံး စစ်သည် မိသားစုဝင်တွေတက်ရောက်ခဲ့ကြပါတယ်။

ပွဲ စီစဉ်ကျင်းပသူကတော့ မြန်မာ FaceBook လောကမှာ နာမည်ကြီးနေတဲ့ အငြိမ်းစား ဗိုလ်ကြီးဟောင်း ဦးရဲမိုးပါ။ ဒီ ပွဲကျင်းပတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ အဲဒီ ပွဲမှာ ဘယ်သူတွေက ဘာတွေ ပြောခဲ့ကြသလဲ၊ ဒီ ပွဲလိုမျိုးဟာ မြန်မာပြည် ငြိမ်းချမ်းသာယာ ၀ပြောလာစေရေး၊ တိုင်းရင်းသားတွေနဲ့ ချစ်ခင်ရင်းနှီးလာစေရေး အတွက် ဘယ်လောက် အထောက်အကူ ပြုနိုင်မလဲ ဆိုတာ ဆွေးနွေးကြည့်ရအောင်။

ဒီ ပွဲကျင်းပဖြစ်တာနဲ့ ပါတ်သက်ပြီး ပွဲစီစဉ်သူ ဗိုလ်ကြီးဟောင်း ဦးရဲမိုး ပြောတာက မကြာသေးခင်တုန်းက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ကေအိုင်အေ ကချင်ပြည်လွတ်လပ်ရေး တပ်မတော် ထိန်းချုပ်ထားတဲ့ လိုင်ဇာမှာ အစိုးရတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားရတဲ့ တိုင်းရင်းသား ဗိုလ်လောင်း အယောက် ၂၀ ကျော်နဲ့ ပါတ်သက်ပြီး ၀မ်းနည်းတဲ့ အကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့တယ်၊ နောက် အဲလို တိုင်းရင်းသား ဗိုလ်လောင်းတွေ ကျဆုံးခဲ့ရတာနဲ့ ပါတ်သက်ပြီး မြန်မာငြိမ်းချမ်းရေး စင်တာမှာ ပန်းခွေချ ၀မ်းနည်းခြင်း အထိမ်းအမှတ်လုပ်တာတွေ ရှိခဲ့တယ်၊ အဲလို အကြောင်းရင်းခံတွေကြောင့် အခုလို ပွဲဖြစ်လာအောင် စီစဉ်ရတာလို့ ဆိုပါတယ်။

သူဆက်ပြီး ပြောတဲ့အထဲမှာ ပြည်သူတွေက တိုင်းရင်းသား ဗိုလ်လောင်း အယောက် ၂၀ ကျော် ကျဆုံးခဲ့တာကို ဂရုဏာ သက်ကြတယ်၊ စာနာကြတယ်၊ တကယ့်တကယ်တော့ ကေအိုင်အိုနဲ့ အစိုးရ အပစ်အခတ် ရပ်စဲပြီးချိန်ကစ တပ်မတော်ဘက်က အရာရှိ စစ်သည် အယောက် ၁၀၀ ကျော် ကျဆုံးခဲ့ရပြီ၊ ဒါတွေကိုလည်း ဖော်ထုတ် သတိရဖို့ လိုတယ် ဆိုပြီး ခုလို အခန်းအနား ကျင်းပရတာလို့ ပြောပါတယ်။ အဲဒီ ပွဲမှာ အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေး တစ်ယာက်ဖြစ်တဲ့ ဦးအေးနေ၀င်းက တပ်မတော်သားတွေ ဘက်က ငြိမ်းချမ်းရေးကို လိုလားတယ်၊ တစ်ဖက် အဖွဲ့အစည်းတွေဘက်က တကယ် ကတိမတည်တာတွေ၊ သိက္ခာမရှိတဲ့ လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေး မရနိုင်ပဲ အဓွန့်ရှည်နေတာ ဖြစ်တယ်။ ဆိုပြီးတောင် ပြောခဲ့ပါတယ်။

ဒီအခမ်းအနား ကိစ္စ မသုံးသပ်ခင် မြန်မာ့တပ်မတော် သမိုင်းကြောင်း အကျဉ်း အရင်ပြောဖို့ လိုပါလိမ့်မယ်။ မြန်မာ့တပ်မတော်ဟာ နယ်ချဲ့ အင်္ဂလိပ် ကို တော်လှန်တိုက်ထုတ်ဖို့ အတွက် ပေါက်ဖွားလာတာပါ။ နောက်ပိုင်း ဖက်ဆစ်ဂျပန် တွေကို တိုက်ထုတ်ခဲ့သလို၊ ဗြိတိသျှ လက်အောက်က လွတ်လပ်ရေးရအောင် ကြိုးပမ်းရာမှာလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ခေါင်းဆောင်နဲ့ နောက်လိုက်ငယ်သား၊ တပ်မှူးတပ်သား ဦးတည်ချက် အတူတူပါပဲ။ တိုင်းပြည်အတွက် အသက်စွန့်မယ် ဆိုတာချည်းပါပဲ။

၁၉၄၈ မြန်မာပြည် လွတ်လပ်ရေးရပါတယ်။ အယူဝါဒ ကွဲပြားမှုကြောင့် ပြည်တွင်းစစ် ဖြစ်ပြီး ကိုယ့်နိုင်ငံသား အချင်းချင်း အယူအဆ မတူတာနဲ့ တိုက်ခိုက် သတ်ဖြတ်ကြပါတယ်။ ၁၉၄၉ ဇန်န၀ါရီ ၃၁ မှာ လူမျိုးရေး ဖိနှိပ်ခံရမှု၊ တန်းမတူမှုကို အခြေခံပြီး ကရင့်တော်လှန်ရေး စတင်ပါတယ်။ ကိုယ့်နိုင်ငံသား အချင်းချင်း လူမျိုးမတူတာကို အခြေခံပြီး တိုက်ကြ ခိုက်ကြ၊ စစ်ပွဲတွေ ဖြစ်ပါတယ်။ နောက်ပိုင်း မွန်၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်နီ အာဏာရ အစိုးရကို လက်နက်စွဲကိုင် တော်လှန်ပုန်ကန်မှု မလုပ်တဲ့ တိုင်းရင်းသား လူမျိုးစု ဆိုတာ မရှိသလောက် နီးနီး အားလုံး တော်လှန်ပုန်ကန်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၁၉၆၂ ခုနှစ် မတိုင်ခင် အထိကတော့ မြန်မာ့တပ်မတော်ထဲက ခေါင်းဆောင်တွေနဲ့ တပ်မတော်သားတွေရဲ့ သဘောထားရပ်တည်ချက် သိပ် ကွဲပြားကြသေးတာတော့ မဟုတ်ပါဘူး။

ဒါပေမယ့်လည်း စစ်ပွဲတွေဖြစ်တဲ့ တိုင်းပြည်တွေရဲ့ ကံကြမ္မာအတိုင်း မြန်မာနိုင်ငံမှာလည်း စစ်ဘုရင်ဝါဒ ထွန်းကားပြီး စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းက တိုင်းပြည် အာဏာကို သိမ်းပိုက်လိုက်ရုံမက စစ်တပ်ထဲမှာလည်း အာဏာရှင် စနစ် ထူထောင်ပါတယ်။ လွတ်လပ်ရေး တိုက်ပွဲမှာ အတူပါဝင်ခဲ့တဲ့ တပ်မှူးကြီးတွေ ဖယ်ရှားပြီး တစ်ဦးတည်း အာဏာခိုင်မြဲအောင် လုပ်ခဲ့ပါတယ်။ အဲဒီ အချိန်ကစ တပ်မတော်ထဲမှာ အာဏာရှင် စနစ် အမြစ်တွယ်ခဲ့ပြီး အောက်ခြေ တပ်မှူးတပ်သားတွေ ဆိုတာဟာ အာဏာရှင် အမိန့်၊ အထက် အမိန့်ကို နာခံရတဲ့ တပ်ဖွဲ့ကြီးတစ်ခု ဖြစ်လာပါတယ်။

အာဏာရှင်တွေဟာ သူတို့ အာဏာ အဓွန့်ရှည်ဖို့အတွက်၊ သူတို့ ဆွေမျိုးသားချင်း ကောင်းစားဖို့ အတွက် အောက်ခြေ တပ်မှူးတပ်သားတွေကို အသုံးချပါတယ်။ မျိုးချစ်ဝါဒပြော၊ တိုင်းပြည်ကို ကာကွယ်ရမယ် ပြောပြီး ကိုယ့်ညီအစ်ကို အချင်းချင်း သတ်ဖြတ်ခိုင်းပါတယ်။ အထက်အမိန့်နာခံရတဲ့၊ မနာခံရင် ရပ်တည်လို့ မရတဲ့ အောက်ခြေ တပ်မှူးတပ်သားတွေဟာ ဆင်းရဲ ပင်ပန်းခံရင်း၊ အသေခံရင်း၊ ကိုယ်ခန္ဓာတွေ စွန့်လွှတ်ရင်း အာဏာရှင်တွေ အကျိုးစီးပွားကို ကာကွယ်သူတွေ ဖြစ်မှန်းမသိ ဖြစ်လာရပါတယ်။ တကယ်တော့ သူတို့ တိုက်နေ ခိုက်နေရတာ ညီအစ်အကို အချင်းချင်းပါ။ သူတို့တွေ ကျဆုံးသွားရတာဟာ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်သွားရတာဟာ ညီအစ်ကိုချင်း တိုက်နေကြတဲ့ စစ်ပွဲမှာ ပေးဆပ်ခဲ့ရတာပါ။ အလွန်စာနာ ၀မ်းနည်းဖို့ ကောင်းပါတယ်။ ဒီအတွက် သားမဲ့သွားတဲ့ မိခင်တွေကို မျက်ရည်သုတ်ပေးဖို့၊ ခင်ပွန်းဆုံးပါးသွားတဲ့ ဇနီးသည်တွေကို နှစ်သိမ့်ပေးဖို့ အကောင်းဆုံး နည်းလမ်းဟာ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲကြီး ရပ်တန့်သွားဖို့ နဲ့ တိုင်းရင်းသား အချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်း ချစ်ချစ်ခင်ခင် နေထိုင်သွားနိုင်ဖို့ပါပဲ။

ဒါပေမယ့် အခုပွဲလုပ်ဖို့ စီစဉ်တဲ့ ဦးရဲမိုးနဲ့ အခြားသူတွေ၊ တက်ရောက်လာတဲ့ အာဏာရှင် ဦးနေ၀င်းမြေးတွေနဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းကြည်တို့ဆီမှာတော့ အဲလို ကောင်းမွန်တဲ့ ရည်မှန်းချက် မတွေ့ရပါဘူး။ အငြိမ်းစား တပ်မတော်သားတွေ၊ မိသားစုဝင်တွေကို စုစည်းပြီး ဟောဒီမှာ မင်းတို့ သားတွေ၊ ခင်ပွန်း စစ်သည်တွေ ကျဆုံးရတာ ကချင်တွေ ဆော်လို့၊ ကရင်တွေဆော်လို့၊ သူတို့ဘက်က ကျဆုံးတာကို တစ်တိုင်းပြည်လုံးက စာနာနေကြတယ်၊ တို့ တပ်မတော်သားတွေ ကျဆုံးတာတွေကိုတော့ ထည့်မပြောကြဘူး၊ မင်းတို့ သားတွေ၊ ခင်ပွန်းတွေကို ငါတို့ တန်ဘိုးထားတယ်၊ လေးစားတယ်၊ အဲဒီ သောင်းကျန်းသူတွေကြောင့် တိုင်းပြည်ငြိမ်းချမ်းရေး မရတာ၊ တပ်မတော်ကြီးကို ချစ်ကြပါ၊ သောင်းကျန်းသူတွေကို မုန်းကြပါ ဆိုတဲ့ မမှန်မကန် မက်ဆေ့ခ်ျ ပေးနေတာပဲ တွေ့ရပါတယ်။ ဒီ ပွဲစီစဉ်သူတွေဟာ ကျဆုံး စစ်သည်တော်တွေကို စာနာလေးစားဟန်ပြပြီး တပ်မတော်သားတွေနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေက ကိုယ့်ညီအစ်ကို တပ်ဖွဲ့ဝင်တွေကို ရန်တိုက်ပေးနေတဲ့၊ အမုန်းပွားအောင် လှုံ့ဆော်နေကြသူတွေသာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

မဇ္ဈိမ မှ ကူးယူဖော်ပြသည်။

One Response to “စစ်ပွဲအတွက် အမုန်းတရား လှုံ့ဆော်သူများ”

  1. drkokogyi Says:

    Swe Mon added 2 new photos.
    12 hrs ·

    အမှန်တွေအများကြီးတွေ့ရတဲ့ ဆောင်းပါးတစ်ပုဒ်…

    “ဗိုလ်ချုပ်တွေက တိုက်ဆောက်၊ ရဲဘော်တွေက ချိုင်းထောက်၊ ပြည်သူတွေက ဗိုက်မှောက်”

    တူမောင်ညို – ငါတို့ မျက်နှာကောင်းမရဘူး – ဘယ်သူမှမချီးကျူးဘူး

    မိုးမခ၊ (၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်)

    ရေခဲတောင်တက်၊ ခေါင်းလောင်းဆယ်၊ မျိုးစောင့်ဥပဒေ၊ စသဖြင့် ထွင်လုံးတွေ အစီအရီဆိုသလို ပေါ်ပေါက်နေပါတယ်။

    အဲဒီထဲကနေ နောက်ဆုံးပေါ်လာတာတစ်ခုက “ခေတ်အဆက်ဆက်ကျဆုံးသွားတဲ့သူရဲကောင်းစစ်သည်များ အလေးပြုပွဲ” တဲ့။ “ဘီဘီစီ၊ဗွီအိုအေ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ” တို့မှာ ဒီသတင်းတွေပါသလားတော့ မသိပါဘူး။

    (FB) မိတ်ဆွေ တစ်ဦးက (share) လို့ ရှေ့ဆုံးတန်းမှာ နေရာယူ အလေးပြုနေကြတဲ့ ဗိုလ်နေဝင်းမြေး၂ ယောက်နဲ့ ဗိုလ်ထွန်း ကြည်တို့ ဓါတ်ပုံတွေ တွေ့ရတယ်။

    အချို့လည်း ဒီပွဲဟာ ဗိုလ်နေဝင်းမြေး အေးနေဝင်းနဲ့ကျော်နေဝင်းတို့ ညီအစ်ကိုက စပွန်ဆာလုပ်ပေးတာလို့ ပြောကြတယ်။ ဘယ်လောက်မှန်မည်တော့မသိပါ။ ဒီပွဲရဲ့ရှေ့ဆုံးတန်းမှာတော့ သူတို့ညီအစ်ကို ကိုတော့တွေ့ရပါတယ်။

    သူတို့ညီအစ်ကိုနဲ့မေးဖြေ၊ ဗိုလ်ထွန်းကြည် နဲ့ မေးဖြေ ဗွီဒီယို အပိုင်းကလေးလည်းကြည့်ရပါတယ်။

    စစ်အုပ်စုသူရဲကောင်းလား – ပြည်သူ့သူရဲကောင်းလား

    ပြည်တွင်းစစ် (၁၉၄၈ ကနေ ဒီကနေ့အထိ) စစ်တပ်ဘက်က ကျဆုံးသူတွေဟာ “အရှင့်အမှုတော်ထမ်း”တွေသာဖြစ်ပါတယ်။ သူရဲကောင်းလို့ဆိုရင်လည်း “အရှင့်သူရဲကောင်း”၊ “စစ်အုပ်စုသူရဲကောင်း” တော့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။“ပြည်သူ့သူရဲကောင်း”တော့ လုံးဝမဟုတ်ပါ။

    ပြည်သူ့သူရဲကောင်း၊ ပြည်သူ့အာဇာနည် ဖြစ်ဖို့ ဆိုရင်တော့ ပြည်သူ့ဘက်က ပြတ်ပြတ်သားသားရပ်တည်၊ ပြည်သူ့အကျိုး အတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်မှသာဖြစ်နိုင်ပါတယ်။

    ပြည်သူ့သူရဲကောင်း၊ပြည်သူ့အာဇာနည်ဆိုတာ အကန့်အသတ်မရှိတဲ့ ပြည်သူ့အကျိုးအတွက်၊ အကန့်အသတ်ရှိတဲ့မိမိအသက် ကို ရဲရဲဝံ့ဝံ့ပိုင်းဖြတ်စွန့်လွှတ်သူတွေကိုသာ ပြည်သူတွေကပေးအပ်တာဖြစ်ပါတယ်။ “အာဇာနည်မျိုး”ဆိုပြီးလည်း မျိုးရိုးသီးသန့် မရှိနိုင်ပါ။ အာဇာနည်ရဲ့ မိခင်၊ ဖခင်၊ ဇနီးမယား၊လင်ယောက်ျား၊ သားသမီးမြေးမြစ်ရယ်လို့တော့ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

    ၁၉၆၂ မတ် ၂ နောက်ပိုင်းကြတော့ စည်းကပိုပြီး ပြတ်သားသွားပါတယ်။

    “သူရ”တွေ၊“သီဟသူရ”တွေဆိုတာ စစ်အုပ်စုရဲ့ အာဏာတည်မြဲရေးအတွက် “တုံးတိုက်ကျားကိုက်”လုပ်တဲ့သူတွေအတွက် စစ်အုပ်စုထိပ်သီးက ထွင်ပြီးပေးသနားတဲ့ ဘွဲ့တံဆိပ်တွေသာဖြစ်ပါတယ်။

    ပဒေသရာဇ်ဘုရင်ခေတ်ကတော့ သားချစ်တော့“သတိုး”၊ ကျွန်ချစ်တော့ “နေမျိုး” ဆိုပြီး မြှောက်စားသလိုပေါ့။

    တနည်းပြောရရင် ဗိုလ်အောင်မင်း အာချောင်မိတဲ့အတွက် တောင်းပန်ရတဲ့စကားလိုပေါ့။ သွေးချင်းညီအစ်ကိုချင်းတိုက် လို့ သတ်လို့ဖြတ်လို့ရတဲ့ဟာတွေပါ။

    ဒီပွဲဘာကြောင့် ကောက်ခါငင်ကာ ပေါ်လာရသလဲ

    ကာချုပ်ပြောသလို “၁၀၅- မမနဲ့ သတိပေးပစ်ခတ်”လိုက်လို့ လိုင်ဇာက ဗိုလ်သင်တန်းကျောင်းကို ထိမှန်သွားသလိုပါပဲ။ MPC ရုံးအနားမှာ ကျင်းပသွားတဲ့ လိုင်ဇာမှာကျဆုံးသွားသူများအတွက် “ဆုတောင်းပွဲဆုတောင်းသံ” က (၁၀၅ – မမ) ထိတာထက် ထိချက် ပိုပြင်းထန်သွားတဲ့ ပုံပါပဲ။ စစ်အုပ်စု အသည်းကို တိုက်ရိုက်ထိသွားပြီး နာကျင်ခံခက်ဖြစ်သွားပုံရပါတယ်။

    ဒါကြောင့် ဒီဖြစ်ရပ်ကို တုန့်ပြန်ဖို့အတွက် စစ်အုပ်စုတပည့်သားမြေးတစ်စုက ဒီပွဲကို ဖော်ထုတ်လာတာလို့ ယူဆပါတယ်။

    တကယ်တော့ လိုင်ဇာမှာကျဆုံးသူများအတွက် ဆုတောင်းပွဲဟာ ပြည်တွင်းစစ်ရဲ့အနိဌာရုံကိုဖော်ပြတာဖြစ်ပြီး ပြည်တွင်း စစ်ရပ်စဲဖို့တောင်းဆိုသံလည်းဖြစ်ပါတယ်။တနည်းအားဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို တောင်းဆိုတာပဲဖြစ်ပါတယ်။

    ဒါပေမယ့် ဒီလို ငြိမ်းချမ်းရေးတောင်းဆိုတဲ့ ဆုတောင်းပွဲကို စစ်အုပ်စုတပည့်သားမြေးတစ်စုက တန်ပြန်လိုက်တဲ့ပုံစံကတော့ ဂိုဏ်းဂဏဆန်လွန်းပြီး၊ ပြည်တွင်းစစ်ကိုအမွှမ်းတင်တဲ့သဘော၊ ပြည်တွင်းစစ်မှာ အုပ်စိုးသူအစိုးရ အဆက်ဆက်ဘက်က ၊ အစိုးရစစ်တပ် ဘက်က တိုက်ခိုက်သတ်ဖြတ်ခဲ့တာတွေဟာ မှန်တယ်၊ ဒီလိုတိုက်ခိုက်ခဲ့မှုတွေ၊ တိုက်ခိုက်သတ်ဖြတ်ခဲ့သူတွေဟာ သူရဲကောင်းတွေဖြစ် တယ်ဆိုပြီး ငါတကောကောတဲ့ လုပ်ရပ်သာဖြစ်နေပါတော့တယ်။

    တနည်းအားဖြင့်ပြောရရင် ပြည်တွင်းစစ်ဆိုတာ အစိုးရစစ်တပ်က လူမျိုးစုံပြည် သူများအပေါ် အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်တဲ့ စစ်ပွဲဖြစ်ပါတယ်။ ဒီစစ်ပွဲကို ဘယ်သူကမှမလိုလားပါဘူး။ အကြမ်းဖက်၊ အနိုင့်ထက် စစ်ပြုလာရင်တော့လည်း ရရာလက်နက်စွဲ ကိုင်ပြီး ခုခံကြရမှာပဲ မဟုတ်ပါလား။

    ဒီပွဲလုပ်ကြတဲ့ စစ်အုပ်စု တပည့်သားမြေးတစ်စုမှာ သွေးရိုးသားရိုးသဘောထားရှိတယ် ဆိုရင်၊ မြော်မြင်တတ်တယ် ဆိုရင် ပြည်တွင်း စစ်ကြီးရပ်ဆိုင်းပြီး ပြည်တွင်းငြိမ်း ချမ်းရေးရပ်စဲဖို့ တောင်းဆိုရမှာပေါ့။ သူတို့ဆီက ဒီတောင်းဆိုသံ မကြားရပါဘူး။ သူတို့ရင်ထဲ မှာ ဒီဆန္ဒလည်းရှိပုံမရပါဘူး။ တကယ်တော့ ပြည်တွင်းစစ်နဲ့ ကုဋေကြွယ်သူဋ္ဌေးကြီးတွေ ဖြစ်လာသူတွေဟာ လက်တစ်ဆုပ်စာ စစ်အုပ်စု ထိပ်သီးတစ်စုပဲဖြစ်ပါတယ်။ အောက်ခြေက စစ်ဗိုလ်စစ်သားအများစုက မွဲတေဆင်းရဲလှပါတယ်။ “ဗိုလ်ချုပ်တွေက တိုက်ဆောက်၊ ရဲဘော်တွေက ချိုင်းထောက်၊ ပြည်သူတွေက ဗိုက်မှောက်” ဆိုတဲ့(မဆလ) အစိုးရလက်ထက်မှာ ပေါ်လာတဲ့ စကားတစ်ခွန်းဟာ ဒီနေ့ထိ မှန်နေတုန်းပါ။

    ဗိုလ်ထွန်းကြည်ကတော့ ဒီပွဲမှာ အခုလို ဝန်ခံ ရင်ဖွင့်သွားတယ် “ဒါတွေကိုလူမသိဘူးကွ၊ ဘယ်သူကများချီးကျူးခဲ့သလဲ၊ ငါတို့ မျက်နှာကောင်းမရဘူး၊ ဘယ်သူမှ မချီးကျူးဘူး” လို့ ပြောသွားပါတယ်။

    ဗိုလ်ထွန်းကြည်ထည့်ပြောမသွားတာက “ငါတို့လို ဗိုလ်ချုပ်ထိပ်သီးတွေကတော့ အငြိမ်းစားပဲယူယူ/ အဖြုတ်ခံရလို့ပဲဖြစ်ဖြစ် တပ်ကထွက်ပြီဆိုရင် ကိုယ်ပိုင်အိမ်၊ခြံ၊ ကုမ္ပဏီလုပ်ငန်းတွေနဲ့ ချမ်းချမ်းသာသာနေထိုင်နိုင်ပြီး မင်းတို့ အများစု အောက်ခြေစစ်သားတွေ ဘဝကတော့ဆင်းရဲမွဲတေလှပါတယ်” ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။

    http://moemaka.com/archives/41154

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: